Sunday, April 1, 2012

ပုလဲမြို့နယ်တွင်လည်း မဲပြားများကို ဖယောင်းသုတ်ထားဟုဆို

မျိုးသန့်| ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၀၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဆင်ရှင်ရွာနှင့် အလယ်ဘုံရွာတို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်းကို မဲပေးရန် အမှန် ခြစ်ရမည့် အကွက်တွင် ဖယောင်းများ သုတ်ထားပြီး မဲဆန္ဒရှင်များ ဆန္ဒမဲပေးလိုသော်လည်း အမှန်ခြစ်၍ မရနိုင်သည့် ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်ဟု ပုလဲမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

“အန်တီတို့ပါတီကို အမှန်ခြစ်ရမယ့် အကွက်မှာ ဖယောင်းတွေ သုတ်ထားတယ်လို့ မဲဆန္ဒရှင်တွေက သတင်းပို့ပါ တယ်။ ဖယောင်းသုတ်ထားတော့ အရာမထင်ဘူးပေါ့။ အန်တီတို့ဆီ မဲသွားပေးတဲ့လူတွေ တယောက်ပြီးတယောက် ဖုန်းဆက်လာပါတယ်” ဟု အောက်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။

အဆိုပါ ကိစ္စကို ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများသို့ မဲဆန္ဒရှင်များမှ တင်ပြကာ မဲပြားများ လဲလှယ်ပေးရန် တောင်းဆို
သော်လည်း လဲပေးမပေးကြောင်း “မဲစာရွက် လဲပေးဖို့ ပြောတော့လည်း သူတို့က လဲမပေးဘူးပြောတယ်။ ပေးလာတဲ့
ဘောလ်ပင်ကလည်း အရမ်းစူးတဲ့အတွက် ဖိခြစ်လိုက်ရင်လည်း ပြဲသွားသလိုဖြစ်တယ်။ ခြစ်လို့မရတဲ့အတွက် အထပ်ထပ်ခြစ်တော့ စာရွက်ပြဲတယ်ပေါ့။ အဲဒါမျိုးတွေ ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ပုလဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်း ရာတွင် “အဲဒါတွေကို ကျနော်တို့က ဘာမှ ပြန်လည် ဖြေကြားတာ မဟုတ်ဘူး၊ ကျနော်တို့ ကော်မရှင်ရုံးမှာ
ကော်မရှင်ကိစ္စပဲ ဆွေးနွေးပါတယ်။ အဲဒီပြဿနာတွေ ကျနော်တို့ ကော်မရှင်မှာ လာမတက်ပါဘူး။ ပြဿနာ မရှိပါဘူး။ ဆောရီးပဲခင်ဗျာ့” ဟု ဆိုသည်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်၊ ပြည်သူ့ ဒီမိုကရေစီပါတီမှ ဦးဟိန်းထက်အောင်နှင့် NLD မှ ဒေါ်ခင်စန်းလှိုင်တို့ ဝင်ရောက်အရွေးခံနေကြသည်။
Unknown at 11:09 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.