Friday, April 6, 2012

ရန်ကုန်မြို့တွင်း လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ကာ လုပ်ငန်းချိန်ထိခိုက်မှုများရှိလာ


ရန်ကုန်မြို့တွင်းရှိ ရုံးတက်ရုံးဆင်းချိန်များတွင် ကားလမ်းပိတ့်ဆို့မှုများ အချိန်ကြာမြင့်စွာဖြစ်ပေါ်လျက်ရှိသောကြောင့် ဘတ်စ်ကားဖြင့် သွားလာနေကြသောအလုပ်သမားအများစုမှာ ရုံးချိန်နောက်ကျသဖြင့် လုပ်အားခဖြတ်တောက်ခံရခြင်းများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
 
 “မြောက်ဒဂုံမှာနေတဲ့ ကျမက မနက် ၉ နာရီဝင်ရတဲ့အလုပ်ကို အခုလိုလမ်းတွေ ပိတ်တော့ အလုပ် နောက်ကျတာပေါ့။ အလုပ်က တစ်မိနစ်ကို နှစ်ရာဖြတ်တယ် တစ်နေ့ကို နာရီဝက် ဆယ့်ငါးမိနစ်လောက် နောက်ကျတော့ တော်တော်ထိကုန်ပြီ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်က အရောင်းစာရေးမတစ်ဦးဖြစ်သည့် မအိအိအောင်က ပြောသည်။
 
အောက်ခြေလခစားဝန်ထမ်းများအနေဖြင့်  အခြေခံလုပ်အားခတစ်လလျှင် ကျပ်ငွေ လေးသောင်းသာ ရရှိပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုကြုံတွေ့လာသည့်အတွက်  အလုပ်ချိန်နောက်ကျကာ လုပ်အားခ အဖြတ်ခံရ၍စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း အောက်ခြေ၀န်ထမ်းများက ဆိုသည်။
 
 “ကျမက တောင်ဥက္ကလာကနေ လှည်းတန်းကို အလုပ်သွားရတယ် ကားက တစ်လမ်းလုံးပိတ်တယ်”ဟု လှည်းတန်း အရောင်းဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မဇင်မာက ပြောသည်။
 
ကားပိတ်ဆို့မှုများ ယခင်ထက် ပိုမိုဖြစ်ပေါ်နေခြင်းကို မထသ(ဗဟို) အတွင်းရေးမှူး ဗိုလ်မှူးကြီး (ငြိမ်း)ဦးဘမြင့် က အတည်ပြုပြောဆိုသည်။
 
 “ဘယ်လောက်များလာလဲဆိုတာ သေချာတော့မသိဘူး  အရင်ကထက်တော့ပိုများလာတယ်ဆိုတာအမှန်ပဲ။ အဓိကတော့ ယာဉ်တွေဖြတ်သိမ်းတော့ ကားသစ်တွေ လမ်းပေါ်ရောက်လာတာပဲ။ အရင်ကလဲ ဒီကားတွေက ရှိပြီးသား။ လမ်းပေါ်ရောက်တာနဲ့ မရောက်တာကွာတယ်။” ဟု ဗိုလ်မှူးကြီး (ငြိမ်း) ဦးဘမြင့်က ပြောသည်။
 
ယခင် ကားဟောင်းများအား စက်ဆီထုတ်ပြီး အိမ်၌သာ သိမ်းထားလေ့ရှိသော်လည်း ယခုအခါ ကားဟောင်းများအား ကားသစ်လဲလည်ပေးပြီးသည့်နောက် ထုတ်မောင်းလာခြင်းကြောင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်နေရသည်ဟု ကားပွဲစား ကိုမောင်စိုးက သူ၏ အမြင်အား ယခုကဲ့သို့ဆိုသည်။
 
“ယာဉ်အိုယာဉ်ဟောင်းတွေ ဖျက်သိမ်းတော့ လမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်တယ် ကျောင်းသွား ကျောင်းပြန် အလုပ်သွားအလုပ်ပြန်တွေ အချိန်နှောင့်နှေးတယ် ဒုက္ခရောက်တယ်” ဟု မထသ(ဗဟို)ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနမှဦးရဲဝင်းအောင်က ပြောသည်။
 
အဆိုပါ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေခြင်းအား လမ်းရှင်းစနစ်များဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် နောက်ဆက်တွဲပြသာနာများအနေနှင့် ကျောင်းသူကျောင်းသားများ၊ နေ့စဉ်အလုပ်သွား အလုပ်ပြန် အလုပ်သမားများအနေဖြင့် အခက်ခဲကြုံတွေ့လျက်ရှိကြောင်း ဦးရဲဝင်းအောင်က ဆက်ပြောသည်။
 
လုပ်ငန်းများတွင် အလုပ်ချိန်နောက်ကျသူများအား လုပ်အားခတွင်းမှ ဖြတ်တောက်ခြင်းမှာ အလုပ်ချိန်ကိုလေးစားရန်နှင့်စည်းကမ်းလိုက်နာမှုကို တန်ဖိုးထားစေချင်သောကြောင့်ဖြစ်ကြောင်း တောင်ဒဂုံစက်မှုဇုံ၊ စက်ရုံတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။
 
`အလုပ်ထိခိုက်တာထက် အလုပ်ချိန်နောက်ကျမှု များရင် စည်းကမ်းပိုင်းမှာ ထိခိုက်တယ်၊ နောက်ပိုင်း အလုပ်ကိုလည်း ထိခိုက်လာနိုင်တဲ့အတွက် ၃ရက် ဆက်တိုက်နောက်ကျရင် ၁ ရက်စာဖြတ်ပါတယ်`ဟု အဆိုပါတာ ၀န်ရှိသူက ပြောသည်။
Unknown at 3:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.