Monday, July 23, 2012

 ခုနစ်လအတွင်း (၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ် ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ မော်ဒယ်မြင့် ကားသစ်တစ်စီး ထပ်မံခိုးယူခံရ


ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အတွင်း(၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ်ကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မော်ဒယ်မြင့်ကား သစ်တစ်စီး ထပ်မံခိုးယူခံရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်များအနက် သုံးမှုကို ဖော်ထုတ်အရေးယူခဲ့ပြီး ကျန်အမှုများကို စစ်ဆေးစုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တိုက်ခန်းတွေမှာ ကားရပ်ဖို့ နေရာမရှိတာက အခုလိုမျိုး ကား ခိုးခံရတဲ့ အကြောင်းရင်းတစ်ရပ်လို့ ကျွန်မမြင်ပါတယ်။ တိုက်ခန်း နေသူတွေ ကိုယ့်ကားကို လုံခြုံစွာထားနိုင်ဖို့ ကားပါကင်နေရာလည်း မရှိတော့ ဆိုးတာပေါ့။ အိမ်ရှေ့လမ်းမတိုက်အောက်မှာပဲ ဖြစ်သလို ရပ်နေကြရတာပါပဲ  . . .
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဒေါ်စန်းစန်းမြင့်(၅၈)နှစ်၊ ပျဉ်းမမြိုင်လမ်း၊ (၃၄)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ် နေသူသည် နေအိမ်ရှိ ကားဂိုဒေါင် အတွင်း ၅ယ/....  Mark-X ငွေမင်ရောင်ယာဉ်အား ရပ်ထားပြီး ခြံဝန်းတံခါးပိတ်ကာ ယာဉ်အမှတ် ၄က/.... Harrier အမျိုးအစား အနက်ရောင်ယာဉ်ဖြင့် မင်္ဂလာဒုံသို့ သွားရောက် ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့် နေအိမ်သို့ ပြန်ရောက်စဉ်ခြံဝန်းတံခါး သော့ပျက်နေပြီ ဂိုဒေါင်အတွင်း ထားရှိခဲ့သော ၅ယ/...... Mark-X ငွေမင်ရောင်ယာဉ်၊ တန်ဖိုးကျပ်(၆၀၀)သိန်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နေအိမ်အနောက်ဘက်ရှိ မီးဖိုတံခါးမှာ ပွင့်နေသဖြင့် နေအိမ်အတွင်းရှိပစ္စည်းများအား စစ်ဆေးရာ ဧည့်ခန်းအတွင်း ထားရှိသော Sony အမျိုးအစား(၄၂)လက်မ ဖလက်တီဗွီ၊ တန်ဖိုး(၁၀)သိန်း၊ စုစုပေါင်းတန်ဖိုး ကျပ်(၆၁၀)သိန်းမှာ ပျောက်ဆုံးနေသဖြင့် ဒဂုံမြောက်ရဲစခန်းတွင်(ပ) ၄၇၄/၂၀၁၂၊ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် ပြီးစုံစမ်းလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ကားခိုးခံရမှုဖြစ်စဉ်အချို့မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် တွင် ဒေါ်ခင်ရီ တာမွေမြို့နယ်နေသူ ပိုင်ဆိုင်သည့် ၃က/ ၇၈၂၀ စူပါရုဖ် အဖြူရောင်ယာဉ်အား ဒဂုံသီရိလမ်း နှင့် အောင်မင်္ဂလာလမ်းထောင့်တွင် ရပ်ထားခဲ့ကာ အိပ်ရာဝင်ခဲ့ပြီး ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် အပြင်သွားရန်ကားကို ကြည့်ရာရပ်ထားသည့် နေရာတွင် မတွေ့ရှိတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပျောက်ဆုံးသွားသဖြင့်  ခိုးယူသွားသူအား စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအပေါ် တာမွေ ရဲစခန်း(ပ) ၄၈၀/၂၀၁၂၊ ပုဒ်မ ၃၇၉ (ကား)ဖြင့် အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ကားခိုးခံရသူ တာမွေမြို့နယ်နေ ဒေါ်ခင်ရီက “နံနက် ၉ နာရီ လောက်မှ ကားဒက်ရှ်ဘုတ်ထဲက ပိုက်ဆံသွားယူတော့မှ ကားခိုးခံရတာကို သိရတယ်။ ကားကို ကျွန်မက တိုက်ခန်းရှေ့မှာပဲ ရပ်ထားနေကျပါ။ ကျွန်မကားကို  ကုက္ကိုင်းမှာပြန်တွေ့တယ်။ ဒါပေမဲ့ ကားက ပျက်စီးနေတယ်။ ကျူးလွန်သွားတဲ့သူတွေကို တော့ အခုထိ မမိသေးဘူး။ တိုက်ခန်းတွေမှာ ကားရပ်ဖို့နေရာ မရှိတာက အခုလိုမျိုး ကားခိုးခံရတဲ့ အကြောင်းရင်းတစ်ရပ်လို့ ကျွန်မမြင်ပါတယ်။ တိုက်ခန်းနေသူတွေ ကိုယ့်ကားကို လုံခြုံစွာထားနိုင်ဖို့ ကားပါကင်နေရာလည်းမရှိတော့ ဆိုးတာပေါ့။ အိမ်ရှေ့လမ်းမ တိုက်အောက်မှာပဲ ဖြစ်သလို ရပ်နေကြရတာပါပဲ”ဟု ကားခိုးခံရသည့် ဖြစ်စဉ်များနှင့် ပတ်သက် ၍ သုံးသပ်ပြောကြားခဲ့သည်။
အလားတူ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့နံနက် ၈ နာရီခွဲအချိန် ဦးမောင်မောင်မြင့် သင်္ဃန်းကျွန်းမြို့နယ် နေသူသည် ၎င်းပိုင် ၃က/၅၅၆၅ တိုယိုတာ(ကိုယိုလာ) SE Limited အဖြူရောင်ယာဉ်အား တာမွေမြို့နယ် နတ်မောက်ရပ်ကွက် နတ်မောက်လမ်း UNDP ရုံးရှေ့တွင် သော့ခတ်ရပ်ထားခဲ့ပြီး ရုံးတက်ခဲ့ရာ ညနေ ၅ နာရီခွဲ အချိန်ရုံးဆင်းပြီး အိမ်ပြန်ရန်ရပ်ထားသော နေရာ၌ ကားအားကြည့်ရာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ပျောက်ဆုံးခဲ့မှုကြောင့် အရေးယူ ပေးရန်တိုင်တန်းမှုအား တာမွေရဲ စခန်း(ပ)၇၄၉/၂၀၁၂၊ ပုဒ်မ၃၇၉(ကား) ဖြင့်အမှုဖွင့်ပြီး အရေးယူရန် စစ်ဆေး စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
ထို့အတူ ၂၀၁၂ ခုနှစ်၊ မေလ ၈ ရက်နေ့က ကိုစည်သူ၊ ၂၉ နှစ်၊ ကျွန်းတောတောင်ရပ်ကွက်၊ စမ်းချောင်း မြို့နယ်နေသူသည် နေအိမ်ရှေ့၌ ၎င်းပိုင် ၈ည/၄၂၈၁ စူပါကာစတန် မီးခိုးရောင်၊ တန်ဖိုးကျပ် ၂၃၅ သိန်းအား သော့ခတ်ရပ်ထားခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ကားအားကြည့်ရှုရာ ပျောက်ဆုံးနေသည် ကိုတွေ့ရှိခဲ့ရ၍ စမ်းချောင်းရဲစခန်း (ပ) ၁၅၀/၂၀၁၂ ပုဒ်မ ၃၇၉(ကား) ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစည်သူက “ ကျွန်တော်က စမ်းချောင်းမြို့နယ် ရှမ်းလမ်းဘက် မှာနေတာပါ။ ဒါပေမဲ့ အိမ်ရှေ့မှာ ကားရပ်ဖို့ နေရာမရှိလို့ မအူပင်လမ်းမှာ သွားရပ်ထားရင်းနဲ့ ဖြစ်ခဲ့တာပါ။ ကားက ၀ယ်ထားတာ နှစ်လကျော်ပဲ ရှိသေးပါတယ်။ အရင်ကျွန်တော်စီးတဲ့ လော့စိတ်မချရတဲ့ စက်မှုဇုန်ကားတွေတုန်းကတောင် မပျောက်ခဲ့ဘူး။ အခုစူပါကာစတန်ကားကျမှပဲ ခိုးခံရပါတော့တယ်။ အခုဆိုရင် အိမ်ရှေ့ မှာ စီစီတီဗွီ ကင်မရာ တပ်ထားရပါတယ်။ ကားတော့ အခုထိပြန်ရှာ မတွေ့သေးပါဘူး”ဟု ပြောကြားခဲ့သည်။
ကားခိုးခံရမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က “ဒီ၂၀၁၂ ခုနှစ်အတွင်းမှာ  ပုဒ်မ-၃၇၉(ကား)နဲ့ အမှုဖွင့်ထားတာ ကိုးမှုရှိတယ်။ ပုဒ်မ-၃၈၀ အမှုဖွင့်ထားတာ တစ်မှုရှိပါတယ်။ အဲဒီအမှုတွေထဲမှာ သုံးမှုကတော့ သက်သေပစ္စည်းတွေမိတယ်။ ပြီးတော့ကျူးလွန်တဲ့သူတွေ ကို တရားစွဲဆို တင်ပို့ပြီးသွားပြီ။ ကျန်တဲ့ဖြစ်စဉ်အချို့မှာတော့ သက်သေခံတွေ ပစ္စည်းတွေမိပြီးတော့ ကျူးလွန် တဲ့ သူတွေကို မမိသေးပါဘူး။ အမြန်ဆုံးမိအောင် စုံစမ်းစစ်ဆေးနေပါတယ်” ဟု ပြောကြားခဲ့သည်။
ကားခိုးခံရသည့် ဖြစ်စဉ်များမှာ စူပါရုဖ်၊ စူပါကာစတန်၊ ချယ်ရီကြူ ကြူသရီး၊ Mark-X စသည့် ကားအမျိုးအစားများ ပါဝင်ကြောင်း သိရသည်။
EMG

ဘကြီးသက်
Unknown at 2:00 AM
Share

1 comment:

  1. Yar Nan HtetJuly 23, 2012 at 5:29 PM

    ကိုယ်တို့တော့ စိတ်ချမ်းသာတယ်။ အခိုးခံရစရာ ကားမရှိလို့။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.