Friday, September 21, 2012

စိုင်းနော်ခမ်းနှင့်နောက်လိုက်များကို တရုတ်ပြည်တွင် ယနေ့ စတင် ရုံးတင်စစ်ဆေး



Thanlwin Channel


Friday, September 21, 2012

ရွှေတြိဂံမူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် ၎င်း၏နောက်လိုက် ၅ ဦးတို့အား တရုတ်နိုင်ငံတွင် ယမန်နေ့က ရုံးတင်စစ်ဆေးမှု စတင်သည်ဟု တရုတ်အစိုးရသတင်းဌာနက သတင်းထုတ်လိုက်သည်။

ယူနန်ပြည်နယ် ကူမင်းမြို့တော် အနောက်တောင်ဘက် တရားရုံးတခုတွင် ၃ ရက်ကြာ ကြားနာစစ်ဆေး မည်၊ စွဲဆိုထားသော အမှုများမှာ လူသတ်မှု၊ မူးယစ်ဆေးကုန်ကူးမှု၊ လူနှင့်သင်္ဘောပြန်ပေးဆွဲမှုများ ဖြစ်သည်ဟု သတင်းတွင် ရေးထားသည်။

တရုတ်ပြည်တွင် အဓိက လူသိများသည်မှာ ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘော ၂ စီးပေါ်မှ သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံထားရမှု ဖြစ်ပြီး နော်ခမ်းက ထိုအမှုကြီးတို့ကို ကျူးလွန်ခြင်း မရှိဟု ထွက်ဆိုသည်။

အခင်းဖြစ်ပွားပြီးမှသာ ထိုဖြစ်ရပ်များအကြောင်း သတင်းရခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က မြန်မာရဲအရာရှိတို့က တရုတ်နိုင်ငံသို့ သွားရောက်ပြီး
သူ့အား စစ်ကြောရေးဝင်ခဲ့ကြောင်း CRIENGLISH.com သတင်းတပုဒ်တွင် ရေးထားသည်။ စွပ်စွဲထားသည့်ပြစ်မှုများ ကျူးလွန်ကြောင်း ထင်ရှားပါက တရားရုံးက သူ့ကို သေဒဏ်အထိ စီရင်ချက်ချနိုင်သည်ဟု သတင်းက ဆိုသည်။

သူ့အား တရားရုံးတွင် ကြားနာမှု မတိုင်မီ ရဲတပ်ဖွဲ့ကကြိုတင်စီစဉ်ထားသည့် မီဒီယာတွေ့ဆုံပွဲတွင် သူက သင်္ဘောသား ၁၃ ဦး သတ်မှုကို ကျူးလွန်ကြောင်း ၀န်ခံသည်ဟု သတင်းတွင် ရေးထားသည်။

နော်ခမ်းသည် ဘိန်းဘုရင်ခွန်ဆာလက်နက်ချပြီးနောက် ရွှေတြိဂံတွင် ခေါင်းထောင်လာသည့် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နောက်လိုက် ၁၀၀ ခန့် ရှိကြောင်း၊ ကိုယ်တိုင်လည်း ဆေးစွဲနေကြောင်း
ထိုသတင်းက ဆိုသည်။

CRIENGLISH.com သတင်းက နော်ခမ်းအမှုကိုင်တွယ်သူ ရဲအရာရှိတဦး၏ ပြောဆိုချက်ကိုလည်း ဖော်ပြခဲ့သည်။

တရုတ်သင်္ဘောတို့က မူးယစ်ဆေးကုန်ကူးသည်ဟုယူဆရခြင်း၊ ဆက်ကြေးမပေးခြင်းတို့ကြောင့် သင်္ဘောသားတို့အား သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု နော်ခမ်းက ထွက်ဆိုကြောင်း၊ ယမန်နှစ် စက်တင်ဘာလတွင် မြန်မာစစ်သားတို့က တရုတ်သင်္ဘောတို့၏ အကူအညီဖြင့် နော်ခမ်းတို့ရှိသည့် နေရာများကို ၀င်စီးသဖြင့် ၄ ဦးသေဆုံးရကြောင်း၊ နော်ခမ်းက လက်စားချေလိုသဖြင့် ထိုအမှုများ ကျူးလွန်ခဲ့ဖွယ် ရှိကြောင်း တရုတ်ရဲအရာရှိ Han Xuguang က ပြောသည်။

သင်္ဘောသားများသတ်မှုနှင့် ပတ်သက်ပြီး သံသယဖြစ်ခံရသူ ထိုင်းစစ်သားအများအပြားသည်လည်း ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဖမ်းခံထားရဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် ထုတ်ဝေသော The Nation သတင်းစာက ရေးသားရာတွင် နော်ခမ်းက စစ်ကြောရေးတွင် ပြစ်မှုကျူးလွန်ကြောင်း ဖြောင့်ချက်ပေးသော်လည်း ယနေ့ တရားရုံးတွင်မူ ပြစ်မှုကျူးလွန်သူတို့မှာ ထိုင်းစစ်သားများဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရေးထားသည်။

မိုးမခ
moemaka.blogspot.com

ဘကြီးသက်
Unknown at 10:18 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.