Friday, July 27, 2012

ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့

နယူးဒေလီ (မဇ္ဈိမ) ။        ။ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါ ရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu ဓာတ်ပုံ - oic-oci.org
ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။

ဦးသိန်းစိန်ထံ ပေးပို့လိုက်သော Dr. Ihsanoglu ၏ စာတွင် မြန်မာနိုင်ငံ
အတွင်း မူဆလင်များအပေါ် ဖိအားပေးနေမှုများ အဆုံးသတ်ရန်အတွက်
ရေးသားထားကြောင်း OIC က ကြေညာချက်ထုတ်ပြန်ထားသည်။

“ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် မြန်မာနိုင်ငံအား မည်သည့်အကူ
အညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟု ဦးသိန်းစိန်ထံ
ရေးသားပေးပို့လိုက်ပြီး မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့လိုက်သော စာတွင်လည်း “ဤကိစ္စနှင့်ပတ်သက်ပြီး OIC အနေဖြင့် ကုလသမဂ္ဂအား မည်သည့်အကူအညီမျိုးမဆို ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါသည်” ဟူ၍ အလားတူ ပါရှိသည်။ ထို့ပြင် ကုလသမဂ္ဂအနေနှင့် မြန်မာအစိုးရအပေါ် ပိုမိုသြဇာညောင်းပါစေကြောင်းလည်း ရေးသားထားသည်ဟု ဆော်ဒီ အာရေးဗျနိုင်ငံ Jaddah မြို့မှလာသည့် Anadolu Agency သတင်းတရပ် တွင် ဖော်ပြပါရှိသည်။

ရိုဟင်ဂျာ မူဆလင်များအပေါ် တိုက်ခိုက်မှုများအား လျှင်မြန်စွာ စုံစမ်းဖော်ထုတ်ပြီး တာဝန်ရှိသူများအား တရားရုံးတင်စစ်ဆေးမှုအတွက် ဆောင်ရွက်ပေးပါရန် ဦးသိန်းစိန်ကို OIC အတွင်းရေးမှူးချုပ် Dr. Ekmeleddin Ihsanoglu က တောင်းဆိုထားသည်။

၁၉၆၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် OIC အဖွဲ့သည် ကုလသမဂ္ဂတွင် အမြဲတမ်း ကိုယ်စားလှယ်တဦး ထားခွင့်ရရှိထားပြီး မူဆလင်ကမ္ဘာ၏ စုပေါင်းအသံ ဖြစ်စေရန်နှင့် မူဆလင်များ၏ အကျိုးစီးပွား ကာကွယ်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မူလ အမည်ဖြစ်သည့် Organisation of the Islamic Conference ကို ၂၀၁၁ ခုနှစ်တွင်မှ Organisation of Islamic Cooperation သို့ ပြောင်းလဲလိုက်သည့် OIC တွင် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် မလေးရှားတို့ ပါဝင်သလို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိဆက်နေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။
ဘကြီးသက်
Unknown at 1:01 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.