Tuesday, February 21, 2012

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၃) (ဆောင်းပါးရှင် ရွှေဓူဝံ)

တော်ဝင် ဦးကိုကိုထွေး
အရောင်ပြောင်းသော လူလည်ကြီးများ
အပိုင်း(၃)
ဆောင်းပါးရှင် ရွှေဓူဝံ
ဘဘမှ မမ သို့အရောင်ပြောင်းသွားလေသူ (သို့မဟုတ်)  တော်ဝင် ဦးကိုကိုထွေး

တော်ဝင်မိသားစု ကုမ္မဏီ ဥက္ကဌကြီး ဦးကိုကိုထွေးဆိုတာနဲ့ ဘဘဦးထွန်းကြည်ကို ပြေးမြင်မိပါသည်။ ဘဘရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့် စီးပွားရေးနယ်ပယ်မှာ ဦးကိုကိုထွေး တစ်ယောက် လူလားမြောက် ခဲ့ရပါသည်။ ဗိုလ်ချုပ်ထွန်းကြည်ဆိုရင် မန္တလေးက စီးပွားရေးလုပ်ငန်းရှင်များနဲ့ မန္တလေးသားစစ်စစ်တွေက ချစ်ခင်မြတ်နိုးဆဲလို့ ဆိုရပေမည်။ ဗိုလ်ချုပ် ထွန်းကြည်၏ လုပ်ရည်ကိုင်ရည်ကြောင့် မန္တလေးမြို့ဟာ ယနေ့လို စည်ကားသော စီးပွားရေးမြို့တော် ဖြစ်ခဲ့ရသည်။ မန္တလေးမြို့ကြီး ဖွံ့ဖြိုးခဲ့မှုနဲ့အတူ မန္တလေးသား ဦးကိုကိုထွေးဟာ ဘဘတိုင်းမှုး ဗိုလ်ချုပ်ထွန်းကြည်ကို ချဉ်းကပ်ခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများမှတဆင့် ယနေ့ကဲ့သို့ ကျိကျိတက် ချမ်းသာလာသူဆိုတာ မန္တလေးတစ်မြို့လုံးသာမက စီးပွားရေးသမားများအချင်းချင်း သိကြပါသည်။

ဘဘကြောင့် ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ရပြီး ဘဘ ကုန်သွယ်ရေးဝန်ကြီးဘ၀မှာ ကျပ်သန်းပေါင်း ရာချီ၊ ဒေါ်လာသန်းပေါင်းဆယ်ချီတဲ့ ပါမစ်အမျိုးမျိုးကို ရရှိခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းများအတွက် အခြေခိုင်ခဲ့ ရပါတော့သည်။ ဘဘပြုတ်သွားခဲ့ချိန်မှာ ကကလှမ်းကို ချဉ်းကပ်ခဲ့ပေမဲ့ ဘဘရဲ့တပည့်ဖြစ်နေတာ ကြောင့် ကကလှမ်းက ဒုတိယတန်းစား ဗိုလ်မှုးကြီးအဆင့်လောက်ကိုပဲ ထိုးဖောက်နိုင်ခဲ့လို့ ဦးကိုကိုထွေး တစ်ယောက် နအဖလက်ထက်မှာ မှေးမှိန်နေခဲ့ရပါသည်။ ကကလှမ်းပြုတ်ပြီး ချိန်မှာတော့ ဘဘရဲ့တပည့် ဦးအောင်တောင်း (ယခင်စက်မှု(၁)၀န်ကြီးဟောင်း) အဆက်အသွယ်မှ တဆင့် သစ်လုပ်ငန်းဘက်ကို ကူးပြောင်းခဲ့ပြီး တော်ဝင်ပလာဇာကဲ့သို့ ကုန်တိုက်ကြီးများကို ပိုင်ဆိုင်ခဲ့ရပြန်သည်။

ကြံ့ဖွံ့အစိုးရသစ် လက်ထက်မှာတော့ သစ်တောတွေ ထပ်မခုတ်ဖို့ ထိန်းချုပ်မှုတွေရှိလာလို့ တော်ဝင် ဥက္ကဌကြီးဟာ အရောင်ပြောင်းတတ်သူ ပီပီ စီးပွားရေး နယ်ပယ်သစ်ကို လျှောက်လှမ်းဖို့ ခြေလှမ်းသစ်ပြင်ခဲ့ပါ တော့သည်။ ဒီလိုခြေလှမ်းသစ်လှမ်းရာမှာ မအူမလယ်နဲ့ စီးပွားရေးနဲ့နိုင်ငံရေး လေလုံးမကွဲပဲ ယခင့်ယခင် ဘဘ ဘဘ နဲ့ လုပ်နေရာက ယခုချိန်တွင် မမ မမ (အမေစု)ဆိုပြီး ပြောင်းလဲနေပါသည်။

ယခင်တုန်းက မမကိုမတရားဖိနှိပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေးများနှင့် ပလဲနံပသင့်ခဲ့သူ၊ မမကိုရန်သူသဖွယ် ဆက်ဆံခဲ့တဲ့ ဘဘရဲ့တပည့်အရင်းဖြစ်သူ စစ်အစိုးရက ချီးမြှင့်ထားတဲ့ သီရိသုဓမ္မမဏိ ဇောတဠရ မအူမလယ် ကိုကိုထွေးဟာ အခုကျမှ မမ မမ ဆိုတာပါးစပ်က မချဘဲ ဒီမိုကရေစီ ဘက်တော်သားဆိုပြီး အရောင်ပြောင်းလဲ လာပါသည်။ ဒါ့ကြောင့် ဒီလိုအပြောင်းအလဲမြန်သူကို ဒီမိုကရေစီလိုလား သူများအနေနဲ့ အယုံအကြည် မလွန်ကဲစေဖို့ သတိပြု သင့်ပါသည်။

မမ(အမေစု)ရဲ့ ပြောစကားအရဆိုရင် သူ့ရဲ့ချမ်းသာ ကြွယ်ဝမှုတွေဟာ အကျင့်ပျက် လာဘ်စားသူများနှင့် ပူးပေါင်း ပြီးရရှိခဲ့တာ ဟုတ်မဟုတ်ဆိုတာ ဆန်းစစ်ကြည့်ရပါမည်။ စစ်အစိုးရလက်ထက် စီးပွားရေး အထူးအခွင့်အရေး ရရှိခဲ့သူ လက်တဆုပ်စာ လူလည်ကြီးများအနက် ထိပ်တန်းသူဌေးကြီး မဖြစ်ခဲ့တဲ့ တော်ဝင်ဥက္ကဌကြီးက နိုင်ငံရေး အပြောင်းအလဲကြောင့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းလုဆဲဆဲ အခြေအနေမှာ မအူမလယ်နှင့် ရောယောင်ပြီး ဒီမိုကရေစီမှ ဒီမိုကရေစီ ဖြစ်လာခြင်းကို အနှစ်(၂၀)ကျော် ဘ၀နာနာနှင့် ပေးဆပ်ခဲ့ရတဲ့ ၈၈ ကျောင်းသားများမှ သူ့ကို မလိုလား မနှစ်သက်ကြဘူးဆိုတာ သိစေချင်ပါသည်။

ဒါပေမဲ့လည်း တော်ဝင်ဥက္ကဌကြီးရဲ့ လက်တလော ဆောင်ရွက်ချက်များသည် ၈၈ ကျောင်းသားများ၏ ကြွေးကြော်ချက်ဖြစ်သည့် အမေစု (မမ) ကိုဝိုင်းရံရေး ဆန္ဒသဘောထား တူညီခြင်းကိုတော့ အသိအမှတ်ပြုရ ပေမည်။ သို့ဖြစ်၍ ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ဒီိမိုလှုပ်ရှားသူများအတွက် ငွေကြေးထောက်ပံ့ မှုများပေးကာ ဘဘ မှ မမ သို့ အရောင်ပြောင်းသွားလေသူ မအူမလယ်ကြီးအဖြစ် တော်ဝင်ဥက္ကဌကြီး ဦးကိုကိုထွေးအား မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။



ဒီမိုဝေယံ

Unknown at 10:58 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.