Monday, April 9, 2012

သင်္ကြန် ရုံးပိတ်ရက်အတွင်း နယ်ပြန်မည့်သူများ ကားလက်မှတ် ကြိုတင် ဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စောင့်ဆိုင်း ဝယ်ယူရသည်အထိ များပြားနေ

From : ခေတ်လူငယ်



သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း နယ်ပြန်မည့်သူများအနေဖြင့် ကားလက်မှတ် ကြိုတင်ဝယ်ယူရာ၌ တန်းစီစနစ်ဖြင့် စောင့်ဆိုင်းဝယ်ယူ နေရသည်အထိ များပြားနေကြောင်း သိရှိရသည်။ အလားတူ သင်္ကြန်ကာလအတွင်း ရက်ရှည်ရုံးပိတ်ရက် အတွင်း နယ်ပြန်မည့်သူများနှင့် ခရီးထွက်မည့်သူ များပြားနေသောကြောင့် ယခင်နှစ်များထက်စော၍ ကားလက်မှတ် ကြိုတင်မှာယူမှု များပြားနေကြောင်း အဝေးပြေးယာဉ်လိုင်းများထံမှ သိရှိရသည်။ အောင်လံမြို့သို့ပြန်ရန် ကားလက်မှတ် ကြိုတင်မှာယူနေသူတစ်ဦးက “သင်္ကြန်ကျရင် အိမ်ကိုပြန်ဖို့အတွက် ကားလက်မှတ်ကို ရက်ကြိုကတည်းက မှာထားတာပါ။ အရင်နှစ်တွေက ကိုယ်တိုင်သွားမ၀ယ်နိုင်ရင်တောင် ဖုန်းနဲ့လှမ်းမှာထားလို့ ရတယ်။ ဒီနှစ်ကျတော့ ကိုယ်တိုင်လာမှ ရမယ်ဆိုလို့ ဧပြီ ၁၁ ရက်နေ့ ပြန်ဖို့အတွက် ၁ ရက်နေ့က အောင်မင်္ဂလာမှာ လက်မှတ်သွားဝယ်တာ လူတွေများလွန်းလို့ တန်းစီပြီး စောင့်ဝယ်ခဲ့ရတယ်” ဟုလည်း ပြောပြခဲ့သည်။ ရန်ကုန်-ပြည် အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ ယာဉ်လိုင်းတွေက လက်မှတ်ကို ရက်ကြိုကတည်းက ရောင်းကြပါတယ်။ ဒီနှစ်က ပြန်တဲ့သူများနေတယ်။ လက်ရှိ ရောင်းနေတာကတော့ သင်္ကြန်အကြိုမတိုင်ခင် တစ်ရက်အလိုအထိပဲ ရောင်းပါသေးတယ်။ ကျန်တာကိုတော့ နောက်ရက်မှ ကြိုတင်လက်မှတ် ထပ်ရောင်းသွားမှာပါ” ဟုလည်း ပြောကြားခဲ့သည်။ အချို့ယာဉ်လိုင်းများတွင် ကားလက်မှတ် ကြိုတင်မှာယူမှုများအတွက် မတ်လ ၂၀ ရက်မှစတင်၍ လည်းကောင်း၊ အချို့ယာဉ်လိုင်းများတွင် မတ်လ ၂၅ ရက်နေ့က လည်းကောင်း စတင်ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။ သင်္ကြန်ကာလ ရုံးပိတ်ရက်သည် သင်္ကြန်အကြိုနေ့ မတိုင်ခင် တစ်ရက်နေ့မှ စတင်သောကြောင့် ယခုနှစ်အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဖြစ်ကြောင်း၊ သို့သော်လည်း ၂၁ ရက်၊ ၂၂ ရက်နေ့များသည် စနေ၊ တနင်္ဂနွေနေ့များ ဖြစ်နေသောကြောင့် ယခုနှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်သည် ဧပြီလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စုစုပေါင်း ၁၂ ရက်ဖြစ်ကြောင်း သိရှိရသည်။
 
 Myanmar Express
Unknown at 9:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.