Tuesday, October 16, 2012

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်မည်


16105
ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို  ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစတင်ကာ  နေပြည်တော်၌ ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့၌ ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရန် အတွက် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများအား စိစစ်အကဲဖြတ်ခြင်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ ပထမပတ်မှစတင်ကာ ဒုတိယအဆင့် အကဲဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
‘‘အခုနှစ်မှာပြုလုပ်မယ့် အကယ်ဒမီပွဲကို ရန်ကုန်မှာပြောင်းလဲကျင်းပဖို့ တရားဝင်ဆုံးဖြတ်လိုက်ပါပြီ။ အဓိကတော့ ရုပ်ရှင်လောကသား အားလုံးသွားရေးလာရေး အဆင်ပြေဖို့အ တွက်၊ ပျော်ပျော်ပါးပါးနဲ့ စုံစုံညီညီ တက်ရောက်နိုင်ဖို့အတွက် အခုလို ဆုံးဖြတ်လိုက်တာပါ။ ရန်ကုန်မှာပြုလုပ်ခြင်းအားဖြင့် ရုပ်ရှင်လောကသား  အားလုံးစုံလင်စွာ တက်ရောက်နိုင်ပြီး စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေကြည့်ရှုနိုင်ဖို့ကိုလည်း အရင်နှစ်တွေလိုပဲ စီစဉ်ပေးသွားမှာပါ’’ ဟု ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးသိန်းထွန်းအောင် ကရှင်းပြခဲ့သည်။
‘‘အကယ်ဒမီပွဲကို ရန်ကုန်မှာ ကျင်းပနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် စတင် တာဝန်ထမ်းဆောင်စဉ်ကတည်းက အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒီရက်ပိုင်းထဲမှာတော့ တကယ့်ကို လျင်လျင်မြန်မြန် အကောင်အထည် ပေါ်လာခဲ့ပါပြီ။ ပြန်ကြားရေးဝန်ကြီး ဒုတိယ ၀န်ကြီး ကိုယ်တိုင်ကလည်း ကျွန်တော်တို့ရုပ်ရှင်လောကသား အားလုံး ရဲ့ ဆန္ဒက ဒီလိုပဲလားဆိုပြီးမေးပါတယ်။ ဒီလိုမေးမြန်းပြီးတာနဲ့ ချက်ချင်းကို အကောင်အထည်ဖော်ခဲ့တာပါ။ ဒါကိုကြည့်ချင်းအားဖြင့် ကျွန်တော် တို့လောကရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲ၊ ပြန်ကြားရေးဝန်ကြီး ဌာနမှာရှိတဲ့ အဆင့်ဆင့်သော သူတွေရဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွေ့မြင်ရမှာပါ။ ဒါကို ကျွန်တော့်အနေနဲ့အင်မတန် ၀မ်းမြောက်မိပါတယ်။ ဒါကရုပ်ရှင် သဘင်စာပေဂီတ လောကတစ်ခုလုံး အတွက် အင်မတန်ဝမ်းသာစရာ ကောင်းတဲ့သတင်းတစ်ခုပါပဲ’’ ဟုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း ကရှင်းပြခဲ့သည်။
ယခုနှစ်တွင် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသည် ၂၀၁၁ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် အကယ်ဒမီဆုဖြစ်ပြီး ဆုပေးပွဲကျင်းပမည့်စင်မြင့်နှင့် မီးအလှဆင်တင်ဒါများကိုလည်း မကြာမီခေါ်ယူသွားရန် စီစဉ်ထားသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၁၅  ကားရှိပြီး ယင်းဇာတ်ကားများမှာ ‘ဟော့ရှော့၃’ ဇာတ်ကား၊ ‘အလန်းဇယား’ ဇာတ်ကား၊ ‘ငါ့နှမလေးပွသွားပြီ’ ဇာတ်ကား၊ ‘လာထားအာဘွား’ဇာတ်ကား၊ ‘အိုင်လပ်ဗ်ယူ’ ဇာတ်ကား၊ ‘ဖလန်းဖလန်းဖြစ်တဲ့အချစ်’ဇာတ်ကား၊  ‘အားလုံးကဟော့မှကြိုက်တယ်’ ဇာတ်ကား၊ ‘ချောကလက် ဘေဘီ’ ဇာတ်ကား၊ ‘ချိန်း’ ဇာတ်ကား၊ ‘၀ဋ်ကြွေး’ဇာတ်ကား၊ ‘ထာဝရ အလင်းတန်းများ’ဇာတ်ကား၊ ‘ချစ်ပန်းဝေ’ ဇာတ်ကား၊ ‘အမွှေဇယား’ ဇာတ်ကား၊’ရင်ကွဲနာ’ဇာတ်ကား၊ ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကားတို့ဖြစ် ကြသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ခြင်းကို ၁၉၅၂ ခုနှစ်မှစတင်၍ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မြို့တော်ခန်းမ၊ ၀ိဇယရုပ်ရှင်ရုံ၊ နတ်မောက်လမ်းရှိစက်မှု လက်မှုကျောင်းဝင်း၊ ရွှေတောင်ကြား လမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့ဝင်း၊ ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်၊ ပြည်လမ်းအသံလွှင့်ရုံစတူဒီယိုအေ၊ မြန်မာ့အသံမြက်ခင်းပြင်၊ အင်းလျားကန်ဟိုတယ်၊ ရန်ကုန်မြို့အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံများတွင် ပြုလုပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှအစပြုကာ နေပြည်တော်ရှိ မြို့တော်ခန်းမ၀င်း အတွင်းတွင် ပြောင်းလဲကျင်းပခဲ့သည်။
EMG 
ဘကြီးသက်
Unknown at 10:05 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.