Wednesday, September 19, 2012

တို့ရွှေပြည် ပညာတတ်တွေ ပွားများဖို့အရေး (၂)

ရင်ထဲမှာ ခံစားချက်တွေ သိပ်များလာတဲ့အခါ စကားလုံးတွေကို စာလုံးလေးတွေအဖြစ် အန်ထုတ်ပြီး ရေးချမိလိုက်တယ်။ အဲဒီကချော်ကချွတ် စာသားလေးတွေကိုဖတ်မိကြပြီး သဘောကျ၊နှစ်သက်၊ဝေဖန်၊အကြံပေးနဲ့ ကိုယ့်လိုပဲခံစားနေရသူတွေ အများကြီးရှိနေတယ်ဆိုတာ သိလိုက်ရတော့ အားတက်ပြီး နောက်တပုဒ်ကို ပွင့်အန်ထုတ်မိလိုက်ပါပြီ။
           စာရေးသူက ကိုယ်ကျင်လည်ရတဲ့ ရောဂါအုပ်စုအ၀န်းအ၀ိုင်းလေးပဲကိုကြည်ပြီး Specialist တွေများလာဖို့ လိုတယ်လို့ရေးမိတာပါ။ တချိန်တည်းမှာ ပြည်သူ့ကျန်းမာရေးဘက်က၊ ကျန်းမာရေး ပညာပေးဘက်က၊ ကျန်းမာရေးစီမံကိန်းရေးဆွဲရေးဘက်က ဆိုင်ရာပညာရှင်တွေ ဟာလည်း ကိုယ်စီကိုယ်ငှ ရင်ဖွင့်ဆွေးနွေးကြရင်ဖြင့် ပိုလို့တောင် စကားဝိုင်းကောင်းလာပါလိမ့်ဦးမယ်။

          စာရေးသူကတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘက်ကပဲ ရေးပြမှာပါ။ ဆိုတော့ကာ Specialist တွေ ဘာလို့ အများကြီးလိုသလဲ ဆိုတာကို ဥပမာပေးပြီးးရှင်းရရင် မြန်မာပြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ်မြို့ကြီးများမှာ 64slides CT တစ်လုံးစီရယ်၊ MRI တစ်လုံးစီရယ်၊ ဓာတ်မှန်အထူးကုရယ်၊ရောဂါဗေဒ အထူးကုရယ်၊ အဆင့်မြင့် lab facilityတွေ ထားကြည့်လိုက်။ အဆုတ်ကင်ဆာတွေ၊ လင်ဖိုးမားတွေ၊အုမကြီးကင်ဆာတွေ တွေ့ရှိမှုနှုန်း (Incidence) တက်ကိုတက်လာစေရမယ်။
          ဘာဖြစ်လို့လို့ထင်ပါသလဲ။ အရင်က ဒီရောဂါတွေ မဖြစ်ကြတာမဟုတ်ပါ။ ဖြစ်မှန်းမသိကြလို့၊တနည်းအားဖြင့် ရောဂါရှာဖွေရေးနည်းပညာတွေ မရှိကြလို့ ဖြစ်ပါတယ်။မြန်မာပြည်မှာ သေဆုံးမှုအများဆုံးရောဂါများဟာ ကူးစက်ရောဂါများဖြစ်ကြတယ်ဆိုပေမယ့် မကူးစက်နိုင်တဲ့ ရောဂါများကြောင့် သေဆုံးကြသူတွေလဲ ဒူနဲ့ဒေးပါ။ဝမ်းလျှောရောဂါကို အထူးကုကြီးတွေ ကုစရာ
မလိုဘူးဆိုပေမယ့် Dehydration ကြောင့်ကျောက်ကပ်ပျက်သွားတဲ့အခါ ကျောက်ကပ်အထူးကုကြီး မလိုပေဘူးလား။ ကျောက်ကပ်ဆေးတဲ့စက်ကြီးရော မလိုပေဘူးလား။ ၀မ်းလျှောလို့ သေရတော့မယ်ဆိုရင် သေရတဲ့အကြောင်းရင်းက Electrolyte imbalanceနဲ့ Renal failure ပဲမဟုတ်ဘူးလား။
         အထူးကုဆရာဝန်( Specialists)တွေများလာဖို့ လိုကိုလိုပါတယ်။တစ်ခုပဲ။ စာရေးသူပြောတာက ကာကွယ်ရေးအသုံးစရိတ်တွေ နည်းလာပြီး ကျန်းမာရေးနဲ့ပညာရေးအသုံးစရိတ်တွေများလာလို့၊တကိုယ်ရည်သန့်ရှင်းရေးတွေ ကောင်းလာမယ့်၊ကူးစက်ရောဂါတွေ ကျလာမယ့် တစ်နေ့ကို မျှော်တွေးပြီး ပြောတာဖြစ်ပါတယ်။ Specialists မျိုးဆက်တစ်ခုမွေးထုတ်ဖို့ ဆိုတာ ၁၀နှစ်က နှစ် ၂၀
ထိကြာမလားပဲ။ အဲဒီကာလများကို ကြိုတင်မျှော်တွေးပြီး ခံစားပြောဆိုမိတာဖြစ်ပါတယ်။
           ဖွံဖြိုးပြီးတိုင်းပြည်များမှာတော့ ကူးစက်ရောဂါကိုတောင် Infectious Disease(ID)team လို့အတိုကောက်ခေါ်တဲ့အထူးကုကြီးများကကုတာပါ။လူနာတစ်ယောက် တော်ရုံအဖျားမကျတော့ဘူးဆိုရင် ID ကိုခေါ်ပြလိုက်တာပဲ။ID ကလည်း သူလုပ်စရာရှိတာ အကုန်စစ်တာပဲ။စစ်သလောက်လဲ ရောဂါတွေကတွေ့ပါတယ်။ ရွှေတိုင်းပြည်မှာ ကိုယ့်ရဲ့Clinical findings တွေကို ယုံကြည်ပြီး ဒါတွေဖောက်မစစ်လဲ ရမှာပါလို့ ထင်ခဲ့မိတာ ဒီရောက်တော့မှ စာအုပ်ထဲကအကောင်ပလောင်တွေကို စစ်တိုင်းတွေ့နေတော့မှ သူတို့တွေ ငွေပေါလို့ ရောဂါကို စစ်ဆေးနေကြတာမဟုတ်ဘူး။စာအုပ်ထဲက အတိုင်း အပြင်မှာတကယ်တွေ့သဟလို့ အမြင်မှန်ရမိပါတယ်။
         တနေ့က မန္တလေးထုတ် ဂျာနယ်တစ်စောင်မှာ ပါးစောင်ကကင်ဆာကျိတ်ကို သုတေသန ကုထုံးနဲ့ကုလို့ ပျောက်သွားတယ်လို့ ဓာတ်ပုံရိုက်ပြီးကြေညာတာတွေ့လိုက်ရပါတယ်။ဘာ Biopsy မှမယူ၊ ဘာStaging မှမလုပ်၊ဘာဓာတ်မှန်မှမရိုက်ပဲနဲ့ ကင်ဆာလို့ပြောပြီး ကုတဲ့သူကကုတယ်။သေချာတယ်။အဲဒီသုတေသနဆေးဆိုတာ  Steroid တွေကို အမှုန့်ထောင်ထားတာဖြစ်မှာပဲ။
ပြီးတော့ အဲဒီ ပျောက်စေဆရာက ကြေညာထဲမှာ ရေးထားသေးတယ်။ အမေကျော်ဒွေးတော်လွမ်းပြီး အနောက်တိုင်း ဆေးပညာကိုမှ ယုံကြည်သူတွေ မြင်ပြီမဟုတ်လားတဲ့။ မပြောကောင်းအဆိုကောင်း အဲဒီလူနာ တကယ်ကင်ဆာဖြစ်နေလို့ အဆင့်လွန်ပြီး သေတဲ့တစ်နေ့ Infection နဲ့ပဲသေမှာပါ။ ကင်ဆာရောဂါဆိုတဲ့ ရောဂါအမည်နဲ့သေမှာမဟုတ်ပါ။အဲသလိုနဲ့ တို့ရွှေတွေ မသိလို့သေရ၊မရှိလို့
သေရ သေကြရပေါင်းလည်းများလှပြီမဟုတ်လား။
        Specialists တွေများလာတဲ့တစ်နေ့ ပဋိဇီဝဆေး Rational ကအစ ထိန်းနိုင်လာပါလိမ့်မယ်။ တစ်ဗိုလ်တစ်မင်းမဟုတ်တော့ပဲကိုယ့်လိုပညာတတ်တဲ့သူတွေ ရှိနေပြီဆိုတဲ့စိတ်က လောဘစိတ်ကို ထိန်းကျောင်းသွားပါလိမ့်ယ်။မြန်မာပြည်ထဲမှာ အခုရှိနေပြီးဖြစ်တဲ့အထူးကုနဲ့ လုံလောက်တယ်ဆိုတာ စာရေးသူလက်မခံနိုင်ပါ။ အထူးကုတွေ အများကြီးကိုလိုနေပါသေးတယ်။
         ပြီးတော့ အထူးကုတွေ များလာရင် ရွှေမြန်မာတွေရဲ့သက်တမ်းဟာ ၇၀ တန်းကို ထိလိမ့်မယ်ဆိုတာဟာလည်း အရမ်းကာရောပြောဆိုတာမဟုတ်ပါ။အထူးကုတွေများလာတာနဲ့အတူ ဆေးဘက်ဆိုင်ရာနည်းပညာတွေ ဖွံ့ဖြိုးလာဖို့ပါ မျှော်မှန်းပြီးပြောဆိုတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီး သွေးရောဂါအထူးကုဌာနမှာ ရှိနေတဲ့ သွေးရောဂါအထူးကုကြီးတွေသာ မရှိရင် သွေးကင်ဆာဟာ
လုံးဝပျောက်သွားအောင်ကုလို့ရနိုင်တယ်ဆိုတာ အခုထက်ထိ မြန်မာပြည်မှာ သိကြဦးမှာမဟုတ်ပါ။ဒါက ဥပမာတစ်ခုထဲရှိပါသေးတယ်။ တချိန်တည်းမှာလဲ ပြည်သူနဲ့ပထမဆုံးထိတွေ့တဲ့ ဂျီပီဆရာဝန်များ ရဲ့အဆင့်အတန်းကိုလည်း သင်တန်းတွေဖွင့်ပြီး မြှုင့်တင်နေကြတာပါပဲ။ တူတာလေးတွေ အရင်ထုတ်ဖော်ပြောဆိုကြပြီးမှ မတူတာလေးတွေကို နောက်မှ ဖြည်းဖြည်းညှိကြရအောင်ပါ။
         မြန်မာပြည်မှာ အမ်အာစီပီအပိုင်း(က)ကို လူ၃၀၀လောက်ဖြေကြတဲ့အထဲမှာ ကိုယ်ပိုင်ငွေနဲ့ဖြေရတဲ့ ၀န်ထမ်းဆရာဝန်တွေအများကြီးပါ။သူတို့အားလုံးဟာ မြို့ကြီးတွေပေါ်ကလာတာမဟုတ်ပါ။ မိုင်းတွင်းထဲကိုဖြတ်၊ခြေထောက်နှစ်ချောင်းကို ရင်းပြီး ဟိုးအစွန်အဖျားကလာကြတဲ့ စစ်ဗိုလ်လေးတွေ၊အရပ်ဘက်က လက်ထောက်ဆရာဝန်လေးတွေလဲ ရှိမှာပဲ။သူတို့လဲ ဒီအချိန်မှာ Primary care ကိုပဲ လုပ်နေကြတာပါ။သို့ပေမယ့် သူတို့ကို အထူးကုတွေဖြစ်လာဖို့ အခွင့်အရေး ပေးရမှာပါ။ စာရေးသူတို့တုန်း
ကလည်း အမ်အာစီပီရေးဖြေစာမေးပွဲတွေကို မိဘဆီက ငွေကြေးနဲ့ဖြေခဲ့ရတာပါ။ နိုင်ငံတော်က မကျခံပေမယ့် ဒီနလပိန်းတုံးကြီးဟာ ကန်မထုတ်မချင်း နိုင်ငံက ထွက်ပြေးသွားမှာ မဟုတ်ပါ။ သို့ပေမယ့် တချိန်မှာတော့ ပညာရှင်တွေမွေးထုတ်ဖို့အရေး စနစ်တကျစီမံကိန်းလေးတွေ ရှိသင့်တယ်လို့ ယုံကြည်မိတာအမှန်ပါ။
         နောက်တစ်ချက်က နိုင်ငံခြားမှာ ရောက်နေတဲ့ ရွှေဆရာဝန်တွေနဲ့ ပတ်သတ်တဲ့သဘောထားပါ။ မတရားအသင်းကြေညာထားတဲ့ သူတွေတောင် လေဆိပ်မှာ အလံထောင်ပြီး ကြိုကြတဲ့ခေတ်။ ဘာလို့ ကိုယ့်ဆရာဝန်တွေကို ပြန်မလာစေချင်ကြတာလဲ။
အမှန်တော့ အခြေကျနေပြီးသူတို့လဲ ပြန်လာဖို့မလွယ်ကြပါ။သို့ပေမယ့် ရင်ကိုခွဲပြီး ကြည့်ရင်တော့  မလွမ်းဘယ်သူရှိပါ့မလဲ။မတမ်းဘယ်သူရှိပါ့မလဲ။ နိုင်ငံတကာဆရာဝန်တွေလို လစာတွေကောင်းတဲ့တနေ့ သူတို့တွေ ပြန်ကိုလာကြမှာပါ။ အဲဒါကို ကျွန်တော်တို့အထဲက သူတွေက မုဒိတာပန်းတွေနဲ့ ကြိုနိုင်ဖို့ စိတ်ကိုပြင်ဆင်ထားကြရမယ်လို့ ပြောချင်တာပါ။သူတို့တွေ ပြန်လာကြပြီဆိုမှတော့ကိုယ်လဲ လစာကောင်းနေပြီပေါ့။ အပြင်ဆေးခန်းမှာလဲ လူနာလုနေစရာလိုတော့မည်မထင်ပါ။
       စာရေးသူအနေနဲ့ အရပ်ဘက်၊တပ်ဘက် မခွဲခြားပဲ မိဘပြည်သူအားလုံးအတွက် ခံစားပြောဆို တာဖြစ်ပါတယ်။ စစ်ဆေးရုံတွေမှာလဲ စစ်သည်ထက်စာရင် ရဲမေတွေ၊သားသမီးတွေ၊မိဘတွေကို ကုပေးနေကြတာပိုတောင်များမလားပဲ။သူတို့တွေဟာလည်း မြန်မာပြည်သားတွေ မဟုတ်ဘူးလား။ မြန်မာပြည်မှာ ဒုက္ခတွေ ဖြတ်သန်းသွားတဲ့နေရာမှန်သမျှ ဒီစစ်တပ်ကဆရာဝန်တွေ ရေကူး
ပြီး၊ လမ်းလျှောက်ပြီး ရောက်သွားကြစမြဲ မဟုတ်ပါလား။တပ်ရယ်၊အရပ်ရယ် ခွဲခြားပြီး မမြင်ကြစေလိုပါ။ဆရာဝန်ချင်းအတူတူ စစ်တပ်ကဆရာဝန်မို့လို့လစာပိုများတာမဟုတ်ပါ။ စစ်ဗိုလ်ဖြစ်နေလို့ အခြားခြေလျင် စစ်ဗိုလ်တွေနည်းတူ ခံစားရတာဖြစ်ပါတယ်။
        စာရေးသူအနေနဲ့ကတော့ ရှေ့ကမျိုးဆက်တွေကို ကြည့်ပြီး အတိုက်အခံငြင်းခုန်ရမှာ၊ နေရာလုရမှာ၊ သူသာတယ်၊ငါသာ တယ်ပြောဆိုရမှာ စိတ်ကုန်လှပါပြီ။ အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် စပြီးငြင်းခုန် မယ်။ သူက အဖြူဆို၊ကိုယ်က အမဲလုပ်မယ်။
ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရည်ရွယ်ချက်ကို မေ့ပြီး ငါလို လုပ်ခဲ့တဲ့သူကို ဒင်းလိုမလောက်လေးမလောက်စားက ရာရာစစဆိုတဲ့ အပြောနဲ့ပဲ နောက်ပေါက်လူငယ်တွေလဲ အညွန့်ကျိုးကုန်လိုက်တာ အရှေ့တောင်အာရှ ကျန်းမာရေးအဆင့်အတန်းမှာ တို့နောက်မှာဘယ်သူမှရှိသေးရဲ့လားဆိုပြီး လှည့်လှည့်ကြည့်နေရတဲ့ အခြေအနေကို ရောက်နေတော့တာ မဟုတ်လား။
         စာရေးသူရဲ့ ဟိုရောက်ဒီရောက်အတွေးစတွေကိုပဲ ခံစားဆွေးနွေးအားပေးကြတဲ့ ဘ၀တူ ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါရစေ။အမှန်တော့ စာရေးသူရဲ့ စာတွေထက် အောက်မှာ ကွန်မန့်ပေးကြမယ့် ဆရာ၊ဆရာမများရဲ့ အကြံဥာဏ်များက ပိုတန်ဖိုးရှိမှာ ဖြစ်တဲ့အတွက် စာဖတ်သူများ အနေနဲ့ ကွန်မန့်များကို ပလေးပေးပြီးဖတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
                                                                                                               (၁၇/၉/၂၀၁၂)

ဘကြီးသက်
Unknown at 9:16 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.