Monday, March 5, 2012

 ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှု

ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုတွင် တွေ့ရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့၏ ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ဖေဖော်ဝါရီလ၄ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဖွဲ့၏ ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် သီရိဂုဏ်အိမ်ရာထောင့်ရှိ နေအိမ်၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ သတင်းထုတ်ပြန်မှုမှာ  ပြီးခဲ့တဲ့ ရက်များအတွင်း ၈၈မျိုးဆက် ကျောင်းသားများသွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်သော ရည်ရွယ်ချက်၊ အတွေ့အကြုံ၊ ရလဒ်များ ကို ပြန်လည်ပြောကြားခြင်း ဖြစ်ပါသည်။ ထို့အပြင် မတ်လ ၁ ရက်နေ့က ပြောကြားခဲ့သော နိုင်ငံတော်သမ္မတ မိန့်ခွန်းနှင့်ဆက်စပ်သည့် သဘောထားအမြင်များကိုလည်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။  ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နောက်ပိုင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်ဖြင့် ခြေလှမ်းကို စတင်ခဲ့ကာ ဟင်္သာတမြို့ခံလူထုဖြင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ရည်ရွယ်ချက်ကို ဦးစွာရှင်းပြခဲ့ပါသည်။  ''ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြောဆိုခြင်းတွေက စပါတယ်''ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ဟင်္သာတမြို့ခရီးစဉ်၏ ရလဒ်အနေဖြင့် မြို့ခံလူထု၊ နိုင်ငံရေးအင်အားစုများ၊ ပရိဟိတ လူမှုရေးလုပ်ကိုင်နေသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းမိပြီး ပွင့်လင်းသော လူ့အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် လူမှုကွန်ယက်တစ်ခု ဖြစ်ပေါ်လာခဲ့ကြောင်း၊အကျိုးဆက်အနေဖြင့် ကချင်ပြည်နယ်ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားရောက်ခဲ့ပြီး ကဏ္ဍအသစ်တစ်ခုလည်း ထပ်မံဖြစ်ပေါ်လာခဲ့ကြောင်း ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။ ''အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ်ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်း ခရီးစဉ်တို့ကို သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ကဏ္ဍကတော့ ငြိမ်းချမ်းရေးကဏ္ဍပါ'' ဟု ကိုမင်းကိုနိုင်က ပြောပါသည်။
''အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းကအဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တိုကိုယ်တိုင် ပြည်ထောင်စုဖွား သွေးချင်းတွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီလဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါမယ်။ အဲဒီအတွက် ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်းဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေ ကို ဆက်ကြဦးမှာဖြစ်ပါ တယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့သည်။  သွားရောက်ခဲ့သော ခရီးစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းမှုအပြီးတွင် သတင်းထောက်များမှ မေးမြန်းခဲ့သည်များကို ဖြေကြားရာ၌ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် သဘောထားကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်က ဖြေကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းကို အပြုသဘောဆောင် ကြိုဆိုပြီး အားလုံး ပူးပေါင်းပါဝင်မှုအတွက် ပြန်လည်လက်ကမ်းသွားမည်ဟု ပြောကြားခဲ့ပါသည်။ ''ကျွန်တော်တစ်ယောက် တည်း တင်မကဘဲနဲ့၈၈မျိုးဆက်တစ်ခုလုံး ရဲ့သဘောထားအမြင်တွေကို ခြုံငုံပြီး တော့ဖြေပေးမှာဖြစ်ပါတယ်။ ခြုံပြောလိုက်မယ်ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်''ဟု ကိုမင်းကိုနိုင်က ပြောကြားပါသည်။
''တစ်ခုရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျွန်တော်တို့ရပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတာကိုပဲ တန်ဖိုးထားပါတယ်။ လက်တွေ့ နဲ့ တိုင်းတာရမယ့် ပေတံတွေရှိပါတယ်'' ဟု ကိုမင်းကိုနိုင်က ပြောပါသည်။  အဆိုပါ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင်နှင့်အတူ အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ကလည်း ၎င်းတို့၏ ခရီးစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် သမ္မတမိန့်ခွန်းအပေါ် သဘောထားအမြင်အစရှိသည် တို့ကို ဖြေကြားခဲ့ကြပါသည်။
EMG
Unknown at 10:08 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.