Friday, February 24, 2012

NLD ရှုံးလျှင် ပြဿနာပေါ်နိုင်ဟု ကြံ့ခိုင်ရေးပါတီ ဆို

ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရှုံးနိမ့်ပါက ပြဿနာ ဖြစ်ပေါ်နိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေး မှတ်တမ်း၌ ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီက မဲဆွယ်ရေးအတွက် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလတွင် စောင်ရေးတသိန်း အခမဲ့ ရိုက်နှိပ်ဖြန့်ဝေသည့် ဝါဒဖြန့် ပါတီသတင်းလွှာ (ဓာတ်ပုံ - ဧရာဝတီ)
“NLD ပါတီရှုံးလျှင် ပြဿနာရှာမည်၊ အနောက်နိုင်ငံများက ဝေဖန်မည်၊ သူတို့နိုင်လျှင် တရားတယ် ပြောမည်၊ သို့ဖြစ်၍ မိမိတို့ဘက်က အမှားမရှိစေရေး၊ တရားဥပဒေ ဘောင်အတွင်းက အလေးထား လုပ်ဆောင်ရမည်” ဟု ကြံ့ခိုင်ရေးပါတီ၏ ဒု ဥက္ကဋ္ဌ သူရဦးရွှေမန်းက အထူး အစည်းအဝေး၌ ပြောဆိုခဲ့ကြောင်း ရေးသားထားသည်။
အင်တာနက် စာမျက်နှာများတွင်ပျံ့နှံ့နေသည့် ကြံ့ခိုင်ရေးပါတီ၏ စာမျက်နှာ ၁၃ မျက်နှာရှိ ယခုလဆန်းက ပြုလုပ်သည်ဆိုသော ရွေးကောက်ပွဲ အောင်နိုင်ရေးအစည်းအဝေး မှတ်တမ်း၌ အထက်ပါအတိုင်း ရေးသားထားခြင်း ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ထိုသဘောမျိုး ပြောဆိုခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ တွေ့ရှိရသော်လည်း NLD ပါတီဟု တိုက်ရိုက်ပြောဆိုမထားပေ။
ဦးတင်အေး က “ရွေးကောက်ပွဲတွင် အနိုင်မရလျှင် မိမိနိုင်စေလိုသည့် ကိုယ်စားလှယ်နှင့်ပါတီ မနိုင်ခဲ့လျှင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း ပြစ်တင်ဝေဖန်တတ်သည် ဖြစ်၍ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ တိကျမှန်ကန်စွာ လိုက်နာ ဆောင်ရွက်ပေးကြရန်”ဟု ဆိုသည်။
ရွေးကောက်ပွဲသည် အမှန်တကယ် လွတ်လပ်၍ တရားမျှတပါက ပြောဆိုရန် မလိုအပ်ကြောင်း NLD ပါတီ၏ ပြောခွင့်ရသူနှင့် မန္တလေး ဒေသမှ ပါဝင်အရွေးခံရန် ပြင်ဆင်နေသည့် ဦးအုန်းကြိုင်က တုံ့ပြန် ပြောဆိုသည်။
“မမျှတရင်တော့ မမျှတဘူးလို့ ပြောရမှာပဲလေ။ ဒါပေမယ့် ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ တကြိမ်ပဲဝင်ခဲ့သေးတယ်။ အဲဒီတုန်းကလည်းပဲ အပြတ်အသတ် အနိုင်ရခဲ့တယ်။ ရှုံးတဲ့ နေရာ တချို့ရှိခဲ့ပေမယ့် ဘယ်သူ့ကိုမှ အပြစ်မပြောခဲ့ပါဘူး” ဟု
ဦးအုန်းကြိုင်က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့ခြင်းသည် ပြည်သူလူထု၏ တခဲနက် ထောက်ခံအားပေးမှု ကြောင့် အနိုင်ရခဲ့ကြောင်း၊ ယခုရွေး ကောက်ပွဲတွင်လည်း နိုင်ခြင်း၊ မနိုင်ခြင်းသည် ပြည်သူလူထု၏ ဆန္ဒမဲ အပေါ်မူတည်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဘယ်သူတွေက ဘယ်လိုပဲ ပြောနေပါစေ၊ လူထုရဲ့ထောက်ခံမှု ရအောင်ကြိုးစားမယ်၊ လူထုကိုပဲ အားကိုးပါတယ်၊ လူထုဟာ အဓိကပါပဲ” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအား ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ NLD ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်ဒေသများသို့ စည်းရုံးရေး ဆင်းနေပြီး ဒေသဆိုင်ရာ အာဏာပိုင်များ၏ ကန့်သတ်မှု တချို့နှင့်လည်း ကြုံနေရကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေးပါတီသည် အကြီးဆုံးပါတီအဖြစ် ပါဝင်ခဲ့ကြောင်း၊ ယခု ရွေးကောက်ပွဲ၌ NLD ပါတီသည် လစ်လပ်နေရာ ၄၈ ခုတွင် ၀င်ရောက်အရွေးခံမည် ဖြစ်၍ ၎င်းတို့၏ အဓိကပြိုင်ဘက်ပါတီဖြစ်ကြောင်း၊ NLD အား အထင်သေး၍ မရသကဲ့သို့ အထင်ကြီးရန်လည်း မလိုကြောင်း ကြံ့ခိုင်ရေးပါတီ၏ မှတ်တမ်းက ဆိုသည်။
NLD သည် စည်းရုံးရေး စွမ်းရည်ရှိပြီး မီဒီယာ အားကိုးဖြင့် ထိုးဖောက်နေကာ ကြံ့ခိုင်ရေးပါတီအား ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပါတီ ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲသည် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့၏ နိုင်ငံရေး အားစမ်းသော ပြိုင်ပွဲဟု ဦးရွှေမန်းက ပြောဆိုကြောင်း သိရသည်။
ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေး အချက်အလက်များအား စုံစမ်းပြီး အားနည်းချက်များကို မှတ်သား၍ မဲဆန္ဒရှင်ပြည်သူများ သိရှိစေရန် လိမ်မာပါးနပ်စွာ ဆောင်ရွက်ရမည်ဟုလည်း လမ်းညွန်ထားသည်။
စည်းရုံးရာ၌ လူအား၊ ငွေအား၊ ပစ္စည်းအား၊ စည်းရုံးရေးအားဖြင့် ပုံအောပြီး ပါတီအောင်နိုင်ရေး၊ ပါတီအသာစီးရရေး၊ လွှမ်းမိုး ထားနိုင်ရေး၊ ဒီမိုကရေစီအရေး၊ အချုပ်အခြာ အာဏာခိုင်မြဲရေးတို့နှင့် ပြည်သူအား မိဘနေရာထားရမည်ဟု ဦးရွှေမန်းက ပြောကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ အဆင့်ဆင့် ပါတီဝင်များအနေဖြင့် ဒု ဥက္ကဋ္ဌ ပြောကြားခဲ့သည့် အရာများကို လမ်းညွှန်ချက် အဖြစ်ခံယူ၍ ကြားဖြတ် ရွေးကောက်ပွဲအပြင် ရွေးကောက်ပွဲတိုင်း၌ အပြတ်အသတ် အနိုင်ရရေးအတွက် အစွမ်းကုန် နေ့မအား၊ ညမအား ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းဖြင့် မှတ်တမ်းအား နိဂုံးချုပ်ထားသည်။
ယင်းမှတ်တမ်းပါ အကြောင်းအရာများနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

ဧရာဝတီ
Unknown at 2:54 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.