Sunday, April 29, 2012

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေ ၅နာရီအချိန် ၀န်းကျင်ခန့်တွင် ပါရမီအဓိပတိယာဉ်လိုင်း အဓိပတိ (အနီ)ပေါ်တွင် လိုက်ပါလာသော မြေနီကုန်းမှတ်တိုင်တွင် ဆင်းမည့် အသက် ၅၄ နှစ်အရွယ်ခရီးသည်မှာ ၎င်းအား မဟာမြိုင်မှတ်တိုင်တွင် ဆင်းခိုင်းသဖြင့် မကျေနပ်ကြောင်းပြောရာ ယာဉ်နောက်လိုက်သုံးဦးက ၀ိုင်းဝန်းထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း Eleven Media Group သတင်းအရ သိရသည်။

''မြေနီကုန်းရောက်ပြီလို့ ယာဉ်နောက်လိုက်က ပြောလို့ ဆင်းလိုက်တာ မြေနီကုန်းမှတ်တိုင် မဟုတ်မှန်းသိလို့ ပြောလိုက်တော့ မြေနီကုန်းမှာ မှတ်တိုင်မရှိတော့ဘူး၊ ဒီမှာပဲဆင်းလို့ ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း မင်းတို့ကို တိုင်မယ်လို့ပြောတော့ တစ်ယောက်ကဆင်းပြီး ခင် ဗျားက တိုင်ရအောင် ခင်များက ဘာကောင်လဲဆိုပြီး ထိုးတယ်။ နောက်ထပ်နှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကိုချုပ်ပြီး ကျန်တစ်ယောက်က ထိုးတယ်။ ဘေးက ကောင်လေးနှစ်ယောက်ရောက်လာပြီး ၀င်တားမှ မင်းတို့ တိုင်ချင်ရာတိုင်၊ ပါရမီက ကောင်တွေကွလို့ပြောပြီး ကားပေါ် တက်ပြီး ထွက်သွားတယ်''ဟု ကာယကံရှင် ကြည့်မြင်တိုင်တွင် နေထိုင်သူ ဦးထွန်းလွင်က ပြောပါသည်။

ထိုသို့ ၀ိုင်းထိုးနှက်မှုကြောင့် ဦးထွန်းလွင်မှာ နားထင်ကွဲဒဏ်ရာ၊ မျက်နှာ၊လက်နှစ်ဖက်နှင့် ၀မ်းဗိုက်တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်းနှင့် စမ်းချောင်းရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့မှုကို မပြုလုပ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုပါသည်။

''သူတို့ဘယ်လောက် ရိုင်းရိုင်း သူတို့ကိုမှီခိုနေတဲ့သူတွေ အခက်တွေ့မှာစိုးလို့ပါ''ဟု ဦးထွန်းလွင်က ပြောပါသည်။ ထို့အတူ ဧပြီလ ၄ ရက်နေ့ကလည်း ပါရမီ အဓိပတိယာဉ်လိုင်းမှ လူ ၃၀ ဦးကျော်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်အတွင်း အုပ်စုလိုက် ရမ်းကားမှုတစ်ခုလည်း ဖြစ်ပွားခဲ့ကြောင်း Eleven Media Group အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါသည်။

သစ်ထူးလွင်
Unknown at 10:40 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.