Wednesday, January 11, 2012

သွင်းကုန်ပမာဏ သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်


မြန်မာနိုင်ငံ၏ သွင်းကုန်ပမာဏမှာ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်ကဏ္ဍတွင်မူ ငွေလဲနှုန်းကာလရှည် ကျဆင်းမှုကြောင့် အခြေခံ စိုက်ပျိုးထုတ်လုပ်သူများပင် အထိနာသည့် အနေအထား ရှိနေဆဲဖြစ်ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ သွင်းကုန် တင်သွင်းခဲ့သည့် နှစ်တစ်လျှောက်တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပမာဏအများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံကျော်ဖိုး တင်သွင်းခဲ့ကြောင်း ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်မူ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် သုံးလကျန်နေသေးသည့် အချိန်၌ပင် ယခင်နှစ် တစ်နှစ်လုံး တင်သွင်းသည့် ပမာဏကို ကျော်တက်ကာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်ဖိုးအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ သွင်းကုန်ပမာဏ စံချိန်တင် မြင့်တက်ရသည့် အကြောင်းရင်းမှာ ယခင်က လက်ဝါးကြီးအုပ် ကန့်သတ်ကုန်များ ဖြစ်သည့် စက်သုံးဆီ၊ စားအုန်းဆီ၊ ကားနှင့် ယန္တရားများ တင်သွင်းခွင့်များ ခွင့်ပြုပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။ ပို့ကုန်ကဏ္ဍတွင်မူ ကာလရှည် ငွေမာဈေးနှုန်း ကျဆင်းခဲ့သည့်ဒဏ်၊ အဆိုပါဒဏ်ကို ကုစားမပေးနိုင်ခဲ့သည့်အတွက် ယခုအခါ အခြေခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများပင် အထိနာနေရကြောင်း သိရသည်။ “ကဏ္ဍတိုင်းကို မေးကြည့်ပါ အခြေခံထုတ်လုပ်တဲ့သူတွေ ထိမထိ ဆိုတာ။ ဒီနေ့အထိ အခြေခံ ထုတ်လုပ်သူတွေ တည်ငြိမ်မှု မရသေးဘူး။ ကျွန်တော်ကတော့ မွေးမြူရေးနဲ့ ပတ်သက်ပြီး ပြောချင်တယ်။ ငါးမွေးမြူရေး ဆိုပါတော့ မွေးမြူတဲ့သူအားလုံး အရင်းမရှိတော့ဘူး။ ဘဏ်က ငွေချေးတယ်၊ ပြန်မဆပ်နိုင်တဲ့အတွက် ဘဏ်က ယုံကြည်မှု မရှိတော့ဘူး။ လုပ်ငန်းရှင်နဲ့ မွေးမြူရေးသမားကြားမှာ ငွေပေးငွေယူတွေ ရှုပ်ထွေးပြီး အမှုအခင်း ဖြစ်နေပြီ။ အဆိုးဆုံးက လာမယ့်နှစ်မှာ မွေးဖို့ အရင်း မရှိတော့တာနဲ့ ထုတ်ပေးမယ့်သူ မရှိတော့တဲ့ အနေအထားရောက်နေတာ။ ဘာကြောင့်လဲဆိုတော့ ၂၀၀၉ တုန်းက ပြည်ပက ပေးတဲ့ ငါးဈေးနဲ့ ၂၀၁၁ ပြည်ပပေးတဲ့ ငါးဈေးက အတူတူပဲ။ ငွေလဲနှုန်းကျတော့ ကျပ် ၁၀၀၀ ကနေ ၂၀၁၁ တုန်းကဆိုရင် ကျပ် ၆၈၀ အထိ ကျသွားတယ်။ ကျပ် ၇၀၀ ကျော်မှာ အချိန်အကြာကြီး ရှိနေခဲ့တယ်။ အခုမှ ကျပ် ၈၀၀ ဆိုတာ ပြန်ရောက်တာ ဘာမှမကြာသေးဘူး။ ဒီတော့ ပြည်တွင်းငါးဈေးက မွေးမြူထုတ်လုပ် စရိတ်တောင်မရတော့ ရှုံးကြတာပေါ့။ ပုစွန်မွေးတဲ့သူလည်း ဒီလိုပဲ။ ကြက်မွေးတဲ့သူလည်း ဒီလိုပဲ။ ဆိုလိုချင်တာက မြန်မာနိုင်ငံရဲ့ စီးပွားရေးက မတိုးတက်သေးဘူး ဆိုတာပဲ။ အခု အခြေအနေကို မကုစားနိုင်ရင် နောက်နှစ်လည်း ဒီဒဏ်ကို ထပ်ခံရမှာပဲ။ ငါးမမွေးနိုင်ရင် ၂၀၁၂ မှာ ငါးရှားပြီး စားသုံးသူကို ထပ်ထိဦးမှာပဲ။ ဒါဆိုပြည်ပဈေးရော မတက်ဘူးလား မေးမယ်၊ ပြည်ပမှာ မြန်မာနိုင်ငံနဲ့အပြိုင် ငါးမွေးမြူထုတ်လုပ်လာနိုင်တာတွေ ရှိလာတဲ့အတွက် ပြည်ပဈေးက သိပ်မျှော်လင့်လို့ မရဘူး။ အခွန်တွေလျှော့ချပြီး တစ်ဖက်က ကူပေးပါတယ်။ ဒါပေမယ့် ကျတဲ့ငွေဈေးကြောင့် သိပ်မထိရောက်ဘူး ဖြစ်သွားတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းကြိုင်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 2:17 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.