Wednesday, March 21, 2012

စည်းခြားရမယ့် ဘာသာရေးနဲ့ နိုင်ငံရေး

ပြီးခဲ့တဲ့ စက်တင်ဘာအရေးအခင်းမှာ သံဃာတော်တွေက အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု တွေမှာ ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကရော၊ အနောက် အုပ်စု နိုင်ငံတွေကပါ ရွှေဝါရောင်တော်လှန်ရေး၊ ဒါမှမဟုတ် သင်္ဃန်းရောင်တော်လှန်ရေးလို့ အမည် ပေးထားတဲ့ သံဃာတော်များရဲ့လှုပ်ရှားမှုကို မြန်မာနိုင်ငံရေးရဲ့ အဆင့်မြင့်လာမှုအဖြစ် အမွှန်းတင်ခဲ့ ကြပါတယ်။ ဒါဟာအလှည့်အပြောင်းတစ်ခုလို့လဲဆိုတယ်။ ဒါအမှန်ပဲလား၊ ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုပါတယ်။ ဒီလိုဆန်းစစ်မယ်ဆိုရင် ပထမအနေနဲ့ ဘာသာရေးနဲ့ နိုင်ငံရေးရောသင့်သလား၊ ဒုတိယ အနေနဲ့ ဗုဒ္ဓဘာသာမှာ ရဟန်းတော်များနိုင်ငံရေးမှာ ပါဝင်တာနဲ့ပတ်သက်ပြီး ဘယ်လိုရှိသလဲ၊ ဒီစံနှစ်ခု တနည်း မှတ်ကျောက်နှစ်ခုနဲ့တိုင်းတာရပါမယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားခြင်းဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် စတာတွေလိုပဲ ဒီမိုကရေစီစနစ်ရဲ့ စံတစ်ခုပါ။ ဒါဟာ ပြင်သစ် တော်လှန်ရေးက ပေးခဲ့တဲ့အမွေလည်းဖြစ်တယ်။ ဒါ့ကြောင့်လည်း အမေရိကန်နိုင်ငံမှာ စာသင်ကျောင်း တွေမှ ၀တ်ပြုကိုးကွယ်ခွင့်ရှိ၊မရှိ၊ ကိုယ်ဝန်ဖျက်ချမှု၊ သားဆက်ခြားမှုတွေမှာ ခရစ်ယာန်ဘာသာစံနှုန်းနဲ့ တိုင်းတာသတ်မှတ်ခွင့် ရှိမရှိဆိုတာတွေက အပြင်းအထန်အငြင်းပွားနေကြတာပေါ့။ အမေရိကန်မှာ လစ်ဘရယ်ဝါဒီတွေက ရီပတ်ဘလီကင်ပါတီထဲက ခရစ်ယာန်ဘာသာရေး အယူသည်းသူများကို ပြင်းပြင်းထန်ထန် ဝေဖန်နေတာကိုကြည့်ရင် အမေရိကန်လိုနိုင်ငံမှာတောင် ဘာသာရေးအယူအဆ တွေကို နိုင်ငံရေးထဲ သွတ်သွင်းလာတာကို လက်မခံဘူးဆိုတာထင်ရှားပါတယ်။
ဒါဆိုရင် ဘာသာရေးဟာ နိုင်ငံရေးမှာ ၀င်ပါလို့မရတော့ဘူးလား။ မဟုတ်ပါဘူး၊ ပါလို့ရပါ တယ်။ ဒါပေမယ့်ဘယ်လိုနည်းနဲ့ ပါမလဲဆိုတာတော့ သတိပြုရမယ်။ နိုင်ငံရေးဟာ လူတွေပါဝင် လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်တာကြောင့် လူတွေကို ဘာသာတရား အဆုံးအမနဲ့အညီ အကျင့်သီလနဲ့ နေထိုင်အောင်၊ ကိုယ်ချင်းစာတရားထားတတ်အောင်၊ မခိုးအောင်၊ လောဘဒေါသတရား နည်းပါး အောင်၊ သည်းခံခွင့်လွှတ်တတ်အောင် မေတ္တာထားတတ်အောင် ဘာသာရေးက လုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်နိုင်ရင် ဒီလူတွေပါဝင်တဲ့ နိုင်ငံရေးစနစ်ဟာလည်း လောကပါလတရားနဲ့အညီဖြစ်လာနိုင် ပါတယ်။ ဒါနိုင်ငံရေးမှာ ဘာသာရေးက သွယ်ဝိုက်ပြီး အပြုသဘောဆောင်ပါဝင်တာပါပဲ။
ဒါပေမယ့် ဘာသာတရားအဆုံးအမအတိုင်း လူတွေအားလုံးလိုက်လုပ်ရမယ်လို့ ဥပဒေနဲ့ သတ်မှတ်တာမျိုး၊ အစိုးရ (တနည်း) မင်းရဲ့ လုပ်ပုံကိုင်ပုံတွေကို ဘာသာရေးစံတွေနဲ့ အမြဲတိုင်း နေတာမျိုးလို တိုက်ရိုက်ဝင်ပါတာ ဆိုရင်တော့ ဒုက္ခရောက်မှာဘဲ။ ဘာလို့လဲဆိုတော့ ဘာသာတရား အဆုံးအမ ဆိုတာက ပြီးပြည့်စုံတဲ့ အခြေအနေတစ်ရပ် Ideal Situation အတွက် ရည်ရွယ်ထား တာကိုး၊ နိုင်ငံရေးဆိုတာက ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ အယူအဆအမျိုးမျိုးရှိတဲ့ လူတွေ ပါဝင်နေတယ်။ ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ၊ ပါတီတွေ၊ နိုင်ငံတွေနဲ့ ဆက်ဆံနေရတယ်။ နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ဆိုတာကလည်းအမျိုးမျိုးရှိပြီး ဒါတွေကို အကောင်အထည် ဖော်ဖို့ အတွက် နည်းလမ်းအမျိုးမျိုးသုံးရတယ်။ ပကတိအရှိတရားကို အခြေခံပြီးလုပ်ရတာဆိုတော့ ဘယ်လိုမှ ခြောက်ပြစ်ကင်း သဲလဲစင်မဖြစ်နိုင်ဖူးဆိုတာ ထင်ရှားနေတာပဲ။
မြန်မာနိုင်ငံသမိုင်းမှာ ကနောင်မင်းသားရဲ့ ရေမြုတ်ဗုံးစမ်းတာကို သံဃာတော်တွေတားလို့ အင်္ဂလိပ်ရေတပ်ကို တားဖို့လက်နက်မရှိတော့တာ၊ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတင်းလုပ်ခဲ့လို့ ကေအိုင်အေ သူပုန်ပေါ်ခဲ့ရတာတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးရောလို့ အခက်ကြုံ ခဲ့ရတဲ့ အထောက်အထားတွေပါဘဲ၊ ဒါ့ကြောင့်လည်း ဒီမိုကရေစီနိုင်ငံတိုင်းရဲ့ အခြေခံဥပဒေမှာ ဘာသာ ရေးနဲ့နိုင်ငံရေးကို ခွဲထားဖို့ အတိအကျပြဋ္ဌာန်းထားကြတာပါ။ မြန်မာနိုင်ငံရဲ့ ၁၉၄၇ ၊ ၁၉၇၄ ဥပဒေ တွေမှာလည်း ဒီလိုပဲပါခဲ့ပါတယ်။ 
ဒါတွေကိုကြည့်ရင် ဘာသာရေးနဲ့ နိုင်ငံရေး မရောသင့်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ကျွန်တော် တို့ အလေးအမြတ်ထားတဲ့ မြတ်စွာဘုရားရှင်ကရော ရဟန်းတွေကို နိုင်ငံရေးမှာ ၀င်ပါသင့် မသင့် ဘယ်လိုများပြောခဲ့သလဲ ကြည့်ရအောင်။
မြတ်စွာဘုရားဟာ လောကီမှုဖြစ်တဲ့နိုင်ငံရေးမှာ အကောင်းအဆိုးပြောဆိုခြင်း၊ ပါဝင်ခြင်းမရှိ တာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဒါယာကာ အရင်းအခြာဖြစ်တဲ့ ဗိမ္မာသာရမင်းကြီးကို သားအရင်း အဇာတသတ်က ဖမ်းဆီးသတ်ဖြတ် နန်းလုခဲ့တာကိုတောင် ကောင်းသည်၊ ဆိုးသည် ၀င်မပါခဲ့ပါဘူး။ နောင်တရပြီး ဘုရားရှင်ထံရောက်လာမှသာ တရားမှန်ကို ဟောကြားပြသခဲ့တာပါ။
ဘုရှားရှင်ကိုယ်တော်မြတ်ကြီးက ဒီဃနိကာယ်၊ သီလက္ခန်ပါဠိတော်၊ စူဠသီလအခန်းမှာ အုပ်ချုပ်သူ မင်းအစိုးရနဲ့ ပတ်သက်သောစကား၊ သူခိုး၊ သူပုန်သူကန်တို့နဲပတ်သက်သော စကားများ ကို တိရစ္ဆာန်ကထာအဖြစ်နဲ့ သတ်မှတ်ပြီး ဆွေးနွေးခြင်း၊ ပြောကြားခြင်းမပြုဖို့ တားမြစ်ခဲ့ထားတာကို တွေ့ရပါတယ်။ ဒီလိုသတ်မှတ်ရတာကလည်း မဂ်ဖိုလ်၊ နိဗ္ဗန်ရခြင်းအကြောင်းမဟုတ်ဘဲ အချည်းနှီးဖြစ် လို့ပါ။
ဒါဆိုရင် ဘာသာရေးနဲ့ နိုင်ငံရေးရောယှက်တာကို ဒီမိုကရေစီစံအရ လက်မခံသလို၊ မြတ်စွာ ဘုရားရှင်ကလည်း အလိုရှိတော်မမူဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း မြတ်စွာဘုရားရှင် လက်ထက်တော်ကစပြီး ယနေ့အချိန်အထိ သီလ၊ သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတဲ့ မထေရ်ကြီးများဟာ နိုင်ငံရေးမှာ ၀င်မပါခဲ့တာပဲဖြစ်ပါတယ်။ နေ့စာဝါ၊ ညဘ၀နာနဲ့ နေခဲ့ကြတာပါ။
မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ ရဟန်းသံဃာများဟာ အထူးအလေးအမြတ်ထား ကြည်ညိုခံရသူ များဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ ဘာသာရေးအတွက်သာမက လူမူရေးအတွက်ပါ သံဃာတော် များကို ကိုးကွယ်၊ ဆည်းကပ်၊ တိုင်ပင်ခဲ့တာပါ။ အုပ်ချုပ်သူမင်းကအစ သာမန်ပြည်သူအဆုံး သံဃာ တော်များရဲ့ သွန်သင်ဆုံးမမှုကို ဦးလည်းမသုန်ခံယူကြပါတယ်။ ဒါ့ကြောင့် ရဟန်းတော်များအနေနဲ့ ဘုရားခန်း၊ အိမ်ဦးခန်းမှာ ထိုင်ပြီး ဒါယကာ၊ ဒါယိကာမများကို တရားနဲ့အညီ ပဲ့ပြင်၊ သွန်သင်ဆုံးမ နိုင် ကြပါတယ်။ လမ်းပေါ်ထွက်ပြီး သာမန်လူတွေလို အော်ဟစ်ဆန္ဒပြဖို့မလိုပါဘူး။
အခု စက်တင်ဘာဖြစ်ရပ်မှာ ဘယ်သူတွေမြတ်လို့ ဘယ်သူတွေရှုံးသလဲ။ အစိုးရကို နိုင်ငံ တကာက ဖိအားတွေပိုပေးလာအောင်၊ ပြည်တွင်းမှာ တင်းမာမှုတွေ ပိုလာအောင်လုပ်ချင်တဲ့ အတိုက် အခံတွေ၊ အနောက်အုပ်စုနိုင်ငံတွေမြတ်တယ်။ ၁၉၈၈ ခုနှစ်ထဲက ဆရာ၊ ဒကာ ရင်းနှီးအောင် လုပ်လာ ခဲ့တဲ့ စစ်တပ်အစိုးရရှုံးတယ်။ အဲ အရှုံးဆုံးကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာပါဘဲ။
၈၈ အရေးအခင်းကာလနဲ့ပတ်သက်ရင် နိုင်ငံတကာမီဒီယာတွေက အမြဲပြန်ပြတဲ့ ပုံတစ်ပုံရှိ ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက သိမ်းလာတဲ့ လက်နက်တွေကိုင်ပြီး ကားခေါင်မိုးပေါ်က လိုက် လာတဲ့ သံဃာတော်တွေပုံပါ။ ၀၇ စက်တင်ဘာ အရေးအခင်းနဲ့ပတ်သက်ရင် အမြဲပြန်ပြနေတဲ့ ပုံနှစ်ပုံက ဆိုင်ကယ်မီးရှို့ထားတဲ့ မီးခိုးလုံးတွေကြားက မျက်နှာမှာ အ၀တ်စည်းပြီး ထွက်လာတဲ့ သံဃာ တော်တွေပုံနဲ့ အလံကိုင်၊ သင်္ဃန်းကို ကပိုကရိုလွယ်ပြီး အလံကိုင်ကာ လက်သီးလက်မောင်းတန်းပြီး လမ်းပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်အော်နေတဲ့ ကတုံးအသစ်နဲ့ ရဟန်းတပါးပုံပါ။ ဒါကိုမြင်တဲ့ မဟာယာန ဂိုဏ်းဝင်တွေ၊ အခြားဘာသာဝင်တွေက ထေရ၀ါဒရဟန်းတော်များကို ဘယ်လိုမြင်မလဲ စဉ်းစားကြည့်ကြပါ။
သူတို့နိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေးကို စည်းခြားထားတဲ့ အနောက်နိုင်ငံတွေက ထေရ၀ါဒ သံဃာတွေကို ဘာလို့ လမ်းပေါ်ထွက်ခိုင်းနေတာလည်း။ အတိုက်အခံအဖွဲ့တွေကရော ဘယ်သူ သေသေ ငတေမာရင်ပြီးရောဆိုပြီး သံဃာတွေကိုနင်းပြီး အာဏာယူချင်နေတာလား။
ဒီမိုကရေစီစနစ် ပေါ်လာရင်လည်း အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေဆိုတာ ရှိကြမှာပါ။ အဲဒီအခါမှာ အတိုက်အခံက သံဃာထုကိုသုံးပြီး ဒီမိုကရေစီနည်းကျရွေးထားတဲ့ အစိုးရကို ဆန့်ကျင် ရင်၊ အစိုးရက ဦးနုလုပ်ခဲ့သလို ဘာသာရေးကို နိုင်ငံရေးအတွက်သုံးလာရင် ကောင်းကြပါဦးမလား၊ အာဏာလုပွဲတွေကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ ရေတိမ်နစ်ရတော့မှာလား၊ မလုပ်သင့်တာကို မလုပ် ကြရင်ကောင်းမယ်ထင်ပါတယ်။ အာဏာအတွက် ပြိုင်ကြရင်လည်း တစ်ခြားနည်းသုံးကြပါ။ ကိုယ် ကိုယ်တိုင် ရှေ့ထွက်ပြီးတိုက်ကြပါ။ ဘုရားခန်းက သံဃာတွေကိုတော့ လမ်းပေါ်ကို ဆွဲမတင်ကြပါနဲ့၊ သာသနာအတွက် ရင်လေးလို့ တောင်းပန်ပါရစေ။ 
ရွှေတံခါး
Unknown at 6:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.