Saturday, May 19, 2012

ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ



ရန်ကုန်၊ မေ ၁၇
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။

အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။

"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်"ဟု ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက် ပြောဆိုမှုများ ကြောင့် အိမ်အတွင်းသို့ ၀င်ရောက်နေရကြောင်း စိန်သပြေလမ်း၌ နေထိုင်သူ ဦးကျော်မျိုးက ၎င်းကြားခဲ့ရသည်ကို ပြန်လည် ပြောဆိုသည်။
"လမ်းတစ်လျှောက် တွေ့သမျှ ရိုက်နှက် သွားတယ်။ ရေအိုးတွေခွဲ၊ ဆိုင်တံခါးတွေကို ခဲနဲ့ထုသွားတယ်"
ဟု ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ အသက် ၁၈ နှစ်ခန့်ရှိ ကိုစိုးမိုးက ဆိုသည်။

"ရဲတွေက အဲလို အကြမ်းဖက်ရင် ကျွန်တော်တို့က ဘယ်သူ့သွား အားကိုးရမှာလဲ"
ဟု ဦးလှထွေးက ပြောဆိုသည်။

အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Voice Weekly ၏ သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယင်းဖြစ်ရပ်အပြီး မေလ ၁၇ ရက်နံနက် ၁ နာရီဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်မှုကြောင့် မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက တုန့်ပြန် ပြောကြားသည်။

"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"ဟု ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် ရှင်းပြသည်။
The Voice Weekly
Unknown at 7:30 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.