Saturday, May 5, 2012

ဗိုလ်ချုပ် ပုံတူ ဖယောင်းရုပ် ဗိုလ်ချုပ် ကျဆုံးရာ နေရာ၌ သွန်းလုပ် ထားရှိမည်´

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံးဟောင်း) ၌ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးရာ နေရာ၌ ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ဖယောင်းရုပ်တု တစ်ခုအား သွန်းလုပ်၍ ထားရှိသွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ နေပြည်တော် စက်မှုခန်းမ၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲ၌ တစ်ရပ်တွင် ပြောကြားသွားပါသည်။

“ ကျွန်တော်တို့ ပစ်ထားတာလည်း ကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ပါတဲ့ အဖွဲ့၊ အနုပညာလုပ်တဲ့ အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ်ထားပါတယ်။ ဗိုလ်ချုပ် ကျဆုံးသွားတဲ့ နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ (ဇေကမ္ဘာ ကုမ္ပဏီ) သည်လည်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန် ရုံးဟောင်း) အား လုပ်ပိုင်ခွင့် လျှောက်ထားပြီး စုစုပေါင်း လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကုမ္ပဏီပေါင်း ငါးခု ရှိကြောင်း သိရှိရပါသည်။

ထို့အလားတူ ဗဟို တရားရုံးဟောင်းအားလည်း ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက်ရှိရာ ဦးထွန်းလွင်၏ ကုမ္ပဏီမှ ပြင်ဆင် ထိန်းသိမ်းရန် လုပ်ပိုင်ခွင့် ပေးထားပြီ ဖြစ်ကြောင်း ဝန်ကြီးမှ ဆက်လက် ပြောကြားသွားပါသည်။

“တရားရုံး (ဟိုက်ကုတ်) မှာ တရားခွင်တွေ ပန်းချီပြခန်းတွေ၊ စာကြည့်တိုက်တွေ ထားသွားမယ်။ တရားရုံးကလည်း ရှိနေမယ်၊ အဆောက်အဦး နှစ်ခုလုံးဟာ ထိန်းသိမ်းဖို့ အရမ်းကို လိုအပ်နေပါပြီ။ ကျွန်တော်တို့ အမြတ်ရအောင် လုပ်တာ မဟုတ်ပါဘူး။ အမျိုးသား အမွေအနှစ်တွေကို ပြန်လည် ထိန်းသိမ်းဖို့ပါ” ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ထပ်လောင်း ပြောကြားသွားပါသည်။

ထိုအမျိုးသား အမွေအနှစ်များ ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းရပ် အသီးသီးတို့၏ အသေးစိတ် အစီအစဉ်များကို နိုင်ငံတော် သမ္မတ မှတဆင့် လွှတ်တော်၌ တင်ပြသွားမည် ဖြစ်သည်။ ထိုသို့ ပြင်ဆင် ထိန်းသိမ်းရာ၌ ယူနက်စကို အဖွဲ့၏ အကူအညီကိုလည်း ရယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားသွားပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/1542-2012-05-03-06-50-47.html
Unknown at 1:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.