Saturday, January 21, 2012

အာဆီယံဒေသတွင်းနိုင်ငံများသို့ မိုဘိုင်းဖုန်းသယ်ဆောင်အသုံးပြုနိုင်ရန် ခေါ်ယူခနှုန်းထားများ ညှိနှိုင်းဆွေးနွေးလျက်ရှိ


ပြည်တွင်းမှ မိုဘိုင်းဖုန်းယူဆောင်၍ အာဆီယံဒေသတွင်း နိုင်ငံများတွင် အသုံးပြုပြောဆိုနိုင်ရန် ဖုန်းခေါ်ဆိုခနှုန်းထားများ ဆွေးနွေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အသုံးပြုသူများအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ဆက်သွယ်အသုံးပြုနိုင်ရန် ၂၀၁၁ ခုနှစ်က သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ခေါ်ဆိုခနှုန်းထားများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အာဆီယံဒေသတွင်းနိုင်ငံများနှင့် အာရှဒေသအချို့မှ မိုဘိုင်းဖုန်းများ မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း အသုံးပြုသူများ နေဖြင့် ပြည်ပနိုင်ငံများတွင် သယ်ယူအသုံးပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ “ကျွန်တော့်လုပ်ငန်းက မြန်မာ- စင်ကာပူ ဖက်စပ်ဆိုတော့ အမြဲတမ်း နိုင်ငံခြားကို သွားနေရတယ်။ အဲဒါကြောင့်ဖုန်းကို ဟိုနိုင်ငံရောက်ရင် နံပါတ်အသစ် ဝယ်ကိုင်ရတယ်။ အဲလိုဆိုတော့ အလုပ်ရှုပ်တယ်။ ငွေအပိုကုန်တယ်ပေါ့။ အခုလို အမြဲသုံးနေတဲ့ဖုန်းကို ယူသွားပြီး အသုံးပြုလို့ရတော့ ပိုအဆင်ပြေတာပေါ့” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၄ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်
Unknown at 12:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဇာဂနာပြောတဲ့ ဇာဂနာ ဘာကြောင့် ဦးခင်ညွှန့်နဲ့ တွေ့ရလဲ

(ဇာဂနာနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။       ။ စွယ်စုံရ အနုပညာရှင် ကိုဇာဂနာသည် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာများကြဖြစ်သော ဇင်ဝိုင်း၊ မင်းထင်ကိုကိုကြီး၊ ကြည်ဖြူသျှင်တို့နှင့်အတူ စစ်အစိုးရလက်ထက် ထောက်လှမ်းရေးညွှန်မှူး၊ အတွင်းရေးမှူး-၁ နှင့် ဝန်ကြီးချုပ်တာဝန်များ ယူခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ဇန်နဝါရီလ ၁၅ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့သည်။

တနင်္လာနေ့က ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကိုလည်း ကိုဇင်ဝိုင်းနှင့်အတူ တွေ့ဆုံခဲ့သေးသည်။

ဦးခင်ညွန့်သည် ၂ဝဝ၄ ခုတွင် အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးခံရပြီးနောက် ၂ဝဝ၅ ခုတွင် ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံခဲ့ရသည်။ ဦးစန်းပွင့်မှာလည်း သူနှင့်အတူ အမှုတွဲအဖြစ် အဖမ်းခံခဲ့ရသည်။

ဦးခင်ညွန့်တို့အား သွားရောက်တွေ့ဆုံခဲ့ရသည့် အကြောင်းများနှင့်ပတ်သက်၍ ကိုဇာဂနာအား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းထားသည်။
-------------------------------
ဦးခင်ညွန့်နဲ့ သွားတွေ့တယ် ကြားလို့ပါ။

“၁၅ ရက်နေ့က သွားတွေ့တာ။ ညနေ ၅ နာရီ။ သူ့အိမ်မှာလေ။”


သွားတွေ့ရတဲ့ အကြောင်းရင်းလေး ပြောပြပေးပါ။

“ကျနော် ထောင်က လွတ်လာကတည်းက ကျနော်က ‘ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုလည်း လွှတ်ပေးသင့်ပါတယ်’ ဆိုပြီးတော့ တောင်းပေးသေးတယ်လေ သမ္မတကို။”

“အဲဒီတော့ သူလွတ်လာတဲ့အခါကျတော့ ကျနော် ဒီလိုမျိုးတောင်းပေးခဲ့တဲ့အတွက်၊ ရဲရဲရင့်ရင့်နဲ့ သူ့အတွက်
ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ သူ့တူမ တယောက်လွှတ်ပြီး
ပြောခိုင်းတယ်။ သူက သူကိုယ်တိုင်ပဲ ပြောချင်ပါတယ်ဆိုတော့၊ သူက လူကြီးဆိုတော့ မဟုတ်ဘူး ကျနော် လာခဲ့ပါမယ်ဆိုပြီး အဲဒီအချိန်မှာ ကျနော်က ဖြူးကို ရောက်နေတယ်။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ရယ် ဇင်ဝိုင်းတို့ပါ ကျနော်တို့က အဖွဲ့အလိုက် အစည်းအဝေးလုပ်နေတဲ့အချိန် သွားမယ်ဆိုတော့ သူတို့ကလည်း ဒါဆို ဦးခင်ညွန့်နဲ့တွေ့ချင်တယ် ဆိုတော့ သူတို့ပါ ရောပြီး ပါလာတဲ့သဘောပါ”

artfreedom2
The Art of Freedom ရုပ်ရှင်ပွဲတော် ကျင်းပရခြင်းကိစ္စနှင့် စပ်လျှဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် ပွဲစီစဉ်သူ တဦးဖြစ်သူ ကိုသူရ (ဇာဂနာ) ကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

ဦးခင်ညွန့်က လွတ်လွတ်ချင်း မီဒီယာနဲ့တွေ့တယ်။ ပြီးတာနဲ့ ကိုသူရနဲ့ တွေ့တယ်ဆိုတော့ မထူးခြားဘူးလား။

“မထူးခြားပါဘူး။ တကယ့်တကယ်ပြောမယ်ဆိုရင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ကျနော်က ဘာကိစ္စနဲ့မှ ကျနော်တို့ မတွေ့ခဲ့ဖူးဘူးဗျ။ ဘယ်တုန်းကမှ။ သူ အင်မတန် သြဇာတိက္ကမ ကြီးမားနေတဲ့အချိန်မှာ သူ့ရဲ့ အထောက်အပံ့ သူ့ရဲ့အကူအညီတွေ ရခဲ့ကြတဲ့ ရုပ်ရှင်သမားတွေထဲမှာ ကျနော်မပါဘူးဗျ။ ရုပ်ရှင်သမား အားလုံးလောက်နီးပါးက သူပေးလို့ တယ်လီဖုန်းရတယ်၊ မြေကွက်ရတယ်၊ မော်တော်ကား ဝယ်ခွင့်ရတယ်၊ အဲဒီထဲမှာလည်း ကျနော် မပါခဲ့ဘူးဗျ။ အဓိကပြောရရင်တော့ သူ သြဇာတိက္ကမ ကြီးတဲ့အချိန်တုန်း က ကျနော်က အဖမ်းခံရတာပဲရှိတယ်။ သူ့လက်ထက်မှာကို ကျနော် နှစ်ခါ အဖမ်းခံရတာကိုး။”

“အခု သူတင်မှ မဟုတ်ပါဘူးဗျာ။ ထောက်လှမ်းရေး-၆ ထဲမှာ ကျနော့်ကို တကယ် ဖမ်းဆီးခဲ့တဲ့ ဦးစန်းပွင့်လည်း အခုလွတ်လာတာပဲ။ ကျနော် သွားနှုတ်ဆက်ပါတယ်။ ဒီအချိန်မှာ ဘာလုပ်ရမှာတုန်းဗျာ၊ ဒီစိတ်တွေ မရှိပါဘူး ကျနော့်မှာ။ အာဃာတတွေ အငြိုးအတေးတွေ မရှိပါဘူး။ ဦးစန်းပွင့် ကိုယ်တိုင်ပင်လျှင် ကျနော့်ကိုဖမ်းခဲ့တာ
ထောက်လှမ်းရေး-၆ ထဲမှာ နှစ်ခါလုံးလုံး၊ ဗိုလ်မှူးခင်မောင်ထွေးတို့ ဘာတို့။ သူတို့တွေတောင် ကျနော် နှုတ်ဆက် တာပဲ။”

“ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်အတွက် တချိန်တုန်းကတော့ လုပ်ခဲ့ကြတာပဲ။ ထိုနည်းတူ ကျနော်တို့ကို လည်း လုပ်ခဲ့တယ်ဆိုတဲ့ အငြိုးတို့ အာဃာတတို့ ကျနော့်မှာ တစက်မှ မရှိပါဘူး။ အခု သူတို့ ထောင်ကလွတ်လာ တယ်၊ လွတ်လာတဲ့အတွက် ကျနော် သွားပြီးတော့ နှုတ်ဆက်တယ်၊ ထောင်ကလွတ်လာတဲ့ လူတယောက်ကို ကျနော် ကြိုဆို နှုတ်ဆက်တဲ့ သဘော ပါပဲ။ ဒီထက်ကို ဘာမှမရှိပါဘူး။”

“သို့သော် တချို့ကတော့ ထင်မှာပေါ့လေ ဘာဖြစ်လို့ သူတို့ကို ဒီလောက်တောင် ခွင့်လွှတ်နိုင်ရ တာလဲဆိုပြီး။ ခံရတာ ကျနော်ပါ။ ကျနော်ကိုယ်တိုင်တောင် ခွင့်လွှတ်နိုင်သေးတာပဲ။ ”

“ဘာဖြစ်လို့လဲ ဆိုတော့ ဦးခင်ညွန့်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ သူ့ပါးစပ်ကတောင် ပြောခဲ့တယ် အဲဒီနေ့က သူအလုပ်လုပ်ပေးနိုင်ခဲ့တဲ့အချိန်တုန်းကတဲ့ မောင်သူရနဲ့ အန်ကယ်နဲ့ တခါမှ မဆုံနိုင်ခဲ့ ဘူးနော်တဲ့ ခုလိုအချိန် ကျတော့လည်း သူဘာမှ မကူညီနိုင်ပြန်ဘူးတဲ့။ ရပါတယ် အဲဒီဟာတွေ ကျနော့်စိတ်ထဲမှာ မရှိဘူးလို့။”

ဦးစန်းပွင့်နဲ့က ဘယ်တုန်းက သွားတွေ့လိုက်လဲ။

“မနေ့က မနက်က။”


တချို့ကလည်း ဦးခင်ညွန့်က သူသြဇာရှိနေတုန်းက ဒီမိုကရေစီဘက်သားတွေကို ဖမ်းတယ်ပေါ့။ သူနဲ့ သွားတွေ့တာကို ဝေဖန်နေကြတာတွေရှိပါတယ်။

“အဲဒီလိုတွေ ပြောနေလို့လည်း ပြီးမှာလည်း မဟုတ်ပါဘူးဗျာ။ ဝေဖန်တဲ့သူတွေကိုလည်း မေးကြည့်ကြပါဦး။ အဲဒီတုန်းကဖမ်းလို့ ဆီးလို့ ဆိုတဲ့အထဲမှာ ဦးသိန်းစိန်ရော မပါဘူးလားလို့၊ ဦးရွှေမန်းရောမပါ ဘူးလားလို့။ ဒီလူတွေနဲ့တောင် အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင်လျှင် လက်ဆွဲ နှုတ်ဆက်နေကြပြီ မဟုတ်ဘူးလား။ အဲဒီတော့ ဘာဖြစ်လို့ အဲဒီလို စိတ်တွေ မွေးကြမှာလဲလို့။ ကျနော်ကတော့ အဲဒါတွေ အဓိပ္ပါယ်မဲ့တဲ့စကားတွေပါ။ မဖြေရှင်းချင်ဘူး။ ကျနော်တို့ ကာယကံရှင်ဖြစ်တဲ့၊ တိုက်ခိုက်ခံနေရတဲ့သူ တွေဖြစ်တဲ့ ကျနော်တို့တွေက ဘာမှမပြောရဘဲနဲ့ တခါမှ မခံရဘူးတဲ့လူတွေက ပြောနေပုံရပါတယ်လို့။”


ဦးခင်ညွန့်နဲ့တွေ့တော့ရော ဘာတွေများပြောဖြစ်လဲ။

“ရုပ်ရှင်အကြောင်းပေါ့ ကျနော်တို့ Freedom Film festival လုပ်တာကို သူ ဂျာနယ်တွေမှာ ဖတ်ရလို့ အရမ်း
ကျေနပ်မိတဲ့အကြောင်း။ နောက် အဲဒီဇာတ်ကားတွေ တကယ်လို့များ ကျနော်တို့ က အခွင့်ရှိတယ်ဆိုရင်တော့ သူကြည့်ချင်ပါတယ်ဆိုတဲ့အကြောင်း၊ သူ့ကို ကူညီပါဆိုတဲ့အကြောင်း ပေါ့ဗျာ။ အဲဒါက တစ်ပေါ့။ နှစ်ကတော့ သူ့အနေနဲ့ကတော့ သူ ၇ နှစ်လုံးလုံး ဒီထဲမှာ နေနေရတဲ့ အချိန်မှာ ထောင်ထဲမှာ နေရတဲ့လူလိုပါပဲပေါ့။ အင်မတန် ကျဉ်းကျပ်တယ် ဆိုတဲ့အကြောင်း။ သူ့မှာ တနေ့တနေ့လည်း တရားထိုင်လိုက်၊ ဘဝနာပွားလိုက်။ အခုဆို သူ့စိတ်ထဲ မှာလည်း ဘာမှမရှိတော့ ဘူး ဆိုတဲ့အကြောင်းပေါ့ဗျာ။ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တဲ့ဟာတွေထဲမှာလည်း သူ့မှာလည်း တာဝန်အရသာ လုပ်ခဲ့ရပေမယ့် သူ့မှာလည်း ဘာစိတ်မှ မရှိပါဘူးဆိုတဲ့ အကြောင်းတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြောဖြစ်ကြတာပါ။”

သူလွတ်လာတော့ နိုင်ငံရေးမလုပ်ဘူးပြောတယ်။ ငြိမ်းချမ်းရေးတို့ လူမှုရေးကိစ္စတို့ စိတ်ဝင်စားမှု ပြောဖြစ်သေးလား။

“ကျနော်တို့ အဲဒီအကြောင်းတော့ မပြောဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းရေးကိစ္စတွေကတော့ သူတို့ အရင်တုန်း ကဗျာ ဗိုလ်ချုပ်မြတို့ ရှိတဲ့အချိန်တုန်းက သူကိုယ်တိုင်သွားတွေ့ခဲ့တာ ရှိခဲ့တာကိုး။ အဲဒီတုန်းက အဆင့်တဆင့်
ရောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး ဆိုတာကိုလည်းပဲ ပြောဖြစ်ကြတာ ပေါ့ဗျာ။ အဲဒီကိစ္စမှာက ဦးစန်းပွင့်နဲ့ သူနဲ့
နှစ်ယောက် လုပ်ခဲ့ကြတာလေ။ ကျနော်တို့မှာ ဗီဒီယိုတွေ ဘာတွေ ရှိပါတယ်။ အဆင့် တဆင့်ရောက်ပေမယ့် အဲဒီအချိန်မှာ သူတို့အဖမ်းခံရပြီးတဲ့အခါ ကျတော့ အဲဒီလုပ်ငန်းစဉ်က ပျက်ခဲ့ကြရတယ်ပေါ့ဗျာ။ သူတို့ တကယ် လုပ်ခဲ့တာရှိပါတယ် ခွန်ဆာနဲ့ သွားပြီးတော့ ဦးစန်းပွင့်နဲ့ သူနဲ့ နှစ်ယောက်ထဲ သွားပြီး တွေ့ဆုံခဲ့တာလေ။ ဒါလေးတွေ
ပြောဖြစ် တာပေါ့ဗျာ။ ကျနော်က ပြန်မေးတာပေါ့ဗျာ ကျနော်သိချင်တာလေးတွေ။ ခွန်ဆာကိစ္စ သူတို့ အောင်မြင် တယ်ပေါ့။”


သူ့သား နှစ်ယောက်လုံး တွေ့ခဲ့လား။

“ကိုရဲနိုင်ဝင်းရော၊ ကိုဇော်နိုင်ဦးရောတွေ့ပါတယ်။”


ဦးစန်းပွင့်နဲ့ တွေ့တော့ရော ဘယ်သူတွေပါသေးလဲ။ ဘာတွေပြောဖြစ်ကြလဲ။

“ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်ထဲ။ ခဏတဖြုတ်ပဲ။ သွားနှုတ်ဆက်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ ကိုဇင်ဝိုင်းနဲ့ နှစ်ယောက်က ထောက်လှမ်းရေး-၆ ထဲမှာ အတူတူဖမ်းခံခဲ့ရတုန်းက ဗိုလ်မှူးစန်းပွင့်က ကျနော်တို့ကို ဖမ်းခဲ့တာလေဗျာ။ အဲဒါကြောင့် ကျနော်တို့ နှစ်ယောက်က သွားနှုတ်ဆက်တာပါ။ စကားတောင်
သေချာမပြောနိုင်ပါဘူးဗျာ။ လူတွေက သိပ်များနေလို့။”


ထောက်လှမ်းရေး-၆ မှာ ဘယ်တုန်းက အဖမ်းခံရတာလဲ။

“ရှစ်လေးလုံးပြီးပြီချင်း ဗမာပြည်မှာ ပထမဦးဆုံး ဖမ်းခံရတာ ကျနော်နဲ့ ဇင်ဝိုင်းပဲ။”
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမြဲတမ်း အကျဉ်းထောင်

by Htain Linn on Thursday, January 19, 2012 at 2:04pm
 
          ရူပဗေဒ ပညာရပ်မှာ ‘အင်နားရှား’ ဆိုတဲ့ သဘောတရား တစ်ခုရှိပါတယ်။ အဲဒါကတော့ အရာဝတ္ထုတွေရဲ့ နေမြဲနေလိုတဲ့ သဘောကို ဖော်ပြချက်ဖြစ်ပါတယ်။ အရှိန်တစ်ခုနဲ့ သွားနေတဲ့ ကားကို စီးလာတုန်း ရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့ အခါ ကားက ရပ်သွားပေမယ့် လူက ရှေ့ကို ငိုက်ကျသွားတဲ့ သဘောပါ။ အဲဒီလိုပဲ ကျနော်တို့အနေနဲ့ အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့တဲ့အရာတွေ၊ အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရမှုတွေက နောက်ပိုင်းကာလတွေအထိ သက်ရောက်မှုရှိနေတတ်တာကို ကြုံတွေ့တတ်ကြပါတယ်။


        ဆိုကြပါစို့။ ခရီးဝေးတစ်ခုကို မီးရထားစီးပြီး သွားရတဲ့အခါမျိုးမှာ ခရီးဆုံးလို့ အေးအေးလူလူနေရပေမယ့် ရထားပေါ်မှာ ထိုင်ပြီး လိုက်ရတဲ့သဘောမျိုး၊ သင်္ဘောစီးပြီး သွားရတဲ့အခါမှာလည်း ခရီးဆုံးပေမယ့် လှိုင်းပုတ်လို့ သင်္ဘောယိမ်းထိုးတဲ့အခါ ခံစားရပုံမျိုးတွေကို ဆက်လက် ခံစားကြရတယ် မဟုတ်ပါလား။ ဒါဟာ သက်ရောက်မှုများကို ခံစားရပါများလို့ အရှိန်မသေခြင်း ဖြစ်ပါလိမ့်မယ်။

          ဒီဥပမာကလေးတွေကိုကြည့်မယ်ဆိုရင်တောင် သက်ရောက်မှုများမှာ နောက်ဆက်တွဲ ခံစားရမှုတွေ ဘယ်လောက်ရှိတယ် ဆိုတာ မြင်တွေ့နိုင်ပါတယ်။ ဒါက ခန္ဓွာကိုယ်ပြင်ပ ခံစားမှုတွေသာဖြစ်ပြီး အခြေခံအားဖြင့် သိပ်ပြီး ထူးခြားလှတာတော့ မဟုတ် ပါဘူး။ သူ့ထက်ဆိုးတာကတော့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံရမှုတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်း ဆိုင်ရာ နှစ်ပေါင်းများစွာ ခံစားခဲ့ရသူတွေအများကြီး ရှိနေပါတယ်။ သူတို့အနေနဲ့ အတိတ်က ခါးခါးသီးသီး ခံစားခဲ့ရမှုတွေက အမြဲခြောက်လှန့်ခြင်း ခံနေရသလို ပစ္စုပ္ပန်အချိန်တွေမှာလည်း ဆက်လက် နှောင့်ယှက် ခြိမ်းခြောက်မှုတွေကို ခံစားနေကြရပါတယ်။ အဲဒီလိုခံစားနေရတဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်များကတော့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ပါတယ်။

        မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ရှည်အကျဉ်းကျခဲ့ရသူတွေ များစွာရှိပါတယ်။ တချို့ဆိုရင် စစ်အစိုးရ လက်ထက်မှာတင် ၂ ကြိမ် ၃ ကြိမ် အဖမ်းခံရ၊ အကျဉ်းချခံရသူတွေဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အရေအတွက်က လက်ရှိအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ အရေအတွက်ထက် များပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေးကင်းမဲ့လှတဲ့ စစ်အစိုးရလက်အောက်မှာ လူ့ဂုဏ်သိက္ခာများကို ခဝါချပြီး အကျဉ်းသားအဖြစ် နေထိုင်ရင်း စိတ်ရောကိုယ်ပါ အချိန်ကြာမြင့်စွာ နှိပ်စက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ အကျဉ်းသားဆိုတဲ့ ဘဝဟာ ဆိုးရွားတဲ့ အနေအထားဖြစ်ပေမယ့် အကျဉ်းထောင်ကို မရောက်ခင်မှာ ဒီထက်ဆိုးဝါးတဲ့ ဖြတ်သန်းမှုတွေကို ရင်ဆိုင်ခဲ့ကြရပါသေးတယ်။ အဲဒါကတော့ ထောက်လှမ်းရေး စခန်းများပဲ ဖြစ်ပါတယ်။

      ထောက်လှမ်းရေးကို အားပြုပြီး အုပ်ချုပ်တဲ့ မြန်မာစစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတိုင်း စစ်ထောက်လှမ်းရေး စခန်းများကို ဖြတ်သန်းခဲ့ရတာ ချည်းပါပဲ။ မြန်မာနိုင်ငံရဲ့ စစ်ထောက်လှမ်းရေးစခန်းများဟာ အတိုက်အခံ အင်အားစုများကို ချေမှုန်းဖို့ တည်ထောင်ထားတဲ့ အရာများသာဖြစ်ပါတယ်။ ကမBာပေါ်က ည‡ဉ်းပန်းနှိပ်စက်မှုမျိုးစုံကို အသုံးပြု လေ့ကျင့်ထားတယ်လို့ ထင်မှတ်ရလောက်အောင်ပဲ မြန်မာစစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းများက အတွေ့အကြုံများဟာ ခါးသီးလှပါတယ်။ “မင်းတို့ကို ဒီမှာတင် အသက်ပျောက်သွားအောင် လုပ်လို့ရတယ်”ဆိုတဲ့ စကားက စစ်ကြောရေးစခန်း တော်တော်များများက စစ်ထောက်လှမ်းရေးတွေရဲ့ လက်သုံးစကားပါ။

        အမှတ်မဲ့ဆိုရင် ဒီစကားဟာ ခြိမ်းခြောက်တဲ့စကားသာ ဖြစ်တယ်လို့ထင်ရပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ခံစားခဲ့ရသူတွေ ရှိနေပြီး တချို့ဆိုရင် စစ်ကြောရေးကာလမှာတင် အသက်ဆုံးပါးခဲ့ရတာတွေ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးမောင်ကိုဟာ ၁၉၉ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ စစ်ထောက်လှမ်းရေးစခန်းမှာတင် ကွယ်လွန်ခဲ့ရပါတယ်။ ဒါဟာ ထင်ရှားတဲ့ သာဓက တစ်ခုသာဖြစ်ပါတယ်။

        ထောက်လှမ်းရေးစခန်းများကို ရောက်ရှိသူများကို ထောက်လှမ်းရေးအဖွဲ့ဝင်တွေက ရန်သူလို သဘောထားပြီး ဒေါသတကြီး ဆက်ဆံတတ်ကြပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေကအစ ရိုသေသမှုမရှိကြဘဲ ရန်ငြိုးရန်စရှိသလို ဆက်ဆံတတ်ကြပါတယ်။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့ နေရာတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးမှ နိုင်ငံရေးအကျဉ်းသား အဖြစ် ထောင်ကို အပို့ခံရတာဖြစ်ပါတယ်။

     အကျဉ်းထောင်ထဲကို ရောက်ပြန်တော့လည်း သန့်ရှင်းမှုမရှိခြင်း၊ ကူးစက်ရောဂါ ပေါများခြင်း၊ အစာအာဟာရ ချို့တဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း စတဲ့အရာတွေကြောင့် ယခင်က မဖြစ်ဖူးတဲ့ ရောဂါဘယတွေ ကပ်ငြိလာတတ်သလို၊ ပြင်ပမှာကတည်းက ရှိထားတဲ့ ရောဂါဘယတွေလည်း ပိုမိုဆိုးဝါးလာတဲ့ အနေအထားတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ရပိုင်ခွင့်အတွက် တောင်းဆိုတာကို အပြစ်လို့ သတ်မှတ်ပြီး ထောင်အာဏာပိုင်တွေရဲ့ နိုင်ထက်စီးနင်း ရိုက်နှက်မှုတွေ၊ တိုက်ပိတ်ပြစ်ဒဏ်ပေးမှုတွေကိုလည်း ရင်ဆိုင်ကြရပါသေးတယ်။ နောက်တစ်ခုကတော့ စိတ်ဓာတ်စစ်ဆင်ရေးပါ။

         စစ်ထောက်လှမ်းရေးများအနေနဲ့ စစ်အာဏာရှင်စနစ် တည်မြဲစေဖို့ ကြိုးပမ်းတဲ့နေရာမှာ စိတ်ဓာတ်စစ်ဆင်ရေးကို လက်နက်တစ်ခုအဖြစ် သုံးပါတယ်။ အထူးသဖြင့် အတိုက်အခံအင်အားစုများက တော်လှန်ဆိုတဲ့အရာကို ကြောက်လန့်သွား အောင်၊ စိတ်ပျက်ရွံရှာသွားအောင်လုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အမနာပ စကားများကိုအသုံးပြုပြီး အများကြည်ညိုနေတဲ့ အတိုက်အခံခေါင်းဆောင်တွေကို အပုပ်ချတာတွေ၊ အချင်းချင်း သွေးခွဲတာတွေ၊ အခွင့်အရေးပြပြီး မြှူဆွယ်တာတွေ ပါဝင်ပါတယ်။ တခါတရံမှာတော့ သက်ဆိုင်ရာမိသားစု၊ ဆွေမျိုးစုတွေရဲ့ အကျိုးစီးပွားတွေနဲ့ အကျပ်ကိုင်တာတွေ၊ ခြောက်လှန့်တာတွေ ပြုလုပ်ပါတယ်။ အနိမ့်ဆုံးတော့ နောက်တစ်ကြိမ် အဖမ်းခံရရင် ဒါမျိုးတွေထပ်ကြုံရဦးမယ် ဆိုတဲ့ အသိကို စွဲမြဲနေအောင် လုပ်ဆောင်လိုက်တာပါပဲ။

         အဲဒီအဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေက ဘယ်လိုမှ မမေ့နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။
         နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနဲ့ ပြစ်ဒဏ်စေ့လို့ ပြင်ပပြန်ရောက်လာပြန်တော့လည်း အဆင်မပြေမှုတွေထပ်မံ ရင်ဆိုင်ကြရပြန်ပါတယ်။ အဆင်မပြေမှုက ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့နယ်ပယ်စုံမှာ ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ ထောင်ကပြန်ထွက်လာတဲ့ ကျောင်းသားတွေဟာ ယခင်အတိုင်း ကျောင်းပြန်တက်ခွင့်မရကြပါဘူး။ စီးပွားရေးကို ဝင်ရောက် လုပ်ကိုင်တဲ့အခါမှာလည်း ထောင်ထွက်ဆိုတဲ့အမြင်နဲ့ မခန့်ရဲ၊ မခေါ်ရဲတာတွေကြုံရသလို လူမှုရေးနယ်ပယ်မှာပါ သီးခြားဆန်လာတဲ့ သဘောမျိုးတွေ ဖြစ်လာပါတယ်။ တချို့ဆိုရင် ကိုယ့်ဆွေမျိုးသားချင်းများကတောင် ခပ်ရှောင်ရှောင်နေတာကို ကြုံကြရပါတယ်။ ဒီအနေအထားဟာ နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး မဟုတ်ရင်တောင် အများစု ရင်ဆိုင်ကြရတဲ့ အနေအထားဖြစ်ပါတယ်။

         ကိုယ့်အဝန်းအဝိုင်းပြင်ပက ခပ်စိမ်းစိမ်းနေတဲ့အခါ နိုင်ငံရေးအကျဉ်းသားဟောင်း အချင်းချင်း၊ နိုင်ငံရေးလှုပ်ရှားသူ အချင်းချင်း ပေါင်းကြဖို့ပဲ ရှိပါတော့တယ်။ အဲဒီအခါကျပြန်တော့လည်း စစ်ထောက်လှမ်းရေးများရဲ့ စောင့်ကြည့်ခြင်းကို ခံရပြန်ပါတယ်။ ဒါထက်မက မကြာခဏ ခေါ်ယူမေးမြန်းမှုတွေကိုတောင် ခံရတတ်ပါသေးတယ်။ ဒီကြားထဲမှာ ထောင်တွင်းက ပါလာတဲ့ ခန္ဓွာကိုယ်ပိုင်းဆိုင်ရာရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာရောဂါဘယတွေကို ခံစားကြရပါသေးတယ်။ တချို့ဆိုရင် စိတ်ရောဂါကု ဆေးရုံကို သွားရောက်ကုသနေကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ ခန္ဓွာကိုယ် ကိုက်ခဲတဲ့ရောဂါ၊ အစာအိမ် လမ်းကြောင်းဆိုင်ရာရောဂါတွေကို နောက်ပိုင်းနှစ်တွေတလျှောက်လုံး ခံစားကြရပါတယ်။ နာတာရှည်လိုဖြစ်တဲ့ အဲဒီရောဂါတွေက သေရာပါလိမ့်မယ်လို့ သူတို့က ဆိုပါတယ်။ ဒါဟာ အိပ်မက်တွေ မဟုတ်ပါဘူး။

       တကယ်တော့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘဝဟာ အမြဲတမ်း ထောင်ကျနေသလိုပါပဲ။ မလွတ်လပ်တဲ့ ပြည်သူများထဲက မလွတ်လပ်ဆုံးသော ပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်။  ။
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခြိုးခြိုးခြံခြံ ပန်းစိုက်စားခဲ့တဲ့ အဘွားဒေါ်ခင်ကြည် (ခင်ညွန့် ဖတ်ရန်)

ဗိုလ်ချုပ်မရှိတော့သည့် နောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည် သူ့မိသားစုနှင့်အတူ ခြိုးခြိုးခြံခြံ နေထိုင်ခဲ့ပုံကို
ပေဖူးလွှာမဂ္ဂဇင်းတွင် ‘ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်၏ မျက်စိရောဂါ’ ဆောင်းပါး၌ သခင်အောင်ကြီး (ပေါင်းတည်) ကဤသို့ ရေးသားခဲ့ဖူးသည်။

‘နွေရာသီပူအိုက်သော သင်္ကြန် မတိုင်မီ ရက်တစ်ရက်ကဖြစ်ပါတယ်။ကျွန်တော်မာဇဒါ ဆလွန်းကားလေးကို
ကိုယ်တိုင် မောင်းကာ ယူနီဗာစီတီရိပ်သာလမ်းက ခြံကြီးဟာ အင်းလျားကန်စပ်မှာ ရှိပြီး အတော်ကျယ်တန်
သလောက်ကျယ်ပါတယ်။ သရက်ပင်၊ ငှက်ပျောပင်၊ အုန်းပင်တွေနဲ့ ပြည့်နှက်လျက်ရှိပြီး မာလကာပင်၊ သံပရို
ပင်တွေ၊ စက္ကူပန်းပင်တွေ အစုလိုက်၊ အစုလိုက်ရှိပါတယ်။ ပန်းမျိုး စုံရှိတဲ့ ငွေဖလားကြီးတွေနှင့် တင့်တယ်လှပ
တဲ့ ခေါင်းလောင်းပုံသဏ္ဍန်အဖြူပွင့်တွေသာပွင့်တဲ့လီလီဆိုတဲ့ အနောက်နိုင်ငံက ပန်းတစ်မျိုး ကိုသာ အခင်းနှင့်
အခင်းနှင့်စိုက်ပါတယ်။

အဲ့ဒီခြံကြီးတစ်ခုလုံးကို မာလီအိုကြီးတစ်ဦးနှင့် ဒေါ်ခင်ကြည်တို့ကိုယ်တိုင် စိုက်ကြပါတယ်။

ပန်း တွေဟာ ဈေးဖိုးကာမိသလောက် ကာမိပါတယ်။ ဗိုလ်ချုပ်ကတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးစဉ်က
အာဇာနည်ကြီးများရဲ့ ဇနီးကို ထောက်ပံ့တဲ့ ပင်စင်ကလေးနှင့် ငွေတစ်ထောင်ပေါ့ခင်ဗျာ။

အဲဒီခြံကရတဲ့ပန်းဝင်ငွေ ကလေးနှင့် မျှတအောင် နေခဲ့ပါတယ်။ တစ်ခါမျှ ညည်းတာမရှိခဲ့ပါဘူး။

အမေရိကန်မှာ အလုပ်လုပ်နေရှာတဲ့သူ့သားကြီး အောင်ဆန်းဦးနဲ့ အင်္ဂလန်မှာနေတဲ့ သမီးအောင်ဆန်း
စုကြည်တို့ထံမှ ထောက်ပံ့တာလည်း လုံးဝ ဘူးပယ် လက်မခံ ရုံမက တစ်ခါက ဘဏ္ဍာရေးဒုဝန်ကြီး ဦးချစ်မောင်
(ယခုရှေ့နေလိုက်သူ) ကလာရောက် ပြောပြသည့်အတွက် သူ့ရပိုင်ခွင့်ရှတဲ့ မိခင်နှင့် ကလေး စောက်ရှောက်ရေး ဌာန
ညွှန်မှုး လုပ်သက်၊ အိန္ဒိယပြည်နယူးဒေလီမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြိးအဖြစ် အလုပ်လုပ်ခဲ့တဲ့ လုပ်သက်
များအရ ရရှိခဲ့တဲ့ ပင်စင်ကလေးကိုတောင် စွန့်လွှတ်ပြီး ကျစ်ကျစ်လျစ်လျစ်ကလေးပဲ နေထိုင်ခဲ့ရှာသူ
ဖြစ်ပါတယ်။ နိုင်ငံဂုဏ်ရည်တွေ ပေးတဲ့အချိန် အရောက်မှာ ကျွန်တော်တို့တစ်တွေ နိုင်ငံဂုဏ်ရည် ပင်စင်နှင့် အစိုးရ
လုပ်သက်ပင်စင်နှစ်ခုတွဲရတဲ့ အခါမှ ပြန်လည် ရခဲ့ပါတယ်။

အဲဒီလောက်ခြိုးခြံပြီး နေနိုင်သူဖြစ်ပါတယ်။




ဒေါ်ခင်ကြည်၏ သမီး ဒေါ်အောင်ဆန်းစုကြည် ရော နေအိမ်အကျဉ်းသက်တမ်း ၁၆ နှစ်တွင် မည်ကဲ့သို့ နေထိုင်စားသောက်သည်ကို သင်သိပါသလော .... ဦးခင်ညွန့် .... သင် ၀တ်ရန်
အတွက် အမေစု ထံမှ ကြုံလျှင် ထမီတစ်ထည် တောင်းပေးမည်။

*** ( ဒီ Note ကို ဖတ်ကျသူတိုင်း သရဲဘောကြောင်တဲ့ ဦးခင်ညွန့် ဆီကို ရောက်သည်အထိ ရှယ်ပေးကျပါ )


Unknown at 9:30 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ကုန်သည်ကြီးများ ဈေးကစားမှုကြောင့် သစ်ဈေးများ အဆမတန်မြင့်တက်လာ

ကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် သစ်ဈေးများ အဆမတန် မြင့်တက်လာကြောင်း သစ်ရောင်းချသည့် ဆိုင်ကြီးများမှ သိရသည်။ အခြေခံ လူတန်းစားများ အများဆုံးအသုံးပြုသည့် အင်၊ ကညင် သစ်ဈေးများမှာ ယခုအခါ တစ်တန်လျှင် တစ်သိန်းခန့် မြင့်တက်လာနေသည့်အတွက် ဝယ်ယူသူ အခြေခံ လူတန်းစားများအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း သိရသည်။ အဆိုပါ ပြည်တွင်း အင်၊ ကညင် သစ်ဈေးများ သုံးလအတွင်း တစ်တန်လျှင် တစ်သိန်းခန့် မြင့်တက်ရခြင်းမှာ နိုင်ငံတော်မှ သစ်ဈေးများအား တိုးမြှင့်မည်ဖြစ်ခြင်းဟု ပြင်ပ ကောလာဟလ သတင်းများကြောင့်လည်းကောင်း၊ အထက်မြန်မာပြည်မှ သစ်များအား ရထားတွဲများ တင်ပို့ရာတွင် တန်ဆာခ မြင့်တက်ခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်အတွင်း ဈေးအဆမတန်တင်ပြီး မတရား ရောင်းချသူများကြောင့်လည်းကောင်း ဈေးတက်ခြင်း ဖြစ်ကြောင်း သစ်ဆိုင်များနှင့် အိမ်ဆောက်လုပ်ရန် အမှန်တကယ် လိုအပ်သူများတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“နိုဝင်ဘာလမှာ သစ်ဈေးက တစ်တန်ကို လေးသိန်း ရှစ်သောင်းဈေးပါ။ အဲဒီတုန်းက ရထားတန်ဆာခတွေ တက်တယ်ဆိုပြီးတော့ တစ်တန်ကို တစ်သောင်းလောက် တက်လိုက်တယ်။ အဲဒါကို လက်ခံပါတယ်။ အခုဟာက အစိုးရက သစ်ဈေးထိုးတက်မယ်လဲဆိုရော သူတို့က ဒါကိုအခွင့်ကောင်းယူပြီး တစ်တန်ကို ငါးသိန်း ခြောက်သောင်းထိ တက်သွားတယ်။ ချက်ချင်းတက်သွားတာတော့ မဟုတ်ပါဘူး။ ကြားမှာ သစ်ပြတ်သွားတယ်ဆိုပြီး ငါးသိန်း သုံးသောင်း ဖြစ်သွားတယ်။ နိုဝင်ဘာလကနေ ဒီနေ့အထိ တစ်တန်ကို တစ်သိန်းနီးပါးလောက် တက်သွားပါတယ်” ဟု တောင်ဒဂုံမြို့နယ်မှ သစ်စက်နှင့် သစ်ဆိုင်ပိုင်ရှင်တစ်ဦးက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

ပြည်တွင်း အင်၊ ကညင် သစ်ဈေးများ မြင့်တက်လျက်ရှိသော်လည်း ပြည်ပပို့ သစ်ဈေးမှာ ပြောင်းလဲခြင်း မရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ပြည်ပပို့တဲ့ သစ်တွေကတော့ မတက်ပါဘူး။ ပြည်တွင်းပဲ ဖြစ်မှာပါ။ အစိုးရက သစ်ဈေးတက်ပြီး ပြောင်းလဲမယ်ဆိုတာတော့ မကြားမိသေးပါဘူး” ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ ဦးနေထွန်းမင်းက ပြောသည်။ ထိုသို့ ဈေးတက်မည်ဟု ကောလာဟလသတင်းများကြောင့် အထက်မြန်မာပြည်မှ သစ်တင်ပို့မည့်သူများသည် စောင့်ဆိုင်းနေခြင်းကြောင့် ပြည်တွင်းသစ်ဈေးကွက်သည် မလိုအပ်ဘဲ ဈေးနှုန်းများ အဆမတန် ထိုးတက်လျက်ရှိကြောင်း သိရသည်။

“ဒီလို သစ်ဈေးတွေ ထိုးကျတော့ ကျွန်တော်တို့ ရောင်းရတာ တော်တော်ဆိုးပါတယ်။ ဈေးတက်တော့ ဝယ်မယ့်သူက အင်၊ ကညင် မနိုင်တော့ အဟောင်းထဲကသစ်ကို ပြန်ရှာဝယ်နေတယ်။ သူတို့အနေနဲ့ကြည့်လဲ ဟုတ်ပါတယ်။ ကိုးသောင်းဖိုးလောက်ဆို ဘာမှမရပါဘူး။ အခုဟာ ဝါးကုန်သွားပြီဆိုတော့ အိမ်ပြင်ကြ၊ အိမ်ဆောက်ကြနဲ့ ဒီအချိန်မှာ ဈေးထိုးတက်တော့ အမှန်တကယ် ဝယ်ချင်တဲ့သူက မဝယ်နိုင်တော့ပါဘူး။ ပစ္စည်းအခုပြတ်နေတယ်။ ဒီ ၅၈၀၀၀၀ ဈေးနဲ့ ဝယ်မယ်ဆိုရင်တောင် မရပါဘူး” ဟု လှိုင်မြို့နယ် ဘူတာရုံလမ်းအနီးရှိ သစ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ပြည်တွင်း သစ်ဈေးများသည် နှစ်စဉ် မိုးတွင်းကာလရောက်လျှင် ဈေးများကျလျက်ရှိကြောင်း၊ ယခုပေါက်ဈေးမှာ အင်၊ ကညင် တစ်တန်လျှင် ငါးသိန်းရှစ်သောင်းအထိ ရှိနေကြောင်း သိရသည်။
By Flower News Journal
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားဝယ်သူတို့ ရင်ခုန်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကားပြပွဲကြီးကျင်းပ

ရန်ကုန်၊ ဇန်နဝါရီလ ၂၀ ရက်။ ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ပြီး ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကားပြပွဲကြီးကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်၊ အဲဒီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နဲ့အတူ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ယခု ပြသနေတဲ့ NATIONAL EXPO&CAR ပြပွဲဟာ မြန်မာနိုင်ငံမှာ ပြသပြီးဖြစ်တဲ့ ကားပြပွဲများထဲမှာ အကြီးမားဆုံး ကားပြပွဲဖြစ်သလို ကားအမျိုးအစားများလည်း စုံလင်ပြီး၊ အထူးသဖြင့် မော်ဒယ်လ်အမြင့် ဇိန်ခံကားများ အများဆုံး ပါဝင်ပြသထားတာကို တွေ့ရပါတယ်၊ ပြပွဲမှာ ပါဝင်ပြသထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ SCE ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးက ပြောရာမှာ “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ ဒီလိုထူးခြားပြီး ခမ်းနားကြီးကျယ်တဲ့ ကားပြပွဲကြီးကို ဝင်ရောက်ပြသ ရောင်းချတာဟာ ဒါပထမဆုံးပါ မနေ့တင် ကျွန်မတို့ ကုမ္ပဏီက မော်ဒယ်လ် မျိုးစုံကားအစီး (၂၀) ကျော် ရောင်းချခဲ့ရပါတယ်၊ ကျွန်မတို့ ပြသရောင်းချနေတဲ့ ကားတွေက ဂျပန်နိုင်ငံထုတ်ကားတွေပါ မော်ဒယ်လ် အနေနဲ့ကတော့ ၂၀၀၆ မော်ဒယ်လ်ကနေ ၂၀၁၁ မော်ဒယ်လ် အထိပါတယ် ဝန်ဆောင်မှု အပိုင်းကိုလည်း ဝယ်ယူသူ စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါတယ်လို့ ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဒေါက်တာ ဒေါ်ခိုင်မာဦးက ဆိုပါတယ်။

အဆိုပါ ကားပြပွဲမှာ ပြသထားတဲ့ ကားများဟာ ယခင်က ဈေးကွက်အတွင်းမှာ သိန်းထောင်ချီ ပေးဝယ်ရတဲ့ ဇိန်ခံကားတွေကို ယခုဒီပြပွဲမှာ သိန်းရာကျော်နဲ့ ဝယ်ယူရရှိတယ်လို့ လည်းပြပွဲမှာ ကားလာရောက် ဝယ်ယူသူ တစ်ဦးက သုံးသပ်ပြရာမှာ “အရင်ကလို ကားဈေးတွေ မရှိတာ့ဘူးဗျ ယခုဒီမှာ ၂၀၁၂ မော်ဒယ်လ်တောင် ကျပ်သိန်း(၃၅၀) လောက်နဲ့ ဝယ်လို့ရတယ်၊ တော်တော် တန်ပါတယ် နောက်ပြီး ဒီကားတွေကို ကိုယ်က လက်တင်စီးရုံဘဲလေ ဘာမှထပ်ပေးစရာ မလိုတော့ဘူး အခွန်အခတွ ပါပြီးသားပါ အခု ကျွန်တော်က အိမ်က မော်ဒယ်လ်နိမ့် ကားကိုထုတ်ပြီး ဒီမှာပြထားတဲ့ မော်ဒယ်လ်အမြင့် ကားသစ်စီးဖို့ လာကြည့်တာပါ။ နိုင်ငံတော် အကြီးအကဲတွေ အနေနဲ့ ဒီလိုတွေ လုပ်ပေးတာ ကောင်းပါတယ် ကျေးဇူးလဲ တင်ပါတယ်လို့ ကားလာရောက် ဝယ်ယူသူ တစ်ဦးက ပြောပြပါတယ်။

ယခုကဲ့သို့ တစ်နေရာတည်း တစ်စုတစ်စည်းတည်းမှာ ကားများ ပြသရောင်းချသည့်အတွက် ဝယ်ယူသူများအတွက် ရွေးချယ်စရာ အခွင့်လမ်းကောင်း ရရှိနိုင်တယ်လို့လဲ ဆိုပါတယ်၊ ဒါ့အပြင် ပြပွဲမှာ ကုမ္ပဏီပေါင်းစုံ ဝင်ရောက်ပြသကြရာမှာ အိမ်အလှဆင် ပစ္စည်းများ၊ စားသောက်ကုန်များ၊ အီလက်ထရောနစ် ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန် အလှကုန် ပစ္စည်းများ၊ ကားနှင့် ပတ်သက်သည့် အလှဆင်ပစ္စည်းများ၊ မော်တော်ကား တာယာများ၊ စတာတွေကို စုံလင်စွာ ဝင်ရောက်ပြသထားတာကို တွေ့ရပါတယ်။ ပြပွဲစတင်သည့်နေ့တွင် လူအများအပြား အထူးစည်ကားပြီး၊ ကားရောင်းချရမှု အပိုင်းမှာလည်း များပြားကြောင်းနဲ့ ဒီကနေ့မှာလည်း လာရောက်ကြည့်ရှု ဝယ်ယူသူများ စည်ကားနေပြီး၊ ကားများကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှု ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

ရတနာပုံ သတင်း
Unknown at 9:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းလေယာဉ်ခရီးစဉ်သစ် ပျံသန်းပြေးဆွဲမည်


ယခုနှစ် ခရီးသွားရာသီတွင် နိုင်ငံခြားသားခရီးသွားများ များပြားလာသည့်အပြင် ပြည်တွင်းလေယာဉ်စီး ခရီးသည်များပါ များပြားလာသည့်အတွက် ခရီးစဉ်များ တိုးချဲ့ရန်လိုအပ်လာသဖြင့် မြန်မာ့လေကြောင်းနှင့် ဆန်းဖား (SUN FAR) ခရီးသွားလုပ်ငန်းတို့၏ အစီအစဉ်ဖြင့် ဇန်န၀ါရီ ၁၉ ရက်မှစ၍ ပြည်တွင်း လေယာဉ်ခရီးစဉ်သစ်များကို စတင်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ခရီးစဉ်များအဖြစ် ရန်ကုန်မှ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင်လည်းကောင်း၊ မန္တလေးမှ ဟဲဟိုး၊ လားရှိုး၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ နေ့စဉ်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးခရီးစဉ်ကို တစ်ရက်ခြားစီ ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။ ပြည်တွင်းလေယာဉ် ခရီးစဉ်သစ်၏ ထူးခြားချက်မှာ ၀န်ဆောင်မှုအဆင့် မြှင့်တင်ခြင်း၊ လေယာဉ်လက်မှတ်များကို လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ခြင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများနည်းတူ လေယာဉ်ပေါ်တွင် အစားအစာများကို စီစဉ်ပေးထားခြင်းတို့အပြင် အထူးဝန်ဆောင်မှုအနေဖြင့် တာချီလိတ်မြို့သို့ ကြာသပတေး၊ သောကြာနေ့များတွင်သာ ခရီးသွားလိုသူ ခရီးသည်များအတွက် ကျိုင်းတုံမြို့အထိ လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ကျိုင်းတုံမှ တာချီလိတ်သို့ အဲယားကွန်းဘတ်စ်များ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်သည်။ အထူး Charter ခရီးစဉ်များ ဖြစ်သည့်အတွက် လေယာဉ်ထွက်ခွာချိန်နှင့် ဆိုက်ရောက်ချိန်လည်း တိကျမည်ဖြစ်ကြောင်းနှင့် အဆိုပါ ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ရန်ကုန်မြို့ရှိ ဆန်းဖား ခရီးသွားလုပ်ငန်းရုံးချုပ်နှင့် နယ်မြို့များရှိ ရုံးခွဲတို့တွင် လွတ်လပ်စွာ ကြိုတင်ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 9:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်သူများ ပြည်ထဲရေးပြစ်မှုဖြင့် ငြိစွန်းပါက အရေးယူမည်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများ
အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှု တစ်စုံတစ်ရာနှင့် ငြိစွန်းမှုရှိပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်အတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ခုတွင် ပြည်ပသို့ရောက်ရှိနေသည့် အမြင်သဘောထား မတူသူများကို မြန်မာ့ဒီမိုကရေစီရေးခရီးလမ်းတွင် တူညီသည်များ ပူးပေါင်းဆောင်ရွက်ရန် ပြည်တွင်းသို့ပြန်လာကြရန် ဖိတ်ခေါ်မှုများ ရှိခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြစ်မှုတစ်ခုခုနှင့် ငြိစွန်းမှုရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်းသို့ ပြည်ပနိုင်ငံနေ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာရာတွင် မြန်မာနိုင်ငံအတွင်း၌ ကျုးလွန်သွားခဲ့သည့် ပြစ်မှု တစုံတရာ သော်လည်း၊ ပြည်ပနိုင်ငံ၌ ကျုးလွန်ခဲ့သည့် ပြစ်မှုတစုံတရာသော်လည်းကောင်း ကျူးလွန်မှုများရှိပါက ၎င်းကျူးလွန်မှုများအလိုက် ပြစ်ဒဏ်ကျခံစေမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၁၂ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများနှင့် ယာယီနေထိုင်ခွင့်လက်မှတ်မရှိသူ မြန်မာရွှေ့ပြောင်းလုပ်သားများအား စတင်အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းအစိုးရမှ ထိုင်းနိုင်ငံအတွင်း လာရောက်နေထိုင် အလုပ် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ယာယီနေထိုင်ခွင့်လက်မှတ်(သို့) ယာယီနိုင်ငံကူး လက်မှတ်များမှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာ ပြုလုပ်ရန် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားကြောင်း သိရသည်။
                YC
အစောပိုင်း မြန်မာပြည်သွားခဲ့သူများ စပ်ဟန်ယောင်ဝေ ၊ သီးလေးသီး ၊ ဦးတင်မောင်သန်း ၊ ဦးပီတာလင်းပင် ၊ ဒေါက်တာဇော်ဦး
 အစောပိုင်း မြန်မာပြည်ပြန်သွားတဲ့ ပြည်ပရောက်သူများကိုတော့ အရေးယူခြင်းမရှိပါ။ 
ဘယ်လို ပစ်မှုမျိုးကိုအရေးယူမယ်ဆိုတာတော့ ပြည်ထဲရေးဌာန က ရှင်းရှင်းလင်းလင်း 
ပြောဆိုထားခြင်းလည်း မရှိပါ။ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် လိုရင် 
လိုသလို မလိုရင် မလိုသလို အမှုဆင် ဖမ်းဆီးထောင်ချနိုင်သည့် သဘောသက်ရောက် 
နေပါသည်။
By: သစ်ထူးလွင်
Unknown at 9:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်စုတိုက်တွန်း

ဓါတ်ပုံ(Facebook)
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲသမာမှုတွေနဲ့ ဥပဒေနဲ့အညီ မဟုတ်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို တွေ့ရင် ရဲရဲတင်းတင်း ကန့်ကွက် တိုင်ကြားဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ဗဟန်းက NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မယ့် ကော့မှူးမြို့နယ်က NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်န၀ါရီလ ၂၀၊ သောကြာနေ့ မနက်က ဗဟန်း ရွှေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွင်း မဲ မသမာမှုတွေကို တွေ့ရှိရင် ရဲရဲတင်းတင်း တိုင်ကြား ကန့်ကွက်ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ရွေးကာက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို ကျနော်တို့ သင်တန်းသဘောမျိုး ဆွေးနွေးပွဲသဘောမျိုးလည်း လုပ်ပေးမယ်။ တွေ့ရှိတဲ့ဟာကိုလည်း ရဲရဲတင်းတင်း ကန့်ကွက်သင့်တာကို ကန့်ကွက်ရမယ်။ ဆောင်ရွက်သင့်တာတွေကို ရဲရဲတင်းတင်း ဆောင်ရွက်ဖို့ ကန့်ကွက်သင့်တာတွေကို ကန့်ကွက်ပါ။ အဓိက ဒါကို ပြောတာပါ။”
ကော့မှူးမြို့နယ် NLD အောင်နိုင်ရေး အဖွဲ့ဘက်ကလည်း အရင် ၂၀၁၀ ခုနှစ်တုန်းက သူတို့ တွေ့ကြုံခဲ့ရဖူးတဲ့ မဲဆွယ်မှု အခြေအနေတွေနဲ့အတူ ရှေ့မှာကြုံလာနိုင်တဲ့ အခက်အခဲတွေကို တင်ပြခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥပဒေနဲ့အညီမဟုတ်တဲ့ ဘယ်လိုမဲဆွယ်မှုမျိုးကိုမဆို ကန့်ကွက်ဖို့ ပြောပါတယ်။
“အခု လောလောဆယ် တင်ပြတာက တချိန်က ပြည်ခိုင်ဖြိုးဘက်ကို စည်းရုံးတယ်လို့ ယူဆရတဲ့ လုပ်ဆောင်မှုတွေဟာ၊ မီးရအောင်လုပ်ပေးမယ် လို့ပြောပြီး မီးရဖို့ ချက်ချင်း မီးတိုင်တွေ လာချတယ်။ ဒါတွေကို သူတို့ဘက်ကတော့ ဒီလိုလုပ်တယ်လို့ သူတို့ကပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဒီဒေသမှာ အနိုင်ရဖို့ ဒီလိုလုပ်တာမျိုး ဆိုရင်တော့ ဥပဒေနဲ့ မညီဘူး။ တိုင်းသူပြည်သားတွေ အားလုံးအတွက် ဆောင်ရွက်တာမျိုးသာ လုပ်ဆောင်ရမယ့်တာဝန်။ ရွေးကောက်ပွဲ အတွက် ရည်ရွယ်တယ်ဆိုရင်တော့ ဥပဒေနဲ့မညီဘူး။ အချက်အလက်တွေကို တိကျအောင် စုံစမ်းပါ။ တိကျနေအောင် လေ့လာပါ။ အဲဒါပြီးမှ ပြန် တင်ပြပါပေါ့။ ဒီလို ညွှန်ကြားတာတွေရှိတယ်။”
ဒါ့ကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေပါ အချက်အလက်တွေကို အများပြည်သူ သိရှိနားလည်အောင် ပြန်ပြီးရှင်းပြထားတဲ့ စာအုပ်ငယ်တွေကို မကြာခင် ဖြန့်ချိမှာဖြစ်ပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေဟာ မဲမသမာမှုတွေ အများကြီး ကြုံခဲ့ကြရလို့ တိုင်ကြား ကန့်ကွက်တာတွေ ရှိခဲ့တာမို့ ဒီကြိုတင်မဲ ကိစ္စတွေကို NLD က အသေအချာ သတိထား စောင့်ကြည်သွားမှာဖြစ်သလို တွေ့ခဲ့ရင်လည်း ထိထိရောက်ရောက် တိုင်ကြားတာတွေ လုပ်မယ်လို့ ပြောပါတယ်။
“အဓိက ပြဿနာက အပြစ်ပြော ပြောနေကြတဲ့ ကြိုတင်မဲ။ အဲဒီကြိုတင်မဲက နှစ်မျိုးရှိတယ်။ တစ်မျိုးက မဲရုံမှာရောက်တဲ့ ကြိုတင်မဲဟာ မနက် ၆ နာရီ မဲရုံဖွင့်တဲ့အချိန်မှာ တခါတည်း စာရင်းလုပ်ထားဖို့လိုတယ်။ နောက်မှလာတာ လက်ခံလို့မရဘူး။ မြို့နယ် ကော်မရှင်မှာရောက်ရှိမယ့် ကြိုတင်မဲကတော့ သူက ညနေမဲရုံပိတ်ချိန် ၄ နာရီမှာ နောက်ဆုံးပဲ။ နောက်မှလာပြီးတော့ ပို့တာမျိုးက အကုန်လုံး ဥပဒေနဲ့ မညီဘူးဆိုတာ ကျနော် ပြောပြပါတယ်။ ကျနော်တို့ တစ်ခုခု ဖြစ်လာလို့ရှိရင် အဆင့်ဆင့် ရအောင်တိုင်မယ်။ ထိရောက်အောင် ကျနော်တို့ တိုင်မယ်။ ကျနော်တို့ လာမယ့် အခု ရွေးကောက်ပွဲကတော့ တရားမျှတမှုက အရင်ရွေးကောက်ပွဲထက် ပိုရှိမယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်။ ပြည်ထောင်စု ကော်မရှင်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ သတိ ၀ီရိယကြီးစွာ ဆောင်ရွက်မယ်လို့ ကတိပေးတာ ကျနော်တို့ရပါတယ်။ ကျနော်တို့ဘက်ကလည်း ဥပဒေနဲ့အညီ လိုအပ်တာတွေကို တရားမျှတရေးအတွက် ဆောင်ရွက်ပေးမယ်။”
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဒီကနေ့ ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။
NLD ပါတီဟာ ရပ်တည်ရေး အခက်အခဲ အမျိုးမျိုးကြားက လူမှုရေးလုပ်ငန်းတွေကို ကြိုးစား လုပ်ဆောင်ခဲ့တာဟာ ပြည်သူလူထု သက်သာချောင်ချိရေးအတွက် ဦးတည်ခဲ့တာမို့ ရှေ့မှာ NLD ပါတီဟာ ပိုပြီးတော့ လူမှုရေးနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်ဆိုတာအပြင် မဲဆွယ် စည်းရုံးရေးဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲ ကော်မရှင်က  ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေ စမယ်လို့ ပြောပါတယ်။
နိုင်ငံတ၀ှမ်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း အမည်စာရင်းတွေ အတည်ဖြစ်ပြီဆိုရင် အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

VOA
Unknown at 9:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နောက်ကြောင်းပြန်လှည့်မှာ မဟုတ်လို့ သမ္မတဦးသိန်းစိန်ပြော

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို နောက်ကြောင်း ပြန်လှည့်ဖို့ မရှိကြောင်းနဲ့ တစ်ချိန်ထဲမှာပဲ ပိတ်ဆို့ အရေးယူ ထားတာတွေကို အနောက် နိုင်ငံကြီးတွေက ဖယ်ရှားပေးဖို့ တိုက်တွန်းတဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု အထင်ကရ ၀ါရှင်တန်ပို့စ် သတင်းစာက တွေ့ဆုံ မေးမြန်းရာမှာ သမ္မတဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

US State Department
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရောက်နေတဲ့ အတွက် နောက်ကြောင်း ပြန်လှည့်ဖို့ ရည်ရွယ်ချက် မရှိတဲ့ အကြောင်း၊ အနောက်နိုင်ငံတွေ အနေနဲ့ သူတို့ လုပ်ဆောင်သင့်တာတွေကို လုပ်ဆောင်ပေးဖို့သာ လိုအပ်တဲ့ အကြောင်းလည်း ဦးသိန်းစိန်က ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂနိုင်ငံများ အဖွဲ့ဟာ မြန်မာ အစိုးရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို ချီးကျူး အသိအမှတ် ပြုထားပြီး ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆက်လက် စောင့်ကြည့်မယ် လို့လည်း ပြောကြားထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမှာ ပြည်သူက တင်မြှောက်လို့ လွှတ်တော်အမတ် ဖြစ်လာပြီးတဲ့နောက် အစိုးရ အဖွဲ့မှာ ၀န်ကြီးတစ်ဦး ဖြစ်လာနိုင်ပါတယ် လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ 
 
RFA
Unknown at 9:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပထမဦးဆုံးသော နိုင်ငံတော်အဆင့် အိုင်စီတီဖိုရမ်ကို ကျင်းပမည်


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှဦးစီး၍ ပထမဦးဆုံးသော နိုင်ငံတော်အဆင့် အိုင်စီတီဖိုရမ်တစ်ခုကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားရန်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆင်းရဲမွဲတေမှု ပပျောက်ရေးဖိုရမ်လိုပဲ အိုင်စီတီဆိုင်ရာအတွက် ဖိုရမ်တစ်ခုကို ကျင်းပတဲ့သဘောပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ အဆိုပါ အိုင်စီတီဖိုရမ်အားလာမည့် ဖေဖော်ဝါရီလ၌ ကျင်းပနိုင်ရန် စီစဉ်ထားပြီး အိုင်စီတီကဏ္ဍဆိုင်ရာ တိုးတက်ရေးအတွက် စာတမ်းဖတ်ကြားခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ ပြည်တွင်းပြည်ပရှိ အိုင်စီတီဆိုင်ရာပညာရှင်များ တက်ရောက်၍ စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ပြီး စာနယ်ဇင်းနှင့် သတင်းမီဒီယားများလည်း တက်ရောက်ခွင့်ရရှိမည်ဟု သိရသည်။ ပထမဦးဆုံးအကြိမ် ကျင်းပမည့် အိုင်စီတီဖိုရမ်နှင့် ပတ်သက်၍ု အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွာမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အိုဘားမားကို လူရွှင်တော်ဟု ချာဗက်ဇ် ဝေဖန်


သူရိယ (AP) အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက ဗင်နီဇွဲလားနိုင်ငံ လူ့အခွင့် အရေး မှတ်တမ်းများကိုနှင့် အီရန် ကျူးဘားတို့နှင့် ဆက်သွယ်နေမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည့်အတွက် သမ္မတ ဟူဂိုး ချာဗက်ဇ်နှင့် တင်းမာလာခဲ့သည်။

အိုဘားမားကို ချာဗက်ဇ်က လူရွှင်တော်ဟု ခေါ်ဆိုခဲ့ပြီး ကိုယ်နှင့်မဆိုင်လျှင် ၀င်မရှုပ်ရန်လည်း သတိပေးခဲ့သည်။

ချာဗက်ဇ်နှင့် ပတ်သက်သည့် အိုဘားမား၏ ရပ်တည်ချက်ကို ဗင်နီဇွဲလား သတင်းစားများတွင် ဖော်ပြခဲ့သည်။ အိုဘားမား၏ ရီပတ်ဘလီကင် အတိုက်အခံခေါင်းဆောင်များကလည်း ချာဗက်ဇ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

ထိုကြောင့် လာမည့်နှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ အမေရိကန်၏ အငြင်းပွားဖွယ်ရာ နိုင်ငံခြားရေး မူဝါဒသည် ဗင်နီဇွဲလား သမ္မတကို ပစ်မှတ်ထား ဝေဖန်မှုများရှိလာနိုင်သည်ဟုလည်း လေ့လာသူများက ဆိုသည်။

အမေရိကန်က ချာဗက်ဇ်ကို ကာလကြာမြင့်စွာဝေဖန်ခဲ့သော်လည်း ယခု အိုဘားမား၏ မှတ်ချက်သည် အပြင်းထန်ဆုံးဖြစ် သည်။

မြင့်တက်လာသည့် စိုးရိမ်ပူပန်မှုများကို ထောက်ပြခဲ့ပြီး ဗင်နီဇွဲလားရှိ ဒီမိုကရေစီကို ခြိမ်းခြောက်နေသည်ဟု ပြောဆိုခဲ့သည်။

“ဗင်နီဇွဲလား လူတွေရဲ့ လွပ်လပ်ခွင့်ကို တားမြစ်ထားတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့က ပူပန်မိပါတယ်၊ ဒီမိုကရေစီရဲ့ အခြေခံ တန်ဖိုးလျော့ကျစေပြီးတော့ ဒေသတွင်းငြိမ်းချမ်းခြင်းကို ပါဝင်ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်” ဟု အိုဘားမားက သတင်းစာသို့ ရေးသားပေးပို့ ပြောဆိုသည်။

“အိုဘားမားကလာပြီးတော့ ကျနော်တို့ကို တိုက်ခိုက်မယ်ဆိုရင်လည်း သိပ်မထူးပါဘူး၊ အိုဘားမား ကိုယ်အလုပ်ကိုယ်လုပ်ပါ၊ မင်းကြောင့် ပျက်စီးနေတဲ့ ကိုယ့်တိုင်းပြည်ကိုယ် ကောင်းကောင်း အုပ်ချုပ်ပါ၊ ငါတို့ကို ဒီအတိုင်းထားခဲ့ပါ” ဟု ချာဗက်ဇ်က ရုပ်မြင်သံကြားတွင် ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ယင်းသို့ ပြောဆိုမှုများထပ်လာမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား Pomona ကောလိပ် လက်တင်အမေရိက အရေး လေ့လာသူ ပါမောက္ခ Miguel Tinker Salasက ပြောသည်။

“ရွေးကောက်ပွဲ ကာလမှာ ဗင်နီဇွဲလားဟာ အမေရိကန် နိုင်ငံရေး စည်းဝိုင်းထဲရောက်လာတယ်လို့ မြင်တယ်၊ အမတ်တွေက နိုင်ငံခြားရေး မူဝါဒဘက်ကို လည့်လိုက်ပြီဆိုတာနဲ မက္ကဆီကိုမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေကို ဖိအားပေးရတာ တွေရှိပေမယ့် ဗင်နီဇွဲလားအရေးက ဖြေရှင်းရမယ့်အရေးအဖြစ် ပြောဆိုလာတယ်လို့ မြင်တယ်” ဟု သူက ပြောသည်။
အိုဘားမားကဲ့သို့ပင် အောက်တိုဘာတွင် ၁၃ နှစ်တာ သမ္မတသက်တမ်းကို တိုးမြင့်ရန် ချာဗက်ဇ်ကလည်း နောက်နှစ်တွင် ရွေးကောက်ပွဲတွင် ပြန်လည် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


ချာဗက်ကို ရည်ညွန်းခြင်းမရှိသော်လည်း ဒေသတွင်း တိုင်းပြည်များတွင် ရွေးကောက်ပွဲကို တရားမျှတရန် အိုဘားမားကဆိုသည်။

“ဗင်နီဇွဲလားမှာ စာပေလွတ်လပ်ခွင့်တားမြစ်ဖို့ လုပ်ဆောင်နေတာတွေတာရယ်၊ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ဆန့်ကျင်နေတဲ့ အာဏာခွဲဝေတာကို ပျက်စီးစေတဲ့ အရာတွေအတွက် ကျနော်တို့ လေးလေးနက်နက်ပူပန်မိပါတယ်” ဟု အိုဘားမားက ပြောသည်။

ဗင်နီဇွဲလားနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန် မျှော်လင့်သည်ဟုလည်း အိုဘားမားက ပြောသည်။
ချာဗက်ဇ်က အမေရိကန်သည် ၎င်းတို့ နိုင်ငံအရေးကို ၀င်ရောက်စွက်ဖက်၍ သူ့အား ဖြုတ်ချရန် ကြိုးစားနေသည်ဟု အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

လက်ဝဲယိမ်း ခေါင်းဆောင် ချာဗက်ဇ်က လက်တင်အမေရိကန်တွင် အမေရိကန်လွမ်းမိုးမှုကို ဆန့်ကျင်လျက်ရှိပြီး လစ်ဗျား၊ အီရန်တို့နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။

ချာဗက်ဇ်နှင့် အီရန်တို့အကြား ခိုင်မာလာသည့် ဆက်ဆံရေးကို အမေရိကန်အရာရှိများက စိုးရိမ်ပူပန်ခဲ့ကြပြီး အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရန် ဗင်နီဇွဲလားက လုပ်ဆောင်ခဲ့ခြင်းမရှိဟုလည်း ပြောသည်။ Source; AP
သူရိယ
Unknown at 9:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်း ရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ် ပေးမည်


ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်း ရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ် ပေးမည်
ပြည်တွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများစာရင်းရှိပါက ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ်ပေးသွား မည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးကိုကိုက နေပြည်တော်၌ ဇန်န၀ါရီ ၁၄ ရက်တွင် ပြည်တွင်း ပြည်ပမီဒီယာ များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်း ၌ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူများ လုံးဝ စာရင်းမရှိကြောင်း၊ ယုံကြည်ချက် ကြောင့်နိုင်ငံရေး လုပ်ဆောင်ပါက အ ပြစ်ပေးမည်ဆိုသည့်ဥပဒေလည်းလုံးဝ မရှိကြောင်း၊ ထို့ကြောင့် ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူစာရင်းကို ပေးပါရန် တောင်းခံရခြင်းဖြစ်ကြောင်း၊ မပေးပါက မိမိတို့ အနေဖြင့်ရှာဖွေ ရသည် များလည်းရှိကြောင်း ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
“ဒီလိုပြောလွန်းလို့ကို ကျွန်တော် တို့ကလုပ်တာ။ ငါတို့တော့ တစ်ချိန်လုံး အပြောခံနေရတယ်။ ငါတို့မှာ လည်း စာရင်းမရှိဘူး။ ဒါကြောင့် ပေးပါလို့ တောင်းတာ။ ထပ်များ ပေးလာလို့ရှိရင် ကျွန်တော်တို့ စိစစ်ပေးမယ်။ နိုင်ငံရေး ဟိုဟာတော့ ကျန်နေသေး တယ်။ ဒါ တွေတော့လွှတ်ပေးပါ၊ စိစစ်ပေးပါဆိုရင် ရပါတယ်။ အချိန် မရွေးပဲ စိစစ်ပေးမယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကိုကိုက မြန်မာပို့စ်မှ မေးမြန်း ချက်အပေါ် ပြန်လည်ရှင်းပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် လွတ်ငြိမ်းချမ်းသာ ခွင့် ပြုခဲ့သည့် အကျဉ်းသားများတွင် ပြည် တွင်းနိုင်ငံရေး အင်အားစုတစ်ခုဖြစ်သည့် NLD မှတင်ပြထားသည့် ၆၀၄ ဦးတွင် ၁၂၈ ဦးသည် ရာဇ၀တ် ပြစ်မှုကျူးလွန် ခြင်းကြောင့် တရား ဥပဒေစိုးမိုးရေးအ တွက်ဆက်လက်ထိန်းသိမ်းထားကြောင်း၊ အဆိုပါ ၁၂၈ ဦးတွင် ပါသည်ဖြစ်စေ၊ မပါ သည်ဖြစ်စေ စာရင်း လာရောက်ပေးပို့ပါ က ထပ်မံ စိစစ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပအဖွဲ့အ စည်းအချို့မှ ပေးပို့သော ယုံကြည်ချက် ကြောင့် အကျဉ်းကျခံနေရသူ စာရင်း များမှာ နာမည်ကို အင်္ဂလိပ်လိုသာဖော် ပြထားပြီး နာမည် ထပ်နေခြင်း၊ အချို့မှာ နာမည်နှင့် ထောင်သာပါရှိခြင်း၊ အချက် အလက်ပြည်စုံမှု မရှိခြင်းများလည်းရှိ ကြောင်း သိရသည်။
ထွန်းလင်း
Myanmar Post
Unknown at 9:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရက်တစ်မြန်မာ့​အသံ ​ငွေ​ကြေး​အလွဲသုံး​စား​မှုနှင့်​ စပ်လျဉ်း​၍ သတင်း​ထုတ်ပြန်ချက်

၁။ ဒီမိုကရက်တစ်မြန်မာ့​အသံ ပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်သူများ​က လုပ်ငန်း​အတွက် သတ်မှတ်​ပေး​ထား​သော အဖွဲ့​အစည်း​ပိုင် ​ငွေများ​ကို အလွဲသုံး​စား​ပြုလုပ်​နေ​ကြောင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​တို့​က အ​ထောက်အထား​အခိုင်အမာ ​တွေ့​ရှိခဲ့​သည်။ ​ငွေ​ကြေး​စီမံခန့်​ခွဲ​ရေး​ အပါအဝင် မြန်မာပြည်တွင်း​သတင်း​လုပ်ငန်း​ကို ဦး​ဆောင်တာဝန်ယူသူ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ဦး​အောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​နှစ်ဦး​သည် မမှန်ကန်​သော ​ငွေစာရင်း​များ​တင်ပြကာ ပုဂ္ဂိုလ်​ရေး​ အကျိုး​စီး​ပွား​အတွက် အဖွဲ့​ပိုင်​ငွေ​ကြေး​များ​ကို မတရား​ရယူ​နေ​ကြောင်း​ သက်​သေ အ​ထောက်အထား​များ​အရ သိရသည်။ ထို့​ကြောင့်​ ယမန်နှစ် စက်တင်ဘာလက ထို​ငွေ​ကြေး​အလွဲသုံး​စား​မှုကို အုပ်ချုပ်​ရေး​ တာဝန်ရှိသူများ​က ဘုတ်အဖွဲ့​သို့​တင်ပြခဲ့​သည်။ ထိုအချိန်မှစ၍ ဘုတ်အဖွဲ့​က အဆိုပါ ​ငွေ​ကြေး​အလွဲသုံး​စား​မှုကို တာဝန်ယူ စုံစမ်း​ဖော်ထုတ်ခဲ့​သည်။
ငွေကြေးအလွဲသုံးစားလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည့် ဘန်ကောက်မြို့ နေအိမ်
၂။ လွတ်လပ်၍ သမာသမတ်ကျ​သော စုံစမ်း​စစ်​ဆေး​မှုကို ဦး​တည်​သောအား​ဖြင့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​အေး​ချမ်း​နိုင်နှင့်​ လက်​ထောက် ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ဦး​ခင်​မောင်ဝင်း​တို့​သည် စုံစမ်း​စစ်​ဆေး​မှု ပြီး​သည်အထိ စီမံခန့်​ခွဲ​ရေး​တာဝန်မှ ယာယီရပ်နား​ပြီး​ အသံလွှင့်​လုပ်ငန်း​ပိုင်း​ကိုသာ တာဝန်ယူခဲ့​သည်။ ထိုကာလအတွင်း​ ဒီဗွီဘီ စီမံခန့်​ခွဲ​ရေး​ကို တာဝန်ယူရန် ယာယီ ဦး​ဆောင်ညွှန်ကြား​မှူး​အဖြစ် ဦး​ဟန်​ညောင်​ရွှေနှင့်​ ယာယီရုံး​အုပ်ချုပ်​ရေး​မှူး​အဖြစ် Ms. Vibeke Hermanrud တို့​ကို ခန့်​အပ်တာဝန်​ပေး​ခဲ့​သည်။
၃။ စုံစမ်း​စစ်​ဆေး​မှုပြုလုပ်ရန် Price waterhouse Coopers (PwC) ကို ငှား​ရမ်း​ခဲ့​သည်။ ​နော်​ဝေး​ နိုင်ငံနှင့်​ ထိုင်း​နိုင်ငံတို့​တွင် အ​ခြေစိုက်​သော PwC ရုံး​ခွဲများ​မှ စုံစမ်း​စစ်​ဆေး​ရေး​မှူး​ ​ခြောက်ဦး​သည် ယမန်နှစ် နိုဝင်ဘာလဆန်း​မှစ၍ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။ ​အော်စလိုမြို့​ ဒီမိုကရက်တစ်မြန်မာ့​အသံ ရုံး​ချုပ်ရှိ ဝန်ထမ်း​များ​ကို ပထမ​မေး​မြန်း​ပြီး​ ​ငွေစာရင်း​များ​၊​ သက်​သေ အ​ထောက်အထား​များ​ကို စစ်​ဆေး​ခဲ့​သည်။ ​နော်​ဝေး​ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​နှစ်ဦး​နှင့်​ ထိုင်း​နိုင်ငံ PwC ရုံး​မှ စစ်​ဆေး​ရေး​မှူး​ တဦး​တို့​က နိုဝင်ဘာလလယ်ပိုင်း​တွင် ထိုင်း​နိုင်ငံအတွင်း​ စုံစမ်း​စစ်​ဆေး​ခဲ့​သည်။
၎။ ယခုအခါ PwC က ၎င်းတို့​စုံစမ်း​စစ်​ဆေး​ ​တွေ့​ရှိချက်များ​ကို အစီရင်ခံစာ ​ရေး​သား​ထုတ်ပြန်လိုက်ပြီဖြစ်သည်။ အဓိက ​တွေ့​ရှိချက်များ​ထဲတွင် ​အောက်ပါအချက်များ​ ပါဝင်သည်။
(က) ဒီမိုကရက်တစ်မြန်မာ့​အသံ၏ ပြည်တွင်း​ သတင်း​လုပ်ငန်း​ ကွန်ရက်ကို ၂၀၀၆ ခုနှစ် တည်​ထောင်ချိန်မှစ၍ အခုအချိန်ထိ တာဝန်ယူကြီး​ကြပ်​နေ​သော ​အော်စလိုအ​ခြေစိုက် တာဝန်ခံ ဦးမျိုး​မင်း​နိုင် (အမည်ခွဲများ​- ကို​နေထွန်း​၊​ ကိုနန္ဒ၊​ ကိုမျိုး​ကြီး​) နှင့်​ ပြည်တွင်း​သတင်း​လုပ်ငန်း​အတွက် ​ငွေ​ကြေး​ကို မဲ​ဆောက်မှ ကြီး​ကြပ်သူ ​ဦးအောင်မျိုး​ကျော် (အမည်ခွဲများ​- ပွကြီး​၊​ အရှည်​လေး​) တို့​ နှစ်ဦး​မှာ အလွဲသုံး​စား​လုပ်သူများ​ ဖြစ်​ကြောင်း​ PwC အစီရင်ခံစာ က ​ထောက်ပြထား​သည်။
(ခ) အလွဲသုံး​စား​လုပ်ခဲ့​သည်ဟု PwC က အတည်ပြု​သော ​ငွေပမာဏမှာ ​နော်​ဝေး​ငွေ က​ရောင်း​ ၂,၂၁၈,၁၄၁၊​ (အ​မေရိကန်​ဒေါ်လာ ၃၆၉,၀၇၅၊​ မြန်မာကျပ် ၃၁၀,၀၀၀,၀၀၀) ဖြစ်သည်။ အလွဲသုံး​စား​ ပြုလုပ်ခံရ​သော ​ငွေများ​မှာ ပြည်တွင်း​နှင့်​ မဲ​ဆောက်ရုံး​တာဝန်ကျ သတင်း​ထောက်နှင့်​ ဝန်ထမ်း​များ​၏ လစာ​ငွေများ​၊​ ဖမ်း​ဆီး​ခံထား​ရ​သော ဒီမိုကရက်တစ် မြန်မာ့​အသံ သတင်း​ထောက်များ​၏ မိသား​စုများ​အတွက် ​ပေး​သော ​ထောက်ပံ့​ငွေများ​၊​ ရုံး​ခန်း​ငှား​ခများ​နှင့်​ လုပ်ငန်း​ လည်ပတ်စရိတ်အတွက် သတ်မှတ်​ပေး​ထား​သော ​ငွေများ​ဖြစ်သည်။
(ဂ) အလွဲသုံး​စား​လုပ်၍ စု​ဆောင်း​ရရှိ​သော ​ငွေများ​ဖြင့်​ ထိုင်း​နိုင်ငံနှင့်​ မြန်မာနိုင်ငံတွင် အိမ်များ​၊​ တိုက်ခန်း​များ​၊​ ​မော်​တော်ယာဉ်များ​၊​ ​မြေကွက်များ​ ဝယ်ယူထား​သည့်​အပြင် ​လောင်း​ကစား​နှင့်​ အခြား​ စီး​ပွား​ရေး​လုပ်ငန်း​များ​ကိုလည်း​ လုပ်​ဆောင်​နေသည်။
(ဃ) အကျဉ်း​ထောင်အသီး​သီး​တွင် ​ထောင်ချခံခဲ့​ရသည့်​ ဒီဗွီဘီ သတင်း​ထောက်များ​နှင့်​ မိသား​ဝင်များ​အတွက် ​ထောက်ပံ့​ငွေများ​ကိုအလည်း​ အလွဲသုံး​စား​ လုပ်ခဲ့​ကြသည်။
၅။ အလွဲသုံး​စား​ငွေများ​ထဲမှ ဘတ်​ငွေ နှစ်သန်း​ခုနစ်သိန်း​ဖြင့်​ ၂၀၀၈ ခုနှစ်တွင် ဝယ်ယူထား​သော ဘန်​ကောက်မြို့​ရှိ အိမ်တလုံး​ကို ဒီမိုကရက်တစ်မြန်မာ့​အသံက ပြန်လည်သိမ်း​ယူထား​ပြီး​ဖြစ်သည်။ ကျန်​နေ​သေး​သော အထက်​ဖော်ပြပါ ပစ္စည်း​များ​ကို သိမ်း​ယူနိုင်ရန် ဆက်လက်​ဆောင်ရွက်သွား​မည်။
၆။ စုံစမ်း​စစ်​ဆေး​မှု စတင်ကတည်း​က ​ဖော်ပြပါ အလွဲသုံး​စား​ လုပ်သူများ​သည် သူတို့​အ​ပေါ် နိုင်ငံ​ရေး​ လုပ်ကြံမှုဖြစ်​ကြောင်း​ ​ကောလာဟလသတင်း​များ​ လွှင့်​ခဲ့​သည်။ ပြည်တွင်း​သတင်း​ ကွန်ရက်တွင် တာဝန်ထမ်း​ဆောင်​နေ​သော သတင်း​ထောက်များ​နှင့်​ နိုင်ငံ​ရေး​အဖွဲ့​များ​အကြား​ သတင်း​မှား​များ​ ဖြန့်​ချိကာ ဒီမိုကရက်တစ်မြန်မာ့​အသံ အကွဲအပြဲဖြစ်သ​ယောင် လုပ်​ဆောင်​နေသည်။ ၂၀၀၇ ​ရွှေဝါ​ရောင် ​တော်လှန်​ရေး​အတွင်း​ ဒီမိုကရက်တစ်မြန်မာ့​အသံ သတင်း​ထောက်များ​၏ စွန့်​စား​လုပ်​ဆောင်ချက်များ​ကို မှတ်တမ်း​တင်ထား​သည့်​ “Burma VJ” မှတ်တမ်း​တင် ရုပ်ရှင်ကား​ အမည်ကို အသုံး​ပြုပြီး​ Burma VJ Media Network ဟု ​ခေါ်​သော အဖွဲ့​ကို တည်​ထောင်ထား​သည်။ ထို့​အပြင် ဒီမိုကရက်တစ်မြန်မာ့​အသံက ထုတ်​ပေး​ထား​သော ပစ္စည်း​ကိရိယာများ​၊​ ဒီမိုကရက်တစ်မြန်မာ့​အသံ မူပိုင်ဖြစ်​သော archive ဗွီဒီယို၊​ ဓာတ်ပုံနှင့်​ အခြား​ အ​ရေး​ကြီး​ သတင်း​အချက်အလက်များ​ကိုလည်း​ ပြန်လည်အပ်နှံခြင်း​မရှိဘဲ သိမ်း​ယူထား​ဆဲဖြစ်သည်။ ဒီဗွီဘီပိုင် ပစ္စည်း​များ​အား​ အလွဲသုံး​စား​ လုပ်ထား​ခြင်း​အ​ပေါ် ဆက်လက် အ​ရေး​ယူ​ဆောင်ရွက်သွား​မည်။
၇။ အခက်အခဲများ​စွာကို ရင်ဆိုင်ကာ ဒီမိုကရက်တစ်မြန်မာ့​အသံတွင် ဆက်လက် တာဝန်ထမ်း​ဆောင်​နေ​သော ပြည်တွင်း​သတင်း​ကွန်ရက်မှ သတင်း​ထောက်များ​အား​လုံး​ကို ချီး​ကျူး​ဂုဏ်ပြုပါသည်။ အဖြစ်မှန်ကိုသိ၍ ဒီမိုကရက်တစ် မြန်မာ့​အသံနှင့်​ ပြန်လည်လက်တွဲလုပ်ကိုင်လို​သော ဒီဗွီဘီ သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်​ခေါ်ပါသည်။
၈။ ဘုတ်အဖွဲ့​က ဦး​အေး​ချမ်း​နိုင်နှင့်​ ဦး​ခင်​မောင်ဝင်း​တို့​ကို ၎င်းတို့​ယာယီနုတ်ထွက်ထား​သော ရာထူး​များ​ဖြစ်သည့်​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​နှင့်​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​ ရာထူး​များ​တွင် ၂၀၁၂ ဇန်နဝါရီ ၁ ရက်​နေ့​ကတည်း​က အသီး​သီး​ ပြန်လည်ခန့်​အပ်ထား​ပြီး​ ဖြစ်သည်။
ဆက်သွယ်ရန်
1. Mr. Harald Lars Bøckman, ဘုတ်အဖွဲ့​ဥက္ကဋ္ဌ၊​ harald.bockman@sum.uio.no, +47 94143838
2. Mr. Eirik Vinje, Attorney-at-law, ဒီမိုကရက်တစ်မြန်မာ့​အသံ​ရှေ့​နေ၊​ ev@gmco.no, +47 92 88 67 79
3. ဦး​အေး​ချမ်း​နိုင်၊​ ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ acn@dvb.no, +47 91107743
4. ဦး​ခင်​မောင်ဝင်း​၊​ လက်​ထောက်ဦး​ဆောင်ညွှန်ကြား​ရေး​မှူး​၊​ kmw@dvb.no, +47 45276649
ဇန်နဝါရီလ (၂၀) ရက်​နေ့​၊​ ၂၀၁၂ ခုနှစ်။ ​အော်စလိုမြို့ 
 ဒီဗွီဘီ
Unknown at 9:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.