Wednesday, October 10, 2012

“၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ်အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်”


Photo

စက်တင်ဘာ ၁၄ ရက်တွင် ငွေပေးချေမှုစနစ်တစ်ခု စတင်သည်။ Myanmar Payment Union(MPU) အဖွဲ့ဝင် ဘဏ် ၁၇ ခုထဲမှ ၈ ဘဏ်တွင် MPU ကတ်ကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်။ ထိုကတ်မှာ ဘဏ်တွင် ငွေစာရင်းဖွင့်ပြီး ငွေကြိုပေးရသော Debit Card စနစ်ဖြစ်ပြီး အဖွဲ့ဝင်ဘဏ်များ၏ ATM စက်များနှင့် ထိုကတ်လက်ခံသော ဆိုင်များတွင် အသုံးပြုနိုင်သည်။ ထိုကတ်စနစ်မှာ ငွေသားအသုံးပြုမှု လျှော့ချ၍ နိုင်ငံတကာကဲ့သို့ ကတ်ကို ပိုမိုအသုံးပြုလာရန် ရည်ရွယ်သည်။ မြန်မာငွေပေးချေမှုအဖွဲ့ အတွင်းရေးမှူး၊ AGD ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
စက်တင်ဘာ ၂၃ ရက်အထိ MPU ကတ် ဘယ်နှဦးလုပ်ထားပါပြီလဲ။ ATM ကတ် ရှိထားသူတွေထဲက လဲတဲ့သူ ဘယ်နှဦးရှိပါသလဲ။
ဘဏ်တွေက ထုတ်ပေးထားတဲ့ ATM ကတ်အရေအတွက်ဟာ ရှစ်သောင်းခန့် ရှိပါတယ်။ လက်ရှိ ဘဏ်တွေက အဲဒီကတ်များကို MPU ကတ်များနဲ့ ပြန်လည်လဲလှယ်ဖို့အတွက် အချိန်သုံးလခန့် ယူပါမယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ်အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလကုန်ရင်တော့ ကတ်အဟောင်း လာလဲသူကိုပဲ ရှစ်သောင်းခန့်ရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ အခုမှ MPU ကတ် တန်းထုတ်ပေးမယ့် ဘဏ်တွေကလည်း လက်ရှိပေးပို့လာတဲ့ စာရင်းအရ သုံးသောင်းရှိပါတယ်။ ဒါကြောင့် ဒီဇင်ဘာလကုန်ရင် ကတ်အသစ်အသုံးပြုသူ စုစုပေါင်း တစ်သိန်းတစ်သောင်းခန့် ရှိလာမှာဖြစ်ပါတယ်။
MPU ကတ် သုံးစွဲတဲ့သူတွေက ဘယ်လိုလူမျိုးတွေပါလဲ။ ဒီဝန်ဆောင်မှုက ဘယ်လူတန်းစားကို အဓိက ပစ်မှတ်ထားပါသလဲ။
ကတ်သုံးစွဲမှုကို လူတန်းစားအားလုံးအတွက် ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ပမာဏကြီးမားသော ငွေပေးချေမှုများသာမကဘဲ နေ့စဉ်သုံးစွဲနေတဲ့ ငွေပေးချေမှုများအထိ ဆောင်ရွက်နိုင်အောင် စီမံထားပါတယ်။ နောင်ဆိုရင် ဘတ်စ်ကားတွေ၊ ရထားတွေ၊ သင်္ဘောတွေပါ ပေးချေနိုင်အောင် ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဘဏ်အတွေ့အကြုံ မရှိသူတွေအတွက် ကတ်စလုပ်ရင် ဘာတွေလိုတယ်ဆိုတာ ရှင်းပြပါ။
MPU ကတ် စလုပ်ဖို့ဆိုရင် ငွေစာရင်းတစ်ခု အရင်ဖွင့်ရပါမယ်။ အလုပ် ဒါမှမဟုတ် အိမ်နဲ့နီးတဲ့ MPU အဖွဲ့ဝင် ဘဏ်တစ်ခုခုကိုသွားပြီး MPU ကတ် လျှောက်ထားဖို့အတွက် ငွေစာရင်းဖွင့်ချင်လို့ပါဆိုရင် ရပါတယ်။ ကျန်တာတော့ ဘဏ်ကလိုအပ်တဲ့ စာရွက်စာတမ်းတွေဖြည့်ပြီး ကတ်ပြားရရှိမယ့်နေ့ကို ပြန်ချိန်းပါလိမ့်မယ်။ တချို့ဘဏ်တွေကလည်း ချက်ချင်းထုတ်ပေးတဲ့ စနစ်နဲ့ တထိုင်တည်းပြီးအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။
ကတ်ပျောက်ရင် ဘယ်လိုလုပ်ရပါမလဲ။ သုံးစွဲသူတွေ သိသင့်တဲ့အချက်တွေ ပြောပြပေးပါဦး။
ကတ်ပျောက်ရင် ကိုယ့်ဘဏ်ကို အမြန်ဆုံး ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဆက်သွယ်တာနဲ့ ဘဏ်က အဲဒီ့ကတ်ကို သုံးစွဲလို့မရအောင် ပိတ်လိုက်မှာ ဖြစ်ပါတယ်။ သုံးစွဲတဲ့လူ သိသင့်တဲ့အချက်တွေက အများကြီးပါ။ ငွေစာရင်းဖွင့်လှစ်ခြင်းမှာတော့ ကျပ်တစ်သောင်းအနည်းဆုံး စဖွင့်ရမှာဖြစ်ပါတယ်။ အများဆုံးကတော့ ကန့်သတ်ချက်မရှိပါဘူး။ ဒါကို ဘဏ်က ကတ်လာထုတ်တဲ့အချိန်မှာ လမ်းညွှန်စာရွက်ပေးပြီး ရှင်းပြပါလိမ့်မယ်။ တစ်ဘဏ်နဲ့တစ်ဘဏ် တချို့အချက်အလက်တွေက နည်းနည်းကွာနိုင်ပါတယ်။ သုံးစွဲတဲ့လူတွေ မသိမဖြစ်သိရမှာကတော့ ကိုယ့်ရဲ့ PIN Number (ဂဏန်းခြောက်လုံးပါသော လုံခြုံရေးနံပါတ်)ကို သူများတွေ မသိစေဖို့ပါပဲ။ သိသွားခဲ့ရင် ကိုယ့်ကတ်ကိုယူပြီး ငွေထုတ်နိုင်လို့ပါ။ ကတ်ပျောက်ရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ကတ်ကောက်ရတဲ့လူက PIN Number မသိတဲ့အတွက် ငွေထုတ်လို့ မရပါဘူး။ ကျွန်တော်တို့ဘဏ်မှာ ကြုံဖူးတာတစ်ခုကတော့ ကတ်ပျောက်တယ်။ ဒါပေမဲ့ ကတ်ပိုင်ရှင်က သတိမေ့တတ်လို့ ကတ်ပေါ်မှာ သူ့ PIN Number ကို မင်နဲ့ရေးထားတယ်။ ဒီအတွက် ကတ်ကောက်ရသူက ငွေထုတ်သွားတာ ကြုံရပါတယ်။ ဘဏ်က လာထုတ်သူရဲ့ ဓာတ်ပုံနဲ့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့ရပါတယ်။ ဒါကြောင့် ကိုယ့် PIN Number လုံခြုံရေးကိုတော့ သုံးစွဲသူတိုင်းက သတိပြုသင့်ပါတယ်။
MPU ကို လက်ရှိ ဘဏ်ရှစ်ခုမှာပဲ ၀န်ဆောင်မှုပေးနေတော့ ကျန်ဘဏ်ကိုးခုက ဘယ်တော့ ၀န်ဆောင်မှုပေးမှာလဲ။
MPU အဖွဲ့ဝင် ဘဏ်များအားလုံးဟာ ၂၀၁၃ အတွင်းမှာ ချိတ်ဆက် အသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ MPU ကတ် အသုံးပြုနေတဲ့ နေရာဆိုတာမှာ နှစ်ပိုင်းရှိပါတယ်။ ATM စက်များနဲ့ ငွေပေးချေမှု လက်ခံသော အရောင်းဆိုင်များပါ။ ATM စက်များကတော့ ၂၀၀ ကျော် ရှိပါတယ်။ ဆက်လက်ပြီးလည်း ဘဏ်တွေက တိုးချဲ့နေပါတယ်။ ကျွန်တော်တို့ဘဏ်(အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်)ဆိုရင် ဘဏ်ခွဲဖွင့်ထားတဲ့ မြို့တိုင်းမှာ MPU ကတ်ကို လက်ခံတဲ့ ATM စက်များ တပ်ဆင်ပြီး ဖြစ်ပါတယ်။ အရောင်းဆိုင်များကတော့ လက်ရှိ ရန်ကုန်မှာ စနေပါပြီ။ နေပြည်တော်နဲ့ မန္တလေးကိုလည်း စနိုင်အောင် ကြိုးစားနေပါတယ်။ ဒီနေရာမှာတော့ အရောင်းဆိုင်တွေဘက်က လက်ခံချင်မှဖြစ်တာမို့ ဘဏ်တွေဘက်က ဆွဲဆောင်မှုမျိုးစုံနဲ့ စတင်ကြိုးစားနေကြပါတယ်။
ဒီဝန်ဆောင်မှု အောင်မြင်ဖို့အတွက် အဓိကစိန်ခေါ်မှုက ဘာတွေပါလဲ။
ဆက်သွယ်ရေးဝန်ဆောင်မှုပါ။ ကတ်အသုံးပြုသူတွေက ATM စက်တစ်ခုမှာ ငွေသွားထုတ်တယ်။ ငွေထုတ်မရဘူး။ စက်ချထားတဲ့ဘဏ်ကို အပြစ်တင်ပါတယ်။ ဒီလိုပဲ ကတ်ထုတ်ပေးလိုက်တဲ့ ဘဏ်ကိုလည်း အပြစ်တင်ပါတယ်။ ဒါပေမဲ့ စက်ရှိနေတဲ့ နေရာကနေ ဘဏ်ကို ဘာနဲ့ဆက်သွယ်ထားတယ် ဆိုတာကို စဉ်းစားမိတဲ့လူ နည်းပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ ATM ၉၀ ရာခိုင်နှုန်းကျော်ဟာ iPStar နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ မိုးအုံ့ရင် iPStar က သုံးလို့မကောင်းပါဘူး။ ဒါကို တတ်သိနားလည်သူတွေက ဘဏ်တွေကို အပြစ်တင်ပါတယ်။ တစ်ကမ္ဘာလုံး PSTN တို့၊ Data Card (3G Network)တို့ သုံးနေတဲ့အချိန်မှာ မြန်မာဘဏ်တွေဟာ iPStar လို stable မဖြစ်တဲ့ ဂြိုဟ်တုဆက်ကြောင်းကို သုံးရလားလို့ ပြောကြပါတယ်။ ကျွန်တော်တို့မှာ ရွေးစရာမရှိပါ။ မြန်မာနိုင်ငံမှာ ၀ယ်လို့ရတဲ့အထဲက သုံးခွင့်ရတဲ့ သုံးလို့ရတဲ့စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့စနစ်တွေရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ သုံးလို့ရတဲ့ စနစ်ကိုသာ သုံးရခြင်းဖြစ်ပါတယ်။ ပိုကောင်းတဲ့စနစ်တွေရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ အချိန်တစ်ခု စောင့်ရဦးမှာပါ။ ဥပမာပြောရရင် စတားဘတ်ကော်ဖီ ဘယ်လောက်ကောင်းတယ်ပြောပြော စတားဘတ်ကော်ဖီဆိုင် မရှိရင် ကျွန်တော်တို့ သောက်လို့မရပါဘူး။ ကျွန်တော်တို့ အဓိကရင်ဆိုင်ရမှာ ဘယ်ဆက်သွယ်ရေးမီဒီယာကို အသုံးပြုခွင့် ရမလဲဆိုတာရယ် အဲဒီ့ဆက်သွယ်ရေးမီဒီယာက ဘယ်အချိန်ဖြစ်ဖြစ် တည်ငြိမ်ပြီး connection ကျတာ၊ network busy ဖြစ်တာ မရှိဖို့လိုပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ISP အားလုံးနှင့် ကျွန်တော်တို့ ညှိနှိုင်းလျက်ရှိပါတယ်။
MPU ကတ်ကနေ အကြွေးဝယ်ကတ်စနစ်(Credit Card)အထိ ၀န်ဆောင်မှုတိုးချဲ့ဖို့ အချိန်ဘယ်လောက် ယူရမယ်လို့ထင်ပါသလဲ။
အကြွေးဝယ်ကတ်စနစ်ကို တိုးချဲ့ဖို့ဆိုတာက မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ ဒီနေ့ခွင့်ပြုရင် ဒီနေ့ဘဏ်တွေက ဆောင်ရွက်ကြမှာပါပဲ။
JCB (Japanese Credit Bureau) ၊ CUP (China Union Pay)တို့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ် အသေးစိတ်ကို ရှင်းပြပေးပါ။
ပထမအဆင့်အနေနဲ့ CUP ၊ JCB စတဲ့ နိုင်ငံတကာကတ် အသုံးပြုသူတွေ မြန်မာနိုင်ငံရဲ့ ATM တွေအားလုံးမှာ ငွေထုတ်နိုင်ပါမယ်။ အဲဒီ့နောက်မှာတော့ MPU နဲ့ ချိတ်ဆက်ထားတဲ့ ဈေးဆိုင်တွေမှာ ဈေးဝယ်လို့ရပါမယ်။ ဒုတိယအဆင့်မှာ MPU နဲ့ ၎င်းကုမ္ပဏီများ ပူးပေါင်းပြီး မြန်မာနိုင်ငံသားများ နိုင်ငံတကာတွင် သုံးစွဲနိုင်ရန်အတွက် MPU-CUP Card ၊ MPU-JCB Card တွေ ဆက်လက်ထုတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာသုံးကတ်တွေဖြစ်တဲ့ Master ၊ Visa တို့နဲ့ရော အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလား။
Master၊ Visa ကျတော့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုထဲမှာ ပါတဲ့ဘဏ်တွေနဲ့ သူတို့က အလုပ်လုပ်လို့မရပါဘူး။ ဒီအတွက် သူတို့က လုပ်ငန်းပုံစံတစ်မျိုးကို အဆိုပြုလာပါတယ်။ (၁) စီးပွားရေးပိတ်ဆို့ခံရသူ မပါဝင်သောဘဏ် (ဥပမာ- MOB နှင့် CB)၊ (၂) စီးပွားရေး ပိတ်ဆို့ခံထားရသောဘဏ်၏ စီမံခန့်ခွဲမှုတွင် ၎င်းပုဂ္ဂိုလ်များ ပါဝင်ပတ်သက်မှု နည်းသည်ဟု သူတို့ယူဆရသောဘဏ် (ဥပမာ- ကမ္ဘောဇဘဏ်)တို့ကို သူတို့ရဲ့ Partner များအဖြစ် ရွေးချယ်ပါတယ်။ ဒီဘဏ်သုံးခုရဲ့ ATM တွေမှာ ငွေထုတ်လို့ရဖို့ သူတို့ စလုပ်ပါမယ်။ ပြီးမှ MPU Network နဲ့ ချိတ်ပြီး MPU POS ချထားတဲ့ ဆိုင်တွေမှာ ငွေပေးချေလို့ရအောင် သူတို့ဆက်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှု မရှိတော့တဲ့ တစ်နေ့မှာတော့ MPU အဖွဲ့ဝင် ဘဏ်အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို သူတို့ လာတွေ့တဲ့အချိန်မှာ သူတို့ ပြောပြတာတွေ ဖြစ်ပါတယ်။
ဘဏ်လုပ်ထုံးလုပ်နည်းတွေ လျှော့ပေါ့ပေးလာတာ၊ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုတာ၊ MPU ၀န်ဆောင်မှု စပေးလာတာ စတာတွေကြောင့် မြန်မာ့ဘဏ်လုပ်ငန်း ဖွံ့ဖြိုးလာပြီလို့ ပြောနိုင်ပါလား။ ၂၀၀၃ ဘဏ်တွေ မပြိုလဲခင်က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေမလဲ။
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဟာ စတင်ဖွံ့ဖြိုးဖို့အတွက် တာစူနေပါပြီ။ အားလုံးကလည်း ကြိုးစားနေကြပါတယ်။ လုပ်ထုံးလုပ်နည်းတွေမှာ ခေတ်နဲ့ မလျော်တော့တာလေးတွေ၊ အရင်ကစိုးရိမ်လို့ တားမြစ်ထားတာလေးတွေကို တဆင့်ချင်းပဲဖြစ်ဖြစ်၊ အားလုံးပဲဖြစ်ဖြစ် ဖြေလျော့မှုတွေ ဆက်လက်လုပ်ဆောင်ပေးရင် ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကကျတော့လည်း ငွေရေးကြေးရေးကဏ္ဍ ဖြစ်နေတဲ့အတွက် ရုတ်တရက် ဖွင့်ပေးလိုက်ခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း ချိန်ဆနေတယ်လို့ ယူဆပါတယ်။ MPU ကြောင့် မြန်မာ့ဘဏ်လုပ်ငန်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာပြီလို့ မပြောနိုင်ပါဘူး။ မြန်မာ့ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးပေမယ့် ဆောင်ရွက်ရမယ့် ကိစ္စများစွာထဲက MPU ဟာ တစ်ခုဖြစ်ပါတယ်။ ၂၀၀၃ ဘဏ်များ ပြိုလဲခဲ့ခြင်း မတိုင်ခင်နဲ့ နှိုင်းယှဉ်ရင် အခုက အများကြီးပိုသာပါတယ်။ ဘဏ်ခွဲအရေအတွက်၊ ဘဏ်အသုံးပြုသူ အရေအတွက်၊ ဘဏ်များတွင် သုံးစွဲနေသော ငွေကြေးပမာဏ၊ ဘဏ်လုပ်ငန်းအတွင်းမှ လူ့စွမ်းအားအရင်းအမြစ်များ စသဖြင့် အများကြီး တိုးတက်နေပါပြီ။
အစိုးရသစ်တက်လာပြီး ပြောင်းလဲမှုများစွာ ပြုလုပ်ပေမယ့် စီးပွားရေးအခြေအနေက မကောင်းဘူးလို့ လုပ်ငန်းရှင် တော်တော်များများ ပြောကြပါတယ်။ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေရော။
အစိုးရအသစ်က အပြောင်းအလဲတွေ အများကြီးလုပ်နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အဓိကကျွမ်းကျင်မှုက နိုင်ငံရေးနဲ့ စီမံအုပ်ချုပ်မှုပါ။ ဒါ့ကြောင့် နိုင်ငံရေးပိုင်း အများကြီး ပွင့်လင်းတိုးတက်လာတယ်။ စီမံအုပ်ချုပ်မှုပိုင်း အရင်နဲ့စာရင် အများကြီး လွယ်ကူချောမွေ့လာတယ်။ စီးပွားရေးအခြေအနေ မကောင်းဘူးဆိုတာမှာ အစိုးရပိုင်းက သတိထားမှု များနေတယ်လို့တော့ မြင်ပါတယ်။ အမှားအယွင်း နည်းနိုင်သမျှနည်းအောင် ဂရုစိုက်နေတဲ့အတွက် ထင်သာမြင်သာကြီး တိုးတက်လာတာ မမြင်ရသေးတာပါ။ ပြောင်းလဲမှုတွေတော့ လုပ်နေပါတယ်။ ဒါပေမယ့် အချိန်ယူ လေ့လာနေရတာတွေ သိမယ်ထင်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ရတာတွေကြောင့် ချက်ချင်းမမြင်သာသေးတာလို့ မြင်ပါတယ်။ အကြံပေးတွေနဲ့ တိုင်ပင်တယ်ဆိုပေမယ့် အကြံပေးတွေ ပြောသမျှကိုလည်း အစိုးရဆိုတာမျိုးက ထလုပ်လို့ရတာ မဟုတ်ဘူးလေ။ အကြံပေးတွေက သူ့ကိုယ်ကျိုးအတွက် အကြံပေးတာလား၊ နိုင်ငံအတွက် ပေးနေတာလား စသဖြင့် အစိုးရက ပြန်လည်ချင့်ချိန်ရသေးတာကိုး။ ဒီတော့ မြန်မာနိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာတော့ အမှန်ပဲ။ အချိန်တစ်ခုတော့ ယူလိမ့်ဦးမယ်လို့ မြင်ပါတယ်။
ဘဏ်တွေကတော့ လက်ရှိ ဆုတ်ယုတ်မှုမရှိ၊ တိုးတက်နေတာမို့ အစိုးရသစ် ပြောင်းပြီးနောက်ပိုင်း တောက်လျှောက်တိုးတက်နေတယ်လို့ပဲ မြင်ပါတယ်။ တိုးတက်နှုန်းကတော့ ဘဏ်တွေ မျှော်လင့်သလောက် မရောက်သေးပါဘူး။ တချို့သော ၂၀၀၃ နောက်ပိုင်း တားဆီးထားမှုတွေ ဖြေလျှော့လိုက်ရင်တော့ ဘဏ်တွေ ဒီထက်ပိုပြီး တိုးတက်လာမယ်လို့ မြင်ပါတယ်။ (ဥပမာ- အကြွေးဝယ်ကတ်စနစ် သုံးစွဲခွင့်ပြုခြင်း၊ ဘဏ်ခွဲဖွင့်ခွင့်ကို အခုထက် လွတ်လပ်စွာ နေရာရွေးချယ်မှုပြုခြင်း၊ ချေးငွေကို ငွေရေးကြေးရေး ဥပဒေပါအတိုင်း ဆောင်ရွက်ခွင့်ပြုခြင်း)
ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
MPU ကို မီဒီယာတွေက စိတ်ဝင်တစားရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က လူတိုင်း ဘဏ်သုံးစွဲရေးပါ။ လူတိုင်း ဘဏ်သုံးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်တာဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ယှဉ်ထိုးနှိုင်းယှဉ်နိုင်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် ဘဏ်များအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့ MPU အနေနဲ့ လုံခြုံမှု၊ စိတ်ချရမှု၊ အသုံးပြုရလွယ်ကူမှုတွေနဲ့အတူ ကောင်းမွန်သည်ထက် ပိုကောင်းမွန်လာအောင် အမြဲတမ်း ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။
ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
7 Day New
ဘကြီးသက်
Unknown at 1:42 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.