Wednesday, May 2, 2012

မြန်မာ့ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ပြည်ပနိုင်ငံများစွာ လုပ်ကိုင်ခွင့်လျှောက်ထား





မြန်မာ့တိုရစ်ဇင်ကဏ္ဍသို့ အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်လာဖွယ်ရှိပြီး ရင်းနှီးမြှုပ်နှံရန် Proposal တင်ထားသည့် နိုင်ငံခြားစီးပွားရေး အဖွဲ့အစည်းများစွာ ရှိနေကြောင်း မြန်မာဟိုတယ်/ခရီးညွှန်ကြားမှု ဦးစီးဌာန၊ သတင်းအချက်အလက်နှင့် မှတ်တမ်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မြန်မာဟိုတယ်/ခရီးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေက အများကြီး ရှိပါတယ်။ နိုင်ငံအစုံကပဲ။ တင်ထားတဲ့ Proposal တွေအားလုံးကို ပြန်လည်စိစစ်နေပါတယ်” ဟု အဆို ပါတာဝန်ရှိသူက ပြောသည်။ လက်ရှိတွင်လည်း လာမည့် မေ ၁၀ ရက်တွင် စင်ကာပူနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၁၆ ဦးနှင့် ဟိုတယ်/ခရီး ဝန်ကြီးတို့ နေပြည်တော်ရှိ ယင်းဝန်ကြီးရုံးတွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ “ဒီလိုမျိုး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ဆက်တိုက်ကို လာနေကြတာ။ နိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာမှာပေါ့။ အဲဒီအခါမျိုးကျရင် မြန်မာနိုင်ငံက ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ဘက်က လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြင်ဆင်ရမှာ။ မဟုတ်ရင်တော့ တိုရစ်ဇင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ မလွယ်နိုင်ဘူး” ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်မှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဆိုသည်။ လက်ရှိ မြန်မာတိုရစ်ဇင်ကဏ္ဍကိုကြည့်လျှင် ဧည့်သည်ဝင်ရောက်မှု တိုးတက်လျက်ရှိသော်လည်း ယင်းသို့ ဧည့်သည်တိုးတက်သည်ကို အကြောင်းပြု၍ ဟိုတယ်၊ သယ်ယူပို့ဆောင်ရေး၊ အစရှိသည့် စရိတ်စကများမှာ မြင့်တက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့သော အချက်မျိုးမှာ မြန်မာတိုရစ်ဇင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားနည်းချက်တစ်ခုပင်ဖြစ်ကြောင်း ယင်းကဆိုသည်။ “အခုက အရှိန်လေးရှိနေတဲ့အတွက် အရှိန်နဲ့တော့ သွားနေမှာပဲ။ ခရီးသွားက လျော့မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုပဲ စရိတ်စကတွေသာကြီးပြီး ဝန်ဆောင်မှု အရည်အသွေးတွေက မြင့်မလာဘူးဆိုရင် တကယ့်တကယ် ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာ သူတို့နိုင်ငံကိုဝင်တဲ့ ဧည့်သည်အရေအတွက်ကို မီမှာမဟုတ်ဘူး။ ဒါကြောင့် အခုလို ဧည့်သည်အရေအတွက်လဲ တိုးတက်များပြားနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလဲ များနေတဲ့အချိန်မှာ ဒီလိုအားနည်းချက်တွေကို ပြင်ဆင်ကြရမှာပါ” ဟု ဦးတင်ထွန်းအောင်က ထောက်ပြပြောသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက် များမှ ဧည့်သည်စုစုပေါင်း ၈၁၆၃၆၉ ဦးဝင်ရောက်ခဲ့ကာ ယင်းကဏ္ဍမှ ဝင်ငွေကန်ဒေါ်လာ ၃၁၉ သန်းရရှိခဲ့သည်။ လက်ရှိတွင် မြန်မာ့ဟိုတယ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် ကန်ဒေါ်လာ ၁၁၄၄ ဒသမ ၄၁၉ ရှိကြောင်း၊ ယင်းနိုင်ငံများတွင် စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်နိုင်ငံများပါဝင်ကာ ဟိုတယ်ပေါင်း ၃၆ လုံးတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံအနေဖြင့် စင်ကာပူ နိုင်ငံမှ ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေဖြင့် ကန်ဒေါ်လာ ၅၉၇ဒသမ ၇၅၆ သန်းရှိကြောင်း  သိရှိရသည်။


 Myanmar Express
Unknown at 7:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.