Wednesday, January 18, 2012

ထီအက္ခရာ နောက်တစ်လုံး တိုးထုတ်မည်



Skip Navigation Links
Quick LinkExpand Quick Link


ထီဈေးကွက် ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ဈေးကွက်လိုအပ်ချက်အရ ထီအက္ခရာများ တိုးထုတ်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုဖွင့်မယ့် ထီမှာတောင် အက္ခရာသုံးလုံးတိုးပြီး ရောင်းထားတာ အက္ခရာ ၂၈ လုံးပေါ့။ ဒါတောင် ဝယ်လိုအားကများတော့ မလောက်ဘူး။ ထပ်တိုးနေလို့ နောက်လမှာ အက္ခရာတစ်လုံး တိုးထုတ်ဖို့ ရှိတယ်” ဟု ၄င်းကပြောသည်။ လက်ရှိ ဝယ်လိုအား PO တင်သော ဂဏန်းအရ (ဝယ်လိုသူ) သိန်းတစ်ရာကျော်ရှိကာ ရောင်းလိုအားမှာ အက္ခရာ ၂၈ လုံးတွင် ထီအုပ်ရေ နှစ်ဆယ့်နှစ်သိန်းကိုးသောင်းသာ ရောင်းချနိုင်ကြောင်း ၄င်းကပြောသည်။ “ဈေးကွက်လိုအပ်ချက် အကုန်လုံးတော့ တိုးထုတ်နိုင်မှာ မဟုတ်ဘူး။ အက္ခရာ တစ်ခါတိုးဖို့ ဝါဇီမှာ ခြောက်လလောက် ကြိုမှာရတယ်။ ခြောက်လကြိုပြီးလည်း ပုံနှိပ်ရတယ်။ မရောင်းရတဲ့ ထီလက်မှတ်ကို ပုံနှိပ်ခလည်း ဆုံးရှုံးမခံနိုင်ဘူး။ ထီဖွင့်ပြီးမှ ပယ်ဖျက်တာလည်း မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ့ဘဏ္ဍာရေး ဆုံးရှုံးမှာစိုးလို့ပါ” ဟု ၄င်းကရှင်းပြသည်။ ထီထိုးသူအများစုမှာ လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ ဖြစ်ကြရာ ယင်းထီထိုးရခြင်းနှင့် ပတ်သက်၍ လစဉ်ထီထိုးနေသော အမျိုးသမီးတစ်ဦးက “သိပ်လည်း အများကြီး မထိုးနိုင်ပါဘူး။ တစ်လ နှစ်စောင် ဒါမှမဟုတ် ငါးစောင်လောက်ပဲ ထိုးနိုင်ပါတယ်။ ဒါလေးကတော့ လစဉ် မပျက်မကွက် လုပ်ရမယ့် အလုပ်တစ်ခုလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထီကကျွန်မတို့ရဲ့ မျှော်လင့်ချက်ပါပဲ” ဟု ၄င်းကပြောသည်။ ၂၀၁၁ ခုနှစ် ဧပြီလအထိ အက္ခရာ ၂၁ လုံး ရောင်းချခဲ့ပြီး မေလမှ ဒီဇင်ဘာလအထိ ထီအက္ခရာ ၂၅ လုံး၊ အက္ခရာ အားလုံးတိုး၍ ရောင်းချခဲ့သော်လည်း ယခုအခါ ထပ်မံ၍ အက္ခရာသုံးလုံးတိုးကာ ၂၈ လုံးအထိ ရောင်းချခဲ့သည်။ အက္ခရာတစ်လုံးတွင် ထီအုပ်ရေ ရှစ်သောင်းကျော်ရှိပြီး အက္ခရာသုံးလုံး တိုးခြင်းဖြင့် ထီအုပ်ရေ နှစ်သိန်းကျော် ထီရွက်ရေပေါင်း သိန်း ၂၀ အထိ တိုး၍ ရောင်းချခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မိတ္တူဆိုင်များကို ကြီးကြပ်မည်

၂၀၁၂ တက္ကသိုလ်ဝင်တန်း မဖြေဆိုမီနှင့် ဖြေဆိုစဉ်ကာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ မိတ္တူချုံ့၊ ချဲ့ဆိုင်များအား ကြီးကြပ်ကာ ဆောင်ရွက်သွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးက ပြောသည်။ “ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုရာမှာ ရိုးသားစွာ ဖြေဆိုကြဖို့အတွက်နဲ့ မရိုးမသား၊ မမှန်မကန်တွေ မရှိစေဖို့အတွက် လုပ်ဆောင်ကြတဲ့ သဘောပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ၂၀၁၂ မတ်လ ၁၂ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်သာ မိတ္တူဆိုင်များကို ကြီးကြပ်သွားမည်ဖြစ်ပြီး ကျန်အခြေခံပညာအဆင့် စာမေးပွဲများ၌မူ ရှိရင်းအတိုင်းသာ ထားရှိသွားမည်ဟု သိရသည်။ စာမေးပွဲခန်းများအတွင်း မသမာသောနည်းလမ်းများ အသုံးပြု၍ ဖြေဆိုမှုများစွာ လျော့နည်းသွားပြီဟု ဆိုနိုင်သော်လည်း နယ်မြို့များ၌ ရှိနေသေးသည်ကို တွေ့ရကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ ဒေသအာဏာပိုင်များနှင့် ကြီးကြပ်မှုကို လုပ်ဆောင်နေရဆဲဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးထံမှ ထပ်မံသိရသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖိဖိစီးစီး ကြီးကြပ်မှုများကြောင့် မသမာသော ဖြေဆိုမှုများ လျော့ကျသွားခဲ့သလိုပင် အခြေခံအဆင့်များ၌ပါ ပြန်လည်၍ ကြီးကြပ်သင့်သည်ဟု မြန်မာ့ပညာရေး လောကသားအချို့က အကြံပြုသည်။ “ဖေဖော်ဝါရီမှာ စစ်တဲ့ အခြေခံပညာအဆင့်မှာတောင် ကလေးတွေ မိတ္တူဆိုင်က ထွက်လာတာကို ပုံမှန်တွေ့နေရတယ်။ တစ်နိုင်ငံလုံး ကျောင်းသားအချိုးနဲ့ တွက်ကြည့်ရင် အရမ်းနည်းတယ် ဆိုနိုင်ပေမယ့် ဒါကအစပဲ။ ဒါကို ကျောင်းသားငယ်တွေ အခုမလုပ်မိအောင်လို့ ကြပ်မတ်သင့်နေပြီ” ဟု တက္ကသိုလ်ဝင်တန်း သာမက အခြေခံပညာအဆင့်၌ပါ ကြီးကြပ်သွားသင့်သည်ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရနှင့် ကေအိုင်အို ရွှေလီမြို့ ဆွေးနွေးပွဲနှင့် ကေအိုင်အို ဘက်မှတင်ပြချက်များ

အစိုးရနှင့် ကေအိုင်အို ရွှေလီမြို့ ဆွေးနွေးပွဲနှင့် ကေအိုင်အို ဘက်မှတင်ပြချက်များ
ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးရန် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ တို့ တရုတိနိုင်ငံ ရွှေလီမြို့ တွင် ယနေ့ နေ့ လည်(၁း၁၅)နာရီခန့် မှ စတင်ကာ တွေ့ ဆုံဆွေးနွေးနေပြီဖြစ်သည်။
Myen Mung Asuya Dat Kasa Hpung hte KIO Dat Kasa Hpung ni gaw 2012 ning, January (18) ya shani hkying 1:15 pm ten kawn Miwa Gumsan Mungdan, Shweli Mare hta hkrum zup bawngban hpawng galaw hpang wa sai.
Myen Mung Asuya Dat Kasa Hpung ni hpe U Aung Taung woi awn ai rai nna KIO Dat Kasa Hpung ni hpe Sara Kaba Sumlut Gam woi awn ai lam chye lu ai.
KIO Dat Kasa Hpung Ningbaw Sara Kaba Sumlut Gam kawn KIO a ra sharawng ai lam gaw jet ai munghpawm lam hte madu a kam maka hpe madu tek jum lu ai lam re hpe tsun sanglang ai hte tang shawn laika hpe ap ya sai lam chye lu ai.
Unknown at 10:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှု ကြီးထွားနေကြောင်း နိုင်/ကျဉ်းဟောင်းများပြော

မြန်မာနိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုကြီးထွားလျက်ရှိကြောင်း မကြာမီက လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။

ပခုက္ကူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးချစ်ကိုလင်းက “အကျဉ်းထောင်တိုင်းမှာ လာဘ်ပေးလာဘ်ယူမှုရှိတယ်။ ကျွန်တော့်အထင်ပြောရရင် လာဘ်ပေးလာဘ်ယူမှု အကြီးမားဆုံးနေရာက အကျဉ်းထောင်တွေပဲဖြစ်မယ်” ဟုပြောသည်။

၎င်းကထပ်မံပြီး အကျဉ်းသားများအနေဖြင့် လာဘ်ပေးရာတွင် အကျဉ်းထောင်ဝန်ထမ်းများ သာမက အခွင့်အရေးပေးခံထားရသော အကျဉ်းသားများကိုပါ လာဘ်ပေးနေရကြောင်း၊ အကျဉ်းထောင် အောက်ခြေ ၀န်ထမ်းများမှစကာ ထောင်ပိုင်အထိ လာဘ်ပေးလာဘ်ယူမှု မကင်းကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။

“ထောင်ထဲမှာ နေရာကောင်းလိုချင်ရင် လာဘ်ပေးရတယ်။ လိုင်းကြေးပေးရတယ်။ ပင်ပင်ပန်းပန် မလုပ်ချင်ရင် လာဘ်ပေးရတယ်။ နောက်ဆုံး ရဲဘက်စခန်း မလိုက်ချင်ရင်တောင် လာဘ်ပေးပြီးလုပ်လို့ရတယ်၊ မပေးနိုင်တဲ့သူကတော့ ပေးနိုင်တဲ့သူတွေအစား သွားပေတော့ပဲ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုလ ၄ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းနိုင်ဦးက လည်း လက်ရှိတွင် အကျဉ်းထောင်များနှိုက် လာဘ်ပေးရသည့် နှုန်းထားများ ပိုမိုမြင့်မားလာကြောင်း၊ လာဘ်ပေးရာတွင် ကော်ဖီမစ်အထုတ်သေးတစ်ထုတ်နှစ်ထုတ်မှစပြီး ငွေသိန်းဂဏန်းအထိ ပြုလုပ်ကြကြောင်း ပြောကြားသည်။

“အရင်က ရေချိုးရင် လူတစ်ယောက်ကို ကော်ဖီမစ် သုံးထုပ်နှုန်းနဲ့ ရေကန်ဘုတ်ကိုင်ကိုပေးရတယ်။ အခု တစ်လ သုံးထောင်ပေးရတယ်။ ဘာလို့လဲမေးကြည့်တော့ ထောင်ပိုင်ကိုပိုက်ဆံပိုပေးရလို့ဆိုပြီးပြောတယ် ” ဟု ၎င်းကဆိုသည်။

ယခုလ ၁၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးသန်းမြင့်အောင်ကလည်း အကျဉ်းထောင်ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုပြုရာတွင် နိုင်ငံရေးအကျဉ်းသားများထက် သာမာန်အကျဉ်းသားများအပေါ်တွင် ပိုမိုပြုလုပ်ကြောင်း ပြောကြားသည်။

ယခုလ ၁၃ ရက်နေ့က သာယာဝတီ အကျဉ်းထောင်ရှေ့ မြင်ကွင်း

“ သာမာန်အကျဉ်းသားတွေက အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လာဘ်စားမှုဒဏ်ကို တော်တော်ခံရတယ်။ ကျန်းမာရေးပိုင်း၊ လူမှုရေးပိုင်းတွေအစ စားဝတ်နေရေးအဆုံး သူတို့တွေမှာ လိုအပ်ချက်တွေရှိနေတယ်။ ထောင်အခေါ် ဘောင်ချာအပ်ရတာ (ပိုက်ဆံပေးရတာ) ကို ၀န်ထမ်းတင်မက အကျဉ်းသားအချင်းချင်းပါ အပ်နေရတယ် ”ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်များတွင် လာဘ်ပေးလာဘ်ယူမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများလည်းရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားခဲ့ပြီး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အကျဉ်းထောင်များအတွင်း လာရောက် လေ့လာမှုကိုလည်း အပြသဘောပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်လိုက်ကြသည်။

အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်တွင် အကျဉ်းထောင်တွင်းရှိ ပြဿနာများမှာ အကျဉ်းသားဦးရေက အဆမတန်များပြားသည့် အချက်ကြောင့်ဟု ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် စုစုပေါင်း အကျဉ်းထောင် ၄၂ ထောင်ရှိသည်။

လက်ရှိအစိုးရမှ ဖွဲ့စည်းပေးထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကမူ မြစ်ကြီးနား အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များသို့ သွားရောက်လေ့လာအပြီးတွင် အကောင်းမြင်သော သဘောထားများကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက်များမှာ အကျဉ်းသားများ၏ လက်တွေ့ဘ၀နှင့် ကွာခြားမှုများရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။       ။
Unknown at 10:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငြိမ်းချမ်းရေး လက်ဆောင်အဖြစ် မန်းငြိမ်းမောင်ကို လွှတ်မည်

ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။

KNU ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ မန်းငြိမ်းမောင် (ဓာတ်ပုံ - ဧရာဝတီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။
နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။
“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေး ကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။
KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီးအရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်း ပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တ၀န်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။
Unknown at 10:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝေဖန်အကြံပြုရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

NLD ၏ နိုင်ငံရေး လုပ်ငန်းစဉ်များကို အမြဲတမ်း ထောက်ခံနေခြင်း မပြုဘဲ လိုအပ်လျှင် ဝေဖန်အကြံပြုရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်ဟု သိရသည်။

(ဓာတ်ပုံ - ဧရာဝတီ)
လွန်ခဲ့သည့် ၂၁ နှစ်က အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့သည့် ရန်ကုန်တိုင်း NLD ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးတင်မောင်ဝင်း နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသော ပရိသတ်များကို ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဝေဖန်ပါ အကြံပြုပါ တိုင်းပြည် တိုးတက်ရေးမှာ အားလုံး အဘက်ဘက်ကနေ တာဝန်ယူ အလုပ် လုပ်ဖို့ ပြောတယ်” ဟု ဦးတင်မောင်ဝင်း မိသားစုဝင်တဦးဖြစ်သည့် ကိုအောင်ဇင်သက် ဧရာဝတီကို ပြောပြသည်။
မကြာခဏ ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ဦးတင်မောင်ဝင်း အမှတ်တရ အစီအစဉ်ကို အခွင့်အရေးရတိုင်း သွားရောက်လေ့ရှိသည်။
ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၂၁ နှစ်မြောက်နေ့ အစီအစဉ်ကို ဗဟန်းမြို့နယ် ဗိုလ်ဉာဏလမ်းရှိ သူ၏ မိသားစု နေအိမ်တွင် နံနက်ပိုင်းက ကျင်းပခြင်း ဖြစ်ပြီး  NLD ၏ နာယကများ ဖြစ်သည့် သူရဦးတင်ဦး၊  ဦးဝင်းတင်တို့ အပြင် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ တက်ရောက်ကြောင်း သိရသည်။
ဦးတင်မောင်ဝင်းသည် ဖဆပလ အစိုးရလက်ထက် အထက်တန်းကျောင်းသား ဘ၀ကတည်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုကို   ဆန့်ကျင်ခဲ့သူဖြစ်သည်။ ကျောင်းသား လှုပ်ရှားမှုများကြောင့် ၁၉၆၄ ခုနှစ်တွင် ထောင်ဒဏ် ၇နှစ် ချမှတ်ခံခဲ့ရသည်။
ရှစ်လေးလုံး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးတင်မောင်ဝင်းသည်  ထိုလှုပ်ရှားမှုအပြီး ပေါ်ပေါက်လာသည့် NLD ၏ ထိပ်တန်း စည်းရုံးရေးတဦး ဖြစ်လာသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ၀င်ရောက်ယှဉ်ပြိုင်ရာ ထိုနယ်မြေတွင် သူ၏ အဓိက ပြိုင်ဘက်မှာ အစ်ကိုအရင်းဖြစ်သူ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည)  ပါတီ၏ ကိုယ်စားလှယ်လောင်း  ဗိုလ်မှူးကြီးဟောင်း ဇော်ဝင်း ဖြစ်သည်။
ဦးတင်မောင်ဝင်းသည်  ရွေးကောက်ပွဲ အနိုင်ရပြီး မကြာမီ ထိန်းသိမ်းခံရကာ နာမည်ကျော် အင်းစိန်ထောင်တွင် ၀မ်းကိုက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။
ဇနီးဖြစ်သူ ဒေါ်ခင်လှိုင်ကြူက“ အဲဒီတုန်းက ထောက်လှမ်းရေးခေတ် ဆိုတော့ အရမ်း တင်းကျပ်ထားတယ်။  အစားအသောက်၊ ဆေး၊ ပါဆယ်တောင် ပို့မရဘူး။ ဆုံးပြီးတော့မှ လာ အကြောင်းကြားတာ၊ အလောင်းကို ကြံတောသုဿန်မှာ ပြတယ်” ဟု ဆိုသည်။
၁၉၉၀ ၀န်းကျင်က ဦးတင်မောင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်တချို့သည် စစ်ထောက်လှမ်းရေးတို့၏ နှိပ်စက်မှု နှင့် ထောင်တွင်းအခြေအနေဆိုးများကြောင့် ထိန်းသိမ်းခံရစဉ် သေဆုံးသွားခဲ့သည်။

Unknown at 10:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည်


၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။ ရုပ်ရှင်လောကသားများ အနေဖြင့် ပြုလုပ်ရန် အစီအစဉ်ရှိသည့် ဖျော်ဖြေပွဲများနှင့် ရုပ်ရှင်ရိုက်ကူးမှု အချို့အား ယင်းရက်နှင့် တိုက်ဆိုင်မှု မရှိစေရန် ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ထားသည်ဟု သိရသည်။ “ဒီနှစ် အကယ်ဒမီဆုပေးပွဲကို ဖေဖော်ဝါရီလ ပထမပတ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ပထမပတ်မှာလုပ်ဖို့ အစီအစဉ်ရှိတဲ့ ဖျော်ဖြေပွဲ တချို့ကို ဖေဖော်ဝါရီ လလယ်ပိုင်းကို ရွှေ့ထားလိုက်ကြပါပြီ။ ဘယ်လို ရွေးချယ်တယ်ပဲပြောပြော အချိန်တန်ရင်တော့ အနုပညာရှင်တိုင်းက တစ်နှစ်တစ်ခါလုပ်တဲ့ အကယ်ဒမီပွဲကို သွားကြစမြဲပါပဲ” ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ရှင်းပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေကလည်း “အကယ်ဒမီက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်မှာပါ။ တစ်နှစ်တစ်ခါလုပ်တဲ့ပွဲ ဖြစ်သလို ရုပ်ရှင်လောကသားအားလုံး စိတ်ပါဝင်စားကြတဲ့ ပွဲတစ်ပွဲ ဖြစ်တာကြောင့် သပ်သပ်ရပ်ရပ် ခမ်းခမ်းနားနား လုပ်နိုင်အောင် စီစဉ်နေပါတယ်။ ဒီနှစ် အကယ်ဒမီပွဲမှာ အရင်နှစ်တွေကထက် ထူးခြားမှုအနေနဲ့ လျှောက်လမ်းသီးခြား စီစဉ်ထားတာမျိုး၊ LED နဲ့ပြသတာမျိုးတွေ ပါဝင်ပါမယ်” ဟု အကယ်ဒမီပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။ ယခုနှစ်ပေးအပ်မည့် အကယ်ဒမီပွဲသည် အစိုးရသစ် ရွေးချယ်ပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်မည့် အကယ်ဒမီပွဲဖြစ်ပြီး စင်မြင့်နှင့် မီးအလှဆင် လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့ရာ လျှောက်ထားသူ ခြောက်ဦး ရှိခဲ့သည်ဟု သိရသည်။ ရွေးချယ်ခံရသူက နေပြည်တော် မြို့တော်ခန်းမ၀င်းအတွင်းတွင် စင်မြင့်တည်ဆောက်မှုများအား ဇန်န၀ါရီ လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားပြီး အကယ်ဒမီ ဗန်းကိုင်အဖြစ် ရွေးချယ်ခံရသူများကို ဇန်န၀ါရီ လကုန်ပိုင်းတွင် ကြေညာသွားမည်ဟု သိရသည်။ ၂၀၁၀ ပြည့်နှစ်အတွင်း စာရင်းဝင်သည့် ဇာတ်ကားများမှာ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လား လာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နယူးမော်ဒယ်လ်၊ အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ လာထားအာဘွား၊ ပင်လယ်ထက်က နေ၀န်းနီတို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Hip Hop ဂီတသမား ကိုဇေယျာသော် နေပြည်တော် ပုဗ္ဗ္ဗသီရိမြို့ နယ်မှ ၀င်ပြိုင်မည်

"အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ နေပြည်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်စာရင်း ထုတ်ပြန်"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ နေပြည်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦးအမည်စာရင်းတွင် ထင်ရှားသော ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် မကြာမီကလွတ်မြောက်လာသော မစန္ဒာမင်း (ခေါ်) ရွှီး နှင့် နိုင်ငံရေး အကျဉ်းသားဘ၀မှ လွတ်မြောက်လာသော Hip Hop ဂီတသမား Generation Wave ခေါင်းဆောင် ကိုဇေယျာသော်တို့လည်း ပါဝင်ကြောင်း သိရသည်။ မစန္ဒာမင်း(ခေါ်)ရွှီး ၀င်ရောက်ယှဉ်ပြိုင်မည့် မြို့ နယ်မှာ ဇမ္ဗ္ဗူသီရိမြို့ နယ်ဖြစ်ပြီး ကိုဇေယျာသော် ယှဉ်ပြိုင်မည့်မြို့ နယ်မှာ ပုဗ္ဗ္ဗသီရိမြို့ နယ်ဖြစ်ကြောင်းသိရသည်။

ပေါ်ပျူလာဂျာနယ် (ဖေ့စ်ဘုတ်)
Unknown at 10:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာသာရေးကျောင်းမပိတ်ရေး အစ္စလာမ်ဘာသာဝင်များ ငြိမ်းချမ်းစွာဆန္ဒပြ

သာသနာရေးဦးစီးဋ္ဌာနမှ ပိတ်သိမ်းရန် အမိန့်ချမှတ်ထားသော သာကေတမြို့နယ်၊ အမှတ် (၃) မာန်ပြေ ရပ်ကွက် ၊ အမှတ် (၂)တောင်ရပ်ကွက်၊ အမှတ် (၄) တောင်ရပ်ကွက်များရှိ အစ္စလာမ်ဘာသာရေးကျောင်း သုံးကျောင်းအား မပိတ်ရေးအတွက် ယမန်နေ့ညနေက အဆိုပါရပ်ကွက်များရှိ အစ္စလာမ်ဘာသာဝင်များမှ စုပေါင်းပြီး စာသင်ကျောင်းများရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။

ယင်းရပ်ကွက်များမှ နေထိုင်သူများက  သက်ဆိုင်ရာသို့  တောင်းဆိုရာမှ သာသနာရေး ဦးစီးဋ္ဌာနက ပိတ်သိမ်းရန် ယခုလ ၁၂ ရက်နေ့နေ့စွဲဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ယခု ကိစ္စနှင့်ပတ်သက်၍ အမှတ်(၃) မာန်ပြေရပ်ကွက်ရှိ အစ္စလာမ်ဘာသာရေးကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးလှရွှေက “ကျွန်တော်တို့က သူပုန်ထတာလည်းမဟုတ်ဘူး။ အစိုးရကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ဘာသာရေးကျောင်းကို မပိတ်အောင် ငြိမ်းချမ်းစွာတောင်းဆိုတာပါ” ဟု ပြောကြားသည်။

ယင်း ကျောင်းရှေ့တွင်“ ငြိမ်းချမ်းရေးကိုရှေ့ရှုပါ၊ ဒီမိုကရေစီကိုမြတ်နိုးပါ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးပါ၊ လူ့အခွင့်အရေးကိုလေးစားပါ၊ လွတ်လပ်စွာကျင့်သုံးခွင့်ပေးပါ” ဟူသော စာတမ်းများ ကိုင်ဆောင်၍ ကလေးငယ်များအပါအ၀င် အစ္စလာမ်ဘာသာဝင် ၈၀ ၀န်းကျင်ခန့်သည် ယနေ့ညနေ ၃ နာရီကျော်မှစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိကြသည်။

ဆန္ဒပြရာတွင်ကိုယ်တိုင်ပါဝင်သည့် အစ္စလာမ်ဘာသာဝင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နုနုဝင်းကလည်း ၎င်းအနေဖြင့် ယခုကဲ့သို့ကျောင်းပိတ်ရမည်ကို များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ မိမိကလေးငယ်များ လိမ္မာရေးခြား ရှိစေရေးအတွက် ဘာသာရေးသည် အရေးပါသည်ဟုထင်မြင်ကြောင်း၊ ထို့ကြောင့် အဆိုပါကျောင်းအား မပိတ်ရန်အတွက် မိမိအနေဖြင့် တောင်းဆိုကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။

ယခုကဲ့သို့အစ္စလာမ်ဘာသာရေးကျောင်းများကို ပိတ်သိမ်းရန် တောင်းဆိုခဲ့ကြကြောင်းကို အမှတ်(၃) ရပ်ကွက်နေ နေထိုင်သူအချို့ အတည်ပြုပြောဆိုသည်။

“ကျွန်တော်တို့က ရပ်ကွက်ထဲမှာ ဗလီမရှိစေချင်ပါဘူး။ သူတို့ဘာသာ အိမ်ထဲမှာ စာသင်တာကိုလက်ခံပါတယ်။ ဒါပေမယ့် သူတို့တွေက နောက်ပိုင်းမှာ အဲဒီအိမ်မှာ ၀တ်ပြုတာလုပ်လာတယ်။ အိမ်ကိုလည်း ဗလီပုံစံ ပြင်ဆောက်ဖို့ တိတ်တဆိတ် လုပ်လာတယ်” ဟု ၎င်းရပ်ကွက် ၂၁ လမ်းတွင်နေထိုင်သူတစ်ဦးကဆိုသည်။

ဇန်န၀ါရီ ၁၇ ရက်နေ့ညနေက သာကေတမြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် မူဆလင်ဘာသာရေး စာသင်ကျောင်းမှ ကလေးငယ်များ

ယခုကဲ့သို့ အာဏာပိုင်များမှ အမိန့်ချမှတ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးခင်ဇော်က လက်ရှိအစိုးရမှ ကျင့်သုံးနေသော မူအရ မည်သူမဆို လွတ်လပ်စွာ ကိုးကွယ်ခွင့် လွတ်လပ်စွာဟောပြောခွင့်ရှိသင့်ကြောင်း၊ ယခုကဲ့သို့ အခွင့်အရေးများအား အာဏာသုံး၍ ပိတ်ပင်ခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“အစိုးရအနေနဲ့ ဒီလိုလုပ်တယ်ဆိုတာ ဘာသာရေးသပိတ်၊ ဘာသာရေးအဓိကရုဏ်းကို ဖန်တီးချင်နေသလား၊ ဖြစ်စေချင်နေသလားမသိဘူး” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ထိုသို့ဆန္ဒပြခဲ့သည့် အစ္စလာမ်ဘာသာရေးကျောင်းသုံးခုအနက် အမှတ် (၂) ရပ်ကွက်တောင်ပိုင်း မှ စာသင်ကျောင်းကို သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ထပ်ပိတ်သိမ်းခဲ့ပြီး  အမှတ် (၄) ရပ်ကွက်တောင်ပိုင်းရှိ စာသင်ကျောင်းကိုမူ လုံးဝချိတ်ပိတ်ခဲ့ကာ မာန်ပြေ (၃) ရပ်ကွက်ရှိ စာသင်ကျောင်းကိုမူ ပိတ်သိမ်းခြင်းမရှိခဲ့ပေ။          ။
 ရန်ကုန်၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၂။ (YPI)
Unknown at 10:15 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.