Tuesday, September 18, 2012

မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီလမ်းက လိုင်စင်မဲ့ ဆိုင်ကယ် ဘယ်သူက အရေးယူမှာလဲ



Photo

မရမ်းကုန်းမြို့နယ် ရွှေနှင်းဆီလမ်းက လိုင်စင်မဲ့ ဆိုင်ကယ် ဘယ်သူက အရေးယူမှာလဲ

By Yatanarpon 17 September, 2012 - 22:07
စက်တင်ဘာလ ၁၇ ရက်။    ။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်ထဲက ရွှေနှင်းဆီလမ်းမှာ  လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ကလေးသူငယ်များပါမကျန် စီးနင်းနေတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းမှာ မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်ကို ၂၀၁၀ ခုနှစ်လောက်ကတည်းက တရားဝင် ပိတ်ပင်ထားပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် ယခုအခါမှာ အဆိုပါ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များကို မြို့စွန်ရှိ မြို့နယ်အတော်များများမှာ စီးနင်းနေကြပြီး၊ အချို့သော မော်တော်ဆိုင်ကယ် မောင်းနှင်သူများဟာ အလုပ်အကိုင် ရှားပါးမှုကြောင့် ရပ်ကွက်နေ အများပြည်သူများ ဘတ်စ်ကားမှတ်တိုင်နဲ့ အလှမ်းကွာဝေးသူများကို ကယ်ရီပို့ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေကြသူများ ဖြစ်ကြပြီး၊ ထိုသို့ ယာဉ်မောင်းနှင်ရာတွင် အဓိက ရှိရမယ့် ယာဉ်မောင်းလိုင်စင် မရှိခြင်း၊ ယာဉ်စည်းကမ်းများကို နားမလည်ခြင်း၊ မော်တော်ယာဉ် မောင်းနှင်ရာ လမ်းမကြီးများပေါ်သို့ ပြောင်ပြောင်တင်းတင်း တက်၍ မောင်းနှင်ခြင်းများကြောင့်လည်း မကြာခဏ ဆိုသလို ယာဉ်တိုက်မှုများ ဖြစ်ပွားကာ အသက်ဆုံးရှုံးရမှုများ တွေ့ရပါတယ်။

“ကျွန်တော်ပြောလိုတာက သူတို့တတွေ လုပ်ကိုင်စားနေကြတာကို မပြောလိုပါဘူး ဒါပေမယ့် မော်တော်ဆိုင်ကယ် စီးနင်းတဲ့ ကလေးတွေ အနေနဲ့ ရပ်ကွက်နေ ပြည်သူ လမ်းသွားလမ်းလာတွေကိုတော့ အလိုက်တသိ သတိနဲ့ မောင်းနှင်သင့်တယ်၊ နောက်ပြီး ဒီဆိုင်ကယ်တွေကို သူတို့ကိုယ်ပိုင် မဟုတ်ကြဘူး ရပ်ကွက်ထဲမှာ ငွေကြေး တတ်နိုင်တဲ့သူက ဆိုင်ကယ်တစ်စီးကို တစ်ရက် အုံနာကြေး ၁၅၀၀ ကျပ်နဲ့ ပေးပြီး သူတို့ မောင်းနေကြတာ၊ နောက်ပြီး အဲဒီ အုံနာက ပြောတာ ဒီအရပ်အတွင်းမောင်း လမ်းမကြီးပေါ်ကို မတက်နဲ့ ဒီရပ်ကွက်အတွင်းမှာ ဖြစ်တဲ့ ပြဿနာ သူတာဝန်ယူတယ်လို့ ပြောတယ် ရပ်ကွက်အာဏာပိုင်တွေနဲ့ ဘယ်လို အပေးအယူ ရှိတယ်ဆိုတာတော့ မပြောတတ်ဘူး၊ သူတို့မှာ တကယ်ယာဉ်မောင်းလိုင်စင်လည်း ဘယ်သူမှ မရှိဘူး ပိုဆိုးနေတာက အသက် ၁၃ နှစ် ၁၄ နှစ် ကလေးတွေ မောင်းနေကြတာ မတော်လို့ လူတွေ ကားတွေနဲ့ တိုက်မိရင် နှစ်ဖက်စလုံး ထိခိုက်ကြမှာပါ ကားနဲ့ တိုက်မိရင်တော့ မှားတာမှန်တာနောက် အရင်ဆုံးက ကားသမား အရင်ခံရမှာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာက ကိုယ်ပိုင်ကားရှိတဲ့လူက တော်တော်များတယ် လမ်းထဲကို ကားဝင်လာရင်လည်း သူတို့ကို မနည်း ရှောင်နေရတာလေ၊ ဒါတွေကို တာဝန်ရှိတဲ့ ရပ်ကွက်လူကြီးတွေကလဲ မပြောကြဘူး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကလဲ မလာဘူး ဒီလို အခြေအနေမှာ သူတို့ ပိုပြီး အတင့်ရဲရဲလာတယ် ညညဆိုရင် ၁၁ နာရီ ၁၂ နာရီဆိုရင် လီဘာကို အရမ်းဆွဲဆွဲပြီး မောင်းပြေးကြတာ ခရီးသည်ပါလို့လဲ မဟုတ်ဘူး သက်သက် သူတို့ချင်း အမောင်းပြိုင်နေကြတာလေ အင်မတန်မှ သူတို့အတွက်ရော ရပ်ကွက်နေ ပြည်သူတွေအတွက်ပါ အန္တရာယ်များလို့ပါလို့ အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။

ယခုလို လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မြို့စွန်ရပ်ကွက်များမှာ မကြာခဏဆိုသလို ယာဉ်တိုက်မှုများ ဖြစ်ပွားနေပြီး တာဝန်ရှိ မြို့နယ် ရဲစခန်းမှ ရဲဝန်များနဲ့ ယာဉ်ထိန်းများမှ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးရာတွင်လည်း တစထက်တစ ပိုမို၍ပင် မော်တော်ဆိုင်ကယ် များပြားလာကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင် မော်တော်ဆိုင် မစီးနင်းရဆိုတဲ့ တရားဝင်အမိန့် တည်ရှိနေသော်လည်း လိုက်နာမှု အားနည်းကြောင်း၊ ယခုလက်ရှိတွင် မော်တော်ကားများဟာ ရန်ကုန်မြို့တော်တွင် အဆမတန် များပြားလာပြီ ဖြစ်ကြောင်း၊ လမ်းများပေါ်တွင် မော်တော်ယာဉ်များတောင် ယာဉ်ကြော ကျပ်သိပ်မှုများ ဖြစ်ပွားနေကြောင်း၊ မော်တော်ဆိုင်ကယ်များ ယခုလို စည်းကမ်းမဲ့ စီးနင်းခြင်းအားဖြင့် ယာဉ်အရေအတွက် များနေသော ယခုအချိန်တွင် ယာဉ်တိုက်ခိုက်မှုများ ပိုမိုများပြားလာနိုင်ကြောင်းကို အထက်ပါ ရပ်ကွက်မှ ပြည်သူတစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးမှ တာဝန်ရှိသူများ အနေနဲ့ အဆိုပါ တရားမဝင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို မြို့နယ်အလိုက် စနစ်တကျ အရေးယူ ဆောင်ရွက်သင့်တယ်လို့လည်း ပြောပြလို့ သိရပါတယ်။

ဘကြီးသက်
Unknown at 10:54 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.