Wednesday, March 14, 2012

လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် မလွတ်ကင်းသည့် မြေအောက်ဝါယာနှင့် ရေမြောင်းများ ပြောင်းရွှေ့လိုက်ပြီ

ရန်ကုန်၊ မတ် ၁၃
လှည်းတန်းခုံးကျော်တံတား တည်ဆောက်နိုင်ရန် မြေအောက်ဝါယာ ကြိုးများနှင့်ရေမြောင်းများ ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပြောသည်။
”မြေအောက်ဝါယာကြိုးနဲ့ ရေမြောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ရှင်းလင်းပြီးပါပြီ။ မကြာခင် စတင်တည်ဆောက်မှာပါ” ဟု ၄င်းက လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ခဲ့သည့် မတ်လ ၁ဝ ရက်နေ့ တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လှည်းတန်းခုံးကျော် တံတား တည်ဆောက်ရန် ဒီဇိုင်းကို စင်ကာ ပူနိုင်ငံမှ ပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများ ပူးပေါင်း၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောသည်။
လှည်းတန်းခုံးကျော် တံတားတည်ဆောက်ရန် အတွက် စည်ပင်သာယာမှ ကြီးကြပ်ကွပ်ကဲပြီး ရွှေတောင်ကုမ္ပဏီမှ တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ အချိန်ကာလတစ်ခု၌ တည်ဆောက်မှုတန်ဖိုးအတွက် ကုန်ကျငွေကိုဌာနမှ ကုမ္ပဏီသို့ ပြန်လည်ပေးရမည် ဖြစ်ကြောင်း စည်ပင်လမ်းတံတားဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။
ကုမ္ပဏီနှင့် စည်ပင် စာချုပ်ချုပ်ဆိုမည့် အစီအစဉ်တွင် ပဏာမ သဘောတူညီချက် (MoA) ရေးထိုး၍ အသေးစိတ်ငွေကြေး တွက်ချက်မှု ဆောင်ရွက်ပြီးမှသာ သဘောတူ  စာချုပ် လက်မှတ်ရေးထိုးခြင်း အဆင့်ဆင့် ဆောင်ရွက်ရန် ရွှေတောင်ကုမ္ပဏီမှ စီအီးအို ဦးအောင်ဇော်နိုင်က ပန္နက်တင်ပွဲအပြီး၌ စည်ပင်အရာရှိများကို တင်ပြခဲ့သည်။
တည်ဆောက်မည့် တံတားအမျိုးအစားမှာ သံမဏိ သံယက်မနှင့် သံကူကွန်ကရစ်ဖြစ်ပြီး တံတားအရှည်မှာ ၂၄၆၆ ပေ ရှည်လျားကြောင်း၊ သံကူကွန်ကရစ်လွန်တူး ဘိုးပိုင် အုတ်မြစ်အမျိုးအစားကို အသုံးပြုမည်ဖြစ်ပြီး တံတားအပေါ်တွင် သံမဏိသံယက်မ သံကူကွန် ကရစ်ကြမ်းခင်းနှင့် နိုင်လွန်ကတ္တရာ ခင်းကျင်းမည်ဖြစ်ကြောင်း ဦးအောင်ဇော်နိုင်က ပြောသည်။
တံတားအကျယ်မှာ ၅ဝ ပေ ၈ လက်မနှင့် တံတားအောက် ကင်းလွတ်အမြင့် ၁၈ ပေခန့် ထားရှိမည် ဖြစ်ပြီး ယာဉ်တစ်စီးခွင့်ပြု တန်ချိန်ကို တန် ၆ဝ သတ်မှတ်ထား ကြောင်း ၄င်းက စည်ပင်အရာရှိများအား ရှင်းလင်းပြောကြားသည်။
ဝေမာထွန်း    
Unknown at 11:37 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.