မတ်လ ၁၂ရက်နေ့မှစတင်ကာ ဖြေဆိုရမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ဖို့အတွက် လုံခြုံရေးကို စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြော ကြားချက်အရ သိရပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စာဖြေဌာန ၂၃၂ခုရှိ သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းများမှ ကြီးကြပ်ရေးမှူးတွေဟာ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးများနှင့် ပူးပေါင်းပြီးကျောင်းသား၊ ကျောင်းသူတွေရဲ့ အသွား/အပြန် လမ်းကြောင်းတွေကို ကြိုတင်ကွင်းဆင်း စစ်ဆေးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စာမေးပွဲဖြေဆိုစဉ် ရက်များအတွင်း မီးဘေးအန္တရာယ်နှင့် အခြားသော လုံခြုံရေးစီမံချက်များ အတွက်ကိုလည်း သက်ဆိုင်ရာမြို့နယ် ပညာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ တိုင်းကြက်ခြေနီအဖွဲ့များ ပူးပေါင်းပြီး လုံခြုံရေးကို စောင့်ကြည့်စစ်ဆေး သွားမှာဖြစ်ပါတယ်။ အဲ့ဒီလို ဆောင်ရွက်မှုတွေအပြင် မြန်မာနိုင်ငံစာစစ်အဖွဲ့၊ ပညာရေးသုတေသန ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်တဲ့ အဖွဲ့ ၆ဖွဲ့ဟာလည်း စာဖြေဌာနတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့အတွက် စာမေးပွဲဖြေဆိုချိန် နံနက် ၉နာရီ မတိုင်ခင်မှ စတင်ကာ ဖြေဆိုပြီးချိန် နေ့လည် ၁၂နာရီကျော် အထိ ဖြေဆိုသူကျောင်းသားများ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ တာဝန်ရှိသူတွေမှ စောင့်ကြည့်ကင်းများကိုပါ ချထားမှာဖြစ်ကြောင်း သိရပါတယ်။ ယခုဖြေဆိုမယ့် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ ၀င်ရောက်ဖြေဆိုသူ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge