Sunday, January 8, 2012

မြန်မာ့လက်မှုထည်များအတွက် သတင်းကောင်း



အာဆီယံ-ဂျပန်စင်တာ (AJC) မှ ကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ လုပ်ငန်းရှင်များအား စွမ်းအားစုမြှင့်တင်ပေးသည့် အစီအစဉ် တစ်ရပ်အနေဖြင့် AJC နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၄ ရက်တွင် မန္တလေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံးခန်းမ၌ ဂျပန်နိုင်ငံသို့ ဈေးကွက်ဝင်ရောက်ရေး အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ CLMV နိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များနှင့်ကုန်ထုတ်လုပ်သူများ၏ ကုန်ပစ္စည်းအရည်အသွေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေရန်၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် INACRAFT 2012 ပြပွဲသို့ ပါဝင်ပြသမည့်သူများရွေးချယ်ရာတွင် အကြံပြုရန်နှင့် ဒီဇိုင်း၊ ကုန်ပစ္စည်းအရည်အသွေး များတိုးတက်ကောင်းမွန်၍ ဂျပန်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်စေရန်တို့ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်မျက်ရတနာ လုပ်ငန်း၊ယွန်းထည်လုပ်ငန်း၊ ကနုကမာလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ကြိမ်ထည်လုပ်ငန်းများအပါအဝင် လက်မှုပစ္စည်းထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်သည်။ သို့ဖြစ်၍ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း - ၀၁-၂၁၄၃၄၄ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Unknown at 11:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အနှိပ်ခန်းများကို ပိတ်ရန် အမိန့်ထုတ်


ဝင်းကိုကိုလတ်
အတွဲ ၂၈ ၊ အမှတ် ၅၅၀ ( ၃၀ ၊ ၁၂ ၊ ၂၀၁၁ - ၅ ၊ ၁ ၊ ၂၀၁၂)
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိ ပြည်သူများ၏ လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေ၀ပ် တည်ငြိမ်ရေး အတွက် အနှိပ်ခန်းများ ပပျောက်စေရေး တားမြစ်ပိတ်ပင်သည့်အမိန့်တစ်ရပ်ကို နေပြည်တော် ကောင်စီက နိုဝင်ဘာလ ၃၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာချက် (၃/၂၀၁၁)ကို ထုတ်ပြန်ထားပြီး အရေး ယူ ဆောင်ရွက်နေကြောင်း သိရသည်။
"ကျွန်တော်တို့ ပျဉ်းမနားမှာတော့ အာဟာရသုခဈေးဘက်က အနှိပ်ခန်း နှစ်ခန်းကို အရေးယူခဲ့ပါတယ်" ဟု ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်က ပြောသည်။ နေပြည်တော်ကောင်စီဥပဒေ အခန်း (၃)၊ ပုဒ်မ(၈)၊ ပုဒ်မခွဲ(က)နှင့် (ခ)အရ တာဝန် ရှိသည်နှင့်အညီ ယင်းဥပဒေ ပုဒ်မ ၂၆(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး လျက် ယင်းအမိန့်ကြော်ငြာစာကို ထုတ် ပြန်လိုက်ခြင်းဖြစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ အနှိပ်ခန်းများ ဖွင့်လှစ်ခြင်းမပြုရဟု ဖော်ပြထားသည်။
လိုက်နာရန်ပျက်ကွက်ပါက ပျက် ကွက်သူကို ဥပဒေအရ အရေးယူဆောင် ရွက်မည့်အပြင် လုပ်ငန်းနှင့်ဆက်စပ်သော သက်သေခံ ပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခံထိုက်စေရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အနှိပ်ခန်းများဖွင့်လှစ်ရန် မိမိပိုင်ဆိုင် သော နေအိမ်၊ အဆောက်အအုံ၊ ဥပစာ တစ်ခုခုကို ငှားရန်းခြင်းမပြုရန်နှင့် ငှားရမ်းပါက ခြောက်လထက်မနည်း ချိတ်ပိတ်သိမ်းဆည်းမည်ဖြစ်ပြီး သတ် မှတ်ရက်ကုန်ဆုံးပါက ချိတ်ပြန်ဖွင့်ရန် နေပြည်တော်ကောင်စီသို့ လျှောက်ထား ရမည်ဖြစ်သည်။
အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူအချို့သည် ပျဉ်းမနားမြို့နယ်ရှိ ရပ်ကွက်အချို့တွင် လုံးချင်းအိမ်များကို တစ်လ သိန်း ဆယ်ဂဏန်းအထိပေး၍ ငှားရမ်းကာ ဖွင့် လှစ်လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံ များက ပြောကြားသည်။
"အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာ ခန်းတွေက ပေါင်းလောင်းရပ်ကွက်မှာ အများဆုံးပါ။ အိမ်ရှင်တွေကလည်း ရိုးရိုး အိမ်ငှားထားရင် နှစ်သိန်း၊ သုံးသိန်း လောက်ပဲရတာဆိုတော့ သိန်းဆယ် ဂဏန်းလောက်ရတော့ ငှားကြတာပေါ့" ဟု ဒေသခံတစ်ဦးက ပြောသည်။
သို့သော် အချို့အိမ်ရှင်များမှာ အခြား ဒေသများတွင် ရောက်ရှိနေသည့် အတွက် မိမိအိမ်ကို အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာလုပ်ငန်းအတွက် ငှားရမ်း ထားမိမှန်းမသိရှိကြကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထုတ်ပြန်ထားသည့် အမိန့်ကို အကောင်အထည်ဖော်ရန်အတွက် မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရပ်ကွက်၊ ကျေးရွာ အုပ် ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့မှ ချိတ်ပိတ်ခြင်း၊ တရားစွဲဆိုခြင်းများ ဆောင်ရွက်ရန် နေပြည်တော်ကောင်စီ က တာဝန်ပေးထားကြောင်းသိရသည်။

Unknown at 11:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD အမတ်လောင်းတွေ ရွေးနေပြီ



ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
(Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှ ထွက်ခွာသွားစဉ် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော် ၄ မြို့နယ်က လစ်လပ်နေရာတွေအတွက် ဗဟိုနဲ့ မနက်ဖြန် ညှိနှိုင်းမယ်လို့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေရဲ့ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဦးတာချီလာဆိုင်းကို ရွေးချယ်ပြီး ဗဟို အောင်နိုင်ရေးအဖွဲ့ကို တင်ပြလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းရင်းသားတွေထဲက ဦးစားပေး ရွေးချယ်ဖို့ NLD ဗဟိုက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်မြို့နယ်တွေအတွက် ကိုယ်စားလှယ်လောင်းနေရာ ၃ နေရာ လစ်လပ်နေပါတယ်။ မိုးကောင်း မြို့နယ်အတွက် ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးထွန်းကြည်ကို ရွေးချယ် တင်ပြထားပြီး၊ ဗန်းမော်မြို့နယ်အတွက် ပြည်နယ်စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်တင်ပြထားပါတယ်။

ပခုက္ကူမြို့နယ်မှာ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်၊ သောကြာနေ့က ကျင်းပရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟို အောင်နိုင်ရေးအဖွဲ့ကို စာရင်း တင်သွင်းဖို့ ဦးလှိုင်အေးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဦးလှိုင်အေးဟာ ပခုက္ကူမြို့နယ် စည်းကော်မီတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ပခုက္ကူ အမှတ် (၂) မဲဆန္ဒနယ်ကနေ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့ နယ်မှာ မနေ့က ကျင်းပတဲ့ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်အောင် မြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုတရားရုံးရှေ့နေ ဦခင်မောင်လတ်ကို မဲအများစုနဲ့ ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။
RFA
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားရှိတဲ့ ကားပိုင်ရှင်များ သတိထားကြပါ....

း
ယနေ့ ညနေ.၄ နာရီ 45 မိနစ်အချိန်ခန့်တွင် ရန်ကုန် မြို့ ၏ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်တွင် 
ကားခိုးယူမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
ကားပိုင်ရှင်များမှာ ဘုရားဖူးရန် စေတီတော်ပေါ်သို့တက်ရောက်ပြီး ပြန်ဆင်းလာချိန်တွင်..မိမိတို့၏
ကားမှာရပ်ထားသောနေရာတွင်မတွေ့ ရတော့ဘဲပျောက်နေသည်ကို တွေ့ရှိရရ်ျ သက်ဆိုင်ရာသို့သွားရောက် တိုင်ကြားရာတွင် ရွှေတိဂုံစေတီင်္တော်၏ အစောင့်များသည်..အေးဆေးစွာပင် လိုက်ပါလာကြပါသည်...ဘယ်နားမှာရပ်ထားလဲ ဘာအရောင်လဲ မေးမြန်းပြီး အနီးနာသို့ လှည့်ပတ်ရှာနေကြသည်....လုံခြုံရေးများမှာ ပူပင်သောက ရောက်နေပုံမပေါ်ပါ..ကားပိုင်ရှင်ဟုထင်ရသော အမျိုးသမီးမှာ စိုးရိမ်စိတ်အထွက်ထိပ်သို့ရောက်ရှိနေသည်ကို ကြည့်ရှုယုံမျှဖြင့် သိသာထင်ရှားလှပါသည်။
ကားပိုင်ရှင်အမျိုးသမီးမှာ ဒီကားက ညွန်ကြားရေးမှုး၏ ကားဟု ဆိုလိုက်ယုံပင်ရှိသေးသည်.....
အစောင့် တာဝန်ကျသော လူများမှာ မျက်လုံးမျက်ဆန်ပြုးပြီး...ဟာ ဒါဆို ဂေါပကရုံးကိုသွား အကြောင်းကြားကြ ပြီးရင် ရဲစခန်းကို ဖုန်းဆက်...မီးပွိုင့်တွေကို သတင်းပို့ စသည်ဖြင့် ဆူညံ့ ပွက်လောရိုက်သွားပါတော့သည်....
ကားပိုင်ရှင်နှင့် အစောင့်များသည် ဘုရားပေါ်သို့ တက်သွားကြပါသည်။
နောက်ဘာတွေဆက်ဖြစ်သည်ကို ဘကြီးသက် စောင့်ကြည့်မနေတော့ဘဲ ဘုရားဖူးပြီးပြန်လာပါသည်.
စုံစမ်းသိရှိရသည်မှာ ပျောက်သွားသောကားမှာ   ဘင် ကား နံပါတ် ၃(ဂ)  ++++++++ဖြစ်ပါသည်။ 

တိုးတက်ပြောင်းလဲ ရေးဆီသို့ဦးတည်နေသော မြန်မာနိုင်ငံတွင် သူခိုးများပေါများလာနေသည်
နံပါတ်မရှိဘဲ မောင်းနှင်နေသော ကားများလည်း လမ်းမပေါ်တွင် ဥဒဟိုသွားလာနေသည်...
လူများစည်ကားရာနေရာ လုံခြုံရေး တင်ကျပ်သောနေရာတွင်ပင် လက်ရဲ ဇက်ရဲ နိုင်လှပေသည်။
ကားပိုင်ရှင်တွေ သတိထားကြပါခင်ဗျာ..
ဘကြီးသက်..မှာကားမရှိသောကြောင့် ကားအတွက် စိတ်ပူစရာ မရှိပါ
ကားရှိတဲ့ ပိုင်ရှင်များ သတိထားကြပါ....

စေတနာ မေတ္တဖြင့်........................
                             ဘကြီးသက်..
                                                        8.1.2012  


Unknown at 10:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနားဗုံးပေါက်ကွဲမှု ဒေါ်ဒွဲဘူရှေ့နေလိုက်မည်

နိုဝင်ဘာလ၊ ၁၃ ရက်နေ့က ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌် ဗုံးပေါက်ကွဲခဲ့မှုအတွက် တရားခံအဖြစ် စွဲဆိုခံထားရသူ ဦးဒရောင်တန်ဂွန်းဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည်ဟု ကချင်ပြည်နယ် မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူက ပြောသည်။

“ပါတီနဲ့မဆိုင်ပါဘူး။ ကျွန်မက နဂိုကတည်းက ရှေ့နေတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်ဘာသာ တစ်ဦးချင်းဆုံးဖြတ်ချက်နဲ့လိုက်တာပါ။ အများပြည်သူဆိုင်တဲ့ နေရာမှာဖြစ်တာမဟုတ်ဘူး။ သူတို့မိသားစု ဒီအိမ်မှာပဲဖြစ်ပြီး ဒီအိမ်ကလူကသေသွားတယ်။ ဒီအိမ်ကလူက တရားခံဖြစ်တယ်ဆိုတော့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ကူညီနိုင်တဲ့ အပိုင်းကို ကူညီတာပါ။  သူတို့အနေနဲ့လည်း ကျွန်မကို အကူအညီတောင်းတယ်လေ” ဟု ၎င်းက YPI သို့ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ဗုံးပေါက်ကွဲပြီးနောက် မီးလောင်နေသည့်အိမ်ကို တွေ့ရစဉ်

စည်းလုံးရေး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စ.ဒ.က.က) ၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါ်ဒွဲဘူက ထိုကဲ့သို့ရှေ့နေလိုက်ခြင်းအား စိုရိမ်မှုအနည်းငယ်ရှိနေကြောင်း ၊ သို့သော်တားမြစ်ခြင်းမရှိကြောင်း ဒေါ်ဒွဲဘူက  ပြောကြားသည်။

 “ပါတီပိုင်းကတော့ စိုးရိမ်မှုရှိတယ်။ ဒါက အကြမ်းဖက်မှုဖြစ်တယ်ဆိုတော့ မတော်လို့ ကျွန်မတို့ပါတီကို သူများတွေက ဒီလိုအကြမ်းဖက်မှုတွေမှာ ပါတီက ပါဝင်ဆောင်ရွက်မှုရှိသလားဆိုတာကိုထင်သွားမှာစိုးရိမ်တာပါ။ အခြားတော့မရှိပါဘူး။ ” ဟု ၄င်းကဆိုသည်။

အဆိုပါအမှုအတွက် ယခုအချိန်တွင် ပါဝါတင်ထားဆဲဖြစ်ကြောင်း၊ ထို့ပြင် တိမ်းရှောင်သွားသူ သုံးဦးကိုလည်း လိုက်လံဖမ်းဆီးဆဲဖြစ်ကြောင်း၊ ၄င်းတို့အားဖမ်းဆီးရမိပါက ဦးဒရောင်တန်ဂွန်းအား ၄င်းတို့နှင့်အတူစစ်ဆေးမည်ဖြစ်ပြီး ဖမ်းဆီးရမိခြင်းမရှိပါက သီးခြားစစ်ဆေးသွားမည်ဟု သိရကြောင်း ဒေါ်ဒွဲဘူကဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါဗုံးပေါက်ကွဲမှုကြောင့် အိမ်ရှင်ဖြစ်သူ ဦးဒရောင်တန်ဂွန်း၏သားနှစ်ဦး မြေးတစ်ဦးအပါအ၀င် အမျိုးသား ၇ ဦး အမျိုးသမီး ၃ ဦးသေဆုံးကာ၊ အမျိုးသား ၁၄ဦးနှင့် အမျိုးသမီး ၉ ဦးဒဏ်ရာရခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင်ဖေါ်ပြခဲ့သည်။ အဆိုပါပေါက်ကွဲမှု အတွက် တာဝန်ရှိသည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ ဦးဒရောင်တန်ဂွန်းနှင့် ဇနီးအား အစိုးရမှ ဖမ်းဆီးထားသည်။

ဦးဒရောင်တန်ဂွန်းသည် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသူများကို ကူညီစောင့်ရှောက်နေသူတစ်ဦးဖြစ်ကာ ၄င်းပိုင်ခြံဝင်းအတွင်းတွင်လည်း မိဘမဲ့ကလေးများနှင့် ခိုကိုးရာမဲ့များကို စောင့်ရှောက်ထားသည်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) ခေါင်းဆောင်များမှာ မဒိန်ဇုံးတိန့်၊ ဒူဝါ ခက်ထိန်နန်၊ ရှေ့နေ လမြဂမ်တို့ဖြစ်၍  ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ခွဲထွက်လာပြီး ယင်းပါတီကို သီးခြားတည်ထောင်လိုက်ကြခြင်းဖြစ်သည်။       ။         ။

ဇန်န၀ါရီ ၆၊ ၂၀၁၂၊ (YPI)
Unknown at 9:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီးထံသို့ ဂီတမှုးတယောက်ရဲ့ သမီး အိတ်ဖွင့် ပေးစာ

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာ

           သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး
ဦးဝင်းမော်ပါ ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ် ။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ
၁၉၉၆ ထိ   ၇   နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ် ။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့
နိုဝင်ဘာ ၁၈ ရက် ၊ သမီးအသက် ၂  နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံခဲ့ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်း
ထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ် ။၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေ
နဲ့ သမီးတို့ မိသားစု ၅  နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး  ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်
ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစုထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ် ။ ဒီတစ်ခါတော့ န အ ဖ  စစ်အစိုးရက
ဖေဖေ့ကို ထောင်ဒဏ်  ၁၇  နှစ် ချလိုက်ပါတယ် ၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း
လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ဆိုပါတယ်။ ဖေဖေ ဟာ ရတနာ ၃ ပါးကို
အရမ်း ရိုသေလေးစားသူဖြစ်ပါတယ် ။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်းထိန်း
သိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်းတည်တံ့ခိုင်မြဲနေ
တာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ်ဆိုတာပါဘဲ ။ ၂၀၀၇ မှာ သံဃာတော်တွေဟာ
 ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်
ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video  ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်
ကျခဲ့ရပါတယ် ။ အဲဒီတုန်းက ဖေဖေ ပြောတာက  တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့ ။
                 ၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အတည်ပြုပြီးတော့ ဖေဖေဟာ သူ့
သူငယ်ချင်းတွေနဲ့အတူတူ အားလုံးအိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ် ။ သမီးဖေဖေ ရဲ့
သူငယ်ချင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း  မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြ
တယ်တဲ့ ။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက  သူတို့လက်မခံနိုင်တဲ့  ဥပဒေ အချို့ကို
လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်
ရွေးချယ်ဖို့ ၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူလက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ဆောင်ရွက်ကြဖို့ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဘူးတယ် ။  သက်ဆိုင်ရာ အာဏာပိုင်တွေ
တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘာတစ်ခုမှ
တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ
ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့
ဖေဖေ တို့လွတ်မြောက်တော့မယ်လို့ သမီးတို့မျှော်လင့်ခဲ့ကြပါတယ် ။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်း
ချမ်းသာခွင့် ၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး ။
သမီးဖေဖေ ရဲ့  ဖခင် သမီးဖိုးဖိုးဟာ အသက်  ၈၉ နှစ်ရှိပါပြီ ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်
မျှော်နေဆဲပါ ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူအကျဉ်းထောင်မှာထောင်ဝင်စာသွားတွေ့
နေတုန်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်တာနဲ့ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င်
ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှပါမလာကြပြန်ပါဘူး ။ ဖေဖေက ဘာပြောလဲဆိုတော့ သူ့ကျွန်ဘဝ
မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ ကိုဆန့်ကျင်တဲ့
သခင်နုတို့ ၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းရင်တောင်  ၆  လ ဘဲထောင်ချခဲ့လို့
သခင်ပေါက်စ ထောင်ခြောက်လ လို့တောင်ပြောစမှတ် ရှိခဲ့တယ်တဲ့ ၊ အခု ကိုယ့်လူမျိုး ဘာသာတူ
တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရလက်ထက်မှာမှ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်
ကြသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲကြသူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေ ၊ နှစ်ရှည်
ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ်တဲ့ ။ အခြေခံ
ဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့ ၊ ဥပဒေကို စစ်တပ်ကလွှမ်းမိုးထားလို့ ၊ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ
တော့ ဖေဖေ တို့အားလုံးပြန်လွတ်မှာပါလို့ သမီးတို့လိုဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ ။ဖေဖေက
ဂီတသမားဆိုတော့  ဂီတပညာနဲ့ ပတ်သတ်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ် ။ ဂီတမှာ Timing ဟာ
အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော ။  ထို့အတူဘဲ
ဟင်းချက်ရာမှာဘဲဖြစ်ဖြစ် ၊ အားကစား လုပ်ရာမှာဘဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ် ။  သီချင်းတစ်ပုဒ် ၊
ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ ၊ နိုင်ငံရေးမှာ Timing
လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ် ။ တစ်မျိုးသားလုံးဂုဏ်ထိခိုက်နစ်နာစေတယ် ။ နိုင်ငံရေး
မှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ခြင်းပါဘဲ ။ ဖေဖေ တို့ကို လွှတ်
မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်းမဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်
ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ၊ဖေဖေ
တို့အပေါ် သမ္မတကြီးက အာဃာတ တရားကြီးမားနေတာကိုဘဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ပြော
ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ် ၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ် ၊
တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီး
တို့မောင်နှမတွေလေးစားဂုဏ်ယူနေမှာပါ ၊ ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသား
ဘဲဆိုဆို၊ လုံခြုံရေးအကျဉ်းသားဘဲပြောပြော ၊ နိုင်ငံရေးအကျဉ်းသားဘဲ ခေါ်ခေါ် ၊ သီးသန့်အကျဉ်းသားဘဲ
မှတ်မှတ် ၊ အဲဒီအမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး ။ သူတို့တွေဘာအတွက် ဘယ်သူ့အတွက်
အသက်တွေဘ၀တွေကိုပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့သမီး
ထင်ပါတယ် ။ သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်
ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့အမုန်းတရားတွေအောက်မှာ တရားလက်လွတ်ဖိနှိပ်ခံနေရတာပါ ။
ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ် ၊ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုဘဲ သမီးတို့မျိုးဆက်သစ်လေး
တွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ် ။ အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်
ရပ်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ ။ ဂစ်တာလေးတီးသီချင်းဆိုရုံ ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ ၊ မေတ္တာပို့
ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်
မှာ သမီးတို့ တစ်နိုင်ငံဘဲ ရှိတယ်လို့ထင်ပါတယ် ။ သမိုင်းဟာ ဖေဖေ တို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်
မှာမဟုတ်ပါဘူး ။
                 သမ္မတကြီးနဲ့တကွတိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး ၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်း
တဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း ၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့
သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ် ။

ဖေဖေအပါအ၀င် တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို
ကြိုဆိုမျှော်လင့်လျှက် . . . . .

                       သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
                                                                              ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
                                                                                                  ခင်စုကြည်
                                                                         ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
                                                                                 ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ - ၈ ရက်။









Unknown at 9:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဖြူရောင်တနင်္ဂနွေ လှုပ်ရှားမှုအား တာမွေ၌ ကျင်းပ

ရန်ကုန်၊ ဇန်န၀ါရီ ၈
ယုံကြည်ချက်ကြောင့် အ အကျဉ်းကျခံရသူဟောင်းများဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးအ ကျဉ်းသားများ လွတ်မြောက် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အကျဉ်းထောင်အသီးသီး၌ ယုံ ကြည်ချက်ကြောင့် ပြစ်ဒဏ်ကျ ခံနေရသူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် အဖြူရောင် တနင်္ဂနွေ(White Sunday) လှုပ် ရှားမှုအား ဇန်န၀ါရီ ၈ ရက်နေ့ က တာမွေမြို့နယ်အတွင်း ပြု လုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံရ သူဟောင်း ၃၅ ဦးခန့်ပါဝင်ခဲ့ပြီး တာ မွေမြို့နယ်ရှိ တာမွေပလာဇာရှေ့မှ ငြိမ်သက်စွာ စီတန်းလှည့်လည်၍ တာမွေမြို့နယ်အတွင်းရှိ ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ ၁၅ ဦး၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ မိသားစုဝင်များ အား သွားရောက်အားပေးစကား ပြောကြား၍ စာအုပ်များ လှူဒါန်းခဲ့ သည့်အပြင် ၎င်းင်းတို့၏သဘောထား များကို မေးမြန်းခဲ့ကြောင်း သိရ သည်။
အဖြူရောင်တနင်္ဂနွေလှုပ်ရှား မှုအဖွဲ့အား နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ အီတလီနိုင်ငံမှ မီလန် မြို့တော်ဝန်၏ အတွင်းရေးမှူး၊ မြန်မာ-အီတလီချစ်ကြည်ရေးအ အသင်းဥက်္ကဋ္ဌနှင့် အီတလီ ဆီးနိတ် လွှတ်တော်အမတ်ဖြစ်သူ Mr. Joseph Malpeli က တာမွေမြို့ နယ်ရှိ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရသူ ကိုကျော်ကိုကို၏ နေအိမ်၌ လာရောက်တွေ့ဆုံခဲ့ပြီး အဆိုပါအဖွဲ့၏ လှုပ်ရှားမှုရည်ရွယ် ချက်နှင့် မြန်မာနိုင်ငံ နိုင်ငံရေးအ ကျဉ်းသားများအပေါ် အစိုးရမှ ဆောင်ရွက်ပေးမှုအခြေအနေများ အား မေးမြန်းခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံရသူများ အမြန်ဆုံးလွတ် မြောက်ရေးအတွက် ငြိမ်သက်စွာ စီတန်းလှည့်လည်၍ အကျဉ်းကျခံ နေရသူများ၏ မိသားစုဝင်များအား သွားရောက်တွေ့ဆုံသော အဖြူ ရောင်တနင်္ဂနွေလှုပ်ရှားမှုတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံရ သူဟောင်းများအဖွဲ့ ဗ-က-သ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ်္ဂ)နှင့် New Generation Wave အဖွဲ့တို့ ပါဝင်ကြကြောင်း သိရသည်။

ထိုလှုပ်ရှားမှု ကျင်းပဖြစ်ခြင်း နှင့်ပတ်သက်၍ ယုံကြည်ချက် ကြောင့် အကျဉ်းကျခံရာမှ ပြန်လည် လွတ်မြောက်လာသူတစ်ဦးဖြစ်သော ကိုကိုကြီး(စမ်းချောင်း)က “၂၀၁၁ မကုန်ခင် ဒီဇင်ဘာလထဲက ဒီလှုပ် ရှားမှုကို စတင်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဇန်န၀ါရီလ ၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထွက် မယ်ကြားလို့ ဒီအစီအစဉ်ကို ခဏ နားထားခဲ့တယ်။ တကယ်တမ်း ဇန်န၀ါရီလ ၃ ရက်နေ့မှ အကျဉ်း ထောင်တွေက ပြန်လွှတ်တော့ ကျွန်တော်တို့လူတွေက အယောက် ၂၀ လောက်ပဲ ပါတယ်။ အဲဒီအ တွက် ဒါဟာ မဖြစ်သင့်တော့ဘူး။ တို့တွေ ဒီအတိုင်း ထိုင်နေလို့ မရ တော့ဘူးဆိုပြီး ဒီနေ့ကစပြီး White Sunday  ကို အားလုံး အင်ပြည့်အား ပြည့်နဲ့ လုပ်ဖြစ်တာ။ အရင်ကတော့ နှစ်သစ်ကူးမှာNew Year Card လောက်သာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ မိသားစု ၀င်တွေကို သွားပေးဖြစ်တာ။ ကျွန် တော်တို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ၂၀၁၂ ကို Freedom and Peace (ငြိမ်းချမ်းရေးနှင့်လွတ် မြောက်ရေး)နှစ်လို့ သတ်မှတ်ထား တာ။ ဒါပေမဲ့ တကယ်တမ်းမှာက ထင်သလိုဖြစ်မလာတဲ့အတွက် လုပ် စရာရှိတာတွေကို အရှိန်အဟုန်နဲ့ လုပ်မှဖြစ်တော့မယ်ဆိုပြီး လုပ်ခဲ့ တာ။ အခု ဒီအစဉ်အစဉ်တင်မက ဘူး။ အခြားလုပ်စရာတွေကို တိုးမြှင့် ပြီး လုပ်ခဲ့တာ။ အခု ဒီအစီအစဉ် တင်မကဘူး။ အခြားလုပ်စရာတွေ ကို တိုးမြှင့်ပြီး ဆက်လုပ်သွားဖို့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ တာအပြင် လွတ်မြောက်ရေးအ တွက် လက်မှတ်ထိုးတာတို့နဲ့ ကွန် ဖရင့်ကြီးတွေကအစ လုပ်သွားဖို့ရှိပါ တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံ ရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ လိုက်တွေ့ဖို့က အခုလောလော ဆယ် လက်လှမ်းမမီသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တွေနဲ့ တွေ့ဆုံရတာက ကျွန်တော် တို့တွေဟာ သူတို့တွေရဲ့လွတ် မြောက်မှုအတွက် အမြဲတမ်း ကြိုး စားနေတယ်ဆိုတာနဲ့ သူတို့တွေ ထောင်ကျနေတာကို မေ့လျော့နေ တာမရှိဘဲ သူတို့လွတ်မြောက် အောင် ကြိုးစားဆောင်ရွက်နေ တယ်ဆိုတာကို သိစေချင်တယ်။ နောက်တစ်ခါ မင်းကိုနိုင် မွေးနေ့ တုန်းက လှူထားတဲ့စာအုပ်တွေကို လည်း အဲဒီအကျဉ်းသားတွေကို လိုက်ပေးတယ်”ဟု ဆိုသည်။
ဆက်လက်၍ လက်ရှိအစိုးရ အနေဖြင့် ဥရောပသမဂ်္ဂနှင့် အမေရိ ကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအား နိုင်ငံရေး အကျဉ်းသားများနှင့် လဲလှယ်လို သည့်သဘောရှိကြောင်း၊ အမှန်မှာ နိုင်ငံရေးအကျဉ်းသားများကို အမြန် ဆုံးလွှတ်ပေးကာ ပူးပေါင်းဆောင် ရွက်မည်ဆိုပါက ပိတ်ဆို့မှုကို ကျော် လွှား၍ ကောင်းမွန်သော နိုင်ငံရေး အခြေအနေသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိ အကျဉ်းကျခံ နေရသော နိုင်ငံရေးအကျဉ်းသား များမှာ နိုင်ငံအတွက် တန်ဖိုးရှိသော ရတနာများဖြစ်ကြောင်း၊ သူတို့အား ပြန်လွှတ်၍ ပူးပေါင်းဆောင်ရွက်မည် ဆိုပါက ဒီမိုကရေစီနိုင်ငံ ထူထောင် ရေးမှာ များစွာအောင်မြင်နိုင်မည်ဖြစ် ကြောင်း ၎င်းင်းက သုံးသပ်ပြောကြားသည်။
သူရထွန်း (ပေါ်ပျူလာဂျာနယ်)
Unknown at 9:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားပျက်ပြီ (ပေးစာ)

တရားပျက်ပြီ ...

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်တရားရုံးနှင့်ထားဝယ်မြို့နယ်တရားရုံးများမှ တရားသူကြီးများ သည် ပြင်ပရှေ့နေများနှင့်အပေးအယူလုပ်ပြီးနှစ်ဖက်အမှုသည်များထံမှ နှစ်ဖက်စလုံးကိုခွစားကာ စည်းပွားရှာ လျှက်ရှိပါသည်။ ပြင်ပရှေ့နေများဖြစ်သော အထက်တန်းရှေ့နေဦးအေးလွင် နှင့်တရားလွှတ်တော်ရှေ့နေများ ဖြစ်သော ဦးတင်ရှိန်၊ဦးအောင်ဌေးတို့သည် ထားဝယ်ခရိုင်တရားရုံးနှင့် ထားဝယ်မြို့နယ်တရားရုံးများမှ အထူးသဖြင့် အမျိုးသမီးတရားသူကြီးများ၊ ၀န်ထမ်းများနှင့်ပူးပေါင်းကာ နှစ်ဖက်အမှုသည်များထံမှ တံစိုးလက်ဆောင်ငွေကြေးများယူပြီး ဥပဒေကို လက်တလုံးခြားလှည့်စားကာ တရားသူကြီး၏ လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုကာ တရားစီရင်ကြသည့်အတွက်
(
၁) ငွေကြေးမတက်နိုင်သူများ
(
၂) မသိနားမလည်သူများ
(
၃) ရှေ့နေများ၏ နည်းပရိယာယ်များ၊ ခြိမ်းခြောက်ဟန့်တားမှုများကြောင့်သော်၎င်း
(
၎) နှစ်ဖက်ရှေ့နေများနှင့် တရားသူကြီးတို့ ညှိနိုင်းအကွက်ချ စီရင်ဆောင်ရွက်မှုများကြောင့် နိုင်သင့်သောအမှုများ ရှုံးရခြင်း၊ ရှုံးသင့်သောအမှုများ အနိုင်ရရှိခြင်း၊နိုင်သင့်သောအမှုများသည်ပင်လျှင် ကုန်သင့်သည်ထက် များစွာကုန်ကျခဲ့ပြီးမှ အမှုအနိုင်ရရှိကာ နာမည်တစ်လုံးအတွက် ငွေကြေးရော၊ သိက္ခာပါ ဆုံးရှံးရသည့်အမှူသည် အများအပြားရှိပါသည်။

ငွေများတရားနိုင် ဆိုသည့်စကားရပ်သည် အဆိုပါတရားရုံးများတွင် သွေးထွက်အောင်မှန်နေပြီ ဖြစ်ပါသည်။ မကြာမှီက ပြီးစီးသွားသောအမှုတစ်ခုသည် နှစ်ဖက်စလုံးကို ဒဏ်ငွေ ၁၀၀၀ ကျပ်စီ ချမှတ်ခံရသည်။ ရှေ.နေခ၊ တရားသူကြီးကန်တော့ရငွေ၊ ၀န်ထမ်းများအား ပေးကမ်းရငွေများကြောင့် တစ်ဖက်က စရိတ် ၃၈ သိန်းကျပ်နှင့် ကျန်တစ်ဖက်က ၃၅ သိန်းကျပ်စီ ကုန်ကျခဲ့ကြပါသည်။နောက်အမှုတစ်ခုတွင်မူ ငွေသိန်းလေးဆယ်ရလိုမှုဖြင့်စွဲဆိုရာ သိန်း၁၂၀ကုန်ပြီးမှ အနိုင်ရသည့်အမှုလည်း ရှိပါသည်။တစ်ချို.အမှုသည်များသည် စိတ်ပျက်လွန်းလှသဖြင့် အယူခံအဆင့်ဆင့်ပင် မတက်နိုင်တော့ပါ။အချို့အမှုသည်များမှာ အမှုလည်းပြီး၊ ရှိတာလည်းကုန်၊ ဘ၀လည်းပျက်ရသည်အထိ ရင်နင့်ဖွယ် ခံစားနေကြရပါသည်။

၎င်းတရားရုံးများတွင် သြဇာအရှိဆုံးရှေ့နေမှာ ဦးအေးလွင်ဖြစ်ပါသည်။ ၀န်ထမ်းအားလုံးက ပါပါး(အဖေ) ဟု ခေါ်ကြသည်။ ၀န်ထမ်းများအား ရက်ရက်ရောရောပေးကမ်းပြီး အထူးသဖြင့် အမျိုးသမီးတရားသူကြီးများကို စီးပွားဖြစ်ရှာကျွေးနေသူ ဖြစ်ပါသည်။ ဦးအေးလွင်လိုက်သော အမှုများကို တရားသူကြီးများက ကိုးကားရမည့်စီရင်ထုံးများကိုပင် ပြောပြပြီး အနိုင်ရအောင် ဆောင်ရွက်ပေးလျှက်ရှိပါသည်။တရားသူကြီးများကလည်း အမှုသည်များအား ဦးအေးလွင်အား ငှားလျှင် အမှုနိုင်ခြေရှိပါတယ် ဟုခေါ်ယူပြောဆိုပြီး၊ ရှေ့နေပြောင်းခိုင်းခြင်းများပင် ရှိပါသည်။ ဦးအေးလွင်ကလည်း ငွေကြေးမတတ်နိုင်သည့် ၎င်း၏အမှုသည်များကို သစ္စာဖောက်ပြီး၊ တစ်ဖက်ရှေ.နေနှင့်တိုင်ပင်ကာ အမှုအနိုင်ရအောင်လုပ်ပေးမည် ဟုဆိုကာ တရားသူကြီးများကိုပါ ငွေပေးစေပြီး၊ မိမိ၏အမှုသည်ကိုပင် အမှုရှုံးအောင် အကွက်ချ ဆောင်ရွက်သည်များလည်း ရှိပါသည်။ငွေတတ်နိုင်သည့်အမှုသည်များမှာ ရှုံးလည်းနိုင်၊နိုင်လည်းနိုင်ဖြစ်နေပါသည်။ ငွေမနိုင်သည့် အမှုသည်များမှာ အရှုံးနှင့်သာ ရင်ဆိုင်ရလျှက်ရှိပါသည်။

ထိုသို့ဖြစ်ချင်တိုင်းဖြစ်နေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်တိုင်ပင် ခွဲတမ်းရနေ၍ မသိချင်ယောင်ဆောင်နေသလား ဟုထင်မြင်ယူဆနေကြပါသည်။တရားရုံးဝန်ထမ်းများကလည်း အမှုသည်များ မသိနားမလည်၍ မေးမြန်းသောအခါတွင်လည်း ပိုက်ဆံရမှ ဖြေချင်ကြပါသည်။ အမှုတွဲကူးခပင်လျှင် ကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးကြရပါသည်။ ၎င်းတရားသူကြီးများအနက် အချို့တရားသူကြီးများလည်း ယခင်ကအပြစ်ရှိ၍ တရားစီရင်သောတာဝန်မှ ရုံးဖက်သို့ ပြောင်းရွှေ့အပြစ်ပေး တာဝန်ချထားခံရသူများရှိပြီး၊ ယ္ခုတရားသူကြီးချုပ်မှ တရားသူကြီးတာဝန်ပြန်ပေးထားသည့်အတွက် တရားသူကြီးချုပ်ကိုပင်လျှင် သံသယပွား လျှက်ရှိပါသည်။

တနင်္သာရီတိုင်းမှ ပြည်သူတဦး
Unknown at 2:33 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျီအက်စ်အမ်ဖုန်းများ ငါးနှစ်အတွင်း 4G အထိ အဆင့်မြှင့်မည်


ဂျီအက်စ်အမ်ဖုန်းများအား ငါးနှစ်အတွင်း 4G အဆင့်ထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာ-ကိုရီးယား နှစ်နိုင်ငံကြား ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ သတင်းရရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲနိုင်မှုမှာ တစ်နိုင်ငံလုံး လူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးစွဲနိုင်သေးကြောင်း၊ ငါးနှစ်အတွင်း ဖုန်းအလုံးရေ သန်း ၃၀ ချထားကာ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ဖုန်းသုံးစွဲနိုင်ရန် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဖုန်းအလုံးရေ လေးသန်းအား ချထားပေးရန် စီစဉ်ထားကြောင်း၊ လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဖုန်းအလုံးရေ နောက်ထပ် ငါးသန်းအား ထပ်မံချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။ 4G အဆင့်ထိ မြှင့်တင်သွားမည်ဆိုသည်မှာ ကောင်းမွန်ကြောင်း၊ သို့သော် လတ်တလောတွင် နိုင်ငံ့လူဦးရေ၏ ငါးရာခိုင်နှုန်းသာ ဖုန်းသုံးနေသည့်အချိန်၌ပင် ဖုန်းလိုင်းများ ပြတ်တောက်မှု၊ ခေါ်ဆိုရခက်မှုများ ရှိနေသေးသည့်အတွက် အဆိုပါ အခက်အခဲများကိုလည်း ဦးစားပေး ဖြေရှင်းပေးခြင်းဖြင့် သုံးစွဲသူများကို ပိုမိုအဆင်ပြေစေမည်ဖြစ်ကြောင်း ဖုန်းအသုံးပြုသူများက ပြောကြားခဲ့ပါသည်။ ''4G ကတော့ လုပ်ပေးနိုင်ရင် ကောင်းတာပေါ့။ အခုက နိုင်ငံ့လူဦးရေရဲ့ ငါးရာခိုင်နှုန်းပဲ ဖုန်းအသုံးပြုနိုင်သေးတာလေ။ အဲဒီအချိန်မှာတောင် ဖုန်းလိုင်းက အရမ်းကောင်းနေရမှာ။ အိမ်ထဲမှာ၊ အဆောက်အအုံထဲမှာမို့လို့ ဖုန်းမမိလို့ အပြင်ထွက်ပြောရတာမျိုး၊ ဖုန်းပြောနေရင်း တိခနဲ ပြတ်ကျသွားတာမျိုးလေးတွေ ရှိနေသေးတာ။ ဒါတွေကို အရင်ဦးစားပေး ဖြေရှင်းမယ်၊ ပြီးမှ 4G ကို သွားမယ်ဆို ပိုကောင်းမယ် ထင်တာပဲ။ သုံးစွဲရတဲ့သူတွေလည်း ပိုအဆင်ပြေတာပေါ့။ တစ်ခုရှိသေးတာက ကျွန်တော် ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်တဲ့အခါ ကနဦး ဖုန်းငှားရမ်းခ၊ ဖုန်းတပ်ဆင်ခဆိုတာ မရှိဘူး။ ပြောချင်သလောက်ပြော ကျသလောက်ရှင်းနည်းနဲ့ သွားတဲ့အတွက် ဖုန်းသုံးနိုင်တဲ့သူ ပိုများသလို အခွန်လည်း ပိုရတယ်။ ပြီးတော့ Network နဲ့ ပတ်သက်လို့လည်း တခြားနိုင်ငံတွေမှာက Plan ကြီးချပြီး လုပ်ထားကြတဲ့အတွက် ဘာပြဿနာမှ မတွေ့ရဘူး'' ဟု ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူတစ်ဦးက ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်း အသုံးပြုသူတစ်ဦးလည်း ''ဒီနှစ်ပိုင်းမှာ ဖုန်းချထားပေးတာ များလာပေမယ့် အတိုင်းအတာ တစ်ခုအထိပဲ ဖုန်းကိုင်နိုင်ပါသေးတယ်။ ပေးသွင်းရတဲ့ ပမာဏကလည်း နိုင်ငံတကာနဲ့ယှဉ်ရင် ပိုမြင့်တယ်။ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေထက်စာရင် ဖုန်းအမျိုးအစား ပိုများတယ်။ ဒါပေမယ့် သုံးစွဲသူက နည်းနေတယ်။ သုံးရတဲ့ အမျိုးအစားထက် သုံးစွဲသူက ၀န်ဆောင်မှုအပေါ် ကျေနပ်နှစ်သိမ့်မှုနဲ့ ပါဝင်အသုံးပြုနိုင်မှုကို ပိုလိုချင်ပါတယ်။ အခုချိန်မှာ ၀န်ဆောင်မှု တိုးမြှင့်ပေးမယ်ဆိုရင်လည်း ဖုန်းအလုံးရေ တိုးမြှင့်ချထားပေးဖို့နဲ့ ဖုန်းဆက်သွယ်မှု ကောင်းမွန်ဖို့ကိုပဲ ပိုမျှော်လင့်ပါတယ်'' ဟု ထင်မြင်ချက်ပေးခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 1:43 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် မြေနေရာများ ရှာဖွေ လျက် ရှိ



ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် မြေနေရာများ ရှာဖွေ လျက် ရှိ
မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ဟိုတယ် စီမံကိန်း အသစ် ၁၂ ခု ဖော်ထုတ်ရန် ဖော်ထုတ်မည့် ဟိုတယ်ဇုန်များမှ မြေနေ ရာများ ပေးရန် တောင်းခံ ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။ ယခု လက်ရှိတွင် နေပြည် တော်ဇုန်၊ ရန်ကုန်ဇုန်၊ တောင်ကြီးဇုန်၊ ငွေဆောင်ဇုန်၊ ချောင်းသာဇုန်၊ မန္တလေး ဇုန်၊ ရခိုင်ဇုန်၊ မော်လမြိုင်ဇုန်၊ ပဲခူးဇုန်၊ ပုဂံဇုန်၊ ရွှေတြိဂံဇုန် ဟူ၍ ဟိုတယ်ဇုန် ၁၁ ခုရှိပြီး ဟိုတယ်ဇုန်ဖော်ထုတ်ရန် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး (အင်းလေး) တွင်ဟိုတယ်ဇုန် အသစ်ဖော် ထုတ်ရန်လည်း စီစဉ်နေကြောင်းသိရသည်။
အဆိုပါ အပြင် ယခု အသစ်ဖော် ထုတ်မည့် ဟိုတယ် ၁၂ ခုမှာ တနင်္သာရီ တိုင်းဒေသကြီး အတွင်းရှိ မြိတ်နှင့် ကော့ သောင်း နှစ်နေရာ၊ ဧရာဝတီတိုင်း ဒေ သကြီးအတွင်းရှိ ငွေဆောင်နှင့် ချောင်း သာ၊ ရှမ်းပြည်နယ် အတွင်းရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထီးရိုး၊ မော်လမြိုင်နှင့် မြ၀တီ၊ ရခိုင်ပြည်နယ်အတွင်းရှိ ငပလီ နှင့်မြောက်ဦးတို့ဖြစ်သည်။
“တာချီလိတ်၊ ကျိုင်းတုံ ဘက်မှာ တော့ ဟိုတယ်ဇုန်လုပ်ဖို့ မြေက မရှိဘူး။ မြေပြန့် မရှိဘူး။ ရှိတာတွေလည်း နှစ် ရှည်ပင် စိုက်ပျိုးတဲ့ မြေတွေပဲရှိတယ်။အခု ၀န်ကြီး ဌာနကို စာတင် ပို့ထားပါပြီ။ ဒီ ဘက်မှာတော့ မြေအနေအထား အခြေ အနေတွေကို ၀န်ကြီးဌာနကိုပေးလိုက် ပြီ”ဟု ရွှေတြိဂံဇုန်မှ ဥက္ကဋ္ဌ ဦးစိုးရွှေက ပြောကြား သည်။
ဟိုတယ်ဇုန်များ ဖော်ထုတ်ရာ တွင် နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှု အဆင် ပြေလွယ်ကူရေး ကော်မတီ လုပ်ငန်းတာ ၀န်များတွင် ဟိုတယ် လုပ်ငန်းများ စနစ် တကျဖွံ့ ဖြိုးရေး နှင့် ဟိုတယ်ဇုန်များနယ် မြေ သတ်မှတ်ရန် ကိစ္စရပ်များ အတွက် ပူးပေါင်း ဆောင်ရွက်ရန် ပါရှိသဖြင့် အ ဆိုပါ ဟိုတယ်ဇုန်မြေ နေရာရှာဖွေမှုအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
“ဟိုတယ်ဇုန် တွေလုပ်တာက သက် ဆိုင်ရာပြည်နယ် အစိုးရတွေရဲ့ သဘော တူညီမှု ကိုရမှဖြစ်မယ်။ နယ်မြေ လူထု ကလည်း ဒါကိုလုပ်စေချင် တယ်။ ဟို တယ်ဇုန်တွေ လုပ်တာက လည်း ဒေသခံ တွေရဲ့ စီးပွားရေး အလုပ်အကိုင် တွေ ရစေချင်တယ်။ အဓိက တော့ ကျေးလက် လူနေမှု ဘ၀တွေကို မြင့်မား စေချင် တယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီးက ပြောသည်။
“ငွေဆောင်မှာ ဟိုတယ်ဇုန်လုပ် ဖို့က နေရာရှိတယ်။ အခု လုပ်မယ့်မြေ နေရာက စင်ထရယ် ဟိုတယ် ဘက်ဘူး ကွဲချောင်း ဘက်မှာ မြေနေရာ တွေရှိ တယ်။ ဆင်စခန်း ကိုလည်း ဒီဘက်ခြမ်း ကို ရွှေ့မယ် လို့ကြားတယ်။ အခုထိ တော့ မြေနေရာ မရွေးချယ် ရသေးဘူး”ဟု ငွေ ဆောင် ဒုဥက္ကဋ္ဌ ဦးကျော်ထွန်းကဆိုသည်။
ထို့ပြင် ရခိုင်ဇုန်မှ တာဝန်ရှိသူ တစ်ဦးကလည်း “ငပလီနဲ့ မြောက်ဦးမှာ ဟိုတယ်ဇုန် လုပ်မယ်ဆိုရင် ကောင်းတာ ပေါ့။ စိတ်ဝင်စားတယ်။ လုပ်လာ နိုင်ရင် ကောင်းပါတယ်။ အခု လက်ရှိ မြောက် ဦးမှာ ဟိုတယ် ငါးလုံးပဲရှိတယ်”ဟု ဒုဥက္ကဋ္ဌ ဦးသန်းရွှေက ဆိုသည်။
“ချောင်းသာ ရွှေသောင်ယံ ကမ်းခြေ ဘက်ကို ဟိုတယ်ဇုန် လုပ်ဖို့ ရည်ရွယ် ထား တယ်။ အခုတော့ မတင်ပြရ သေး ဘူး။ အားလုံး ၀ိုင်းဝန်းပြီး ဆွေးနွေး ဦး မယ်”ဟု ဦးမောင်မောင်ထွေးကပြော ကြားသည်။
ဖော်ထုတ်မည့် ဟိုတယ်ဇုန်များ အလိုက် မြေနေရာ ရှာဖွေခြင်းအား သက်ဆိုင်ရာ ဇုန်မှ တင်ပြရန်နှင့် ရှာ ဖွေသော မြေနေရာများအား မြေပုံ၊ ကောင်းကင် ဓာတ်ပုံများနှင့်တင်ပြရန် ၀န်ကြီး ဌာနက လမ်းညွှန် ထားကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနတွင် ဟိုတယ်လိုင် စင်ရ ယူထားသော ဟိုတယ် အလုံးရေ ၇၂၉ လုံးရှိပြီး မြန်မာ နိုင်ငံ ဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များ အသင်း(MHA)တွင် အသင်းဝင်ထားသည့် ဟိုတယ်အလုံး ရေ ၆၀၂ လုံး ရှိပြီး အခန်းပေါင်း ၂၀,၄၃၇ ရှိကြောင်းသိရသည်။
Unknown at 1:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဓ္ဓမ ပြုကျင့်သူအား လက်ငြိုးထိုးပြပါ

၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ကရင်နီပြည် ရှားတောမြို့နယ် ဒေါဝယ်ရောကျေးရွာနှင့် ရှမ်း-ကရင်နီနယ်စပ် လမ်းကြား တနေရာတွင် အမျိုးသမီး တဦးအား စစ်တပ်မှ အဓ္ဓမ ပြု့ကျင့်ခဲ့ပြီး ပြုကျင့်သူအား လက်ငြိုးထိုးပြရန် တပ်အရာရှိများမှ တောင်းဆိုခဲ့သော်လည်း ခံရသူက မပြနိုင်ကြောင်း သိရသည်။
ရှားတောမြို့နယ်မှ ကျေးရွာ တရွာ (ဓါတ်ပုံ-ကေတီ)
“ပြုကျင့်ခံရသူနဲ့အတူ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတို့ကအဲဒီတပ်စခန်းကို သွားတိုင်ကြားပါတယ်။ ဘယ်တပ်မတော်က ပြုကျင့်လဲ ဆိုတာကို လက်ငြိုး ထိုးပြနိုင်ရမယ်လို့ တပ်ရင်းမှူးက စိန်ခေါ်လိုက်တဲ့ အခါမှာ ပြုကျင့်ခံရသူက မမှတ်မိဘူးတဲ့။ ပြုကျင့်သူက စစ်တပ် ဖြစ်တယ်ဆိုတာ သေချာပါတယ်တဲ့။ ဒါပေမဲ့ သူမကို အတင်းအဓ္ဓမ ပြု့ကျင့်စဉ်က မျက်နှာဖုံးထားတယ်လို့ ဆိုပါတယ်” ဟု ရပ်မိရပ်ဖတို့နှင့် နီးစပ်သူ တဦးက ပြောပါသည်။

ပြုကျင့်ခံရသူ အသက် ၄၀ အရွယ် မော်စိုးမယ် (နာမည်အရင်း မဟုတ်)နှင့်အတူ ဒေါဝယ်ရော ရွာသူကြီးနှင့် ရပ်မိရပ်ဖတို့သည် ပြစ်မှုကျူးလွတ်သူအား အရေးယူနိုင်ရန် ဒီဇင်ဘာလ ၁၂ ရက်နေ့က ရှားတောမြို့နယ် ထင်းရူးတောင် အခြေစိုက် ခမရ ၅၇၅ တပ်စခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“ပြု့ကျင့်ခံရတဲ့ သူက တရားခံကို လက်ငြိုးထိုးပြလို့ မရမချင်း တရားခံကို အရေးယူလို့ မရဘူးလို့ စစ်တပ် ဘက်က ပြောပါတယ်” ဟု ရှားတောမြို့နယ်မှ ဒေသခံ တဦးက ပြောပါသည်။

ပြု့ကျင့်ခြင်း ခံရသူအတွက် တရားမျှတမှု ရရှိစေရန် ကယားပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားစာ ပို့ဆောင်ထားသည်ဟု သိရသည်။ သက်သေအထောက်အထား မခိုင်လုံသည့် ထိုအမှု မကြီးထွားလာဖို့ လိုအပ်သည်ဟု ကယားပြည်နယ်ဝန်ကြီး အသိုင်းအ၀ိုင်းမှ လာသည့် သတင်းအရ သိရသည်။

“ဒေါဝယ်ရောရွာက အဖြစ်အပျက်ကို ပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးကို အသိပေးကြပါတယ်။ ဒါပေမဲ့ သူဘာမှ မလုပ်ဘူး။ ကယားပြည်နယ်က တခြားဝန်ကြီးတွေ၊ ဒေသအာဏာပိုင်တွေလည်း အားလုံးလိုလို သိထားကြပါပြီ။ ဒါပေမဲ့ သူတို့ တိပ်တိပ်ကလေးပဲ နေတယ်။ ဘာမှ ဆက်လုပ်တာ မတွေ့ဘူး” ဟု ၀န်ကြီးများနှင့် နီးစပ်သူ တဦးက ပြောသည်။
Unknown at 1:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.