ထီဈေးကွက် ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ဈေးကွက်လိုအပ်ချက်အရ ထီအက္ခရာများ တိုးထုတ်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အခုဖွင့်မယ့် ထီမှာတောင် အက္ခရာသုံးလုံးတိုးပြီး ရောင်းထားတာ အက္ခရာ ၂၈ လုံးပေါ့။ ဒါတောင် ဝယ်လိုအားကများတော့ မလောက်ဘူး။ ထပ်တိုးနေလို့ နောက်လမှာ အက္ခရာတစ်လုံး တိုးထုတ်ဖို့ ရှိတယ်” ဟု ၄င်းကပြောသည်။ လက်ရှိ ဝယ်လိုအား PO တင်သော ဂဏန်းအရ (ဝယ်လိုသူ) သိန်းတစ်ရာကျော်ရှိကာ ရောင်းလိုအားမှာ အက္ခရာ ၂၈ လုံးတွင် ထီအုပ်ရေ နှစ်ဆယ့်နှစ်သိန်းကိုးသောင်းသာ ရောင်းချနိုင်ကြောင်း ၄င်းကပြောသည်။ “ဈေးကွက်လိုအပ်ချက် အကုန်လုံးတော့ တိုးထုတ်နိုင်မှာ မဟုတ်ဘူး။ အက္ခရာ တစ်ခါတိုးဖို့ ဝါဇီမှာ ခြောက်လလောက် ကြိုမှာရတယ်။ ခြောက်လကြိုပြီးလည်း ပုံနှိပ်ရတယ်။ မရောင်းရတဲ့ ထီလက်မှတ်ကို ပုံနှိပ်ခလည်း ဆုံးရှုံးမခံနိုင်ဘူး။ ထီဖွင့်ပြီးမှ ပယ်ဖျက်တာလည်း မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ့ဘဏ္ဍာရေး ဆုံးရှုံးမှာစိုးလို့ပါ” ဟု ၄င်းကရှင်းပြသည်။ ထီထိုးသူအများစုမှာ လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ ဖြစ်ကြရာ ယင်းထီထိုးရခြင်းနှင့် ပတ်သက်၍ လစဉ်ထီထိုးနေသော အမျိုးသမီးတစ်ဦးက “သိပ်လည်း အများကြီး မထိုးနိုင်ပါဘူး။ တစ်လ နှစ်စောင် ဒါမှမဟုတ် ငါးစောင်လောက်ပဲ ထိုးနိုင်ပါတယ်။ ဒါလေးကတော့ လစဉ် မပျက်မကွက် လုပ်ရမယ့် အလုပ်တစ်ခုလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထီကကျွန်မတို့ရဲ့ မျှော်လင့်ချက်ပါပဲ” ဟု ၄င်းကပြောသည်။ ၂၀၁၁ ခုနှစ် ဧပြီလအထိ အက္ခရာ ၂၁ လုံး ရောင်းချခဲ့ပြီး မေလမှ ဒီဇင်ဘာလအထိ ထီအက္ခရာ ၂၅ လုံး၊ အက္ခရာ အားလုံးတိုး၍ ရောင်းချခဲ့သော်လည်း ယခုအခါ ထပ်မံ၍ အက္ခရာသုံးလုံးတိုးကာ ၂၈ လုံးအထိ ရောင်းချခဲ့သည်။ အက္ခရာတစ်လုံးတွင် ထီအုပ်ရေ ရှစ်သောင်းကျော်ရှိပြီး အက္ခရာသုံးလုံး တိုးခြင်းဖြင့် ထီအုပ်ရေ နှစ်သိန်းကျော် ထီရွက်ရေပေါင်း သိန်း ၂၀ အထိ တိုး၍ ရောင်းချခဲ့ကြောင်း အောင်ဘာလေသိန်းဆုဌာနမှ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge