Thursday, January 5, 2012

နယ်စပ်ဖြတ်ကျော် သုံးစွဲသည်ဟု သံသယရှိသည့် မိုဘိုင်းဖုန်းအချို့ လိုင်းပိတ်ခံထားရ

Photo
နယ်စပ်ဖြတ်ကျော် ဖုန်းသုံးစွဲသည်ဟု သံသယနှင့် ပိတ်ပင်ထားသည့် ဖုန်းလိုင်းအချို့ရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း CDMA 450 MHz သတင်းအချက်အလက် မေးမြန်းသည့် ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုလတွင် ဖုန်းသုံးစွဲခ ၁ သိန်း ကျော်သည့် မိုဘိုင်းဖုန်းများ ရက်ရှည် ပိတ်ပင်ခံထားရခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် အဆိုပါ သတင်းပြန်ကြားရေး ဌာနအား မေးမြန်းခဲ့ရာတွင် ထိုဌာနမှ တာဝန်ရှိသူက ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော် သံသယဖြင့် ဖုန်းပိတ်ပင်ထားမှု ရှိကြောင်း၊ အမှန်တကယ် ဖုန်းလိုင်း ပိတ်ပင်ခံထားရပါက သက်ဆိုင်ရာ ပြည်နယ် ဆက်သွယ်ရေးကို သွား၍ ဖုန်းသုံးစွဲခ ဘာကြောင့် ကုန်ကျသည်ကို ဖြေရှင်းချက် တင်ပြရမည် ဖြစ်ကြောင်း၊ ၎င်းဖြေရှင်းချက် မှန်ကန်ပါက ဖုန်းလိုင်း ပြန်လည် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

၁ လအတွင်း ဖုန်းသုံးစွဲခ ၁ သိန်းကျော်၍ မိုဘိုင်းဖုန်းများ ရက်ရှည်လများ အပိတ်ခံထားနေရသည့် တာချီလိတ်မြို့မှ မခင်မာသန်းက “အောက်တိုဘာလ ကတည်းက အပိတ်ခံ လိုက်ရတာပါ။ ဖုန်းပြောနေရင်း လိုင်းပြတ်သွားတယ်။ ပြန်ခေါ်တော့လည်း မရတော့ဘူး။ အခု အချိန်အထိကို ဆက်လို့ မရသေးဘူး။ တစ်လကိုတော့ တစ်သိန်း ဝန်းကျင်လောက် ဖုန်းအသုံးပြုပါတယ်။ ဒါကလည်း လုပ်ငန်းအရ သုံးတာပါ။ ဘာအတွက်ကြောင့် လိုင်းပိတ်တယ် ဆိုတာတော့ အခုအချိန်အထိ မသိရသေးပါဘူး။ တော်တော်များများ ဖုန်းသုံးစွဲမှု များတဲ့ ဖုန်းတွေ ပိတ်ပင် ခံထားရပါတယ်” ဟု ပြောသည်။ ယင်းသို့ ဖုန်းလိုင်း ပိတ်ပင်ခံရသည့် ဖုန်းများတွင် ၅ သိန်းတန် မိုဘိုင်းဖုန်းများ ဖြစ်သော CDMA 450 MHz များမှာ အများဆုံး ပိတ်ပင် ခံထားနေရပြီး ၁၅ သိန်း ၅ သောင်းတန် GSM ဖုန်းများနှင့် WCDMA ဖုန်းအချို့ ပါဝင် နေကြောင်း သိရသည်။

GSM ဖုန်းအသုံးပြုသူ တစ်ဦးက “ဆက်သွယ်ရေးမှာလည်း ကြိုတင် ငွေသွင်းထားပါတယ်။ အခု ဖုန်းဘီလ်နဲ့ သုံးစွဲခ မလုံလောက်လို့ ဖုန်းလိုင်း ပိတ်တာတော့ လက်ခံပါတယ်။ ဖုန်းဘီလ်နဲ့ သုံးစွဲတာ လုံလောက်ရဲ့သားနဲ့ လိုင်းပိတ်တာတော့ မပြောတတ်တော့ဘူး။ ဆက်သွယ်ရေးရုံး သွားမေးတော့ လိုင်းပြန်စစ်ပေးမယ်လို့ ပြောတယ်။ အခုအချိန်အထိ ဖုန်းလိုင်း ပိတ်ပင် ခံထားနေရပါတယ်” ဟု ပြောသည်။ ထိုသို့ ဖုန်းလိုင်း ပိတ်ခံရသော ဖုန်းအများစုမှာ ရန်ကုန်အခြေစိုက် မြို့ကြီးများတွင် ပိတ်ပင်ခံရမှု နည်းပါးကာ အများစုမှာ နယ်စပ်မြို့များတွင် အများဆုံး ဖြစ်ပွားလျက်ရှိပြီး ယင်းတို့အနက် တာချီလိတ်မြို့နှင့် ကော့သောင်းမြို့များတွင် ဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ လက်ရှိကာလတွင် နယ်စပ်မြို့များ၌ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အချို့မှာ တရားမဝင် နယ်ကျော် ဖုန်းပြောဆိုမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မိုဘိုင်းဖုန်းများ လိုင်းပြတ်တောက်မှု ဖြစ်ပေါ်လာပါက လက်ရှိတွင် စုံစမ်း မေးမြန်းနိုင်သည့် ဌာနများမှာ CDMA 800 MHz ဖုန်းဆိုလျှင် ၀၉-၇၃၀၀၀၀၀၀ နှင့် CDMA 450 MHz ဆိုလျှင် ၀၉-၈၆၀,၀၀၀,၀၀ နံပါတ် တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။      
Unknown at 10:21 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.