Saturday, January 21, 2012

ကုန်သည်ကြီးများ ဈေးကစားမှုကြောင့် သစ်ဈေးများ အဆမတန်မြင့်တက်လာ

ကုန်သည်ကြီးများ၏ ဈေးကစားမှုကြောင့် သစ်ဈေးများ အဆမတန် မြင့်တက်လာကြောင်း သစ်ရောင်းချသည့် ဆိုင်ကြီးများမှ သိရသည်။ အခြေခံ လူတန်းစားများ အများဆုံးအသုံးပြုသည့် အင်၊ ကညင် သစ်ဈေးများမှာ ယခုအခါ တစ်တန်လျှင် တစ်သိန်းခန့် မြင့်တက်လာနေသည့်အတွက် ဝယ်ယူသူ အခြေခံ လူတန်းစားများအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း သိရသည်။ အဆိုပါ ပြည်တွင်း အင်၊ ကညင် သစ်ဈေးများ သုံးလအတွင်း တစ်တန်လျှင် တစ်သိန်းခန့် မြင့်တက်ရခြင်းမှာ နိုင်ငံတော်မှ သစ်ဈေးများအား တိုးမြှင့်မည်ဖြစ်ခြင်းဟု ပြင်ပ ကောလာဟလ သတင်းများကြောင့်လည်းကောင်း၊ အထက်မြန်မာပြည်မှ သစ်များအား ရထားတွဲများ တင်ပို့ရာတွင် တန်ဆာခ မြင့်တက်ခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်အတွင်း ဈေးအဆမတန်တင်ပြီး မတရား ရောင်းချသူများကြောင့်လည်းကောင်း ဈေးတက်ခြင်း ဖြစ်ကြောင်း သစ်ဆိုင်များနှင့် အိမ်ဆောက်လုပ်ရန် အမှန်တကယ် လိုအပ်သူများတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“နိုဝင်ဘာလမှာ သစ်ဈေးက တစ်တန်ကို လေးသိန်း ရှစ်သောင်းဈေးပါ။ အဲဒီတုန်းက ရထားတန်ဆာခတွေ တက်တယ်ဆိုပြီးတော့ တစ်တန်ကို တစ်သောင်းလောက် တက်လိုက်တယ်။ အဲဒါကို လက်ခံပါတယ်။ အခုဟာက အစိုးရက သစ်ဈေးထိုးတက်မယ်လဲဆိုရော သူတို့က ဒါကိုအခွင့်ကောင်းယူပြီး တစ်တန်ကို ငါးသိန်း ခြောက်သောင်းထိ တက်သွားတယ်။ ချက်ချင်းတက်သွားတာတော့ မဟုတ်ပါဘူး။ ကြားမှာ သစ်ပြတ်သွားတယ်ဆိုပြီး ငါးသိန်း သုံးသောင်း ဖြစ်သွားတယ်။ နိုဝင်ဘာလကနေ ဒီနေ့အထိ တစ်တန်ကို တစ်သိန်းနီးပါးလောက် တက်သွားပါတယ်” ဟု တောင်ဒဂုံမြို့နယ်မှ သစ်စက်နှင့် သစ်ဆိုင်ပိုင်ရှင်တစ်ဦးက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

ပြည်တွင်း အင်၊ ကညင် သစ်ဈေးများ မြင့်တက်လျက်ရှိသော်လည်း ပြည်ပပို့ သစ်ဈေးမှာ ပြောင်းလဲခြင်း မရှိကြောင်း သိရသည်။ “ကျွန်တော်တို့ ပြည်ပပို့တဲ့ သစ်တွေကတော့ မတက်ပါဘူး။ ပြည်တွင်းပဲ ဖြစ်မှာပါ။ အစိုးရက သစ်ဈေးတက်ပြီး ပြောင်းလဲမယ်ဆိုတာတော့ မကြားမိသေးပါဘူး” ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ ဦးနေထွန်းမင်းက ပြောသည်။ ထိုသို့ ဈေးတက်မည်ဟု ကောလာဟလသတင်းများကြောင့် အထက်မြန်မာပြည်မှ သစ်တင်ပို့မည့်သူများသည် စောင့်ဆိုင်းနေခြင်းကြောင့် ပြည်တွင်းသစ်ဈေးကွက်သည် မလိုအပ်ဘဲ ဈေးနှုန်းများ အဆမတန် ထိုးတက်လျက်ရှိကြောင်း သိရသည်။

“ဒီလို သစ်ဈေးတွေ ထိုးကျတော့ ကျွန်တော်တို့ ရောင်းရတာ တော်တော်ဆိုးပါတယ်။ ဈေးတက်တော့ ဝယ်မယ့်သူက အင်၊ ကညင် မနိုင်တော့ အဟောင်းထဲကသစ်ကို ပြန်ရှာဝယ်နေတယ်။ သူတို့အနေနဲ့ကြည့်လဲ ဟုတ်ပါတယ်။ ကိုးသောင်းဖိုးလောက်ဆို ဘာမှမရပါဘူး။ အခုဟာ ဝါးကုန်သွားပြီဆိုတော့ အိမ်ပြင်ကြ၊ အိမ်ဆောက်ကြနဲ့ ဒီအချိန်မှာ ဈေးထိုးတက်တော့ အမှန်တကယ် ဝယ်ချင်တဲ့သူက မဝယ်နိုင်တော့ပါဘူး။ ပစ္စည်းအခုပြတ်နေတယ်။ ဒီ ၅၈၀၀၀၀ ဈေးနဲ့ ဝယ်မယ်ဆိုရင်တောင် မရပါဘူး” ဟု လှိုင်မြို့နယ် ဘူတာရုံလမ်းအနီးရှိ သစ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ပြည်တွင်း သစ်ဈေးများသည် နှစ်စဉ် မိုးတွင်းကာလရောက်လျှင် ဈေးများကျလျက်ရှိကြောင်း၊ ယခုပေါက်ဈေးမှာ အင်၊ ကညင် တစ်တန်လျှင် ငါးသိန်းရှစ်သောင်းအထိ ရှိနေကြောင်း သိရသည်။
By Flower News Journal
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.