Monday, January 30, 2012

ဒဂုံမြို့သစ် အရှေ့ပိုင်းလမ်းများ လေးလမ်းသွား စတင်ဆောင်ရွက် အိမ်ခြံမြေဈေးများတက်လာ


 မြောက်ဥက္ကလာ၊ ငမိုးရိပ် တံတားအစပ်မှ ဒဂုံတက္ကသိုလ်မုဒ်ဦးထပ်အထိ ဖောက်လုပ်ထားသော ဗိုလ်မှူးဗထူးလမ်းကို နှစ်လမ်းသွားမှ လေးလမ်းသွားအထိ တိုးချဲ့ဆောင်ရွက်နေရာ  ၎င်းလမ်းတိုးချဲ့ပြီးပါက ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်အတွင်းရှိ အဓိက လမ်းမကြီး သုံးခုကိုလည်း လေးလမ်းသွား လမ်းမကြီးများ အဖြစ် ဆက်လက် ဆောင်ရွက်သွားနိုင်ဖွယ် ရှိသည်ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး (ခ) ဦးကိုကိုက ပြောကြားသည်။ ဒဂုံတက္ကသိုလ်သို့ သွားသည့် အဓိကလမ်းများဖြစ်သော ဗိုလ်မှူးဗထူးလမ်းနှင့် ကျန်စစ်သားလမ်း၊ ဒဂုံတက္ကသိုလ်၊ စက်မှုဇုန်၊ စိတ်ကျန်းမာရေးဆေးရုံ၊ အထူးစိုက်ပျိုးရေးဇုန်သို့ သွားသည့် အဓိကလမ်းများဖြစ်သော ရာဇဓိရာဇ်လမ်းနှင့် မင်းရဲကျော်စွာလမ်းတို့မှာ ကား၊ ဆိုက္ကား၊ ကျောင်းကားများ အများဆုံး အသုံးပြုသည့် လမ်းများဖြစ်သော်လည်း နှစ်လမ်းသွားလမ်းဖြစ်သည့် အတွက် ယာဉ်အန္တရာယ် ကင်းကင်း သွားနိုင်အောင်အတွက် လေးလမ်းသွားအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေးမြန်းခဲ့ရာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်ဝန်က အဆိုပါလမ်းများ တိုးချဲ့ခြင်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွက် လမ်းအပိုင်းလိုက် ထည့်သွင်းရေးဆွဲပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသွားခဲ့ခြင်းကို လွှတ်တော်ကို်ယ်စားလှယ် ဦးခင်မောင်ထူး (ခ) ကိုကိုက ဆိုလိုခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ကျောင်းသားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်မြို့တော်ဝန်က ဗိုလ်မှူးဗထူးလမ်းကို လေးလမ်းသွားအဖြစ် အဓိက ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လမ်းတိုးချဲ့ခြင်း လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်နေသည့် မြို့တော်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ လက်ထောက်ဌာနမှူး ဦးဇော်မောင်ထွေးက ပြောသည်။ ၎င်းလမ်းသည် မြောက်ဥက္ကလာပ ငမိုးရိပ်တံတားအစပ် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒဂုံတက္ကသိုလ်မုဒ်ဦးထိပ် ဒဂုံမြို့သစ် အရှေ့ပိုင်းအထိ အရှည်ပေ ၁၆,၅၅၀ ရှည်ကြောင်း၊ လက်ရှိ ကတ္တရာလမ်း အကျယ်ချည်းပဲ ၂၂ ပေရှိတာကို ၄၈ ပေ အကျယ်ရောက်အောင် ချဲ့မယ်။ ဘေးက မြေသားလမ်းနဲ့ အလယ်ကျွန်းထည့်ပေါင်းရင် ပေ ၁၀၀ လမ်း သတ်မှတ်ချက် ဖြစ်တယ်။ အခြေအနေအရ လက်တလောမှာ အလယ်ကျွန်း မထည့်ထားဘူး။ ကျန်တဲ့လမ်းတွေကို လေးလမ်းသွားအဖြစ် ဘယ်အချိန်လုပ်မယ်ဆိုတာ မသိသေးဘူး။ မြေကြီးလုပ်ငန်းကို ပွင့်လင်းရာသီမှာပဲ အပြီးဆောင်ရွက်မယ် လိုအပ်တဲ့ တောင်မြေကို ရန်ကုန်တိုင်း ဒေသကြီး နေရာအနှံ့က ရယူတယ် စက်ယန္တရားတွေကို လိုအပ်ရင် လိုအပ်သလို အသုံးပြုပါတယ် ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ လမ်းချဲ့ခြင်း လုပ်ငန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်ဆောင်ရွက်ရာ လမ်းမြေသားခင်းခြင်း လုပ်ငန်းအား မိုးမကျမီအပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။ ၎င်းလမ်းကို လေးလမ်းသွားအဖြစ် လုပ်ငန်းများ လုပ်ကိုင်ချိန်မှစ၍ ယင်းလမ်းတစ်လျှောက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးများ တက်လာရာ လက်တလော၌ ပေ ၄၀× ပေ ၆၀ မြေတစ်ကွက်ကို ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ အထိ ဈေးပေါက်ကြောင်း ဒေသခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်းများက ဆိုသည်။
Unknown at 9:56 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.