Saturday, February 18, 2012

နာမည်ကျော်များအတွက် တရားဝင်စာမျက်နှာများ သတ်မှတ်ပေးရန် Facebook စီစဉ်

နာမည်ကျော်များအတွက် တရားဝင်စာမျက်နှာများ သတ်မှတ်ပေးရန် Facebook စီစဉ်
Twitter ၀က်ဘ်ဆိုက်ကဲ့သို့ပင် နာမည်ကျော် Celebrityများကိုလည်း Facebookက စီစစ်ပြီး တရားဝင် Pageများအဖြစ် သတ်မှတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Twitterတွင် လူသိထင်ရှား ပုဂ္ဂိုလ်များကို တရားဝင် Pageများ ထောက်ခံ ဖော်ပြပေးထားသည့် Verified Celebrity Featureမျိုး ထည့်သွင်းပေးထားရာ ယင်းကို ယခုအခါ Facebookကပါ လိုက်လံ ကျင့်သုံးရန် ရည်ရွယ်လာခြင်းဖြစ်သည်။ Celebrityများကို အစိုးရထံ မှတ်ပုံတင်ထားသည့် အမည်ဖြင့်ပင် ဖော်ပြမည်ဖြစ်ပြီး ထင်ရှားသော အခြားအမည် (ဥပမာ လေဒီဂါဂါ) ရှိပါကလည်း ရှာဖွေရ လွယ်ကူစွာဖြင့် တွေ့ရှိရန် Facebookက စီစဉ်ပေးထားသည်။

facebook celebrity page

ဂါဂါအနေဖြင့် သူမ၏ အမည်ရင်း စတက်ဖနီ ဂါမန်နိုတာဆိုသော အမည်ဖြင့်ရော၊ အနုပညာ အမည်ဖြင့်ပါ ပရိသတ်နှင့် ထိတွေ့နိုင်မည် ဖြစ်သည်။ Facebookသည် ၀က်ဘ်ဆိုက်အတွင်း Subscribe ပြုလုပ်ခြင်း အများအပြား ရရှိသူများကို Celebrityအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ယင်းကို ပြန်လည်၍ အတည်ပြုနိုင်ရန် ရည်ရွယ်ထားသည်။ Facebookသည် ၀က်ဘ်ဆိုက် သုံးစွဲသူများအား Subscribeပြုလုပ်ပေးရမည့် Accountများအတွက် (၂၀၁၁)ခုနှစ်ကတည်းက အကူအညီ တောင်းခံထားခဲ့သည်။

ဝက်ဘ်ဆိုက်၏ CEOဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်အတွက် Subscribe ပြုလုပ်ပေးသူ (၁၁.၅)သန်းထိ ရှိနှင့်ပြီးဖြစ်သည်။ Facebook၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “Subscribe Featureကို အသေးစား Update လုပ်လိုက်တဲ့ သဘောပါ။ ပမာဏ အမြောက်အမြား Subscribeပြုလုပ်ခံရသူတွေဟာ Celebrity စာရင်းမှာ ပါဝင်လာအောင် စီစဉ်ပေးထားပါတယ်”ဟု ရှင်းပြသွားသည်။

Source: DailyMail
Unknown at 11:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စိုင်းစိုင်း ၊စန္ဒီနှင့် ယုန်လေး တို့ဆွဲဖွင့်လိုက်သောယဉ်ကျေးမှူတံခါးများ

မြန်မာဟစ်ဟော့ဂီတလောကတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်ယုန်လေးတို့ ၏ အနုပညာများကို
လူငယ်များသာမက လူလတ်ပိုင်းများပါ အရူးအမူး စွဲလန်းကြသည်။လူငယ်တို့ ၏ စံ အဖြစ်ပင်
သတ်မှတ်လောက်အောင် ချွန်ထွက်သော အနုပညာရှင်များ ဖြစ်လာကြပါသည်။
သို့သော် ပွင့်လင်းမြင်သာမှူနှင့် ယခင်အစိုးရ၏ ပိတ်ပင်မှူတို့ကို ရုတ်တရက်ဖွင့်ချလာသောအခါ
စပိန်ရိန်တစ်ခုကို ဖိထားသည်မှ ရုတ်တရက် လွှတ်လိုက်ကဲ့သို့ ဗြုန်းခနဲ ခုန်ထွက်လာကြပါသည်။
ဤသို့လူငယ်များ၏ စံ အနုပညာရှင်များ၏ အပြုအမူသည် လူငယ်ပတ်ဝန်းကျင်ကို လွှမ်းမိုးမူရှိ
ခြင်းကြောင့် အနုပညာ၏ အစွမ်းကို အလွယ်သုံးစား လုပ်၍ မရပါ...။
ယခု အခါ အနုပညာသမားများ၏ ပြည်သူကိုထုတ်ပြသော ဝတ်စားဆင်ယင်မူများကလည်း မြန်
မာ မျက်စိဖြင့် မသင့်တော်သော ဒီဇိုင်းများဝတ်ဆင်ခြင်းနှင့်လွှမ်းမိုးလာကြပါသည်..။
မော်ဒယ်များ၏ SEXY ပုံများ ဗီဒီယိုများသည် အင်တာနက်စာမျက်နှာနှင့် +18 ဟုခေါ်သော ကာမဆိုင်ရာ အပြာဆိုဒ်များတွင် ထိုသို့ဝတ်ဆင်သော အနုပညာရှင်များ၏ ပုံများက နေရာပြည့်လျှက်ရှိသည်။အချို့မော်ဒယ်များကလည်း တမင်ပင် ထိုသို့ဝတ်ဆင်ကာ ဓါတ်ပုံအရိုက်ခံသည်။ စပွန်ဆာ ရှာသည်ဟုပင် တွယ်ကျင်လာသည် ။
မြန်မာလူငယ်များအနေဖြင့် ဒီမိုကရေစီသဘောတရားကို နားမလည်ကြသေးပဲ ဒီမိုကရေစီရသည်ဆိုသည်မှာ မိမိလုပ်ချင်တာကို လုပ်လို့ရသည်..။တရားဥပဒေနှင့်ညှိစွန်းမှသာ 
အရေးယူထောင်ချခြင်းခံရမည်.။သို့မဟုတ်ပါက မိမိနေချင်သလိုနေ လုပ်ချင်သလိုလုပ်၍ ရခြင်းကို ဒီမိုကရေစီဟုခေါ်သည် ဟု သတ်မှတ်နေသည်မှာ လွန်စွာ သနားဖွယ်ကောင်းလှသည်။ မြန်မာလူမှူပတ်ဝန်းကျင်တွင် ချစ်သူချင်း Kissing နှုတ်ခမ်းခြင်းတေ့စုပ်နမ်းခြင်းကို ဗြောင်ပြူလုပ်လာသည်.။အနုပညာရှင်များကလည်း ယခင်က ဆင်ဆာမိ၍ ခိုးထွက်လာသော +18 သီချင်းများကို ဗြောင်ပင် စင်ပေါ်တတ်ဆိုလာသည်။လမ်းမပေါ်၌ ဆိုင်ကယ်အုပ်စုမောင်းခြင်းများ ယာဉ်စည်းကမ်းနှင့် မညီညွှတ်သော နည်းလမ်းများ ပြုလုပ်ခြင်းတို့ ကို ဒီမိုကရေစီအားသားချက်ဟု ထင်နေသည်..။
သမီးရီးစားများ ကာမဆက်ဆံနိုင်ရန် အခန်းများငှားခြင်းကို ဆိုင်းဘုတ်ကြီးများတင်၍ ကြေငြာလာကြသည်။ထိုလုငယ်များ၏ ပါးစပ်က တောင့်တနေသော 
ဒီမိုကရေစီ ဆိုသည်မှာ အဘယ်ကိုဆိုလိုပါသနည်း။
    စိုင်းစိုင်းနှင့်စန္ဒီမြင့်လွင်တို့ ၏ လူငယ်များ စံထားရာ အားကျစရာ အတုယူစရာ ဖျောဖြေမှူ
ယခုလည်း ဟစ်ဟော့အဆိုတော် ယုန်လေးနှင့်စိုင်းစိုင်းတို့ ၏ ပရိသတ်ဖြေဖျော်မှူ ကို လွန်စွာ
ရွှံမုန်းဖွယ်တွေ့လိုက်ရပါသည်.။
ယခင်က အထင်ကြီးခဲံ့သော စိတ်များ မြောင်းထဲသို့ လွှင့်ပစ်
လိုက်ပါသည်။စင်ပေါ်တွင် အမျိုးသမီး၏ စကတ်လှန်ကြည့်ခြင်း /ရင်သားကိုင်တွယ်ခြင်း /အမျိုးသမီးအကျီဆွဲလှန်ကြည့်ပြခြင်းတို့ မှာ အနုပညာမည်သည်ပါလား..။
                       ယုန်လေး၏ အထင်ကြီးဖွယ်လေးစားဖွယ် ဖျော်ဖြေမှူ
  အဘယ်နည်းးးး
မြန်မာနိုင်ငံသို့  အဘယ်ယဉ်ကျေးမှူများ သွတ်သွင်းနေပါသနည်း..
ထိုသို့ ဖျော်ဖြေလိုပါက အနောက်နိုင်ငံက ကလပ်များတွင် သွားရောက်ဖျော်ဖြေပါ
သို့မဟုတ် အိမ်နီးချင်း ထိုင်း နိုင်ငံသို့ သွားရောက်၍ ဖျော်ဖြေမှူလုပ်ပါ..
မြန်မာ လူမျိုး မဟုတ်ပါလော..
မြန်မာ လူမျိုးများလက်ခံသော အနုပညာကို သာ တင်ဆက်ကြပါ...။အနုပညာရှင်များ လိုချင်
သော ဆင်ဆာ ကင်းလွတ်ရေး အော်ဟစ်နေမှူကို ယခင်က အားပေးသော်လည်း ယခု အခါ
သံသယ ဝင်လာပါတော့သည်။
မကြာသေးခင်ကာလက လည်း စင်ပေါ်တွင် ဖာ လုပ်မည် သီချင်းကို ဗြောင်သီဆိုသည်ကို
ကျွန်တော်တို့ ရဲ့ အနုပညာသူရဲကောင်းကြီးသဖွယ် အဲ အခန်းဖြတ် ဇာတ်ကားဖြင့် နာမည်ကျော် ဒါရိုက်တာကြီးက မည်သို့မျှမတားဆီးပဲ မဝေဖန်ပဲ မသိချင်ယောင်ဆောင်နေပါ
သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံရာ ရောက်သလို အားပေးရာလည်းရောက်သည်။
အဆိုပါအနုပညာရှင်တို့ ၏ လူရှေ့သူရှေ့တွင် အနုပညာကို မည်မျှချစ်ပါသည်။မည်မျှမြတ်နိုးပါသည်။အနုပညာ ကိုတိုးတတ်အောင် မည်သို့ကြိုးပမ်းမျှ စကား တို့ကို ယခုအချိန်မှစ၍ ဘီဘီစီမှလာသော ဟာသ သတင်းများကို နားဆင်သကဲ့သို့ 
ပြုံးပြီးသာ နားထောင်နေတော့မည်ဖြစ်သည်။
Unknown at 11:30 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်

Y Talk အင်တာနက်ဖုန်းလိုင်းရောင်းချရန် ကိုယ်စားလှယ်များကိုဖိတ်ခေါ်
ယခုလ ၇ ရက်နေ့၌ စတင်မိတ်ဆက်ခဲ့သည့် Y Talk အင်တာနက်ဖုန်းလိုင်းဝန်ဆောင်မှုကို တစ်ဆင့်ခံကိုယ်စားလှယ်အဖြစ် ပြန်လည်ရောင်းချလိုသူများကို VMG Telecoms ကုမ္ပဏီမှ ဖိတ်ခေါ်ခဲ့ကြောင်းသိရသည်။ VMG ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမီတက်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ခဲ့သည့်
Y Talk အင်တာနက်ဖုန်းဝန်ဆောင်မှုကို ဈေးကွက်ရှာဖွေရန်နှင့် ၀န်ဆောင်မှုပြုလုပ်ပေးရန် အဓိက တာဝန်ယူလုပ်ဆောင်ပေးသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည်။ “ကျွန်တော်တို့ အစည်းအဝေးလုပ်နေတယ်။ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ကို ဘယ်လိုပေးမယ်ဆို တာ မသိရသေးဘူး” ဟု VMG ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာဦးငြိမ်းသူက ပြောသည်။ Y Talk အင်တာနက်ဖုန်းဝန်ဆောင်မှုကို အသုံးပြုလိုသူအရေအတွက် ၂၀၀ ၀န်းကျင်က ကုမ္ပဏီသို့ လာရောက်ဆက်သွယ်ထားကြောင်း၊ ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့တွင်ရှိသော အများပြည်သူသုံးအင်တာနက်ဆိုင် ၃၆၀ ၀န်းကျင်ကို လိုက်လံဆက်သွယ်၍ Y Talk ၀န်ဆောင်မှု လိုက်လံပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ဦးငြိမ်းသူကပြောသည်။ “၁၀ ရက်နေ့ကနေစပြီး အသုံးပြုဖို့ စာရင်းပေးသွင်းထားသူတွေကို Y Talk အသုံးပြုဆော့ဖ်ဝဲလ်ကို လိုက်လံထည့်သွင်းပေးတော့မှာပါ။ အင်တာနက်ဆိုင်တွေကို အဓိကအနေနဲ့ အရင်ဆုံးပြုလုပ်ပေးသွားမှာပါ။ တခြားအသုံးပြုလိုသူတွေအတွက်ကတော့ လောလောဆယ်မရသေးပါဘူး” ဟု ၎င်းကဆိုသည်။ Y Talk အသုံးပြုရန်အတွက် ကြိုတင်ငွေဖြည့်ကတ်များကို CityMart ဈေးဝယ်စင်တာများ၌ ဦးစားပေးရောင်းချသွားမည်ဖြစ်ကြောင်း Y Talk ပရောဂျက်မှတာဝန်ရှိသူ ကိုအောင်သန်းစိုးကပြောသည်။ ပြည်ပနိုင်ငံများသို့ တရားမ၀င်ခေါ်ဆိုနေသည့် Pfingo, Skype နှင့်တခြားသော အင်တာနက်ဖုန်း ၀န်ဆောင်မှုများကို ပပျောက်စေရန် အဓိကရည်ရွယ်ဖန်တီးခဲ့သော Y Talk အင်တာနက်ဖုန်းလိုင်းသည် အသုံးပြုမှုနှုန်းထားများကို တစ်မိနစ်လျှင် ၁၅၀ ကျပ်နှင့် ၃၅၀ ကျပ်ဟူ၍ ဆက်သွယ်သည့်နိုင်ငံအပေါ်မူတည်ပြီး နှစ်မျိုးခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။ Y Talk အင်တာနက်ဖုန်းလိုင်းနှင့်ပတ်သက်၍ ဒဂုံမြို့နယ်ရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားရာတွင် “စင်ကာပူလိုနိုင်ငံမျိုးကို Y Talk က ၁၅၀ ကျပ်ယူတယ်။ လက်ရှိဆိုင်တွေမှာ အသုံးပြုနေတဲ့ဝန်ဆောင်မှုတွေက ၅၀ ကျပ်ပဲယူတယ်။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေ၊ ယူအေအီးနိုင်ငံတွေ ရုရှားအပါအ၀င် တခြားနိုင်ငံတစ်ချို့ကို လက်ရှိသုံးနေတဲ့အင်တာနက် ဖုန်းဝန်ဆောင်မှုနဲ့ခေါ်ရင် ၆၀၀ ကျပ်လောက်ကနေ ၁,၀၀၀ ကျပ်လောက်အထိ တစ်မိနစ်ကိုပေးရတယ်။ Y Talk က အဲဒီလိုနိုင်ငံတွေကိုခေါ်ရင်တော့ ၃၅၀ ကျပ်ပဲကျတယ်။ ဒီတော့ဗျာ အင်တာနက်ဆိုင်အနေနဲ့ပြောရရင် အသုံးပြုသူသက်သာနိုင်တဲ့ ၀န်ဆောင်မှုကိုရွေးပြီး ခေါ်ပေးနေရမှာပဲ” ဟုဆိုသည်။

ရေးသားသူ - မြင့်ကျော်လှိုင်
Credit - Internet Journal, Vol(13) Issue(07)
Unknown at 11:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရှင်းတမ်း – အပိုင်း (၃)


ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် မက်ဇင်ဂျာနယ်သို့ ချီးမြှင့်ခဲ့သည့် ကိုမင်းကိုနိုင်၏ သရက်ထောင်တွင်းလက်ရာ
● ဘီဒီအေ ဖွဲ့စည်းသည့်နေ့စွဲအမှား
ဘီဒီအေဆိုသည်မှာ ဗမာ့ကာကွယ်ရေးတပ်မတော်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်္ဂလိပ်ဘာသာဖြင့် Burma Defence Army ဟု ခေါ်သောကြောင့် အတိုကောက်အားဖြင့် B.D.A (ဘီဒီအေ) ဟု ခေါ်နေကြခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော်နှင့်ဘီအိုင်အေတို့က မြန်မာနိုင်ငံကိုသိမ်းမိပြီးသောအခါ မြန်မာနိုင်ငံတွင် အင်္ဂလိပ်တပ်များထွက်ခွာသွားပြီးဖြစ်၍ အင်္ဂလိပ်တပ်များပြန်ဝင်မလာနိုင်စေရန် ကာကွယ်ရန်သာလိုသည့်အတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဗမာ့ကာကွယ်ရေး တပ် မတော် (ဘီဒီအေ) ဟု ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းသည့်ရက်စွဲမှာ ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ရက် ဖြစ်သည်။

မြဒေါင်းညိုကလောင်အမည်ခံ ဒေါက်တာအောင်သိန်းပြုစုသည့် `ရဲဘော်သုံးကျိပ်´ ပထမတွဲစာအုပ် စာမျက်နှာ ၂၇ တွင် ယင်းအတိုင်းပင် ဖော်ပြထားသည်။
ဗိုလ်မှူးဘသောင်း (မောင်သုတ) ပြုစုသည့် `ဗမာ့တော်လှန်ရေးသမိုင်း´ စာအုပ် စာမျက်နှာ ၁၇၈ ၌လည်း “၁၉၄၂ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် ဘီအိုင်အေကိုဖျက်သိမ်းလိုက်ကာ ဘီအိုင်အေတပ်သားပေါင်း ၃၀၀၀ လောက်နှင့်သာ ဘီဒီအေခေါ် `ဗမာ့ကာကွယ်ရေး တပ်မတော်´ကြီးကို ပြန်၍ဖွဲ့စည်းလိုက်ကြသည်။ ထိုဘီဒီအေနှင့်အတူလည်း ပျဉ်းမနားမှ ခြေလျင်တပ်ရင်း ၁၊ ခြေလျင်တပ်ရင်း ၂ နှင့် ခြေ လျင်တပ်ရင်း ၃ တို့အပြင် ရန်ကုန်မှ စစ်ဦးစီးဌာနချုပ်၊ စစ်ရုံးနှင့် မင်္ဂလာဒုံမှ စစ်တက္ကသိုလ်တို့ ပေါက်ဖွားလာကြသည်။” ဟူ၍ ရေးသား ထားလေသည်။ ဗိုလ်မှူးကြီး (ဟောင်း) ဘသန်း ရေးသားပြုစုသည့် Roots of the Revolution စာအုပ် စာမျက်နှာ ၃၆ တွင် ယင်းအတိုင်းပင် အတိအကျဖော်ပြထားသည်။
တပ်မတော်မော်ကွန်းတိုက်ရှိ စာအုပ်စာတမ်း အစရှိသည်များကို ကာလအပိုင်းအခြားအလိုက် စာရင်းတင်ထားရာ၌လည်း
(က) ဘီအိုင်အေ (၁၉၄၁ ဒီဇင်ဘာ ၁၁ မှ ၁၉၄၂ ဇူလိုင်လ ၂၆)
(ခ) ဘီဒီအေ (၁၉၄၂ ဇူလိုင်လ ၂၇ မှ ၁၉၄၃ ဇူလိုင် ၃၁ အထိ)
(ဂ) ဗမာ့တပ်မတော် (၁၉၄၃ သြဂုတ် ၁ မှ ၁၉၄၅ မတ် ၂၆ အထိ)
(ဃ) ဖက်ဆစ်တော်လှန်ရေး (၁၉၄၅ မတ် ၂၇ မှ သြဂုတ် ၁၄ အထိ)

ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနဦးစီးဌာနမှ ပြုစုခဲ့သော မြန်မာ့ရက်စဉ်သမိုင်း (ပထမတွဲ) စာ ၃၄၁ ၌လည်း “ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ၁၉၄၂ ဇူလိုင်လ ၂၇ တွင် ဗမာ့ကာကွယ်ရေးတပ်မတော်ဟု ပြောင်းလဲဖွဲ့စည်းပြီး ဗိုလ်မှူးကိုခန့်အပ်သည့် အမိန့်ထုတ်ပြန် သည်။ အဆိုပါတပ်မတော်သစ်ကို ဂျပန်စစ်ဗိုလ်ချုပ်ကြီး လက်အောက်တွင်ထားရှိသည်´ ဟူ၍ ဖော်ပြထားသလို ၁၉၄၂ ဇူလိုင်လ ၃၁ ရက် နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌လည်း ယင်းအတိုင်းပင်ဖော်ပြထားပါသည်။
သို့သော် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် (အတွဲ ၁၊ အမှတ် ၁၂) ၌ ဖိုးအောင်လေး၏ `အောင်ဆန်း ဒိုင်ယာရီ´ ဆောင်းပါး၌ `၁၉၄၂ ဇူလိုင် ၂၉ တွင် ဘီအိုင်အေခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဘီဒီအေ ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် အဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်သေနာပတိအဖြစ် ခန့်အပ်ခံရသည်” ဟူ၍ ဖော်ပြထားသည်။ ထို့အပြင် မစ္စတာအိုးတတက်ဆူနေဇိုရေးသား၍ မစ္စတာအိုးနိုးတိုးရုမြန်မာပြန်ထားသော `ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ´ စာအုပ် စာ မျက်နှာ ၃၄၇ ၌ `ဘီအိုင်အေတပ်ဖွဲ့ကို ၁၉၄၂ ခု၊ ဇူလိုင်လ ၃၁ ရက်နေ့၌ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ပြုပြင်ဖွဲ့ စည်းခဲ့သည်´ ဟူ၍ ဖော်ပြထားပါသည်။
လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ် ချီးမြှင့်ရန် လျှောက်လွှာပုံစံ (က) စာမျက်နှာ ၃ တွင် ဘီအိုင်အေကာလကို ၁၉၄၂ ဇန်န၀ါရီ ၈ မှ ၁၉၄၂ ဇူ လိုင် ၂၆ အထိလည်းကောင်း၊ ဘီဒီအေကာလကို ၁၉၄၂ ဇူလိုင် ၂၇ မှ ၁၉၄၅ မတ် ၂၆ အထိ လည်းကောင်း၊ ပီဘီအက်ဖ်ကာလကို ၁၉၄၅ မတ် ၂၇ မှ ၁၉၄၅ သြဂုတ် ၁၅ အထိလည်းကောင်း၊ သတ်မှတ်ထားသည်ကို တွေ့ရှိနိုင်ပါသည်။
၎င်းအပြင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းစဉ်က တပ်ရင်း ၁၊ ၂၊ ၃ ကို ၁၉၄၂ ဇူလိုင် ၂၇ နေ့တွင်လည်းကောင်း၊ တပ်ရင်း ၅ကို ၁၉၄၃ မတ် ၁၆တွင်လည်းကောင်း၊ တပ်ရင်း – ၆ ကို ၁၉၄၃ ဧပြီ ၁တွင် လည်းကောင်း ဖွဲ့စည်းခဲ့သည်ကို လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်လွှာများစိစစ်ရေး နိဿရည်းစာအုပ်တွင် အတိအလင်းဖော်ပြထားပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၄၃ သြဂုတ် ၁ နေ့ထုတ် ဗမာ့ခေတ်သတင်းတွင်ရေးသားခဲ့သော `ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ´ အမည်ရှိဆောင်းပါး၌ “အမြဲတမ်းစစ်တပ်ကြီးတစ်ခု၏ အခြေမျိုးရောက်အောင် ၁၉၄၂ ဇူလိုင်လတွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ ကာကွယ်ရေးတပ်မတော်ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်လေသည်။” ဟူ၍ပါရှိရာ ဘီဒီအေဖွဲ့စည်းခဲ့သည့်ရက်စွဲကို ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကိုသာ အတိယူရမည် ဖြစ်ပါသည်။
● ဗိုလ်ချုပ်နှင့်ဒေါ်ခင်ကြည်တို့ လက်ထပ်မင်္ဂလာရက်စွဲအမှား
ဗိုလ်ချုပ်အောင်ဆန်းနှင့် မြောင်းမြမြို့နေ အဖဦးဖိုးညှင်း၊ ဒေါ်ဖွားစုတို့၏ သတ္တမမြောက်သမီး သူနာပြုချုပ် ဒေါ်ခင်ကြည်တို့သည် တွေ့ဆုံ မေတ္တာမျှခဲ့ပြီးနောက် ၁၉၄၂ စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် ဂျပန်ခေတ် ဘီဒီအေဆေးရုံကြီး (နောင် စစ်ရုံးချုပ်၊ ယခု နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အရှေ့ဘက်အစွန်ဆုံးခန်းမဆောင်တွင် ထိမ်းမြားလက်ထပ်ခဲ့လေသည်။ ၁၉၆၇ ခုနှစ် ဟံသာဝတီပုံ နှိပ်တိုက်မှထုတ်ဝေခဲ့သော ဒေါက်တာမြင့်ဆွေ၏ ‘ဂျပန်ခေတ် ဆေးရုံကြီးဝယ်’ စာအုပ် စာမျက်နှာ ၈၄ တွင်လည်း ယင်းအတိုင်းပင် ဖော်ပြ ထားပါသည်။

သို့သော် ၁၉၅၅ ခုနှစ် သမာမိတ္တစာပေဖြန့်ချိရေးမှထုတ်ဝေသော ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) ၏ `ဗိုလ်ချုပ်အောင်ဆန်း´ စာအုပ် စာ မျက်နှာ ၇၃ ၌ ၁၉၄၂ မေလဟု မှားယွင်းစွာဖော်ပြထားပါသည်။ ထိုနည်းတူစွာ ၂၀၁၁ စိတ်ကူးချိုချိုစာပေမှ ဒုတိယအကြိမ်ထုတ်ဝေသော မဟာဆွေ၊ မြဒေါင်းညိုတို့၏ `အောင်ဆန်းဘာလဲ´ စာအုပ် စာမျက်နှာ ၆၄၌ “၁၉၄၂ မေလတွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်သည်။ ဇူလိုင် လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်” ဟူ၍ မှားယွင်းဖော်ပြထားသည်။
မြန်မာပြည် ဂျပန်စစ်တပ်ဗဟိုဌာန၌ ဘီဒီအေ ဗိုလ်မှူးကြီးအောင်ဆန်းအား မြန်မာပြည်စစ်တပ်များ၏ သေနာပတိအဖြစ် ခန့်အပ်သည့်ရက် စွဲမှာ ၁၉၄၂ ဇူလိုင်လ ၂၉ ရက်ဖြစ်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ဗိုလ်ချုပ်ရာထူးကို ၁၉၄၃ မတ်လ၁၁ရက်ကျမှသာ ပေးအပ် ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့သည် သားသမီး (၄) ဦး ထွန်းကားခဲ့ရာ သားကြီး မောင်အောင်ဆန်းဦးကို ၁၉၄၃ ဇွန် ၁၃ ရက်နေ့တွင်လည်းကောင်း၊ သားလတ် မောင်အောင်ဆန်းလင်းကို ၁၉၄၄ မေ ၁၀ ရက်နေ့တွင်လည်းကောင်း၊ သမီးအောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ အငယ်ဆုံးသမီးထွေးလေးအား ၁၉၄၆ စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း ဖွားမြင်ခဲ့သည်။ သို့သော် သမီးထွေးသည် ဖွားမြင်ပြီး ၅ ရက်အကြာ ၁၉၄၆ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သလို သားလတ် အောင်ဆန်းလင်း သည် ၁၉၅၃ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် အမှတ် ၂၅၊ တာဝါလိန်းလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်လမ်း) ရှိ နေအိမ်၌ ရေနစ် သေဆုံးသွားခဲ့ရာ သားသမီး (၂) ဦး အဖတ်တင်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်အများစု၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့သည် သားသမီး (၃) ဦးသာ ထွန်းကားခဲ့သည် ဟူ၍သာ ဖော်ပြခဲ့ကြသည်။
● ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့သည့်ရက်စွဲအမှား
၁၉၄၄ သြဂုတ်လ (၄) ရက် မှ (၇) ရက်အတွင်း ပဲခူးမြို့ သနပ်ပင်အထွက် ရွှေအောင်ရိုးစခန်း၌ ဖွင့်လှစ်ထားသည့် “ဗမာ့တပ်မတော် `စံပြ´ တပ်ရင်းရှိ ဗိုလ်ကျော်ဇောအိမ်တွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ ကွန်မြူနစ်ပါတီကိုယ်စား သခင်စိုး၊ ဗမာပြည် ကွန်မြူနစ်ပါတီကိုယ်စား သခင်သန်းထွန်းတို့ (၃) ဦး လျှို့ဝှက် တွေ့ဆုံဆွေးနွေးပြီး ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန်၊ တော်လှန်ရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ နိုင်ငံရေးပါတီပေါင်းစုံနှင့် လူထုလူတန်စား အလွှာအသီးသီးပါဝင်နိုင်သည့် ဖက်ဆစ်ဆန့်ကျင်ရေး တပ်ပေါင်း စုကြီးတရပ်အဖြစ် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့တခုကို ဖွဲ့စည်းတည်ထောင်ရန် သဘောတူဆုံးဖြတ်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် နွယ်နီပုံနှိပ်တိုက်မှာ တတိယအကြိမ်ထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်း၏ `ဘားမားချဲ့လင့်ခ်ျ´ စာအုပ် စာ ၅၂ နှင့် ၁၉၇၄ တသက်တာစာပေတိုက်မှ ဒုတိယအကြိမ်ထုတ်ဝေသော သခင်တင်မြ ရေး `ဘုံးဘ၀မှာဖြင့်´ စာအုပ် စာမျက်နှာ ၅၉၄ နှင့် ၅၉၅ တို့၌လည်း ရေးသားဖော်ပြထားသည်။ ထို့အပြင် ဗိုလ်ချုပ်ကိုယ်တိုင်ရေး `ဖက်ဆစ်တော်လှန်ရေးသမိုင်း´ ကို တက္ကသိုလ်နေ၀င်း မြန်မာပြန်ဆိုသည့် ဗိုလ် ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း (တကောင်းစာပေ ၂၀၀၉ ဇန်န၀ါရီလထုတ်) စာအုပ် စာ ၂၁၆ ၌- `၁၉၄၄ခုနှစ် သြဂုတ် ၄ မှ ၇ ရက်အတွင်း ပဲခူးမြို့ရှိ မြန်မာ့တပ်မတော်စံပြတပ်ရင်းတွင် တပ်မခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များကို လျှို့ဝှက်စည်းဝေးကာ ဗိုလ်ချုပ်တင်ပြသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကိုဖွဲ့စည်းရန် အဆိုပြုချက်ကို အားလုံးက လက်ခံ အတည်ပြုလိုက်ကြသည်” ဟူ၍ တိကျစွာဖော်ပြထားပါသည်။

သို့သော် ၂၀၁၁ မေလထုတ် `မြန်မာသစ်မဂ္ဂဇင်း´ ၌ လှကွန့်၏ “စံပြတပ်ရင်းအခန်းကျဉ်းကျိတ်ဝိုင်းကလေးမှသည်” ဆောင်းပါး စာမျက်နှာ ၄၇ ၌ “စံပြတပ်ရင်းတည်ရှိရာ ဗိုလ်ချုပ်ကျော်ဇောအိမ်တွင် ၁၉၄၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့တာဖြစ်တယ်။ တက် ရောက်သူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်း (တပ်မတော်ကိုယ်စား)၊ သခင်စိုး (ကွန်မြူနစ်ပါတီ)၊ သခင်သန်းထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ)တို့ သုံးဦးသာဖြစ်ပါတယ်´ သူတို့သုံးဦးဆွေးနွေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ၁၉၄၅ မတ် ၁ မှ ၃ ရက်နေ့အထိ ရန် ကုန်မြို့ပတ်လမ်း၊ ယခု နတ်မောက်လမ်း (ဗိုလ်ချုပ်အောင်ဆန်းပြတိုက်) ဗိုလ်ချုပ်အိမ်မှာ အစည်းအဝေးကျင်းပခဲ့တယ်” ဟူ၍ ရေးသား ထားလေသည်။
အမှန်မှာ ပဲခူးစံပြတပ်ရင်း၌ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သုံးဦး ဆွေးနွေးခဲ့သည်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း (Park Road) (ယခု နတ်မောက်လမ်း) နှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်တွင် ဗမာ့တပ်မတော်၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်များ သည် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့အဖွဲ့ချုပ် (ဖတပ) (Anti-Fascist Organization – AFO) ဖွဲ့စည်းရေး အစည်းအဝေးကျင်းပသည်။ ယင်းအချက်နှင့် ပတ်သက်၍ ၁၉၆၉ သီဟပုံနှိပ်တိုက်မှထုတ်ဝေသော `သခင်လွင်´ ၏ `ဂျပန်ခေတ် ဗမာပြည်´ စာအုပ် စာမျက်နှာ ၂၈၂ ၌ လည်း ဖော်ပြထားပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ဆန္ဒအရ တပ်မတော်ခေါင်းဆောင်များဖြစ်သော ဗိုလ်မှူးကြီးနေ၀င်း၊ ဗိုလ်မှူးရဲထွဋ်၊ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့သည် ဒေးဒရဲရှိ သခင်စိုးထံ လျှို့ဝှက်စွာသွားရောက်၍ ဖွဲ့စည်းပြီးဖြစ်သော ဖက် ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကို တိုးချဲ့ဖွဲ့စည်းရေး တပ်မတော်အတွင်းရှိ လက်ဝဲအင်အားစုများ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ကို တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းရေးနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်စည်းရုံးမှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖတပလအဖွဲ့ချုပ်က အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် သခင်ဗိုလ် (ကာလကတ္တား လေ ယာဉ်ကွင်းမှအတက် လေယာဉ်ပျက်ကျ၍ ကွယ်လွန်သူ)၊ ကိုဝင်းမောင် (နောင် မြန်မာနိုင်ငံသမ္မတကြီး မန်းဝင်းမောင်)၊ ကိုကျော်ရင် (နောင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်)၊ သခင်အုန်း (ဖျာပုံ)၊ ကိုသန်း၊ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း) တို့ ရန်ကုန်မှမန္တလေးသို့ မော်တော် ကားဖြင့်ထွက်ခွာခဲ့ကြောင်း ၁၉၄၅ခုနှစ်၌ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း) ရေး `သိန်းဖေစခန်းမှသန်းထွန်းစခန်းသို့´ စာအုပ် စာမျက်နှာ- ၇ ၌ ဖော်ပြထားသည်။
ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ပတ်လမ်း (ယခု ဗိုလ်ချုပ်ပြတိုက်လမ်း) အမှတ် ၂၅ ရှိ ဗိုလ်ချုပ် အောင် ဆန်းနေအိမ်တွင် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အဖွဲ့ချုပ်ခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေး၌ အိန္ဒိယမဟာမိတ်စစ်ဌာနချုပ်မှပေးစာနှင့် သခင်သိန်းဖေ (သိန်းဖေမြင့်)ထံမှ ပေးစာတို့အပေါ်မူတည်၍ ဆွေးနွေးကာ ဖက်ဆစ်ဂျပန်တော်လှန် ရေးနှင့်ပတ်သက်သောဆုံးဖြတ်ချက်များကို သဘောတူချမှတ်ကြသည်။ ထိုနေ့မှာပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်ကိုလည်း ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) ဟု အမည်ပြောင်း၍ ဖတပလဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
● တပ်မတော်ကိုယ်စားလှယ်သုံးဦး
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်မှူးကြီးလက်ျာ
(၃) ဗိုလ်မှူးကြီးနေ၀င်း

● ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ်သုံးဦး
(၁) ဦးဗဆွေ
(၂) ဦးကျော်ငြိမ်း
(၃) သခင်ချစ်

● ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်သုံးဦး
(၁) သခင်စိုး
(၂) သခင်သန်းထွန်း
(၃) သခင်တင်မြ

တဖန် ၁၉၄၄ အောက်တိုဘာ ၃ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကိုဦးစီးရန် ဖတပလ ဗဟိုစစ်ကောင်စီကိုလည်း အောက်ပါအတိုင်း ဖွဲ့ စည်းခဲ့သည်။ ယင်းတို့မှာ-
(၁) သခင်စိုး – နိုင်ငံရေးခေါင်းဆောင်
(၂) ဗိုလ်ချုပ်အောင်ဆန်း – စစ်ရေးခေါင်းဆောင်
(၃) သခင်သန်းထွန်း – ပြောက်ကျားနှင့်နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင်
(၄) ဗိုလ်လက်ျာ – အဖွဲ့ဝင်
(၅) ဗိုလ်နေ၀င်း – အဖွဲ့ဝင်
(၆) ဦးကျော်ငြိမ်း – အဖွဲ့ဝင်
(၇) သခင်ချစ် – အဖွဲ့ဝင်

ထို့နောက် ဗမာ့ကာကွယ်ရေးတပ်မတော်ကိုလည်း `ပြည်သူ့လွတ်လပ်ရေးတပ်မတော်´ (အတိုကောက်အားဖြင့် ပြည်သူ့တပ်မတော်) ဟု အမည်ပြောင်းလဲရန်နှင့် ဖက်ဆစ်ဂျပန်များကို လက်နက်ကိုင်တော်လှန်ရေးစတင်ရန် မြန်မာနိုင်ငံအနှံ့ရှိ တပ်မတော်တပ်ဖွဲ့များနှင့် ဖတပလ အဖွဲ့ခွဲများသို့ `ပုန်ကန်ထကြွရေး ညွှန်ကြားချက်အမှတ် `၁´ ကို ထုတ်ပြန်ရန် သဘောတူခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် စစ် တိုင်းကြီးများခွဲခြင်း၊ စစ်နယ်မြေများသတ်မှတ်ခြင်းနှင့် စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များရွေးချယ်ခြင်း စသည်တို့ကို ဆွေးနွေးဆုံး ဖြတ်ကြသည်။
ဖက်ဆစ်တော်လှန်ရေးဆင်နွှဲရန် သတ်မှတ်လိုက်သည့် စစ်တိုင်းကြီးများ၊ စစ်နယ်မြေများ နှင့် ဦးစီးခေါင်းဆောင်များမှာ -
● တိုင်း အမှတ် (၁) ပြည်၊ သာယာဝတီ၊ အင်းစိန်၊ ဟင်္သာတ (အရှေ့)
မင်းလှစည်သူတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူး မောင်မောင်
နိုင်ငံရေးခေါင်းဆောင် – သခင်ဗဟိန်း (သို့သော် နောက်ပိုင်းတွင် သခင်ဗဟိန်းအား တောင်ငူနယ်တွင်ပင် တာဝန်ပေးအပ်သည်။)

● တိုင်းအမှတ် (၂) ဟံသာဝတီ၊ ဖျာပုံ၊ မအူပင်
ကျော်ခေါင်ဗလတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကြီး နေ၀င်း
နိုင်ငံရေးခေါင်းဆောင် – သခင်စိုး

● တိုင်းအမှတ် (၃) ပုသိမ်၊ ဟင်္သာတ (အနောက်)၊ မြောင်းမြ
ရဲကျော်သူရတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကြီး စောကြာဒိုး
နိုင်ငံရေးခေါင်းဆောင် – ဗိုလ်မှူးကြီးလက်ျာ

● တိုင်းအမှတ် (၄) ပဲခူး၊ ရွှေကျင်၊ သထုံ
လက်ျာကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးကျော်ဇော
နိုင်ငံရေးခေါင်းဆောင် – သခင်ချစ် (နောင် ဗကပအတွင်းရေးမှူး၊ တောတွင်းကျဆုံး)

● တိုင်းအမှတ် (၅) မော်လမြိုင်၊ ထားဝယ်၊ မြိတ်
ဇေယျကျော်သူတပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးတင်ထွန်း
နိုင်ငံရေးခေါင်းဆောင် – သခင်ဗသိန်းတင်

● တိုင်းအမှတ် (၆) မိတ္ထိလာ၊ ပျဉ်းမနား၊ တောင်ငူ၊ တောင်ပိုင်းရှမ်းပြည်
ဘယကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးရဲထွဋ်
နိုင်ငံရေးခေါင်းဆောင် – သခင်ကျော်ငြိမ်း (နောင် ဖဆပလ၀န်ကြီးဟောင်း)

● တိုင်းအမှတ် (၇) သရက်၊ အောင်လံ၊ မကွေး၊ မင်းဘူး
သီရိကျော်ထင်တပ်ဖွဲ့
တိုင်းမှူး – ဗိုလ်မှူးအောင်
နိုင်ငံရေးခေါင်းဆောင် – သခင်တင်မြ

● အထက်မြန်မာပြည်တိုင်း – မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ မော်လိုက်၊ မြောက်ပိုင်းရှမ်းပြည်
တိုင်းမှူး – ဗိုလ်မှူး ဗထူး (နောင် ဗိုလ်မှူးကြီး)
နိုင်ငံရေးခေါင်းဆောင် – ရဲဘော်စံညွှန့် (ကျဆုံး)

● ရခိုင်တိုင်း
စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် – ကိုညိုထွန်း

● ရန်ကုန်တိုင်း
တိုင်းမှူး – ဗိုလ်မှူး ခင်ညို
နိုင်ငံရေးခေါင်းဆောင် – ဦးကျော်ငြိမ်း (အာအီးတီ)
ရန်ကုန်ခရိုင်တာဝန်ခံ – ဦးဗဆွေ
ရှေ့တန်းစစ်ဌာနချုပ် စစ်ကြောင်းမှူး – ဗိုလ်မှူးကြီး ဇေယျ

ထို့နောက် ဖတပလ ဗဟိုဦးစီးအဖွဲ့ကို ၁၆ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းတို့မှာ-
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်နေ၀င်း
(၃) ဗိုလ်လက်ျာ
(၄) သခင်စိုး
(၅) သခင်သန်းထွန်း
(၆) ကိုသိန်းဖေ
(၇) ကိုဗဟိန်း
(၈) ကိုကျော်ငြိမ်း
(၉) ကိုဗဆွေ
(၁၀) သခင်ချစ်
(၁၁) ဒီးဒုတ်ဦးဘချို
(၁၂) ဦးမြ (ဟင်္သာတ)
(၁၃) ဦးအောင်ဇံဝေ
(၁၄) စောဘဦးကြီး
(၁၅) ကိုချစ်မောင်
(၁၆) ဦးရဲညွှန့်တို့ဖြစ်ကြသည်။

တဖန် ဖတပလဦးစီးအဖွဲ့ကို (၁၆) ဦး မှ (၃၆) ဦး ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့ပြန်သည်။ တိုးချဲ့ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင်များမှာ-
(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) ဗိုလ်လက်ျာ
(၃) ဗိုလ်နေ၀င်း
(၄) သခင်သန်းထွန်း
(၅) သခင်မြသွင်
(၆) သခင်ဗဟိန်း
(၇) ကိုသိန်းဖေ
(၈) ဦးဗဆွေ
(၉) ဦးကျော်ငြိမ်း
(၁၀) သခင်ချစ်
(၁၁) သခင်ဗတင် (လက်သီးပုန်း သခင်ဗတင်)
(၁၂) ဒီးဒုတ်ဦးဘချို
(၁၃) ဦးချစ်မောင်
(၁၄) ဦးမြ (ဟင်္သာတ)
(၁၅) ဦးဘအုန်း
(၁၆) ဦးအေး
(၁၇) ဦးအောင်ဇံဝေ
(၁၈) ဦးဘိုးမြ (ကသက)
(၁၉) ဦးကျော်ရင်
(၂၀) ဦးဗဂျမ်း
(၂၁) စောဘဦးကြီး
(၂၂) သရာသာထို
(၂၃) ဦးဘခိုင်
(၂၄) ဦးဘဘေ
(၂၅) ဦးသိမ်းမောင်
(၂၆) ဦးပု
(၂၇) ဦးဆက်
(၂၈) ဦးမြ (ပျော်ဘွယ်)
(၂၉) ဦးဘ၀င်း
(၃၀) ဦးတင် (မြန်မာ့အလင်း)
(၃၁) သခင်လေးမောင်
(၃၂) သခင်ညီ
(၃၃) မစ္စတာရာမန်
(၃၄) ဦးကြင်မှိန်
(၃၆) ဦးမျိုးရှုတို့ဖြစ်ကြသည်။

ထို့နောက် ၁၉၄၅ မတ်လ ၁၁ ရက်နေ့တွင် ဗြိတိသျှတပ်များ မန္တလေးတောင်ကို သိမ်းပိုက်လိုက်သည့်နေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာပင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဦးဗဆွေ၊ ဗိုလ်မှူးကြီးနေ၀င်း၊ ဗိုလ်မှူးကြီးဇေယျ၊ သခင်ချစ်နှင့် အခြားတပ်မှူး ၃-၄ ဦးတို့ ဆွေး နွေးခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ပြင်ဆင်မှုများ မတ်လ ၂၃-၂၅ လောက်တွင် ပြီးစီးမည်ဟု ခန့်မှန်း၍ ၁၉၄၅ခုနှစ် မတ် ၂၅ရက် ည ၇နာရီ ၃၀ မိနစ် (၁၉း၃၀) နာရီတိတိတွင် ဖက်ဆစ်ဂျပန်တို့ကို တပြိုင်တည်း တော်လှန်တိုက်ခိုက်ကြရမည်ဟု သတ်မှတ်လိုက်ကြသည်။
ယင်းနောက် ၁၉၄၅ မတ်လ ၁၇တွင် ရန်ကုန်မြို့ ပြည်လမ်း ဂေါ့ဖ်ကစား (ယခုတော်လှန်ရေးပန်းခြံ) တွင် ဗမာ့တပ်မတော် စစ်ရေးပြပွဲ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးစီးကျင်းပ၍ မိန့်ခွန်းပြောကြားခဲ့သည်။
သို့သော် အခြေအနေအရပ်ရပ်သုံးသပ်၍ ၁၉၄၅ မတ်လ ၁၈ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ကျင်းပခဲ့သော အစည်းအဝေး၌ တော်လှန်ရေးနေ့ကို ဧပြီ ၂ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ခဲ့ကြသည်။ ထိုနေ့မှာပင် ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်းအမှတ် ၆ စစ်ရေးခေါင်း ဆောင် ဗိုလ်ရဲထွဋ် ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ဧပြီ ၂ သို့ပြောင်းလဲကြောင်း စာရေးသားပေးခဲ့သည်။
သို့သော် ၁၉၄၅ မတ် ၂၃ ရက် ညနေတွင် ပဲခူးမြို့ တိုင်း (၄) တိုင်းမှူး ဗိုလ်မှူးကျော်ဇောက တပ်ကြပ်ကြီးတင်ဦး (မကွေး) ကိုခေါ်၍ ပဲခူးရှိ ဗမာ့တပ်မတော်၏ လှုပ်ရှားမှုကို ဂျပန်တို့က သံသယရှိသဖြင့် ၎င်းတို့ပတ်ဝန်းကျင်တွင် ဂျပန်တပ်များချထားကြောင်း၊ ထို့ကြောင့် ဖက်ဆစ် ဂျပန်တော်လှန်ရေးနေ့ကို မူလသတ်မှတ်ထားသည့် ဧပြီ ၂ အစား မတ်လ ၂၇ ရက်နေ့ပြုလုပ်ခွင့်ပြုပါရန် အမိန့်တောင်းခံသည်။ ပန်ကြားစာကို ဗိုလ်ချုပ်အောင်ဆန်းပေးပို့ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းထံသို့ တပ်ကြပ်ကြီးတင်ဦးက ဗိုလ်မှူးကျော်ဇော၏ပန်ကြားစာကို ဖတ်ရှုပြီးနောက် အခြေအနေအရပ်ရပ်ကို သုံးသပ်၍ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို မတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ၁၉၄၅ မတ် ၂၄ ရက်နေ့တွင် တိုင်းအသီးသီးသို့ ဆက်သားများကိုစေလွှတ်ကာ အကြောင်းကြားခဲ့သည်။
ဤသို့ဖြင့် ၁၉၄၅ မတ်လ ၂၇ ည ၇နာရီတွင် သရက်ခရိုင်၊ ပုဏ္ဏားကျွန်း၌ ဖွင့်လှစ်ထားသော ပြည်သူ့လွတ်လပ်ရေးတပ်မတော်ဌာနချုပ်မှ ဖတပလမှဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖက်ဆစ်ဂျပန်များကို တော်လှန်ပြီဖြစ်ကြောင်း ကြေညာခဲ့လေသည်။
● ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အမှား
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက် စနေနေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး (နောင်ဝန်ကြီးများရုံး) ၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးကျင်းပပြုလုပ်နေစဉ် မျိုးချစ်ပါတီခေါင်းဆောင်နှင့် နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ လူသတ် သမားတို့၏လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးများဖြစ်ကြသော သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း၊ လမ်းပန်းဆက်သွယ်ရေးဌာနမှ ဒုတိယအတွင်းဝန် ဦးအုန်းမောင်၊ ပညာရေးဝန်ကြီး၏ သက် တော်စောင့် ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်မှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် စနေနေ့နံနက် ၁၀း၃၀ နာရီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘုရင်ခံ၏ ခေတ္တအတွင်းဝန် အာရ်ဒဗလျူဒီဖောင်လာ (R.W.D Fowler) ထံမှ ဆာဂီဘတ်လိတ၀ိတ် (Sir Gilbert Lailkwaite) ထံသို့ပေးပို့ခဲ့သော ကြေးနန်းစာ (I.O.R ., M / 4 / 2714) ၌လည်း ဤသို့ အတိအကျဖော်ပြထားသည်။
“အသေးစိတ်အချက်အလက်များကို ကျွန်တော်ယခုပေးနိုင်ပါပြီ။ အမှုဆောင်အဖွဲ့အစည်းအဝေးအတွင်း ယနေ့နံနက် ၁၀း၃၀ နာရီတွင် အမှတ် ၁၂ စစ်တပ်အမှတ်အသားများပါရှိသော စစ်ကားတစ်စီးသည် အ၀င်တံခါးမကြီး၌ ထိုးရပ်လာခဲ့သည်။ ဂျစ်ကားထဲတွင် လူတစ် ယောက်ကျန်ရစ်ခဲ့သည်။ စတင်းဂန်းများနှင့် ရိုင်ဖယ်သေနတ် (၂) လက်ကိုင်ဆောင်ထားသော လူ (၄) ဦးသည် အမှုဆောင်အဖွဲ့အစည်း အဝေးခန်းမသို့ လှေကားမှတက်သွားကြသည်။ ခန်းမတံခါးဝအပြင်ဘက်၌ စောင့်ကြပ်နေသော လက်နက်ကိုင် ပြည်သူ့ရဲဘော်တစ်ဦးက သူတို့ကိုတားဆီးရန်ကြိုးစားစဉ် သေနတ်ဖြင့်အပစ်ခံလိုက်ရသည်။ သူက လက်နက်ကိုင်ဆောင်လာသူများကို အမှတ် (၄) ဗမာ့ရိုင်ဖယ်တပ်ဖွဲ့ ၀င်များဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့သည့်အတွက် အသေးစိတ်အချက်အလက်များ မပေးနိုင်ခဲ့ပါ။ စတင်းဂန်းသေနတ်နှင့် လူသုံးယောက်သည် အမှုဆောင်ခန်းမအတွင်းသို့ ၀င်ရောက်ကြပြီး သေနတ်နှင့် တရကြမ်းမွှေ့ရမ်းပစ်ခတ်မှုကြောင့် ဦးအောင်ဆန်း၊ ဦးဘ၀င်း၊ ဦးအဗ္ဗဒူရာဇတ်၊ မန်းဘခိုင်၊ သခင်မြနှင့် ဦးအုန်းမောင်တို့ သေဆုံးပြီး၊ ဒီးဒုတ်ဦးဘချို (စိုးရိမ်ရသောအခြေအနေတွင်ရှိသည်)၊ မိုင်းပွန်စော်ဘွား (အခြေအနေကောင်းသည်) နှင့် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်) တို့ ဒဏ်ရာရရှိသည်။
ပျော်ဘွယ်ဦးမြ၊ ဦးဗဂျမ်း၊ ဦးအောင်ဇံဝေနှင့် ဦးရွှေဘော် (အမှုဆောင်အဖွဲ့၏အတွင်းဝန်) တို့မှာ ထိခိုက်မှုမရှိ။ စောစံဖိုးသင် ခရီးထွက်နေပြီး သခင်နုသည် အစည်းအဝေးတွင် ရှိမနေခဲ့။
ထိခိုက်သေဆုံးသူများအား နှောင့်နှေးခြင်းမရှိဘဲ ဆေးရုံကြီးသို့ပို့ခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် အခြေအနေကို သွက်လက်ထက်မြက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ပုံရပါသည်။
ယခုအဖြစ်အပျက်သည် အထွေထွေအုံကြွမှုကြီး၏ အစိတ်အပိုင်းတရပ်ဖြစ်မဖြစ် ပြသသည့် အရိပ်အယောင် တစုံတစ်ရာမရှိသေးပါ။ အလံနီကွန်မြူနစ်များက ဤတိုက်ခိုက်မှုအစီအစဉ်ကိုသိနေခဲ့သည့် အရိပ်အယောင်များရှိသည်။ လက်ရှိအစိုးရက သူတို့အပေါ် ပြင်းပြင်းထန် ထန် အရေးယူဆောင်ရွက်ရန် စဉ်းစားလိမ့်မည်ကို အခြားအတိုက်အခံပါတီများက ကြောက်လန့်နေကြောင်း ယုံကြည်ရသည်။ ဤသည်က အတိုက်အခံပါတီအားလုံးက ယခုတိုက်ခိုက်မှုအစီအစဉ်ကို ထိန်ချန်လျှို့ဝှက်ထားခဲ့ပုံရကြောင်း ပြောဆိုလျက်ရှိသော်လည်း အထောက် အထားမရှိပါ။
ဘုရင်ခံအနေဖြင့် ဗိုလ်ချုပ်ဘရစ် (ဂ်)၊ ဗိုလ်ချုပ်သောမတ်စ်၊ ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်အပြင် ပြည်တွင်းလုံခြုံရေးနှင့် ပတ်သက်သော အခြားပုဂ္ဂိုလ်များနှင့် ယနေ့နံနက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဗမာ့စစ်ဌာနချုပ်အနေဖြင့် နောင်ဖြစ်လာမည့် ပြဿနာများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ချက်ရှိသည်။
ဘုရင်ခံအနေဖြင့် လောလောဆယ်တွင် သခင်နု၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြတို့နှင့် တိုင်ပင်ညှိနှိုင်းလျက်ရှိသည်။ အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းရေးအဆိုပြုချက်သတင်းများနှင့်အတူ နောက်ထပ်ကြေးနန်းစာကို ယင်းတိုင်ပင်ညှိနှိုင်းမှုပြီးပြီးချင်း ထပ်မံပေးပို့ပါမည်” ဟူ၍ ဖော်ပြ ထားသည်။
ထို့အပြင် အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ဂူဗိမာန်၌လည်း ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ရက် (မြန်မာသက္ကရာဇ် ၁၃၀၉ ခု ၀ါခေါင်လဆန်း ၂ရက်) စနေနေ့ နံနက် ၁၀း၃၅ နာရီ ဟူ၍ပင် ကမ္ဗည်းရေးထိုးထား လေသည်။ ယင်းအချက်အလက်များကို မခိုင်လုံဟုဆိုလျှင် ၁၉၄၇ ဇူလိုင်လ ၂၀ရက်နေ့ထုတ် ဟံသာဝတီ၊ ကွန်မြူနစ်နေ့စဉ်၊ မြန်မာ့အလင်း၊ သမာဓိ၊ ဗမာ့ရှေ့ဆောင် စသည့် နေ့စဉ်သတင်းစာများနှင့် ရိုက်တာကြေးနန်းသတင်းများ ၌ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို နံနက် ၁၀း၃၅နာရီ ဟူ၍သာ အတိအကျ တညီတညွတ်တည်း ဖော်ပြထားပေသည်။
သို့သော် ၁၉၇၂ အောက်တိုဘာလ၌ စပယ်ဦးစာပေမှ ထုတ်ဝေသော ဦးမြင့်ဝေ (တပ်မတော်မြင့်သန္တာ) ၏ `ဗမာ့တော်လှန်ရေးအဘိဓာန်´ (၁၈၂၄ မှ ၁၉၇၁ အထိ) ၌လည်းကောင်း၊ ၂၀၁၁ မေလ ဇေတ၀န်စာအုပ်တိုက်ထုတ် သိန်းအေး၏ `အောင်ဆန်းဇာနည်´ စာအုပ်၌လည်း ကောင်း၊ ၂၀၁၁ ဇူလိုင်လ ခေတ်ပြတိုက် စာပေမှ ထုတ်ဝေသော ကလောင်စုံရေးသားသည့် `စာရေးဆရာ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စုဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားရေးဝါဒ´ စာအုပ်၌လည်းကောင်း၊ ၂၀၁၁ ဇူလိုင် နေရီရီစာပေတိုက်မှ ထုတ်ဝေသော ကလောင်စုံရေး သားသည့် `ဗိုလ်ချုပ်အောင် ဆန်း အမှတ်တရဆောင်းပါးများ´ စာအုပ်၌လည်းကောင်း၊ ၂၀၁၁ နိုဝင်ဘာလ ပုဂံစာပေတိုက်မှ ထုတ်ဝေသည့် မောင်ကျော်ရင်၏ `ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်´ စာအုပ်၌လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက် နံနက် ၁၀း၃၇ နာရီတွင် ဖော်ပြထားလေသည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးချိန်ကို နံနက် ၁၀း၃၅ နာရီကိုသာ အတည်ပြုရပေမည်။
လုပ်ကြံခြင်းခံရသော အာဇာနည် (၉) ဦးအနက် ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုသည် ကျည်ဆံ ၅ ချက်ထိမှန်ကာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် နေ့လည် ၁း၄၀နာရီတွင်လည်းကောင်း၊ ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော်ကိုထွေးသည် ၁၉၄၇ ဇူလိုင် ၁၉ မွန်းလွဲ ၂နာရီ ၁၅မိနစ်တွင်လည်းကောင်း၊ ကြားဖြတ်အစိုးရအဖွဲ့ဝင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာဝန်ကြီး မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းသည် ၁၉၄၇ ဇူလိုင် ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း ကျဆုံးသွားခဲ့ရလေသည်။
ကြွင်းကျန်သော အာဇာနည်များ၏ ရုပ်ကလာပ်များကို မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းရှိ အာဇာနည်ကုန်းတွင် နိုင်ငံတော်ဈာပနအခမ်းအနားကျင်းပ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ သို့သော် အစ္စလာမ် ဘာသာဝင် (၂) ဦးဖြစ်သည့် ၀န်ကြီးဦးရာဇတ်နှင့်ကိုထွေးတို့၏ရုပ်အလောင်းများကို ရန်ကုန်မြို့ တာမွေမြို့နယ် မွတ်ဆလင်သင်္ချိုင်း၌ အတူယှဉ်၍ ဂူသွင်းသင်္ဂြိုဟ်ထားသည်။
အာဇာနည်စ၀်စံထွန်း၏ ရုပ်ကလာပ်ကိုမူ ရန်ကုန်မြို့မှ ရွှေညောင်မြို့သို့ ရထားဖြင့်လည်းကောင်း၊ ရွှေညောင်မှ (၄၄ )မိုင်ကွာဝေးသော မိုင်း ပွန်မြို့သို့ မော်တော်ယာဉ်ဖြင့်လည်းကောင်း အဆင့်ဆင့်သယ်ဆောင်၍ မိုင်းပွန်မြို့တွင် ရှမ်းရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မီး သင်္ဂြိုလ်၍ ကြွင်းကျန်သည့်အရိုးပြာကို မိုင်းပွန်မြို့နှင့် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ အမှတ်တရအုတ်ဂူတည်ထားသည်။
ထို့နောက် တပ်မတော်ဖခင်ကြီးနှင့် မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး (၈)နှစ်အကြာတွင် ရန်ကုန်မြို့ နတ် မောက်လမ်းရှိ ကန်တော်ကြီးပန်းခြံ၌ စိုက်ထူထားသော အက်ဒ၀ပ်ဘုရင်၏ ကြေးရုပ်ထုကို ဖယ်ရှား၍ ၁၉၅၅ ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် လန်ဒန်မြို့ ဆာဂျွန်ကက်စ် အနုပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးပန်းပုပညာရှင် မစ္စတာကော့ပ်နောက် ထုလုပ်ခဲ့သည့် အမြင့် ၈ ပေ ၄ လက်မရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စိုက်ထူ၍ နိုင်ငံတော်အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့လေသည်။ ကန်တော်ကြီးပတ်လမ်းကိုလည်း ဗိုလ်ချုပ်၏ မွေးဖွားရာဇာတိဖြစ်သော နတ်မောက်မြို့ကို ဂုဏ်ပြုသောအားဖြင့် နတ်မောက်လမ်းဟူ၍လည်းကောင်း၊ ကန်တော်ကြီးပန်းခြံ ကိုလည်း ဗိုလ်ချုပ်ပန်းခြံဟူ၍ အမည်ပြောင်းလဲခဲ့ကြသည်။
ထို့အပြင် ၁၉၅၆ ဖေဖော်ဝါရီလ ၁၃ရက်တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို နောင်တခေတ်လူငယ်များ ဗိုလ်ချုပ်၏ ရဲရင့်မှု၊ ရိုးသားဖြောင့်မတ်မှု၊ ဇွဲလုံ့လရှိမှု၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်မှုများကို အတုယူနိုင်ရန် ရည်ရွယ်၍ ‘မြန်မာနိုင်ငံကလေးများနေ့’ အဖြစ်သတ်မှတ်ကာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ စတင် ကျင်းပခဲ့လေသည်။
သို့သော် ၁၉၆၂ တွင် တော်လှန်ရေးကောင်စီတက်ရောက်လာပြီးနောက် မြန်မာနိုင်ငံကလေးများနေ့ကို တဖြည်းဖြည်း မှေးမှိန်ကွယ်ပျောက် သွားစေရန် ယနေ့တိုင်ပြုလုပ်လျက်ရှိရာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်၍ အသက်ပေးကျဆုံးသွားခဲ့ရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ကျေးဇူးကို မျက်ကွယ်ပြုရာကျနေသဖြင့် ၀မ်းနည်းဖွယ်ရာပင် ဖြစ်နေပါတော့သည်။
Unknown at 11:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တာကာငွေ ၃၇ သိန်းဖို့ရှိ ဘိန်းဖြူများ မြန်မာနယ်စပ် အနီးတွင် ဖမ်းမိ

မောင်အေး
----------
ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တာကာငွေ ၃၇ သိန်းဖိုးခန့်ရှိ ဘိန်းဖြူများကို မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။


Famale-Police-in-Bangladesh ဘင်္ဂလာဒေခ်ျ့မှ အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ
တာကာ ၃၇ သိန်းဖိုးရှိ ဘိန်းဖြူ ၁ ကီလို ၈၆၀ ဂရမ်ကို ဘိန်းဖြူ သယ်ဆောင်လာသူ အီဘာရာဟာမ်ချူးမာန် အတူ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီက ကော့စ်ဘဇားမြို့ အဝေးပြေး ကားဂိတ် အနီးတွင် ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ပြောသည်။

ကောစ့်ဘဇားအခြေစိုက် အမှတ် ၁၇ ဘင်္ဂလား နယ်ခြားစောင့် တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဒက္ကားမြို့ကနေ အီဘာရာဟာမ် ချူးမာန် လိုက်ပါ လာသော Star line အမျိုးစား ဘတ်စ်ကားကို ကော့စ်ဘာဇားသို့ အ၀င်တွင် စစ်ဆေးစဉ် ဘိန်းဖြူများကို ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းကလည်း ဒက္ကားမြို့ကနေ မြန်မာနယ်စပ် တက်ကနက်သို့ သွားသည့် ခရီးသည်တင် ဘတ်စ် ကားတစီးမှ ဘိန်းဖြူ ၁ ကီလို ၄၀၀ ဂရင်ကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မြန်မာ ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ဘိန်းဖြူများကို မြန်မာနိုင်ငံတွင်းသို့တင်ပို့ နေကြသလို မြန်မာဘက်မှလည်း ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းနေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့မှ မြန်မာသို့ တင်ပို့နေသော ဘိန်းဖြူများမှာ အာဖဂန်နိစ္စတန်မှ ပါကိစ္စတန်နှင့် အိန္ဒိယကို ဖြတ်ပြီး မြန်မာသို့ တင်သွင်းကာ မြန်မာမှ တဆင့် ထိုင်းနှင့် တရုတ်ဘက်ကို တင်ပို့ သော ဘိန်းဖြူများ ဖြစ်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။
Unknown at 11:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ


ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။
By: Shwe Thanzin
Unknown at 10:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကူဝိတ်သဲကန္တာရထဲတွင် မြန်မာ အလုပ်သမား ၁၆၀ ဒုက္ခတွေ့နေ

ကူဝိတ်နိုင်ငံတွင် လက်သမား အလုပ် လုပ်ရမည်ဟု ဆိုကာ ခေါ်ယူသွားသော မြန်မာနိုင်ငံသား ၁၆၀ ကို သဲကန္တာရထဲတွင် မြေတူးသည့် အလုပ်ကြမ်းများ စေခိုင်းနေသဖြင့် အထူး ဒုက္ခရောက်နေကြရကြောင်း မြန်မာနိုင်ငံသား တစ်ဦးမှ နိရဉ္စရာသို့ ပေးပို့သောစာတွင် ဖေါ်ပြထားသည်။
kuwait-desert

မြန်မာနိုင်ငံသား ၁၆၀ အား ၂၀၁၁ ခုနှစ်အောက်တိုဘာလအတွင်းက ရွှေအင်အား ကုမ္ပဏီမှ ကူဝိတ်နိုင်ငံတွင် လက်သမားများ အလုပ် ရမည်ဆိုကာ ပို့ပေးခဲ့ကြောင်း၊ သို့သော်လည်း ကူဝိတ်နိုင်ငံသို့ ရောက်သောအခါ လက်သမား အလုပ်ကို မလုပ်ရဘဲ ကူဝိတ်နိုင်ငံ၏ သဲကန္တာရ တစ်ခုသို့ပို့ကာ မြေတွင်းများတူးသည့် အလုပ်များ စေခိုင်းနေကြောင်း၊ သူတို့အား ကူဝိတ်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့် ကဒ်ပြားများကိုလည်း ထုတ်ပေးခြင်း မရှိကြောင်း၊ သို့အတွက် ကျန်းမာရေး ချို့ယွင်းသူ မြန်မာနိုင်ငံသားများကို ဆေးရုံပြ၍လည်း မရဘဲ ဖြစ်နေကြောင်း အဆိုပါ ပေးပို့သော စာတွင် ဖေါ်ပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံရောက် ရခိုင်လူငယ် တစ်ဦးကို နိရဉ္စရာက မေးမြန်းရာသူက ယခုလို ပြောသည်။

" အခု သူတို့က တော်တော် ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။ သူတို့ကို ကူဝိတ်နိုင်ငံက စက်ရုံ တစ်ခုမှာ လက်သမား အလုပ်တွေ ရမယ်ဆိုပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ကူဝိတ်နိုင်ငံကိုရောက်တော့ သဲကန္တာရ တစ်ခုကို စေလွှတ်ပြီး မြေတူးခိုင်းတယ်လို့ သိရပါတယ်။ မြေတူးရတာကလည်း အောက်ကို လူအရပ် ၂ ရပ်စာနဲ့ အနိမ့်ဆုံး ဆိုရင် တစ်ရပ် လက်တခတ်ထိ အဲသလိုမျိုး တူးရတယ်လို့ ပြောပါတယ်။ ဆောင်းတွင်းဆို ချမ်းကလည်း အရမ်းချမ်းတဲ့ သဲကန္တာရထဲမှာ တစ်နေ့မှ မအားရဘဲ နေ့တိုင်း တူးနေရတယ်လို့ ကျွန်တော် ဆီကို အကြောင်းကြားပါတယ်။ ပေးတဲ့ လစာကလည်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀၊ ကူဝိတ်ပိုက်ဆံ ဆိုရင် (ကူဝိတ်ဒီနာ ၉၀)ရတယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

အဆိုပါ အလုပ်သမားများအား ရွှေအင်အား ကုမ္ပဏီမှ တစ်လ ကျပ် (၅) သိန်းနှင့် (၆)သိန်း အကြားရမည် ဆိုကာ ကူဝိတ်နိုင်ငံသို့ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ဒါ့ပြင် ပိုဆိုးတာက သူတို့ နေမကောင်းရင် ဆေးခန်းပြတာ၊ ဆရာဝန်ကို ခေါ်ပြတာတွေလည်း မရှိဘူးလို့ သိရပါတယ်။ ဗမာကောင်လေး တစ်ယောက်က ခြေထောက်ကျိုးသွားတာ ဆေးရုံပြတာ မရှိဘဲ အေးဒီ ကန္တာရထဲမှာဘဲ ဖြစ်သလိုကုနေရတယ်လို့ ပြောပါတယ်။ အခု တစ်လလောက်တောင် ရှိနေပြီး အလုပ်တောင် မဆင်းနိုင်သေးဘူးလို့ သိရပါတယ်။ ကျောက်ဖြူက ကောင်လေး တစ်ယောက်လည်း အစာအိမ်ရောဂါ ဖြစ်ပြီး ဗိုက်အောင့်တာကို ဆေးရုံမပြဘဲထားတယ်လို့ သိရပါတယ်။ ဗိုက်အောင့်ရင် အလုပ်မဆင်းနိုင်ဘူး။ သက်သာရင် အလုပ်ဆင်းတယ်။ အလုပ်မဆင်းရင် ပိုက်ဆံကိုလည်း ဖြတ်တယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

မြန်မာ အလုပ်သမားများအား ကူဝိတ်သို့ ပို့ဆောင်သော ကုမ္ပဏီမှာ ရန်ကုန် လှိုင်သာယာ FMI ထဲတွင် ရုံးခန်းဖွင့် ထားပြီး အဆိုပါ ကုမ္ပဏီမှ မင်းသူဟု အမည်ရသော လူယုံ တစ်ယောက်ကိုလည်း ကူဝိတ်နိုင်ငံသို့ စေလွှတ်ပြီး အလုပ်သမားများကို ကြီးကြပ်နေကြောင်း သိရသည်။

ယခုအခါ ကိုမင်းသူမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်နေပြီး မြန်မာ အလုပ်သမားများဘက်မှ မရပ်တည်ဘဲ ကုမ္ပဏီဘက်မှ ရပ်တည်ကာ မြန်မာ အချင်းချင်း ခွဲခြားဆက်ဆံမူများ ရှိနေကြောင်း သိရသည်။ မြန်မာ အလုပ်သမားများ လုပ်နေသော ကုမ္ပဏီမှာ ကူဝိတ်နိုင်ငံတွင် လာရောက် အလုပ် လုပ်နေသော ကိုးရီးယား အခြေစိုက် SAMSUNG ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမား ၁၆၀ တွင် ၃၀ ခန့်မှာ ရခိုင်အမျိုးသားများ ဖြစ်ပြီး ထိုအထဲမှ အများစုမှာ ကျောက်ဖြူမှ ဖြစ်ကြောင်း သိရသည်။ ရွှေအင်အားကုမ္ပဏီသည် ကျောက်ဖြူမြို့တွင် လာရောက် အလုပ် လုပ်စဉ် ကုမ္ပဏီနှင့် အလုပ် အတူတူ လုပ်ဖူးသော လက်သမားများကို ကူဝိတ်နိုင်ငံ စက်ရုံ တစ်ခုတွင် လက်သမား အလုပ်ရမည်ဆိုကာ ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ
Unknown at 10:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

USDP အကြီးအကဲများက ပါတီဝင်များထံ ပိုက်ဆံကျပ်သန်းချီ စုကြေးကောက်

မာ့သတင်း » USDP အကြီးအကဲများက ပါတီဝင်များထံ ပိုက်ဆံကျပ်သန်းချီ စုကြေးကောက်
သံလွင်အရှေ့ပိုင်း ကျိုင်းတုံမြို့အရှေ့မြောက်ဖက် ၁၀၂ ကီလိုမီတာဝေးသည့် မိုင်းယန်းမြို့နယ် USDP အကြီးကဲများ က ပါတီဝင်များထံ စုကြေးငွေမထည့်မနေရဟုဆိုကာ ကျပ်ငွေသန်းချီ ကောက်ယူနေသောကြောင့် အခက်တွေ့နေရကြောင်း ပါတီဝင်မိသားစုများက ပြောပါသည်။

“နှစ်တိုင်းနှစ်တိုင်း ပိုက်ဆံထည့်ရတယ်။ အတိုးပေးမယ်လို့ပြောပြီး ခုထိဘာအတိုးမှမရဘူး။ ခုလည်း ထပ်တောင်းလာ တယ်။ ၁၅ သိန်း။ မထည့်မနေရတဲ့။ ကျမယောက်ကျား ကြံ့ဖွံ့ပါတီဝင်ကတည်းကနေ ခုထိပိုက်ဆံထဲ့ရတာ သိန်း ၃၀ ကျော်ပြီ။ ကျမလဲမခံနိုင်တော့ဘူး။ အရမ်းကိုကျပ်တည်းနေပြီ” ဟု မိုင်းယန်းမြို့ ဟော်တိုက်ရွာနေ ကြံ့ဖွံ့ပါတီဝင် စိုင်းအွန် ကျောက်၏ ဇနီး နန်းနွန်းစယ့်က ပြောပြကြောင်း ကျိုင်းတုံဒေသခံ စိုင်းယီ့က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယခုလ ၁၃ ရက်က ကြံ့ဖွံ့ပါတီ ကော်မတီဝင်တိုင်း တယောက်လျင် စုကြေးသဘောမျိုး ပိုက်ဆံ ကျပ် ၁၅ သိန်းထည့်ဝင်ရန် ပါတီဝင်များအား အစည်းအဝေးခေါ်ကာ ဆင့်ဆိုလာကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ၌ အသုံးပြုရန် ဟုလည်းပြောကြောင်း ၎င်းတို့နှင့်နီးစပ်သည့် မိုင်းယန်းမြို့ခံများက ပြောပါသည်။

“အစိုးရက သူတို့ကိုလစာမပေးလို့ ဒီစုကြေးငွေတွေနဲ့ လစာတွေပေးသွားမယ်လို့ပြောတယ်။ အတိုးရဖို့နေနေသာသာ အသားပါပျောက်သွားမှာစိုးရိမ်ရလို့ စားလဲမဝင် အိပ်လဲမပျော်ဘူး” - ဟု မိုင်းယန်းမြို့ ပြည်ခိုင်ဖြိုးပါတီဝင်တဦးက ပြောပြသည်။

၂၀၁၅ ရွေးကောက်ပွဲ၌လည်း မိုင်ယန်းမြို့နယ်အတွင်း ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရအောင် လုပ်ဆောင်ရမည်ဟု အစည်းအဝေး၌ပြောကြောင်း  ပါတီဝင်များက ပြော၏။ ကျားဖြူပါတီလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှန် ပြိုင်ရန်အတွက် မိုင်းယန်းမြို့၌ မကြာသေးခင် ရုံးဖွင့်ထားကြောင်း၊ မြို့နယ်ကော်မတီ မဖွဲ့စည်းရသေးသော် လည်း ၂၀၁၅ မတိုင်မှီ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကျားဖြူအသိုင်းဝိုင်းက  ပြောပါသည်။
သျှမ်းသံတော်ဆင့်
Unknown at 10:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ဗိုလ်ချုပ်အောင်ဆန်း သည် Superman မဟုတ်ပါ

ဗိုလ်ချုပ် အောင်ဆန်း ကို Superman လိုလို ဖြစ်အောင် ပြောဆိုရေးသားနေကြတာ တွေ ကိုရပ်သင့်ပြီလို ထင်ပါတယ်။ ဗမာ့လွတ်လပ် ရေးတိုက်ပွဲ မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အထင်တရ ခေါင်းဆောင် တယောက်ဆိုတာ ငြင်းလို့ မရတဲ့ အချက်ပါ သို့ သော် သူတယောက် တည်းကြိုးပမ်းချက်နဲ့  ဗမာနိုင် ငံ လွတ်လပ်ရေး ရခဲ့တာမဟုတ်ပါ။ ပြည်သူထူထုတရပ် လုံးက တက်ကြွစွာ ရုန်းကန်လှုပ်ရှားကြရလို့  လွတ်လပ်ရေး ရခဲ့တာပါ။ ထို့ အတူ သူနှင့် ခေတ်ပြိုင် အင်မတန်မှ ထက်မြက်တဲ့ တခြားခေါင်းဆောင်တွေရဲ့  စွမ်းဆောင်မှု အခန်းကဏ္ဍ တွေကိုလည်းမှေးမှိန် ထားလို့ မရပါဘူး။

အရပ်စကားနဲ့ ပြောရရင် “ဗိုလ်အောင်ဆန်း …. ဓါးတလက် မြင်းတစီး နဲ့ ထွက်ရမ်း လိုက်တာ ဗမာ ပြည်ကြီးလည်း လွတ်လပ်ရေး ကို ရရောလဟယ်” ဆိုတာ မျိုးတွေ ကို အခု ၁-၂ နှစ် အတွင်း မှာ ပြန်လည် ထုတ်ဝေခွင့် ရလာတဲ့ ဗိုလ်ချုပ် အောင်ဆန်း နဲ့  ပတ်သက်တဲ့ စာအုပ် စာတမ်း ဆောင်းပါးမျိုးစုံ တွေမှာ တွေ့  မြင်နေရတာ ဟာ သိပ်ကောင်းတဲ့ အလားအလာမဟုတ် ဘူးဆိုတာ ကိုတော့ ရဲရဲ ကြီးပြော ရဲပါတယ်။


ဗိုလ်ချုပ် အောင်ဆန်းဟာ သာမာန်ပုထုစဉ် လူတယောက်ပါ၊ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲအတွက် ကိုယ့်  ကိုယ်ကိုတာဝန်ပေးပြီး မဆုတ်မနစ် လုပ်ခဲ့တဲ့ အရည်အချင်းနဲ့ သူပါ။ သို့ သော် နိုင်ငံရေးအရ သူတော်ခဲ့ သလို သူရှော် ခဲ့တာ တွေ၊ နိုင်ငံရေးအရ သူ မှန် ခဲ့ သလို သူ မှားခဲ့ တာတွေ၊ သူ နုခဲ့ သလို သူကြမ်းခဲ့ ရမ်းခဲ့တာတွေ၊ သူပြောင်မြောက်ခဲ့တာတွေ ရှိသလို သူ ကြောင် ခဲ့တာတွေ၊ လုပ်ဖေါ်ကိုင်ဘက် မိတ်ဆွေ အပေါင်းအသင်းတွေ အပေါ် အနိုင်ကျင့် ခဲ့တာတွေ စတဲ့ အကောင်းအဆိုး အမှောင် အလင်းစတာတွေ နဲ ရောယှက် ထားတဲ့ သူတယောက်ပါ။ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပါ။

ဒါပေမယ့် အခု နှစ်ပိုင်း တွေမှာတော့ သူ့ အကြောင်းကို လူသားတယောက်အရရော နိုင်ငံရေးအရ ရော ရေးသားပုံဖေါ်မှုတွေ မှာ သမိုင်းဖြစ်ရပ်မှန်တွေ ကျော်လွန်ပြီး လိုရာ ကို အတင်းဆွဲယူပြီး ဒဏ္ဍာရီထဲ က လူသား တယောက်လို ပုံဖေါ်နေကြပါတယ်။

သာဓက တခု နှစ်ခု လောက်ပြရရင် ….. ၁။အကြော်သည်ကို အင်္ကျီချွတ် ပေးတဲ့ ဇာတ်လမ်းမျိုး နောက်

၂။နာမည်ကြီးလှ တဲ့ (အမည်မသိ ကဗျာဆရာ ရေးစပ်သွားတဲ့) ဖေဖ၀ါရီ ၁၃ မှာ ဗိုလ်ချုပ်မွေး နေပါ ဆိုတဲ့ ကဗျာ ပါ စာသားတွေ ကိုပြင်တာမျိုး တွေပါ။


အကြော်သည်ကို အင်္ကျီချွတ် ပေးတဲ့ ဇာတ်လမ်း က တခုထဲ မဟုတ်ပါဘူး ။
ဆင်တူရိုးမှား တွေ သဏ္ဍာန် တူဇာတ်လမ်းတွေ အများကြီးကြားဖူးပါတယ်၊
ကိုယ်ကြည်ညိုတဲ့ လူ ရဲ့  လူသားဆန်မှု ကို ပုံဖေါ်ချင်ဇော နဲ့  သဒ္ဒါကျွံ ပြီး တဆင့်စကား တဆင့် ကနေ နောက်ဆုံး စာမျက်နှာ တွေ အထိ ရောက်လာတဲ့ ဇာတ်လမ်း မျိုးပါ။

အဲဒီဇာတ်လမ်းတွေ မှာ ဗိုလ်ထွန်းလှ ပြန်ပြောပြသလို ဘယ်သူနဲ့ ဘယ်တုံး ကစတဲ့ အချက် အလက် ကိုပြန်စစ်ဆေး လို့ ရမယ့်ဟာ မျိုးတွေ မပါပါဘူး။



ကဗျာ ကိစ္စ ကိုပြန်ဆက်ရရင်လည်း ဒီလို ကျော်ကြားလှပြီး လူတိုင်း ကလေးဘ၀ထဲက ရလာ တဲ့ ကဗျာ တပုဒ် ကို မူရင်းကနေ ပြန်ပြင်ခြင်း ဟာ အင်မတန်မှ မလုပ်ကောင်းတဲ့ ချိုးဖေါက်မှုပါ။

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
၁၉၁၅ ရှေ့နေ ဦးဖာသား၊

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်၊
ကြံ့ကြံ့ခံတဲ့ ဇာနည်ဖွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်၊
မျက်ရည်ဖြိုင်လို့ဘဝင်ညိုး
ဂျူလိုင် တဆယ့်ကိုး၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့ငြား။

ပြည်ထောင်စုရေးကြိုးပမ်းဆောင၊်
ပြည်ချစ်တို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ (ဒါမူရင်း ပါ)


ကဗျာ ပါအကြောင်းအရာကို မကြိုက် ရင်မသုံး နဲ့  အသစ်တပုဒ်ပြန်ရေးပါ။
ဒါအပြင် အခုလိုလုပ်တာ ကို သိနေပြီး ရေးငုံနှုတ်ပိတ် နေတဲ့  လူကြီးတွေ မှာလည်းတာဝန်ရှိပါတယ်။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကိုယ်စားပြုဒီမိုကရေစီ စနစ် က ပေါ်ပေါက်လာတဲ့ ပါလီမာန်ဒီမိုကရေစီ စနစ်ဟာ ပြည်သူ ကို အကျိုး မပြုတဲ့စနစ် အနေနဲ့  သတ်မှတ်ပြီး ဒီမိုကရေစီသစ် ကိုဖေါ်ဆောင်ဖို့ လုပ်ဆောင်ခဲ့သူပါ။
လုပ်ငန်းကြီးတွေ ကို ပြည်သူပိုင်သိမ်းပြီး ဆိုရှယ်လစ်စနစ် ကိုထူထောင်ဖို့ ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့သူပါ။

၂၁ ရာစု မို့ လို့ ၊ ဆိုရှယ်လစ် စနစ်မို့ လို့  ဘာဘာညာညာ မို့ လို့ ဒါတွေ မလုပ်လို၊ မဖေါ်ဆောင် လို လည်းပြဿနာ မရှိပါ။
ဒါပေမယ့် ဒီဟာတွေ က ဗိုလ်ချုပ်အောင်ဆန်း အမှန်တကယ်ချမှတ်ခဲ့ တဲ့ လမ်းစဉ် မဟုတ်သလို ဖျက်ဆီး ဖုံးကွယ် ပုံဖျက် ပစ်လို့ တော့မရပါဘူး။
ဒါတွေ ဟာ သမိုင်းအမှန်တရားပါ။

နောက်ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တဲ့ စကားတွေရဲ့ အဓိပါယ် တွေ ကို လည်း တလွဲဖွင့်နေ တာ တွေ ကလည်း ရှိပါသေးတယ်။
သာဓက အနေနဲ့ ပြောရရင် လူသိပ်ပြောများတဲ့  “ဖါ နိုင်ငံ” ဆိုတာပါ။
ကောင်မလေးတွေ မီနီစကတ် တို တို ၀တ်တိုင်း၊ မော်ဒယ် တွေ cat work ခပ်ကြမ်းကြမ်း လျှောက်တိုင်း ဒီ … ဗိုလ်ချုပ်ပြောတဲ့ ဖါ နိုင်ငံဖြစ် နေပါပြီ ဆိုတဲ့ စကားလုံး ကို ခဏခဏ တွဲ ပြောနေ ရေးနေတာ တွေ ကို နားမချမ်းသာစွာ ကြားမြင်နေရပါတယ်။

တကယ် က ဗိုလ်ချုပ်ပြောခဲ့ တာ အဲဒီ အဓိပါယ်မဟုတ်ပါ။
ဖါနိုင်ငံ ဆိုတာ self sufficient မဖြစ်ပဲ အဖေ ကယ်ပါ အမေကယ်ပါနဲ့  ဟိုနိုင်ငံ ကို မျက်နှာချို သွေး လိုက် ဒီနိုင်ငံ ကို မျက်နှာအောက်ကျို့ လိုက် ဖါးလိုက် လုပ်တဲ့ နိုင်ငံမျိုး ကိုဆိုလိုတာ …
ယနေ့ ခေတ်နိုင်ငံရေးနဲ့ ယှဉ်ပြောရရင် တခုခု ဆို ကိုယ့်အားကိုယ် မကိုးပဲ အမေရိကန် ရေ ကယ်ပါ၊
EU ရေ ဘုံးကျဲလေယာဉ်တွေ လွှတ်ပေးပါ ၊
ကျနော် ကျမတို့ ကို များများ အလှုပေးပါ ခင်ဗျားတို့ အကြိုက် pacts တွေ ကို နိုင်ငံတကာမှာ လက်မှတ်ထိုးပေးပါ့မယ် …
အဲဒီလို မျက်နှာချို သွေးနေရတဲ့  နိုင်ငံ ကို ပြောတာ။

(ဗမာ အစိုးရရော/ အတိုက်အခံရော အဲဒီ ဗိုလ်ချုပ် စံ နဲ့ တိုင်းလိုက်မယ် ဆို #ါသည်တွေ၊ #ါသည်မ တွေ၊ #ါဂေါင်းတွေ တော်တော်များမယ်ထင်တယ် …. ဒါက စကားချပ်။)

မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို တကယ်လေးစားတယ်၊ တကယ်ကြည်ညိုတယ်၊ ဆိုရင် ဓါတ်ပုံ တွေ ကြည့် လိုက်၊ လက်ဖျားလက်နား ဆောင်းပါးတွေ ဖတ်လိုက် နဲ့ ကျေနပ်မနေပဲ ….
ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးခဲ့ တဲ့  သူ့ အကြောင်းတွေ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးခဲ့ တဲ့  နိုင်ငံရေးစာတမ်း၊ လမ်းစဉ်ရေးရာစာတမ်း တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မိန့် ခွန်းပေါင်းချုပ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်းတွေ ကတ်ဘိနက် မှတ်တမ်းတွေ၊ နောက် သူနဲ့ ခောတ်ပြိုင် နိုင်ငံရေး ခေါင်းဆောင်တွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ ရဲ့  ဗိုလ်ချုပ်အောင်ဆန်းအပေါ် အမြင်တွေ စတာ တွေ ကို ဖတ်လေ့လာ ပြီး တကယ့် ဗိုလ်ချုပ်အောင်ဆန်း အစစ်အမှန် ကို အဲဒီစာတွေ သမိုင်း တွေ ထဲက တွေ့ ရှိလာ အောင်လုပ်ကြ ဖို့ နှိုးဆော်လိုက်ရပါတယ်။



ဟစ်တိုင်....
-ကိုဘ- 
Unknown at 10:43 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

လှိုင်သာယာ အလုပ်သမား​သပိတ် တရား​ရုံး​ ​ရောက်မည်

တပတ်​ကျော် ​ပြေလည်မှု မရ​သေး​တဲ့​ ရန်ကုန်လှိုင်သာယာ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ ဥပ​ဒေ​ကြောင်း​အရ ကြိုး​စား​မယ့်​ ပုံစံ​ပြောင်း​လဲသွား​ပြီး​ ​နောက်ထပ် မ​ရေမရာ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။
လုပ်အား ​ခ တိုး​မြှင့်​ပေး​ရေး​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ ​ဆွေး​နွေး​ညှိနှိုင်း​လို့​ မရ​တော့​တာ​ကြောင့်​ ဥပ​ဒေ​ကြောင်း​အရ ​ဖြေရှင်း​ဖို့​ ကြိုး​စား​တာလို့​ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့​တဲ့​ ဆန္ဒပြအလုပ်သမား​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ​ဒေါ်မိုး​ဝေက ​ပြောပါတယ်။
“ဒီလိုမျိုး​ အရမ်း​တာရှည်​နေတာ ဘယ်သူ့​အတွက်မှ မ​ကောင်း​ဘူး​လေ။ ဒါ​ပေမယ့်​ တိုင်ပင်ညှိနှိုင်း​ရေး​ အဖွဲ့​တွေ၊​ သက်ဆိုင်ရာ အဖွဲ့​အစည်း​တွေကလည်း​ တကယ်တိကျတဲ့​ ​ဆွေး​နွေး​ပွဲဖြစ်​အောင် ဖိအား​ပေး​ဖို့​ လိုမယ်လို့​ ကျမထင်တယ်။ သူတို့​ပေး​ထား​တဲ့​ နှုန်း​ထား​ထက် တိုး​မြှင့်​မ​ပေး​နိုင်ဘူး​ဆို​တော့​ အလုပ်သမား​ထု ကလည်း​ မ​ကျေနပ်ဘူး​ပေါ့​နော်။ အခု ​နောက်ဆုံး​ အ​ခြေအ​နေက​တော့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီခုံရုံး​ကို တက်ဖို့​ စီစဉ်​နေပါတယ်။ ဘယ်​လောက်ကြာမယ် ဆိုတာက ကန့်​သတ်လို့​ မရဘူး​လေ။”
ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က​တော့​ အလုပ်သမား​သပိတ်ကို အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်၊​ ရန်ကုန်တိုင်း​ အလုပ်သမား​ ညွန်ကြား​မှူး​ဦး​စီး​ဌာနက ဒု- ညွှန်ကြား​ရေး​မှူး​ ဦး​မျိုး​အောင်တို့​က ဝင်​ရောက် ညှိနှိုင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး​။
အလုပ်သမား​ တွေဘက်က တနာရီလုပ်အား​ခကို ၁၅၀ အထိ ​တောင်း​ဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅ ကျပ် ​ပေး​တာကို ၁၀၀ အထိပဲ တိုး​မယ်လို့​ ​ပြောပြီး​၊​ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ တလလုံး​ ရက်မှန်​ကြေး​ ၈၀၀၀ ကျပ်ကိုလည်း​ အလုပ်ရှင်ဘက်က နဂိုအတိုင်း​ ၆၀၀၀ ကျပ်ပဲ ​ပေး​မယ်လို့​ တင်း​ခံ​နေတာ​ကြောင့်​ ​ပြေလည်မှု မရတာပါ။
အလုပ်သမား​ တွေဘက်က ဥပ​ဒေအကြံ​ပေး​ဖြစ်တဲ့​ ​ရှေ့​နေကို ဖိုး​ဖြူက​တော့​ ဥပ​ဒေ​ကြောင်း​အရ လုပ်​ဆောင်တဲ့​ တရား​ရုံး​ရဲ့​ ဆုံး​ဖြတ်ချက်ချတဲ့​အထိ ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်​ပေမယ့်​ အာဏာပိုင်​တွေရဲ့​ သ​ဘောထား​အ​ပေါ်မှာ မူတည်တယ်လို့​ ​ပြောပါတယ်။
လက်ရှိ အလုပ်သမား​ ဥပ​ဒေ​တွေက အလုပ်သမား​တွေအ​ပေါ် အကာအကွယ် မ​ပေး​နိုင်မှာကိုလည်း​ စိုး​ရိမ်တယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။
“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပ​ဒေ အတိုင်း​ ပြဋ္ဌာန်း​ချက်ပါ အခွင့်​အ​ရေး​တွေကို​တောင် အလုပ်သမား​ဝန်ကြီး​ဌာန၊​ အလုပ်သမား​ ညွှန်ကြား​မှုဌာနက အ​ကောင်အထည် ​ဖော်ခြင်း​ မရှိတာကို ​တွေ့​ရတယ်။ ​ရှေ့​နေ​ရှေ့​ရပ်​တွေနဲ့​ ခုခံ​ချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမား​တွေက ခံစား​နေကြရတယ်။ အခု ​နောက်တခါ အလုပ်ရှင် အလုပ်သမား​တွေ အငြင်း​ပွား​မှု ​ဖြေရှင်း​ရေး​ ဥပ​ဒေဟာ ဝန်ကြီး​ဌာန​တွေ အလိုကျ ဝန်ကြီး​ဌာနစိတ်ကြိုက် ​ဖြေရှင်း​ခွင့်​အရ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေဖြစ်လာမှာကို ကျ​နော်တို့​ အလွန်ပဲ စိုး​ရိမ်ပါတယ်။”
ရှေ့​ တပတ်ထဲမှာ လှိုင်သာယာမြို့​နယ် အလုပ်သမား​အမှု​တွေကို ကြား​နာစစ်​ဆေး​တဲ့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီခုံရုံး​ကို တင်သွင်း​မယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။
အလုပ်သမား​ အင်အား​ ၂၀၀၀ နီး​ပါး​ရှိတဲ့​ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ် လူမျိုး​တ​ယောက်နဲ့​ မြန်မာလူမျိုး​တ​ယောက်တို့​ ဖက်စပ်ပိုင်တာဖြစ်ပါတယ်။
အလုပ်ရှင်ဘက်က ဆန္ဒပြသမား​တွေကို ပြီး​ခဲ့​တဲ့​ (စ​နေ​နေ့​) ​နောက်ဆုံး​ထား​ပြီး​ အလုပ်ပြန်မဆင်း​ရင် မိမိဆန္ဒအ​လျှောက် အလုပ်ထွက်ပြီး​သား​ ဖြစ်မယ်၊​ ရန်ကုန်တိုင်း​ အလုပ်သမား​ရုံး​မှာ လုပ်ခလစာ​တွေကို ကိုယ်တိုင် သွား​ယူဖို့​ သတိ​ပေး​ခဲ့​ပေမယ့်​ အလုပ်သမား​တွေက လခလည်း​မထုတ်ဘဲ ဒီ​နေ့​အထိ ဆက်လက် ဆန္ဒပြ​နေတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ပါတီစည်းရုံးရေးခရီးစဉ်သွားရောက်မည်

ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် ကို ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ကတွေ့ မြင်ရစဉ်။ ဓါတ်ပုံ - လှိုင်ဘွားမောင်
 ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားသို့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့တွင် သွားရောက်မည်။ 

အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပါတီစည်းရုံးရေး နှင့် မဲအောင်နိုင်ရေး ခရီးစဉ်အဖြစ်

လာရောက်မည်ဟု မြစ်ကြီးနားမြို့ အန်အယ်လ်ဒီ တာဝန်ရှိသူက ပြောသည်။

 အဆိုပါခရီးစဉ်အတွင်း မိုးကောင်းမြို့ ကိုလည်း ၀င်ရောက်မည်ဟုသိရသည်။
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်ဒဂုံ နှင့် လှိုင်သာယာ မီးလောင်မှု

တောင်ဒဂုံ ၅၆ ရပ်ကွက် မီးလောင်မှု
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)   ယနေ့ နေ့လယ် ၃ နာရီ ၁၅မိနစ်တွင် တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် စိန်ရတနာ(၃)လမ်း အိမ်အမှတ် ၁၉၃ (က) မှစတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ စတင်လောင်ကျွှမ်းခဲ့ပြီး ၃နာရီ မီနစ်၄၀တွင်မီးငြိမ်းသွားခဲ့သည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းက လှိုင်သာယာ ၂၀ ရက်ကွက် မင်းရဲကျော်စွာ ၁ လမ်းတွင်လည်း မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ် ၇ လုံးလောင်ကျွမ်းသွားသည်ဟု သိရသည်။ 
YPI
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်စု ဖျာပုံ မိန့် ခွန်းကောက်နှုတ်ချက်


ဒေါ်အောင်ဆန်းစုကြည် ဖျာပုံလူထုအား မြို့တွင်း၌ မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ-ဥက္ကာကိုကို)
ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ လွတ်လွတ်လပ်လပ် စည်ရုံးခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒီလို လွတ်လွတ်လပ်လပ် စည်းရုံးပိုင်ခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ကိစ္စမှန်သမျှဟာ ကျွန်မတို့ ဒီမိုကရေစီ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့လည်း ကျွန်မတို့ ကတော့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် စည်းမျဉ်းစည်းကမ်းနဲ့ပဲ လုပ်မှာပါ။ ဒီလိုကန့်သတ်ခြင်းဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေခြင်းကို အနှောက်အယှက်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်မတို့ရဲ့ အဖွဲ့ကနေပြီးတော့ တရားဝင် ရွေးကောက်ပွဲကော်မရှင်ကို စာတင်ပြီးတော့ တိုင်ထားပါတယ်။
(ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့တွင်း၌ လူထုအား ပြောကြားခဲ့သည့် မိန့်ခွန်း မှ ကောက်နှုတ် ချက်။ မဲဆွယ်စည်းရုံးခြင်းနှင့် လူထုဟောပြောပွဲပြုလုပ်ရန် ဖျာပုံမြို့နယ်ဘောလုံးကွင်းအား အသုံးပြုခွင့်ပိတ်ပင်ခဲ့ခြင်းအပေါ် သူမက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။)
Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြဝတီတွင် စက်မှုဇုန် တည်ထောင်မည်


ကရင်ပြည်နယ် မြဝတီမြို့၌ စက်မှုဇုန်တစ်ခု တည်ထောင်သွားရန်ရှိသည်ဟု နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ “လာမယ့် ဘဏ္ဍာနှစ်အတွင်း ဖြစ်လိမ့်မယ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့ကပဲ ဒါကို အဓိက ဦးဆောင်သွားလိမ့်မယ်” ဟု ၄င်းကပြောသည်။ အဆိုပါ မြဝတီစက်မှုဇုန်ကို တည်ထောင်ပြီးပါက ကရင်ပြည်နယ်၌ စက်မှုဇုန်နှစ်ခု ရှိသွားမည်ဖြစ်ရာ ပြည်နယ်တွင်း ဖွံ့ဖြိုးမှုကို များစွာအထောက်အကူ ပြုပေးနိုင်မည်ဟု ၄င်းကဆက်လက် ပြောသည်။ မြဝတီစက်မှုဇုန်နေရာကို စိစစ်ရွေးချယ်နေပြီး အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးနိုင်ဖွယ် ရှိသည်ဟု ၄င်းကဆိုသည်။ စက်မှုဝန်ကြီးဌာန အကြီးတန်းအရာရှိက “နယ်စပ်မှာ လုပ်ဖြစ်တာက အခု ငြိမ်းချမ်းရေး ယူထားတဲ့ သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို အဓိက ရည်ရွယ်တယ်။ ဒါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ နေရာကို ရွေးထားတာ။ နောက်ပြီး ဒီနေရာက အလားအလာကောင်းတစ်ခုလည်း ဖြစ်တယ်” ဟု ပြောသည်။ ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်အတွက် မြဝတီမြို့၏ စီးပွားရေးအခြေအနေမှာ နဂိုကတည်းက ကောင်းမွန်ခဲ့သည်။ သည့်အပြင် ၂၀၁၁ နှစ်ကုန်ပိုင်းအတွင်းက နှစ်နိုင်ငံချစ်ကြည်ရေး တံတားကိုပါ ပြန်လည်ဖွင့်လှစ်လိုက်မှုများကြောင့်လည်း ဒေသခံများ၏ဝင်ငွေမှာ ပြန်လည်ကောင်းမွန်နေရာ မြဝတီမြို့တွင် စက်မှုဇုန် တည်မည်ဆိုပါက ဆိုဖွယ်ရာမရှိတော့ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မလေးရှားမှ မြန်မာများ အမိမြေသို့ ဧရာဝတီဘဏ်မှ ငွေလွှဲနိုင်ပြီ



မလေးရှားရောက် မြန်မာလုပ်သားများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်မှ စတင်ကာ မလေးရှားနိုင်ငံရှိ Q-Remit Agency နှင့် မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်နှင့် ဘဏ်ခွဲများမှတစ်ဆင့် မြို့နယ်ပေါင်း ၁၂၀ သို့ တရားဝင် ငွေလွှဲပို့နိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။ ဧရာဝတီဘဏ်အနေဖြင့် မလေးရှားနိုင်ငံရှိ May Bank ၏ နေ့စဉ်ပေါက်ဈေးအတိုင်း ရင်းဂစ်မှ အမေရိကန်ဒေါ်လာနှုန်းအတိုင်း တွက်ချက်လက်ခံပေးပြီး ယင်းဒေါ်လာနှုန်းအား ရန်ကုန်မြို့ရှိ သိမ်ဖြူငွေကြေးပေါက်ဈေးအတိုင်း မြန်မာငွေလဲလှယ်၍ သက်ဆိုင်ရာ ငွေပေးပို့လိုသူများထံ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် ဧရာဝတီဘဏ်ခွဲများ တည်ရှိရာ မြို့များသို့ မြန်မာနိုင်ငံတွင်း ငွေလွှဲပို့ရာတွင် ငွေလွှဲခရယူခြင်း မရှိဘဲ တခြားဧရာဝတီဘဏ်နှင့် ချိတ်ဆက်ထားသည့် မြို့များသို့ ငွေလွှဲပေးပို့ခြင်း ဖြစ်ပါက ကျပ် ၁၀၀ လျှင် ၁၅ ပြားနှုန်း ကောက်ခံကြောင်း သိရှိရပါသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲခနှုန်းထားများအနေဖြင့် မလေးရှားရင်းဂစ် ၁၅၀၀ အထိ ၁၂ ရင်းဂစ်၊ ရင်းဂစ် ၃၀၀၀ အထိဆိုပါက ၁၅ ရင်းဂစ်နှင့် ရင်းဂစ် ၆၀၀၀ အထိ အများဆုံး လွှဲပို့နိုင်ပြီး ငွေလွှဲခ ၂၀ ရင်းဂစ် ကျသင့်ကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပြီးနောက်နေ့တွင် မြန်မာနိုင်ငံ၏ ဧရာဝတီဘဏ်ခွဲများနှင့် ချိတ်ဆက် ဘဏ်ခွဲများတွင် ငွေလွှဲထုတ်ယူနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။ ဧရာဝတီဘဏ်အနေဖြင့် မြန်မာလုပ်သားများရှိရာ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်လည်း အဆိုပါဝန်ဆောင်မှုကဲ့သို့ ဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.