Tuesday, February 28, 2012

ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်


ရန်ကုန်မြို့အတွက် ဂျီအက်စ်အမ်ဖုန်းလိုင်း ၁ သိန်းခွဲချထားပေးမည်
၂၀၁၁ ခုနှစ် တစ်နှစ်တာကာလပတ်လုံး တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသာ သတင်းထုတ်လွှင့်ခဲ့ပြီး အမှန်တကယ်ချထားပေးခြင်းမရှိခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများကို လာမည့် မတ်လအတွင်း၌ အမှန်တကယ်ချထားပေးတော့မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အတည်ပြုပြောဆိုခဲ့သည်။ မတ်အတွင်း၌ ချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းလိုင်းများသည် တစ်နိုင်ငံလုံးအတိုင်းအတာအတွက် လိုင်းအင်အား ၁ သန်းခွဲရှိပြီး ရန်ကုန်မြို့အတွက် လိုင်းအင်အား ၁ သိန်းခွဲရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့မှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် Call Center မှသိရသည်။ “အရင်က နှစ်သိန်းနဲ့ချထားပေးမယ်ဆိုပြီး ဆက်သွယ်ရေးကပြောခိုင်းထားလို့ ပြောပေးနေတာပါ။ အခု နှစ်သိန်းဝန်းကျင်လို့ပဲ ပြောခိုင်းထားပါတယ်”ဟု တန်ဖိုးနည်းဖုန်း၏ ဈေးနှုန်းနှင့်ပတ်သက်၍ Call Center မှပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဖုန်းလိုင်းများချထားပေးမည့်ရက်ကို မတ်လအတွင်း အတိအကျချထားပေးမည်ဟု Call
Center သို့ အချက်အလတ်ပေးပို့ထားကြောင်း ၎င်းကပြောသည်။ ငွေကျပ်နှစ်သိန်းဖြင့် ချထားပေးမည်ဟု သတင်းထွက်ပေါ်နေသည့် တန်ဖိုးနည်းဖုန်းများကို နီးစပ်ရာမြန်မာ့ဆက်သွယ်ရေးရုံးများ၌ ၀ယ်ယူနိုင်မည်ဖြစ်သည့်အပြင် ပြင်ပရှိမိုဘိုင်းဖုန်းဆိုင်အများအပြား၌လည်း ၀ယ်ယူနိုင်မည်ဟုသိရသည်။ “ဆက်သွယ်ရေးက ရောင်းတဲ့ဈေးအတိုင်း ကျွန်တော်တို့ဆိုင်မှာဝယ်လို့ရမှာပါ။ အမြတ်အစွန်းဆိုတာက ဖုန်းလိုင်းကတ်တွေရောင်းတဲ့အပေါ်မှာ မရရှိပေမယ့်လည်း ကျွန်တော်တို့အနေနဲ့က ဆိုင်မှာဖုန်းနဲ့ပတ်သက်ပြီး အပြည့်အစုံရှိချင်တာကြောင့် ရောင်းတော့ရောင်းရမှာပါပဲ” ဟု လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်ကပြောသည်။ အဆိုပါမိုဘိုင်းဖုန်းလိုင်းများနှင့်ပတ်သက်၍ နိုင်ငံခြားခေါ်ဆိုမှုဘီလ်ဈေးနှုန်းများ၊ စာတိုပို့စနစ်အတွက် ဘီလ်ဈေးနှုန်းများနှင့် တခြားဘီလ်ဈေးနှုန်း အသီးသီးတို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တိကျစွာထုတ်ပြန်ကြေညာပေးခြင်းမရှိပေ။ “ကျွန်တော်တို့ အခုအချိန်အထိ နိုင်ငံခြားဘီလ် ဘယ်လောက်ကောက်မှာလဲ၊ Message အတွက် ဘီလ်ဘယ်လောက် ကောက်မှာလဲ၊ နယ်ကျော်သုံးတဲ့ Roming ဘီလ်တွေပေးရမှာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေ အခုချိန်ထိမသိရသေးဘူး။ မတ်လအတွင်းချမယ်ဆိုရင် ရက်ကတော့နီးနေပြီ။ အခုချိန်ထိတော့ အသေးစိတ်မသိရသေးဘူး” ဟုဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။ တန်ဖိုးနည်းဖုန်းလိုင်းချထားပေးမည်ဟုသောသတင်းများ အဆက်မပြတ်ထွက်ပေါ်လာသည့်အတွက် ပြင်ပတွင်လက်ရှိရောင်းချနေသည့် မိုဘိုင်းဖုန်းလိုင်းများနှင့် မိုဘိုင်းဟန်းဆက်များ၏ အရောင်းအ၀ယ်ဈေးကွတ်မှာ သိသိသာသာနှေးကွေးကျဆင်းသွားသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အကျိုးဆောင်လုပ်ကိုင်နေသူများကဆိုသည်။ ဈေးနှုန်းတည်ငြိမ်မှုကို မျှော်လင့်မထားနိုင်သည့် အဆိုပါဂျီအက်စ်အမ်မိုဘိုင်းဖုန်းများအတွက် အရစ်ကျစနစ်ရောင်းချပေးရန်မှာ အလွန်ခက်ခဲသော လုပ်ငန်းဖြစ်ကြောင်း သို့ဖြစ်၍ အဆိုပါဈေးနှုန်းနိမ့်ဖုန်းများအတွက် အရစ်ကျစနစ်ကိုလုပ်ကိုင်ရန်မှာ မသေချာသေးကြောင်း မိုဘိုင်းဖုန်းလိုင်းများကို အရစ်ကျစနစ်ဖြင့် လက်ရှိရောင်းချပေးနေသည့် လူကြီးမင်းဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုကပြောသည်။ “အရစ်ကျစနစ်ကိုရောင်းပေးဖို့ မဖြစ်နိုင်သေးဘူး။ ဈေးနှုန်းက ချက်ချင်းထိုးကျချင်လည်းကျသွားမှာ။ ဘယ်သူမှ မပြောနိုင်ဘူး။ ပထမတုန်းကတော့ ဖုန်းလိုင်းတွေချထားပေးတာနဲ့ အရစ်ကျစနစ်ကိုလည်း ရောင်းပေးမယ်လို့စိတ်ကူးထားတာ။ အခုတော့ မရောင်းသေးဘူးလို့ စိတ်ကူးထားတယ်” ဟု ၎င်းကပြောသည်။
Unknown at 10:10 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.