Thursday, July 5, 2012

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၂)

ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရခိုင်၊မရမ္မာ(ဘင်္ဂလီအခေါ် Mugh) တွေဟာ နိုင်ငံသား၊တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံရမှုနဲ့ ပတ်သက်ပြီး ကျွန်တော်က ဌာနေတိုင်းရင်းသားဖြစ်လို့ဆိုတဲ့ တင်ပြချက်ကို ကိုရဲရင့်သစ္စာက ကျမ်းအကိုးအကားနဲ့ငြင်းပယ်သွားတာ တွေ့ရပါတယ်။ အဲဒီကျမ်းအလိုအရ ဒီလူမျိုးတွေဟာ ဗမာကျူးကျော်စစ်ကာလအတွင်း စစ်ဘေးကြောင့် စစ်တကောင်းကိုပြောင်းရွေ့အခြေချတဲ့ လူတွေဖြစ်တယ်၊ ဘင်္ဂလီတွေဟာ သူတို့ထက်စောပြီး စစ်တကောင်းမှာ အခြေချနေထိုင်ခဲ့တယ်လို့ ပြောထားပါတယ်။ အဲတော့ခါ စစ်တကောင်းဆိုတဲ့နာမည်ကို စဉ်းစားကြည့်ရအောင်ပါ။ ဒီနာမည်ဟာ ရခိုင်နာမည်လား၊ ဘင်္ဂလီနာမည်လား။ ဒီဒေသမှာ ဘင်္ဂလီထက်ရခိုင်တွေ စောပြီးနေထိုင်ခဲ့တာလို့ ကျွန်တော်မပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီဒေသဟာ အစ္စလာမ်ဘာသာ မ၀င်ရောက်ခင် ရာစုနှစ်အတန်ကြာ ရခိုင်ဘုရင့်ပိုင်နက်အတွင်းမှာ ရှိနေခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေ အများကြီးရှိပါတယ်။ 
နောက်တစ်ချက်က မရမ္မာလူမျိုးတွေဟာ ပဲခူး ဟံသာဝတီကို မြောက်ဦးဘုရင် မင်းရာဇာကြီးလက်ထက်က ၁၅၅၉ခုနှစ်မှာ အောင်မြင်ခဲ့လို့ အဲဒီကမြန်မာလူမျိုးတွေကို ရခိုင်ကိုခေါ်ဆောင်လာပြီး စစ်တကောင်းမှာအခြေချစေရာကနေ ရခိုင်အသံထွက် ရရစ်သံနဲ့ မရမ္မာလို့ဖြစ်လာတယ်ဆိုပြီး မှတ်သားဖူးပါတယ်။ ဒီလူမျိုးတွေရဲ့ ပထမဆုံးနယ်ပယ်ရှင်က ဗိုလ်မင်း(Bohmong-ရခိုင်သံ)  မောင်စောဖြူ(၁၅၉၉-၁၆၃၁)ဖြစ်တယ်လို့ သိရပါတယ်။ ခုချိန်ထိ ဘုရင့်နောင်မျိုးဆက်ရဲ့ နောက်ဆုံးလက်ကျန် ဗိုလ်မင်းတစ်ယောက်ဟာ အဲဒီနယ်ရဲ့ နယ်ပယ်ရှင် ရာဂျာအဖြစ် ဘင်္ဂလားဒေ့ရှ်အစိုရရဲ့ အသိအမှတ်ပြုမှုကို ခံထားရပါတယ်။ဒီဟာအတွက် ခုသက်ရှိထင်ရှားရှိနေတဲ့ နယ်ပယ်ရှင် ဗိုလ်မင်းအောင်ရွှေဖြူနဲ့ ၀ီကီပီဒီယားကလွဲရင် တခြားခိုင်မာတဲ့ ကျမ်းအကိုးအကား လက်လှမ်းမမှီနိုင်သေးတဲ့အတွက် ကိုရဲရင့်သစ္စာ ပြောသွားတဲ့အချက်ကို စောဒကတက်ဖို့ အခက်အခဲရှိနေတာကို ၀န်ခံလိုပါတယ်။
၁၉၄၆ခုနှစ်က ဗိုလ်မင်းတောင်နယ်ပယ်ရှင် ဗိုလ်မင်းကျော်ဇောစံကို အိန္ဒိယဘုရင်ခံချုပ် လာရောက်တွေ့ဆုံတဲ့ပုံဖြစ်ပါတယ်။
Raja AUNG SHWE PRU CHOWDHURY
ဒါကတော့ လက်ရှိနယ်ပယ်ရှင် ဗိုလ်မင်းအောင်ရွှေဖြူဖြစ်ပါတယ်။
အဲဒီလူမျိုးတွေကို ရခိုင်တွေက မရမ္မာလို့ခေါ်ပြီး ဘင်္ဂလီတွေကတော့ မရမ္မာနဲ့ရခိုင်ကို Magh လို့ တစ်ခုတည်းပေါင်းခေါ်ကြပါတယ်။ မရမ္မာဟာ ရခိုင်စကားပြောတဲ့ မြန်မာ(ဗမာ)အဆက်အနွယ်တွေဖြစ်လို့  သူတို့ဟာ ကမန်လိုပဲ ရခိုင်စကားပြောတဲ့ ရခိုင်မဟုတ်တဲ့ မျိုးနွယ်စုတစ်ခုပါ။ နိုင်ငံတော်အစိုးရကတော့ မရမ္မာအပါအ၀င် ရခိုင်ပြည်နယ်က ကမန်၊မြို၊ခမီစတဲ့ တခြားမျိုးနွယ်စုတွေကိုလည်း ရခိုင်မျိုးနွယ်စုထဲမှာ ထည့်သွင်းဖော်ပြခဲ့ပြီး အဲဒီလိုထည့်သွင်းဖော်ပြတာကို ရခိုင်လူမျိုးတွေက လိုလိုလားလား လက်ခံခဲ့ကြပါတယ်။ ရခိုင်တွေ၊မရမ္မာတွေဟာ ၁၈ရာစု ဗမာကျူးကျော်စစ်ကြောင့် ရခိုင်ပြည်ကနေထွက်ပြေးတဲ့အချိန်ကျမှ စစ်တကောင်းကို ရောက်လာတာဖြစ်တယ်၊ အဲမတိုင်ခင် ရခိုင်တွေ စစ်တကောင်းမှာ အခြေချနေထိုင်မှုဟာ ခိုင်မာတဲ့ မှတ်တမ်းမှတ်ရာမရှိဘူးလို့ ကိုရဲရင့်သစ္စာက Encyclopaedia Brittanica ရဲ့ Marma entry ကို ကိုးကားပြီး ဖော်ပြထားတာတွေ့ရပါတယ်။ နောက်တဆက်တည်း သမိုင်းကို ကျကျနနခြေရာကောက်ကြည့်မယ်ဆိုရင် ဘင်္ဂလီတွေ ရခိုင်မှာအခြေချတဲ့ ခုနှစ်က ရခိုင်တွေ ဘင်္ဂလားမှာအခြေချနေထိုင်ခဲ့တဲ့ ခုနှစ်ထက်ပိုစောတယ်လို့ ဆိုထားပါသေးတယ်။အဲဒီတော့ အဲဒီခေတ်မတိုင်ခင် စစ်တကောင်းကို ရခိုင်အုပ်စိုးမှုဟာ ပါးစပ်ရာဇ၀င်အဖြစ် သတ်မှတ်ရမလိုဖြစ်နေပါတယ်။ အဲဒီကျမ်းမှာဖော်ပြထားတဲ့ ခိုင်မာတဲ့ သမိုင်းအထောက်အထား မရှိဘူးဆိုတဲ့ သုံးသပ်ချက်အပေါ်မှာ ကျွန်တော်လက်လှမ်းမှီသလောက် ရှာတွေ့ထားတဲ့ ကျမ်းအကိုးအကားအနည်းငယ်ကို တင်ပြချင်ပါတယ်။ ပထဆုံးအနေနဲ့ ဒေါက်တာထင်အောင်ရဲ့ ၁၉၆၇ခုနှစ်က အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်က  History of Burma စာအုပ်ထဲမှာပါတဲ့ အချက်အလက်အချို့ကို ပထမဆုံးထုတ်နုတ်တင်ပြချင်ပါတယ်။
Benefiting from the trade with Bengal and Malacca, Arakan became so prosperous and powerful that in 1459 its forces seized the Indian port of Chittagaung. ---ref: A History of Burma by Maung Htin Aung; Columbia University Press (USA)1967 pp 98.
ဒေါက်တာထင်အောင်ဖော်ပြထားတဲ့ ၁၄၅၉ခုနှစ်မှာ ရခိုင်တွေ စစ်တကောင်းကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့ အဲဒီနယ်မြေကို သိမ်းပိုက်ပြီးတာနဲ့ ရခိုင်တွေမနေပဲ ဘင်္ဂလီတွေချည်းပဲ သက်သက်ထားခဲ့တာလား။ အနည်းဆုံး အခွန်ကောက်ခံဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ဖို့ လူဦးရေအသင့်အတင့် နေရာချထားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ အသိမ်းပိုက်ခံနယ်မြေက ဘင်္ဂလီတွေဟာလည်း မြောက်ဦးမြို့တော်ကို ဘုရင့်အစီအစဉ်နဲ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီသမိုင်းကြောင်းကို ထပ်မံအတည်ပြုဖို့ Leiden University မှာ van Galen,Stephan Egbert Arie တို့ပြုစုခဲ့တဲ့ Arakan and Bengal : the rise and decline of the Mrauk U kingdom (Burma) from the fifteenth to the seventeeth century AD ဆိုတဲ့ ပါရဂူဘွဲ့စာတမ်းမှာ၁၅ရာစုကနေ စတင်ပြီး မြောက်ဦးခေတ် ရခိုင်ဘုရင့်နိုင်ငံတော်ရဲ့ ဘင်္ဂလားနဲ့ ပတ်သက်ဆက်ဆံမှု၊ လွှမ်းမိုးမှုတွေကို အထောက်အထားများစွာနဲ့ တင်ပြထားပါတယ်။ အဲဒီစာတမ်းရဲ့ အခန်း(၄)မှာ ဖော်ပြထားတဲ့  မြောက်ဦးဘုရင် မင်းခမောင်း(၁၆၁၂-၁၆၂၂) ရဲ့ ဒတ်ခ်ျဘုရင်ခံချုပ်ဆီကို ပေးပို့တဲ့ ရာဇသံ ပထမပိုဒ်အရ မင်းခမောင်းဟာ အရှေ့ဖက်မှာပဲခူးဟံသာဝတီနဲ့ အနောက်ဖက်မှာ စစ်တကောင်းအပြင် ဒါကာအထိ အာဏာစက်လွှမ်းမိုးမှုရှိတယ်လို့ သိရှိရပါတယ်။
အဲဒီအချက်တွေကိုကြည့်ရင် ၁၆ရာစု ရခိုင်ဘုရင့်လက်အောက်ခံ စစ်တကောင်းနယ်မှာ ရခိုင်တွေနေထိုင်မှုမရှိခဲ့ဘူးဆိုတာ logically သုံးသပ်ကြည့်ရုံနဲ့ ဖြစ်နိုင်၊မဖြစ်နိုင် သိနိုင်ပါတယ်။ ကိုရဲရင့်သစ္စာပြောတဲ့ ခိုင်မာတဲ့အထောက်အထားမရှိဘူးဆိုတဲ့ အချက်ဟာ အေဒီ၆ရာစုနဲ့၈ရာစုကြား ရခိုင်ဝေသာလီခေတ်မှာ စစ်တကောင်းဟာ ဝေသာလီလက်အောက်ခံ နယ်မြေတစ်ခုဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ရှေးဟောင်း သုတေသနသမားတွေဆီမှာ ကျောက်စာအထောက်အထားတွေ ရှိကောင်းရှိပါလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့နှစ်ယောက်စလုံး လက်လှမ်းမမှီတဲ့အတွက် စောဒကတက်စရာ မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တိုင်းရင်းသားလူမျိုးများပြမြေပုံ
ရခိုင်၊မရမ္မာတွေကို ဌာနေတိုင်းရင်းသားအဖြစ် ဘင်္ဂလားဒေ့ရှ်က အသိအမှတ်ပြုခဲ့တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒါကလည်း အပေါ်က ဘင်္ဂလားဒေ့ရှ်ရဲ့ တိုင်းရင်းသားလူမျိုးများပြမြေပုံကို ကြည့်ပြီးပြောတာပါ။ သူတို့ဘင်္ဂလားဒေ့ရှ်မှာ စတင်နေထိုင်ခဲ့တဲ့အချိန်ဟာ ရခိုင်မှာ ဘင်္ဂလီတွေ စတင်နေထိုင်ခဲ့တဲ့အချိန်နဲ့ အတူတူ ဒါမှမဟုတ် နောက်ကျတဲ့အတွက် မြန်မာဖက်မှာလည်း ဘင်္ဂလီတွေဟာ ဌာနေတိုင်းရင်းသားဖြစ်တယ်လို့ ကိုရဲရင့်သစ္စာဆိုလိုချင်ပုံရပါတယ်။ ကျွန်တော်မှားကောင်းမှားနိုင်ပါတယ်။ ဒါကလည်း  ကိုရဲရင့်သစ္စာရဲ့ပြန်ကြားချက်ထဲက အချက်အလက်အချို့ကို ခြုံငုံသုံးသပ်ပြီး ပြောကြည့်တာပါ။ ရခိုင်သမိုင်းသုတေသီ ဦးရွှေဇံက သူ့ရဲ့စာအုပ်တစ်အုပ်မှာ ဘင်္ဂလီကို ရခိုင်၊မရမ္မာတွေလို Nationals လို့ သုံးနှုန်းတင်ပြခဲ့ကြောင်း ကိုရဲရင့်သစ္စာ အထောက်အထားတစ်ခုပေးထားတာ တွေ့ရပါတယ်။ အဲဒီအချက်နဲ့ဆက်စပ်ပြီး ဦးရွှေဇံက လက်ရှိရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာဆိုသူတွေကို ဘယ်လိုသုံးသပ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတစ်ခုကို ကျွန်တော်ပေးချင်ပါတယ်။
ကျွန်တော်ဗဟုသုတရှိသလောက်ပြောရရင် မြောက်ဦးခေတ်မှာ ဘင်္ဂလီတွေဟာ စစ်သုံ့ပန့်၊ကျွန်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမန်တွေလို ဘုရင်ကသူကောင်းပြု နိုင်ငံသားဖြစ်ခွင့်ရခဲ့တာ မဟုတ်ပါဘူး။ ဒီအချက်ဟာ ဘင်္ဂလားဒေ့ရှ်က ရခိုင်၊မရမ္မာတွေရဲ့ ကနဦးအခြေအနေနဲ့ တော်တော်ကွာခြားပါတယ်။ မရမ္မာတွေဟာ စစ်တကောင်းနယ်မှာ အုပ်ချုပ်သူအပါအ၀င် လူ့အဖွဲ့အစည်းတစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင် ရခိုင်ဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ အခြေချနေထိုင်ခွင့်ရခဲ့တာပါ။ အဲဒီဒေသဟာ သူတို့အခြေချနေထိုင်ပြီးနောက်ပိုင်း ပိုမိုဖွံ့ဖြိုးစည်ပင်လာတဲ့အပြင် ဒေသတွင်းက တခြားလူမျိုးစုတွေကိုပါ သြဇာလွှမ်းမိုးမှု ယခုအချိန်ထိရှိနေပါတယ်။ နိုင်ငံခြားသွားပြီဖြစ်ပေမယ့် သူတို့ရဲ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ခုချိန်ထိ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တဲ့အပြင် ဒေသတွင်းမှာ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခဖြစ်မှုဟာ ခုရခိုင်မှာရှိနေတဲ့ ဘင်္ဂလီ(ရိုဟင်ဂျာ)ဆိုသူတွေနဲ့ယှဉ်ကြည့်ရင် အရမ်းကွာခြားတာကို တွေ့ရပါတယ်။ ယခုလက်ရှိ အဲဒီနယ်မှာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေတဲ့ ဗိုလ်မင်းအခွန်တော်ဆက်ပွဲမှာ အဲဒီနယ်မှာရှိတဲ့ရခိုင်၊မရမ္မာတွေသာမက သက်၊ခမီ၊မြို၊ဒိုင်းနက်တွေပါမကျန် ဘင်္ဂလီလူမျိုးတွေပါ လာရောက်အရိုအသေပေးကြတာကို တွေ့ရပါတယ်။ အဲဒီမရမ္မာလူမျိုးစုဟာ သက်ဆိုင်ရာအစိုးရအပေါ် သစ္စာစောင့်သိပြီး ပုန်ကန်ထကြွမှုမရှိပဲ အေးအေးလူလူနေတဲ့ မျိုးနွယ်စုတစ်ခုအဖြစ် သိရှိထားပါတယ်။ ဒီအချက်နဲ့ဆက်စပ်ပြီး ရခိုင်ကဘင်္ဂလီတွေရဲ့ အနေအထားကို ပြန်ကြည့်တဲ့အခါ ယခုလက်ရှိနိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂလီတွေဟာ မြောက်ဦးခေတ်ကတည်းက ရောက်ရှိနေကြတဲ့ ကမန်နဲ့ ဘင်္ဂလီမျိုးနွယ် မြေဒူးမူဆလင်တွေလို အိမ်ရှင်နိုင်ငံအပေါ်မှာ သစ္စာစောင့်သိပြီး အေးအေးချမ်းချမ်းနေခဲ့ကြမယ်ဆိုရင် ခုချိန်မှာ သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာ့လူနေမှုစရိုက်နဲ့ အံဝင်ဂွင်ကျဖြစ်နေလောက်ပါပြီ။ အဲဒီလိုမဟုတ်ပဲ သူများနယ်မှာ တစ်စင်ထောင်ဖို့ကြိုးစားခဲ့လို့ ခုလိုအခြေအနေတွေ ဖြစ်လာရတာပါ။ နှစ်ပေါင်းဘယ်လောက်ပဲကြာကြာ နေထိုင်ခဲ့တယ်ပြောပြော ဧည့်သည်ဟာ အိမ်သားဖြစ်ချင်ရင် အိမ်ရှင်ကိုလေးစားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူနည်းစုအခွင့်အရေးကို ရှေ့တန်းတင်ပြောချင်ရင် တစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဖို့လိုပါတယ်။
ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်တစ်ခုမှာ ဒီရိုဟင်ဂျာဆိုသူတွေကို တိုင်းရင်းသားအဖြစ် ၀န်ကြီးချုပ်ဦးနုက တရားဝင်ကြေငြာသွားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့တာမျိုး မရှိကြောင်းကိုလည်း ဖခင်ကြီးနဲ့ဆရာဆီမှာ မေးမြန်းပြီး သိခဲ့ရတယ်လို့ အမှန်အတိုင်း ရိုးသားစွာပြောသွားတာကို တွေ့ပါတယ်။ ပါလီမန်ဒီမိုကရေစီ စနစ်မှာ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်သာလျှင် တရားဝင်ဖြစ်ပြီး ၀န်ကြီးချုပ်ကပြောတာပဲဖြစ်ဖြစ်၊သမ္မတကပြောတာပဲဖြစ်ဖြစ် မဲဆွယ်ကာလကတိစကားဟာ တရားဝင်မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲမတိုင်ခင် အရွေးခံနေတဲ့ သမ္မတက ပြည်သူတွေရဲ့ မဲဆန္ဒကို လိုချင်လို့ ပြောတတ်တာ ဓမ္မတာပါ။ သမ္မတ ဂျော့ဘုရှ်ဆိုရင် ရွေးကောက်ပွဲမတိုင်ခင်က “Read my lips, I won’t raise taxes” ကျနော်ပြောတာကို သေသေချာချာ နားထောင်ကြပါ ကျနော်သမ္မတဖြစ်လာခင် ပြည်သူ့အခွန်ကို တိုးမကောက်ပါဘူးလို့ ဆိုပြီး တိုးကောက်ခဲ့လို့ သူ့ရဲ့သမ္မတသမိုင်းမှာ အမဲစက်စွန်းထင်းခဲ့ရပါတယ်။ ယခုဖြစ်နေတဲ့ပြဿနာတွေဟာလည်း သမိုင်းတရားခံဦးနုရဲ့ ရှေ့နောက်မဆင်ခြင်ပဲ ပြောခဲ့တဲ့ မဲဆွယ်စကားကြောင့်ပါ။ ဒီအကြောင်းအရာကို ထပ်ပြီးပြောရတာဟာ ကိုရဲရင့်သစ္စာက ရိုဟင်ဂျာဖက်ကထောက်ခံပြောဆိုနေလို့ ဆိုတဲ့သဘောမျိုးမဟုတ်ပဲ ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါင်းဆာင်ဆိုသူတွေ အမြဲလိုလို စွဲကိုင်ပြောဆိုနေတဲ့အတွက် မြန်မာမူဆလင်တချို့ ထင်ယောင်ထင်မှားမဖြစ်အောင် ထပ်ပြောရတာပါ။
နောက်တစ်ချက်က မြန်မာနိုင်ငံက မူဆလင်အမျိုးသမီးတချို့ရဲ့ အာရပ်စတိုင်ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ အယူသည်းတယ်လို့ မြင်တဲ့အမြင်အပေါ်မှာ ကိုရဲရင့်သစ္စာက ယခုခေတ်လူငယ်အချို့ဝတ်ဆင်နေတဲ့ ခေတ်လွန်ဖက်ရှင်တွေ နှိုင်းယှဉ်မေးခွန်းပြန်ထုတ်သွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောတဲ့ အယူသည်းခြင်းဆိုတဲ့အမြင်ဟာ အဲဒီဘာသာရေးဝတ်စားဆင်ယင်မှုအပေါ် တစ်စုံတစ်ရာ ဝေဖန်ပုတ်ခတ်လိုစိတ်မရှိပဲ မျက်မှောက်ခေတ်အနေအထားအရ မြန်မာ့လူနေမှုစရိုက်နဲ့ လိုက်လျောညီထွေမရှိတဲ့အပေါ်မှာ မူဆလင်မဟုတ်တဲ့ လူတစ်ယောက်ရဲ့အမြင်ကို ရိုးသားစွာတင်ပြခြင်းသာဖြစ်ပါတယ်။ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်အနေနဲ့ ခေတ်လွန်ဝတ်စားဆင်ယင်မှုပုံစံတွေကို မနှစ်မြို့သလို ခေတ်နောက်ပြန်ဆွဲပြီး လက်ရှိခေတ်အနေအထားနဲ့ မကိုက်ညီတဲ့ ၀တ်စားဆင်ယင်မှုမျိုးကိုလည်း သဘောမကျပါဘူး။ အိန္ဒိယအမျိုးသမီးတစ်ယောက် ဆာရီဝတ်တာ၊ မူဆလင်အမျိုးသမီးတစ်ယောက် ခေါင်းစွပ်ဝတ်တာ၊ ပန်ချာပီတစ်ယောက် ခေါင်းပေါင်းဆောင်းတာ၊ဆံထုံးထုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ဘယ်လိုမှထူးထူးခြားခြား မခံစားရပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ လုံလုံခြုံခြုံဝတ်ပြီး ဘာသာရေးအရခေါင်းစွပ်ဆင်မြန်းတဲ့ ဖက်ရှင်ဟာ အရှေ့တောင်အာရှမှာ မထူးဆန်းတဲ့ဖက်ရှင်ပါ။ မလေးရှား၊အင်ဒိုနီးရှားက အမျိုးသမီးတွေရဲ့ ခေါင်းစွပ်ရောင်စုံလေးတွေနဲ့ ဖက်ရှင်ဟာ သူ့ဟာနဲ့သူ လှပခေတ်မှီနေပါတယ်။ ဒါပေမယ့် တကိုယ်လုံးအနက်ရောင်တစ်မျိုးတည်း ၀တ်ဆင်ပြီး မျက်နှာဖုံး၊ခြေအိတ်၊လက်အိတ်စွပ်ပြီး အပြင်ထွက်တာမျိုးကြတော့ ကျွန်တော်တို့နိုင်ငံမှာ အထူးအဆန်းဖြစ်နေပါတယ်။ နွေရာသီလိုပူအိုက်တဲ့အချိန်မျိုးဟာ ကျွန်တော့်အတွက်တော့ အဲဒီအမျိုးသမီးဟာ တော်တော်ဂရုဏာသက်စရာ ဖြစ်နေပါတယ်။ နောက်တစ်ချက်က မျက်မှောက်ခေတ် လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ မျက်နှာထားအကဲခတ်ပြီး ပေါင်းသင်းဆက်ဆံရတာမျိုးတွေ ရှိပါတယ်။ အဲတော့ခါ ဘယ်သူဘယ်ဝါ identity မသိရပဲ မျက်နှာဖုံးကြီးနဲ့ဆိုတော့ တော်တော်ဂွကျမယ်ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုရဲရင့်သစ္စာအနေနဲ့ ဘာသာရေးရှုထောင့်ကနေ အကြောင်းပြချက်မြောက်မြားစွာရှိမှာပါ။  ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ကန့်ကွက်နေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးဆိုင်ရာနေရာတွေကလွဲလို့ လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လွတ်လပ်စွာဝတ်စားဆင်ယင်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့နေရာမှာ အိန္ဒိယကဂျိမ်းဘာဘာတွေလို အ၀တ်ဗလာနဲ့ နေတာမျိုးကျတော့ မြန်မာလူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှ အံဝင်ဂွင်ကျရှိမှာမဟုတ်ပါဘူး။
ကျွန်တော်မသိတဲ့ ကိုရမ်ကျမ်းထဲက အကြောင်းအရာတချို့ကို ဥပမာပေးပြီး နားလည်အောင်ရှင်းပြပေးသွားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ထပ်မံပြောကြားပါရစေ။ ဒါပေမယ့် လက်ရှိအခြေအနေတွေကို လေ့လာကြည့်တဲ့အခါ ကိုရဲရင့်သစ္စာရဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ လုပ်ရပ်ကိုဥပမာပေးပြီး ရှင်းပြသွားတဲ့ ပုံစံနဲ့သိပ်အံဝင်ဂွင်ကျမဖြစ်ဘူးလို့ ယူဆမိပါတယ်။ ခုရခိုင်မှာဖြစ်နေတဲ့ပြဿနာဟာ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပြဿနာဖြစ်ပါတယ်။ အဖွဲ့အစည်းနှစ်ဖက်စလုံးမှာ သနားစရာကောင်းတဲ့ အပြစ်မဲ့သူတွေ ကိုယ်စီရှိနေကြပါတယ်။ အဲဒီလိုပဲ ရန်ငြိုးဒေါသနာကျည်းမှုတွေနဲ့ ပြည့်လျှံနေတဲ့လူတွေလည်း အများကြီးရှိနေပါတယ်။ သွေးဆာပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေတဲ့ လူတွေလည်းရှိနေကြပါတယ်။ အဲဒီအနေအထားမှာ ဘယ်သူကကောင်းတယ်၊ ဘယ်သူကမကောင်းဘူးဆိုတာကို ခွဲခြားရခက်တဲ့ အနေအထားမှာရှိနေပါတယ်။ နောက်တစ်ခုက သနားစရာကောင်းတဲ့ အပြစ်မဲ့သူတွေဟာလည်း အပြန်အလှန်သတ်ဖြတ်မှုတွေကြားမှာ သွေးဆာနေတဲ့လူသတ်သမားတွေအဖြစ် အချိန်မရွေးပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီအချိန်မှာ တချို့လူတွေပြောနေသလို အကြမ်းဖက်မှုတွေကို ရှုံ့ချပါတယ်လို့ပြောနေခြင်းက တကယ်တမ်းအလုပ်မဖြစ်တဲ့ ကြားနေမှုလို့ပဲ ကျွန်တော်သုံးသပ်မိပါတယ်။ အဲဒီတော့ အလုပ်ဖြစ်မယ့်နည်းလမ်းက ဘာဖြစ်နိုင်မလဲ။ ကျွန်တော်တို့ဘယ်ဖက်ကရပ်သင့်သလဲ။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ ဒီလူမျိုးစုနှစ်မျိုးထဲက တစ်မျိုးမျိုးမရှိတော့မှသာ အေးချမ်းမယ့်သဘောမှာရှိတယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ သဘောထားက ဘယ်လိုနေမလဲ။ ကျွန်တော့်အမြင်ပြောရရင် ဒီဘင်္ဂလီလူမျိုးတွေ ခုလိုရခိုင်ပြည်နယ်တွင်းမှာ အစုလိုက်အပြုံလိုက်ရှိခြင်းဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင်တစ်ခုလိုဖြစ်နေတယ်လို့ မြင်ပါတယ်။ အပြန်အလှန်ရန်ငြိုးတွေကြားမှာ တရားဥပဒေစိုးမိုးအောင် ဘယ်လောက်ပဲလုပ်လုပ် အခန့်မသင့်တာနဲ့ သွေးမြေကျမှုတွေ ထပ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီတော့ ကိုရဲရင့်သစ္စာရဲ့ နည်းလမ်းသုံးခုက အံဝင်ဂွင်ကျမဖြစ်တဲ့အတွက် နောက်ထပ်နည်းလမ်းအသစ်တစ်ခုကို စဉ်းစားကြည့်ရအောင်ပါ။
ဒီဘင်္ဂလီတွေကို နိုင်ငံမဲ့ဒုက္ခသည်အဖြစ်ဆက်ထားခြင်းဟာ ကမ္ဘာ့အလည်မှာ နိုင်ငံ့သိက္ခာကိုကျဆင်းစေတဲ့အပြင် အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးလုပ်စားသူတွေ၊ လူမှောင်ခိုသမားတွေရဲ့ အသုံးချခံဘ၀ကို ရောက်စေပါတယ်။ လာမယ့်ရွေးကောက်ပွဲကာလတွေမှာ နိုင်ငံရေးပါတီတွေရဲ့ လွန်ဆွဲမှုတွေအတွင်း အဂတိလိုက်စားမှုတွေရဲ့ အသုံးချခံဖြစ်လာနိုင်ပြီးတော့ အဲဒီဟာတွေနဲ့ ဆက်နွယ်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာနိုင်တဲ့အတွက် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်တက်လှမ်းခါစ ကျွန်တော်တို့နိုင်ငံအတွက်လည်း ထိခိုက်နစ်နာမှုတွေအများကြီး ဖြစ်ပေါ်စေပါလိမ့်မယ်။ အဲဒီတော့နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ကုလသမဂ္ဂအကူအညီနဲ့ တတိယနိုင်ငံတွေကို လွှဲပြောင်းအခြေချဖို့ စီစဉ်နိုင်မယ်ဆိုရင် ခုဖြစ်နေတဲ့ပြဿနာတွေ နိဂုံးချုပ်သွားလိမ့်မယ်လို့ ရိုးသားစွာထင်မြင်ယူဆမိပါတယ်။ ဒီအခြေအနေတွေဖြစ်ပေါ်လာစေဖို့ အဓိကတာဝန်ယူဆောင်ရွက်နိုင်သူကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်အစိုးရပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအာဏာရအစိုးရဟာ ယခင်အာဏာရှင် အစိုးရတွေလက်ထက်က နာမည်ပျက်မှုတွေကြောင့် နိုင်ငံတကာမှာ ထောက်ခံမှုလုံလုံလောက်လောက် မရနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ အဲဒါကြောင့် နိုင်ငံတကာထောက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ အတိုက်အခံအင်အားစုတွေပါ ဒီကိစ္စကို အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံတကာကို အကူအညီတောင်းဖို့ လိုအပ်လာပါပြီ။ ဒါနဲ့လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ ပြည်သူတစ်ရပ်လုံးကပါ ပူပေါင်းပါဝင် အရေးဆိုဖို့လိုအပ်ပါတယ်။ အဲဒီနေရာမှာ အဓိကအကျဆုံးက ပြည်တွင်းက မြန်မာမူဆလင် လူ့အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ခုလက်ရှိအချိန်မှာ ကမ္ဘာ့မူဆလင်အသိုင်းအ၀ိုင်းမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေတဲ့ ပြည်ပအခြေစိုက် လူ့အခွင့်အရေးနာမည်ခံအဖွဲ့အစည်းတွေ၊ ဘင်္ဂလီခေါင်းဆောင်တွေကြောင့် သမိုင်းအတု၊သတင်းအတုအယောင်တွေနဲ့ နားလည်မှုလွဲမှားတာတွေ အများကြီးရှိနေပါတယ်။ အဲဒီလို သူတို့ကို ဌာနေတိုင်းရင်းသားအဖြစ် နားလည်မှုလွဲမှားပြီး မြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားအခွင့်အရေးရရှိရေးအတွက် ထောက်ခံနေတာဟာ ဒီလူမျိုးတွေကို ဒီနိုင်ငံအတွင်းမှာ ဆက်လက်ဒုက္ခခံခိုင်းပြီး သူတို့ရဲ့ပြည်ပရောက်ခေါင်းဆောင်တွေရဲ့ အိတ်ကပ်ထဲကို အလာဟသပိုက်ဆံထည့်ပေးနေတာနဲ့ အတူတူဖြစ်နေပါတယ်။ အဲဒါကြောင့် မြန်မာမူဆလင်အသိုင်းအ၀ိုင်းတစ်ခုလုံး ဒီအရေးမှာ နိုင်ငံတော်နဲ့အတူ တစ်ဖက်တည်းရပ်ဖို့လိုအပ်ပါတယ်။ အဲဒီလိုပူးပေါင်းလုပ်ဆောင်မှသာလျှင် ရိုဟင်ဂျာတွေလည်း နိုင်ငံမဲ့ဘ၀ကနေလွတ်မြောက်ပြီး မြန်မာနိုင်ငံထက်တိုးတက်တဲ့ နိုင်ငံတွေမှာ လူတန်းစေ့ဘ၀ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်သလို ပြည်တွင်းကမြန်မာမူဆလင်တွေအနေနဲ့လည်း တခြားမြန်မာတိုင်းရင်းသားတွေရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့ ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုတွေကို ချေဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ အနီးစပ်ဆုံးဥပမာအနေနဲ့ ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေးရဲ့ ရပ်တည်ချက်နဲ့ သူ့ရဲ့ရပ်တည်ချက်အပေါ် မူဆလင်မဟုတ်တဲ့ လူထုရဲ့တုန့်ပြန်မှုကို ကြည့်ရင် ကျွန်တော်အဆိုပြုတဲ့ကိစ္စဟာ ဖြစ်နိုင်ခြင်းရှိမရှိ သုံးသပ်ကြည့်နိုင်ပါတယ်။ ခုတင်ပြသွားသမျှအကြောင်းအရာတွေဟာ ကိုရဲရင့်သစ္စာရဲ့ ကျွန်တော့်အပေါ် တလေးတစားပြန်ကြားမှုတွေကနေ အထင်အမြင်လွဲမှားမှုတွေ ပပျောက်ပြီး အပြုသဘောစဉ်းစားမိလာတဲ့ မျှော်လင့်ချက်တွေဖြစ်ပါတယ်။ တစ်နေ့နေ့တချိန်ချိန်မှာ အမုန်းတရားတွေကင်းစင်ပြီး ကမ္ဘာ့အလယ်မှာ စံပြဒီမိုကရေစီနိုင်ငံတစ်ခုကို မြင်တွေ့ခွင့်ရပါစေလို့ ဆုတောင်းရင်း……
ကိုရဲရင့်သစ္စာရဲ့ မွေးနေ့ရက်မြတ်မှာ အလ္လာအရှင်ရဲ့ ကောင်းချီးမင်္ဂလာ ပိုင်ဆိုင်နိုင်ပါစေ။
                                                                                                                   မြတ်သိန်းထွန်း(၄.၇.၂၀၁၂)

ဘကြီးသက်
Unknown at 10:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂလီများနှင့် မြန်မာလူ့အဖွဲ့အစည်း အပိုင်း(၁)

 
ပထမဦးဆုံးအနေနဲ့ ကိုရဲရင့်သစ္စာရဲ့ နောက်ဆုံးပြန်ကြားချက်ထဲမှာ ကျွန်တော်ရှေ့မှာ ပြန်ကြားခဲ့တဲ့ ပြန်ကြားချက်တွေထဲက နားလည်မှုလွဲမှားတဲ့ အချက်တွေကို ထောက်ပြပေးထားတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောကြားပါရစေ။ ကျွန်တော်ရေးသားတင်ပြသွားတာတွေကို ပညာရှင်ပီသတယ်လို့ ကိုရဲရင့်သစ္စာ ချီးမွှမ်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ ကိုရဲရင့်သစ္စာလိုမျိုး ကျမ်းတစ်စောင်၊ စာတမ်းတစ်ခုတလေမှ မပြုစုဖူးသေးတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် မခံယူဝံ့ပါဘူး။ ကိုရဲရင့်သစ္စာက ကိုယ့်ကိုယ်ကို လေ့လာဆည်းပူးဆဲ လူတစ်ယောက်အဖြစ် နှိမ့်ချပြောဆိုသွားတာ တွေ့ရတော့ တကယ်ပဲ ရင်ထဲက လှိုက်လှဲစွာ လေးစားမိပါတယ်။ ကိုရဲရင့်သစ္စာလို ပုဂ္ဂိုလ်မျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်ဟာ လေ့လာဆည်းပူးဆဲ လူတစ်ယောက်တောင် မဟုတ်ပဲ လေ့လာဆည်းပူးခါစ လူတစ်ယောက်သာ ဖြစ်ပါတယ်။
နောက်ပြီး ပညာရှင်အသိုင်းအ၀န်းရဲ့ အပြင်က သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်။ မှတ်သားဖူးတဲ့ ဗဟုသုတအနည်းအကျဉ်းနဲ့ ဆွေးနွေးနေတဲ့ လူတစ်ယောက်ဖြစ်လို့ ကိုရဲရင့်သစ္စာလိုမျိုး သမိုင်းတွေကို အသံမြည်အောင် ရေးသားဖို့ ကျွန်တော့်မှာ အခက်အခဲ၊ အကန့်အသတ်တွေရှိနေတာကို ၀န်ခံလိုပါတယ်။ နောက်တစ်ချက်က အလုပ်တစ်ဖက်နဲ့ မအားလပ်လို့ ရတဲ့အားလပ်ချိန်လေးအတွင်းမှာ အလျင်စလို ပြန်ကြားရတာကို နားလည်ခွင့်လွှတ် ပေးစေချင်ပါတယ်။
ခုကျွန်တော်တို့ ဆွေးနွေးနေတဲ့ ဘင်္ဂလီ(ရိုဟင်ဂျာ)ကိစ္စမှာ ကိုရဲရင့်သစ္စာပြောသွားသလိုပဲ ကျွန်တော်တို့နှစ်ယောက်စလုံး သဘောတူညီမှု မရနိုင်သေးတဲ့အချက်က ဒီဘင်္ဂလီတွေ ရခိုင်မှာ အခြေချနေထိုင်ခြင်းဆိုတဲ့ အကြောင်းပါပဲ။ ဒီနေရာမှာ ကျွန်တော်အရင်ပြန်ကြားခဲ့တဲ့ စာတွေထဲက ရေးသားချက်တွေဟာ တင်ပြပုံအားနည်းလို့ ကိုရဲရင့်သစ္စာနားလည်မှုလွဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြန်ကြားချက်-၂ မှာ ကျွန်တော်ရေးခဲ့တဲ့ စာတစ်ကြောင်းကို ကိုရဲရင့်သစ္စာ မျက်စိလျှမ်းသွားတယ်လို့ ထင်ပါတယ်။ ကျွန်တော်ရေးခဲ့တာက-
ခုကျွန်တော်ပြောသွားသမျှအချက်တွေဟာ မြောက်ဦးခေတ်မှာ ရခိုင်ပြည်မှာ အခြေချခဲ့တဲ့ ဘင်္ဂလီ၊ အာရပ်၊ ပထန်၊ မဂိုနဲ့ ပေါ်တူဂီစတဲ့ နိုင်ငံခြားသားတွေအကြောင်း မဟုတ်ပါဘူး။ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေအကြောင်းပဲ ဖြစ်ပါတယ်။ မြောက်ဦးခေတ်မှာအခြေချနေထိုင်ခဲ့တဲ့ မူဆလင်ဦးရေဟာ ရခိုင်ဦးရေနဲ့ယှဉ်ရင် အရမ်းနည်းပါးပါလိမ့်မယ်။ ဒါကြောင့်လည်း သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ကျန်တဲ့လူနေမှုပုံစံ၊ စိတ်နေသဘောထား စရိုက်သဘာဝတွေဟာ ရခိုင်လူနေမှုစနစ်မှာ စိမ့်ဝင်ရောနှောသွားခဲ့ပါတယ်။
အဲဒီစာအရ ကျွန်တော်ဟာ ရခိုင်မှာ ဘင်္ဂလီလူမျိုးတွေဟာ အရင်ကတည်းက လုံးဝအခြေချနေထိုင်ခဲ့ခြင်း လုံးဝမရှိပါဘူးလို့ ယတိပြတ်ငြင်းပယ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက အလုံးအရင်းပြောင်းရွေ့အခြေချမှု ပုံစံကိုအဓိကထား ပြောချင်တာပါ။ ကျွန်တော်လေ့လာမိသလောက်ကတော့ ဘင်္ဂလီတွေ အစုလိုက်အပြုံလိုက် ပြောင်းရွေ့အခြေချမှုဟာ အချိန်ကာလအားဖြင့် သုံးကြိမ်ရှိပါတယ်။ ပထမတစ်ခုက မြောက်ဦးခေတ်မှာ စစ်သုံးပန့်(သို့) ကျွန်အရောင်းအ၀ယ်အနေနဲ့ ရောက်ရှိလာတာပါ။ နောက်တစ်ခုက ကိုလိုနီခေတ်မှာ ကူလီအနေနဲ့ ၀င်ရောက်လာတာဖြစ်ပါတယ်။ ရှေးခေတ် လမ်းပန်းဆက်သွယ်ရေး အနေအထားအရ ဘင်္ဂလားကနေ ရခိုင်ပြည်ထဲက အလုံးအရင်း ပြောင်းရွေ့အခြေချဖို့ဆိုတာ အဲဒီခေတ် အုပ်ချုပ်သူဘုရင် ဒါမှမဟုတ် အာဏာပိုင်ရဲ့အစီအစဉ်နဲ့ပဲ လုပ်ဆောင်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ အဲဒီလိုပဲ ကိုလိုနီခေတ်လယ်မှာလည်း ရခိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ မြေလွတ်မြေရိုင်း ဖော်ထုတ်စိုက်ပျိုးရေး စီမံကိန်းတွေအတွက် ဗြိတိသျှအစိုးရ အစီအစဉ်နဲ့ အလုံးအရင်းပြောင်းရွေ့လာခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ကြိမ်ကတော့ လွတ်လပ်ရေးမရခင် ဗြိတိသျှတွေ မြန်မာပြည်ကို အိန္ဒိယကနေ ပြန်လည်ဝင်ရောက်လာတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီအချိန်တွေမှာ ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေကို ခိုးဝင်လာတယ်လို့ ပြောလို့မရပေမယ့် ပြောင်းရွေ့အခြေချလာသူတွေ ဖြစ်တဲ့အတွက် ရိုဟင်ဂျာသမိုင်းဆရာတွေ ပြောနေသလို ဒီဒေသရဲ့ ဌာနေမျိုးနွယ်စု မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်ထဲမှာလည်း ရခိုင်ပြည်နယ်က ဘင်္ဂလီတွေဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ နာမည်ပေးထားကြောင်း အမှန်အတိုင်း ဖော်ပြသွားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် နားလည်မှုကပ်လွဲနေတဲ့ အချက်က ကျွန်တော်က ခုနိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂလီတွေဟာ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ပြောင်းရွေ့ဝင်လာရောက်လာသူတွေနဲ့ ပါလီမန်ခေတ်မှာ ခိုးဝင်အခြေချလာသူလို့ဆိုထားပြီး ကိုရဲရင့်သစ္စာက ရှေးဘုရင်ခေတ်ကတည်းက အလုံးအရင်းနဲ့ ပြောင်းရွေ့အခြေချလာသူတွေဟာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီတွေထဲမှာ အများစုပါဝင်နေတယ်လို့ သုံးသပ်ပြောဆိုထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုး တိုက်ရိုက်ရေးသားထားတာမျိုး မတွေ့ရပေမယ့် ခြုံငုံသုံးသပ်ကြည့်တဲ့အခါ ဒီလိုပဲနားလည်မိပါတယ်။ ကျွန်တော် မှားကောင်းမှားနိုင်ပါတယ်။ ဒါကလည်း ကိုရဲရင့်သစ္စာ ကိုးကားတင်ပြထားတဲ့ ဒေါက်တာ Suniti Bushan Qanungo ပြုစုခဲ့တဲ့ A History of Chittagong Volume (1), စာမျက်နှာ ၂၉၁ မှာ-
"ရခိုင်မှာ ရှိတဲ့ မွတ်စလင် လူဦးရေ ကို အကြမ်းဖြင်းအားဖြင့် အုပ်စု လေးခုခွဲခြားနိုင်ပါတယ်။ အဲဒါတွေ က တော့ ဘင်္ဂါလီ၊ အခြားအိန္ဒိယအနွယ်၊ အာဖရိက အာရှ အနွယ် နဲ့ native ဌာနေ မွတ်စလင် တို့ဖြစ်ကြပါတယ်။ အဲဒီ မွတ်စလင်အုပ်စုလေးခု ထဲမှာ ဘင်္ဂါလီ မွတ်စလင်တွေက အကြီးဆုံးအုပ်စုဖြစ်ပါတယ်။ ဘင်္ဂလားအောက်ဖက် ကနေဝင်ရောက်လာတဲ့ မွတ်စလင် သုံ့ပန်းတွေဟာ ရခိုင်ဘုရင့်နိုင်ငံမှာ  ဘင်္ဂါလီမွတ်စလင် အရေအတွက်တိုးပွါးခြင်း ကို များစွာ အထောက်အကူဖြစ်စေခဲ့ပါတယ်။"
ဒီတင်ပြချက်အရ ဘင်္ဂလီတွေဟာ နဂိုကတည်းက ဒါမှမဟုတ် ရခိုင့်ဘုရင့်နိုင်ငံအဆက်ဆက်မှာ ပြောင်းရွေ့အခြေချလာသူတွေဖြစ်ပြီး အဲဒီအရေအတွက်ဟာ စစ်သုံးပန့်တွေကြောင့် ပိုမိုတိုးပွားလာခဲ့တယ်လို့ ကိုရဲရင့်သစ္စာ လက်ခံထားကြောင်း ခြုံငုံသုံးသပ်ကြည့်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုရဲရင့်သစ္စာပြောထားတဲ့ Settlement တွေမရှိပဲ ကိုလိုနီခေတ်မှသာ ဘင်္ဂလီတွေအလုံးအရင်းနဲ့ ၀င်ရောက်လာတယ်ဆိုတာ Logically အရပဲဖြစ်ဖြစ် Historically အရပဲဖြစ်ဖြစ် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့ အချက်ဟာလည်း ဒီသုံးသပ်ချက်ကို ပိုပြီး ခိုင်မာစေပါတယ်။ အဲဒီကိုးကားချက်နဲ့ ပတ်သက်ပြီး မြောက်ဦးခေတ် ရခိုင်ပြည်ထဲကို ဘင်္ဂလီတွေ ဘယ်လိုပုံစံမျိုးနဲ့ ၀င်ရောက်လာတယ်၊ အဲဒီဘင်္ဂလီတွေဟာ ခုချိန်မှာ ဘယ်နေရာမှာ ဘယ်လိုနေထိုင်နေကြတယ်ဆိုတဲ့ အထောက်အထားတစ်ခု ပေးချင်ပါတယ်။
သမိုင်းပညာရှင် ဦးခင်မောင်စော-ဘာလင်ရဲ့ လန်ဒန်မှာဖတ်ကြားခဲ့တဲ့ Religions Of Arakan ဆိုတဲ့စာတမ်းမှာ မြောက်ဦးခေတ် မင်းဗာဘုရင်လက်ထက် သက္ကရာဇ်၁၅၃၃ခုနှစ်မှာ စစ်တကောင်းကို ပြန်လည် သိမ်းပိုက်ရာကနေ ဖမ်းဆီးမိတဲ့ ဘင်္ဂလီစစ်သုံးပန့်တွေကို သံတွဲမြို့ကို ဘုရားကျွန်အဖြစ် ခေါ်ယူလာတဲ့ အကြောင်း တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စာတမ်းရေးသားသူက Tydd,W.D,Burma Gazetteer,Sandoway District, Vol.A,Rangoon,1962 ကို ကိုးကားထားပါတယ်။ အခု သံတွဲခရိုင်မှာ ထင်ရှားတဲ့ ဆံတော်၊အံတော်၊နံတော် စေတီတော်တွေဟာ အဲဒီဘင်္ဂလီဘုရားကျွန်တွေရဲ့ လုပ်အားနဲ့ တည်ဆောက်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဘုရားကျွန်ဆိုကတည်းက သူတို့ဟာ ရခိုင်ပြည်မှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိခဲ့တဲ့ တရားဝင်နိုင်ငံသား မဟုတ်တာ သေချာပါတယ်။ ၁၅၆၄ခုနှစ်မှာဖြစ်ပွားတဲ့ သံတွဲမြို့စားရဲ့ မြောက်ဦးထီးနန်းကို ပုန်ကန်ထကြွမှုမှာ အဲဒီဘုရားကျွန် ဘင်္ဂလီတွေဟာ ပုန်ကန်သူဖက်က ပါဝင်ခဲ့တဲ့အတွက် အဲဒီအရေးအခင်း အရေးနိမ့်သွားတဲ့အခါ မင်းပြစ်မင်းဒဏ်ကို ကြောက်ရွံ့ပြီး ဘုရားကျွန်လေးထောင်လောက်ဟာ အထက်မြန်မာပြည် အင်းဝဘုရင်ဆီကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ အဲဒီဘင်္ဂလီတွေကို အင်းဝဘုရင်က ကောင်းမွန်စွာလက်ခံပြီးတော့ သူတို့ကို ဘုရားကျွန်အဖြစ်မှ ကင်းလွတ်ကြောင်း ကြေငြာပြီး မြေဒူးဆိုတဲ့အရပ်မှာ နေရာချထားပေးခဲ့ပါတယ်။ အဲဒီမူဆလင်တွေကို မြေဒူးမူဆလင်လို့ ခေါ်ကြပါတယ်။ အဲဒီအချက်ကိုကြည့်ပြီး လက်ရှိမြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘိုးစဉ်ဘောင်ဆက် အခြေချနေထိုင်နေကြတဲ့ မူဆလင်တွေဟာ မြေဒူးမူဆလင်တွေ ဖြစ်မယ်ထင်ပါတယ်။ အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာဘုရင်အဆက်ဆက်ဆီမှာ သစ္စာရှိစွာ အမှုထမ်းခဲ့တယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီမြေဒူးမူဆလင်တွေဟာ မြန်မာပြည်အထက်ပိုင်းမှာ နှစ်ပေါင်း၁၅၀လောက် အခြေချခဲ့ပြီး အချို့ဟာ ဘိုးတော်မောင်ဝိုင်းရဲ့ ရခိုင်ကျူးကျော်စစ်ပွဲကာလမှာ သံတွဲစစ်မျက်နှာကနေ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ ရခိုင်ပြည်ကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ ဗမာပြည်မကိုမပြန်တော့ပဲ သံတွဲမှာပဲ ပြန်လည်အခြေချနေထိုင်ခဲ့ကြပါတယ်။ အဲဒါကြောင့် ခုသံတွဲမှာရှိတဲ့ မြန်မာနိုင်ငံသား မြေဒူးမူဆလင်တွေဟာ ခုရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေလို ဘင်္ဂလီစကား၊ရခိုင်စကားမပြောပဲ အညာသံဗမာစကားကို ပြောကြတယ်လို့ စာတမ်းမှာဆိုထားပါတယ်။ ဒီဘင်္ဂလီအနွယ် မြေဒူးမူဆလင်တွေဟာ မြန်မာလူနေမှုစရိုက်မှာ နှစ်ပေါင်းများစွာ ရောနှောစိမ့်ဝင်လာခဲ့တဲ့အတွက် ဘာသာကိုးကွယ် ယုံကြည်မှုကလွဲရင် မြန်မာစကားကိုပဲ ပြောဆိုပြီး ကျန်တဲ့လူနေမှုစရိုက်တွေ အကုန်လုံးနီးပါးဟာ မြန်မာတွေနဲ့ ထပ်တူညီကြပါတယ်။ ကမန်မူဆလင်တွေလိုပဲ သူတို့ဟာ သူတို့နေထိုင်ရာ ဒေသတွင်းက မြန်မာဗုဒ္ဓဘာသာတွေနဲ့ ပဋိပက္ခတစ်စုံတရာ မဖြစ်ပဲ၁၉၃၈ခုနှစ် ကုလား-ဗမာအဓိကရုဏ်းမတိုင်ခင်ထိ ငြိမ်းချမ်းစွာအတူနေထိုင်ခဲ့ကြတယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။ အဲဒီတော့ခါ ကိုရဲရင့်သစ္စာပြောတဲ့ settlement တွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ထင်ရှားသွားပြီလို့ ယူဆပါတယ်။ ယခင်ကအခြေချနေထိုင်မှု လုံးဝမရှိဘူးလို့ ကျွန်တော်မငြင်းခဲ့သလို အဲဒီအခြေချနေထိုင်သူတွေနဲ့ ကိုလိုနီခေတ်မှာ အလုံးအရင်းဝင်ရောက်လာတဲ့ ဘင်္ဂလီတွေ ဘယ်လိုကွာခြားသလဲဆိုတာ မြေဒူးမူဆလင်သမိုင်းက သက်သေပြနေပါတယ်။
ကိုရဲရင့်သစ္စာရဲ့ ပြန်ကြားချက်တွေထဲမှာ ကျွန်တော်ရဲ့ပြန်ကြားချက်ထဲက အကြောင်းအရာတစ်ခုကို Logical evidence အနေနဲ့ ခုလိုပြောထားတာ တွေ့ပါတယ်။
“လက်နက်ကိုင်ထားတဲ့ ဘင်္ဂါလီတွေက လက်နက်မဲ့ ရခိုင်လူမျိုးတွေကို အဲဒီလို သာမျိုးတုန်းသတ်ဖြတ်ခဲ့မယ်ဆိုရင် ရခိုင်လူမျိုးတွေ မျိုးတုန်းသွားနိုင်ကြောင်း။”
ဒီနေရာမှာ ကိုရဲရင့်သစ္စာ မျက်စိအနည်းငယ် လျှမ်းသွားတယ်ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာက“ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်”  ကျွန်တော်ပြောခဲ့တာ ကြိုးစားခဲ့တယ် ပါ။သတ်ဖြတ်ခဲ့တယ် မဟုတ်ပါဘူး။ တော်တော်ကွာခြားပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အခါ ရွာလုံးကျွတ်မီးရှို့တာတွေ ဖြစ်ပွားခဲ့မှာ အသေအချာပါပဲ။ အဲဒီတော့ ရွာမှာရှိတဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေနဲ့ ဗလီဝတ်ကျောင်းတွေဟာ ဖျက်ဆီးခံရမှာ အသေအချာပါပဲ။ ဒီဖြစ်ရပ်တွေကို ရခိုင်တွေက လူမျိုးရေးအဓိကရုဏ်းအဖြစ် သတ်မှတ်ပြီး ဘင်္ဂလီတွေက ဘာသာရေးအဓိကရုဏ်းအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ဘယ်ဗုဒ္ဓဘာသာမှ သတ်ဖြတ်နေတဲ့အချိန်မှာ သံဗုဒ္ဓေကို ရွတ်ဆိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘင်္ဂလီတွေကတော့ ဖမ်းမိလာတဲ့ ရခိုင်တွေကို လည်လှီးသတ်ဖြတ်မယ့်အချိန်မှာ ဘုရားစာတွေကို ရွတ်ဆိုကြတယ်လို့ မှတ်သားဖူးပါတယ်။ ဒါတွေဟာ ပါးစပ်ရာဇ၀င်တွေ သတ်မှတ်လို့ရပေမယ့် အဓိကရုဏ်းနောက်ဆက်တွဲ ရလာဒ်တွေကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်တွေဟာ ဘင်္ဂလီတွေရဲ့ စီးနင်းသတ်ဖြတ်မှုကြောင့် ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရပြီး အဲဒေသက ရခိုင်ရွာတွေဟာ ဘင်္ဂလီရွာတွေဖြစ်လာတာကို ကြည့်ရင်သိနိုင်ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကိုလိုနီခေတ် ၁၉၂၁ခုနှစ်ကနေ မဆလခေတ် ၁၉၈၆ခုနှစ်အတွင်း မောင်တောမြို့နယ်တွင်းက ဘင်္ဂလီနဲ့ ရခိုင် လူဦးရေ စစ်တမ်းကို ပြန်ကြည့်ရအောင်ပါ။
                
            Table of population in Maungdaw
Year   |  Rakhaing  |  Bengali   |     Total      |      Remark
1921     |     34,700     |    68,035    |    65,724    |    
1931     |     41,484     |   104,408    |   136,087   |    Burma gazetteer 
1956     |       5,808     |   124,452    |   165,936   |
1973     |     11,908     |    187,792   |   198,600   |    (Akyab District of ACB) 
1976     |     13,376     |    211,394   |    223,302  |
1981   |     13,326     |    212,070   |    222,549    |
1986   |      19,139    |    249,571   |    263,899    |
 Total   |264,507 | 283,649
၁၉၄၂ ကုလား-ရခိုင် အဓိကရုဏ်းနဲ့ ၁၉၄၉ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မူဂျာဟစ်ဆူပူအုံကြွမှုကြောင့် မောင်တောမှာ ရခိုင်လူမျိုးတွေ သတ်ဖြတ်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးခဲ့ရတာ ဟုတ်မဟုတ်ကို ၁၉၅၆ခုနှစ်စစ်တမ်းမှာ ဖော်ပြထားတဲ့ ဘင်္ဂလီဦးရေ တစ်သိန်းနှစ်သောင်းကျော်နဲ့ ရခိုင်ဦးရေ ငါးထောင်ကျော်ကို နှိုင်းယှဉ်ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ကိုရဲရင့်သစ္စာ ကောက်ချက်ဆွဲသွားတစ်ခုကို တွေ့ရပါတယ်။ ကိုရဲရင့်သစ္စာပြောသွားတာက-
“ကျွန်တော် မီးမောင်းထိုးပြ ချင်တဲ့နောက် တစ်ချက်ကတော့....တစ်ကယ်လို့သာ ဘင်္ဂါလီတွေ က ရခိုင်လူမျိုးတွေ ကို ဘာသာရေးခေါင်းစဉ် တပ်ပြီး သတ်ဖြတ်နှိပ်စက်ခြင်း ပြုခဲ့မယ် ဆိုရင် ရခိုင်တွေ အနေနဲ့လည်း လက်တုန့်ပြန်တဲ့ အနေနဲ့ အစ္စလာမ် ဘာသာဝင်တိုင်းကိုရန်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်တွေနဲ့ အစ္စလာမ်ဘာသာဝင် ကမန်တွေကြား communal riot မဖြစ်ခဲ့ဘူးလို့ ကိုမြတ်သိန်းထွန်း ဆိုထားသလိုကျွန်တော်လည်း အဲဒီလို လက်ခံပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ဘင်္ဂါလီတွေ ဟာ ရခိုင်လူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး မျိုးတုန်းအောင်တိုက်ခိုက်ခဲ့တာလုံးဝ မဟုတ်ကြောင်းပိုပြီး ထင်ရှားသွားပါတော့တယ်။”
ကျွန်တော်အထက်မှာ ပြောခဲ့ပါတယ်။ ဒီပြဿနာကို ရခိုင်တွေက လူမျိုးရေးပြဿနာလို့ ခံယူပြီး ဘင်္ဂလီတွေက ဘာသာရေးပြဿနာလို့ ခေါင်းစဉ်တပ်ကြတယ်လို့ ပြောခဲ့ပါတယ်။ လူမျိုးရေးပြဿနာလို့ မြင်ထားတယ် ဆိုကတည်းက ရခိုင်တွေဟာ အစ္စလာမ်ဘာသာဝင်တိုင်းကို မုန်းတီးနာကျည်း သတ်ဖြတ်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်လို့ရပါတယ်။ ဒီစကားကို ထပ်ရှင်းပါမယ်။ ကမန်အများစုဟာ ဘင်္ဂလီတွေနဲ့ ရုပ်ရည်အနည်းငယ် ကွဲပြားပါတယ်။ ရခိုင်တွေလိုပဲ ကမန်တွေဟာ ဘင်္ဂလီနဲ့ ရောရောနှောနှော မရှိပါဘူး။ နောက်ပြီး လူနည်းစုဖြစ်တဲ့အတွက် သူတို့နေတဲ့ဒေသမှာ သူတို့ဟာ ဘာလူမျိုးဆိုတာကို အနီးအနားက ရခိုင်တိုင်း သိကြသလို သူတို့ရဲ့စိတ်နေသဘောထားနဲ့ စရိုက်ကိုလည်း ရခိုင်တွေ ကောင်းကောင်း သိထားပါတယ်။ တစ်ခါမှပြဿနာမရှိဖူးတဲ့ ဒီလူမျိုးကို အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုပြီး ဘင်္ဂလီတွေနဲ့ တန်းတူ ရခိုင်တွေ ဘယ်တုန်းကမှ သဘောမထားခဲ့ပါဘူး။ ဘင်္ဂလီတွေရဲ့ စရိုက်က ကမန်တွေနဲ့မတူပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်က ရခိုင်မြောက်ပိုင်းကို Islamist State ဖြစ်အောင် ဖန်တီးဖို့ပါ။ အဲဒီလိုလုပ်နိုင်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ အဲဒီလိုကြိုးစားမှုတွေကြောင့် ဒေသခံရခိုင်တွေနဲ့ မကျေမလည်ဖြစ်ရာကနေ ဒီရခိုင်တွေမရှိမှသာ ဒီဒေသကိုလွှမ်းမိုးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့လူအင်အားကို အသုံးပြုပြီး ရခိုင်တွေကို တိုက်ခိုက်မောင်းထုတ်ခဲ့တာပါ။ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန မော်ကွန်းဌာနစုမှာသိမ်းဆည်းထားပါတယ်။ လက်လှမ်းမှီရင် သွားရောက်လေ့လာနိုင်ပါတယ်။ ခွဲထွက်ရေးအတွက် လူသိရှင်ကြား ကြိုးစားခဲ့တဲ့ အချက်တွေကကတော့ မိုရှေရေဂါရ်အပါအ၀င် သမိုင်းသုတေသီ တော်တော်များများရဲ့ စာအုပ်တွေမှာ ဖော်ပြပြီးသား ဖြစ်ပါတယ်။ ဘင်္ဂလီတွေရဲ့ ဘာသာရေးအစွန်းရောက် လုပ်ရပ်တွေကို သမိုင်းသုတေသီ မိုရှေရေဂါရ်ရဲ့ Between Integration and Secession;The Muslim communities of Southen Philippines,Southen Thailand and Western Burma/Myanmar စာအုပ် အခန်း၅ Mojahideen Rebellion မှာ-
Muslim Religious leaders began preaching “Jihad” against Arakan “Infidels”. Indeed,initially,guerilla activities were directed more at “ethnic” targets(against the Buddhist Arakanese)than against the Government. လို့အတိအလင်း ရေးသားဖော်ပြထားပါတယ်။အဲဒီအချက်အလက်တွေကို ရှာမတွေ့ခင် ကြားဖူးနားဝရှိတာလေးနဲ့ ပထမဆုံးအကြိမ် ကိုရဲရင့်သစ္စာကို မေးမြန်းတုန်းက ရခိုင်က ဘင်္ဂလီဘာသာရေးခေါင်းဆောင်တွေဟာ သူတို့နောက်လိုက်တွေကို ကိုရမ်ရ်ကို ဘယ်လိုပုံစံမျိုးနဲ့ သွန်သင်ဆုံးမနေသလဲလို့ မေးခဲ့ဖူးပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး တိုင်းပြည်တစ်ပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူပုန်ထမှု၊ သာမန်တော်လှန်ရေးလှုပ်ရှားမှု တစ်ခုအဖြစ် ရခိုင်ခွဲထွက်ရေးသမားတွေရဲ့ တော်လှန်ရေးလှုပ်ရှားမှုနဲ့ နှိုင်းယှဉ်ပြီး ကိုရဲရင့်သစ္စာ ဥပမာပေးသွားတာ တွေ့ပါတယ်။ နောက်ပြီး ဒီအုံကြွမှုဟာ ရခိုင်တွေရဲ့ ဘာသာရေးမုန်းတီးမှုကြောင့် ဖြစ်ရတာလို့ ပြောသွားတာ တွေ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ပြည်ထောင်စုထဲက အစိတ်အပိုင်းတစ်ခု ပဲ့ပါသွားမှာကို မလိုလားဘူးလို့ ကိုရဲရင့်သစ္စာရဲ့ တိုင်းပြည်ချစ်စိတ်ကို ဖော်ပြသွားတာကို ကျွန်တော်လေးစားစွာ အသိအမှတ်ပြုပါတယ်။ ဒီမူဂျာဟစ်ဆူပူအုံကြွမှုနဲ့ ပတ်သက်ပြီး ကိုရဲရင့်သစ္စာရဲ့ အမြင်ကို ကျွန်တော်သဘောမတူပါဘူး။ ရခိုင်တွေဟာ ဒီပြဿနာတွေကို ဘာသာရေးပြဿနာအဖြစ် မမြင်ပဲ လူမျိုးရေးပြဿနာအဖြစ် ရှုမြင်ထားကြောင်း အထက်မှာ ကျွန်တော်ပြောပြီးပါပြီ။ နောက်တစ်ချက်က ကျွန်တော့်အမြင်ပြောရရင် ရခိုင်တွေရဲ့တော်လှန်ရေးဟာ ဘင်္ဂလီတွေရဲ့တော်လှန်ရေးနဲ့ နေရာတော်တော်များများ ကွာခြားပါတယ်။ ရခိုင်တွေရဲ့ တော်လှန်ရေးဟာ အုပ်ချုပ်သူအစိုးရကို တော်လှန်တာဖြစ်ပါတယ်။ ရခိုင်ဒေသမှာ အခြေချနေထိုင်နေကြတဲ့ ဗမာတွေကို သုတ်သင်ဖို့ လုံးဝမဟုတ်ပါဘူး။ အသေးစိတ်အချက်တွေ ရှည်ရှည်ဝေးဝေးမပြောချင်လို့ ဥပမာလေးတစ်ခုပေးပါရစေ။ မိသားစုတစ်ခုမှာ မိဘမကောင်းလို့ သားသမီးက ကလန်ကဆန်လုပ်တာနဲ့ လာရောက်မှီခိုကပ်ရပ်နေတဲ့ အလုပ်သမား(သို့)မှီခိုသူက ကလန်ကဆန်လုပ်တာ ပုံစံချင်းမတူပါဘူး။ သွေးသားချင်းဖြစ်တဲ့ ပြဿနာနဲ့ တစိမ်းတရံစာနဲ့ ဖြစ်တဲ့ပြဿနာ အတော့်ကို ကွာခြားပါတယ်။ ဒီလိုပြောလို့ ကျွန်တော်ဟာခွဲထွက်ရေးသမားတွေကို ထောက်ခံနေတဲ့လူလို့ မထင်စေချင်ပါဘူး။ ကျွန်တော်ဟာ နိုင်ငံရေး၊တော်လှန်ရေး အသိုင်းအ၀ိုင်းရဲ့ အပြင်ဖက်က ပြည်ထောင်စုနဲ့ ကိုယ့်လူမျိုးကို တန်းတူချစ်မြတ်နိုးတဲ့ သာမန်ပြည်သူ တစ်ယောက်သာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဘင်္ဂလီတွေက Religion of Peace လို့ သတ်မှတ်ခံထားရတဲ့ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး မလျော်ကန်တဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက် တချိန်က လူမျိုးရေးပြဿနာ သက်သက်ရှုမြင်ခဲ့ကြတဲ့ ရခိုင်လူမျိုးတွေတင်မကပဲ မူဆလင်မဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကြားမှာ အစ္စလာမ်ဘာသာကို မုန်းတီးမှုအမြစ်တွယ်လာရတာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော်ရဲ့ ပြန်ကြားချက်-၁မှာ အကြမ်းဖျဉ်းရေးသားခဲ့ပါတယ်။ ကိုရဲရင့်သစ္စာထောက်ပြသွားတဲ့ ခုဖြစ်နေတဲ့ အင်တာနက်ပေါ်မှာ ဘာသာရေးကို မိုက်ရိုင်းစွာဆဲဆိုမှုတွေ၊ အမျိုးပျောက်မှာ စိုးကြောက်စရာလိုမျိုး အမုန်းတရားတွေ ပြည့်နှက်တဲ့စာအုပ်တွေဟာ တချိန်က လူမျိုးရေးပြဿနာအဖြစ် ရှုမြင်ရာကနေ ဘင်္ဂလီတွေရဲ့ ဘာသာရေးခုတုံးလုပ်မှု အကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေပါပဲ။ ဒီစာအုပ်မှာ ဖော်ပြထားတဲ့ အဖြစ်အပျက်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ ဖြစ်ရပ်မျိုး ရခိုင်ကဘင်္ဂလီတွေ ကျူးလွန်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ နှစ်ခါတိတိ ကြုံတွေ့ဖူးပါတယ်။ အဲဒီအကျိုးဆက်တွေဟာ ကိုရဲရင့်သစ္စာတို့လို တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး တရားအဆုံးအမကို မှန်ကန်စွာ လိုက်နာစောင့်ထိန်းနေတဲ့ မြန်မာမူလဆင်တွေကို တိုက်ရိုက်လာထိခိုက်စေပါတယ်။ အထက်မှာဖော်ပြသွားတဲ့ အကိုးအကားဖြေရှင်းချက်တွေဟာ ပထမဆုံးပြန်ကြားချက်ထဲက ကျွန်တော့်ရဲ့ အကိုးအကားမပါတဲ့ သုံးသပ်ချက်တွေကို ကိုရဲရင့်သစ္စာက ပါးစပ်ရာဇ၀င်အဖြစ် သုံးသပ်သွားတဲ့အတွက် ကျွန်တော် လက်လှမ်းမှီသလောက် ရှာကြံတင်ပြပေးလိုက်တာပါ။
 lu Bo
ဘကြီးသက်
Unknown at 10:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြီးခဲ့တဲ့ ဇွန်လ အတွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ဦးရေ ၂၅၂၈ ဦးကို ဒဏ်ရိုက် အရေးယူခဲ့



From : MRTV-4 ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို သက်ဆိုင်ရာ ကနေ အရေးယူ ဆောင်ရွက် လျက်ရှိရာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း လူဦးရေ နှစ်ထောင့် ငါးရာ
နှစ်ဆယ့် ရှစ်ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သက်ဆိုင်ရာ ဌာနက သိရပါတယ်။ အခုလို လမ်းဖြတ်ကူးမှု တွေကိုတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့က စတင် အရေးယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ ဇန်န၀ါရီလ အတွင်း ၁၉၂၅ ဦး၊ ဖေဖော်ဝါရီလမှာ ၃၃၉၃ ဦး၊ မတ်လမှာ ၃၂၅၆ ဦး၊ ဧပြီလမှာ ၂၁၅၉ ဦးနဲ့ မေလ အတွင်း ၃၇၁၆ ဦးကို အရေးယူ ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ဖမ်းဆီးမှု တွေကို ပြီးခဲ့တဲ့ ဇွန်လ အတွင်း မှာလည်း ၂၅၂၈ ဦးကို ဒဏ်ရိုက် အရေးယူ ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ၆ လ ကာလ အတွင်းမှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ ၁၆၉၇၇ ဦးကို သတ်မှတ် ထားတဲ့ အတိုင်း အရေးယူ ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူတွေကို ဖမ်းဆီး အရေးယူရာမှာ ယာဉ်သွားလာမှု များပြား ရှုပ်ထွေးတဲ့ ကမ္ဘာအေး ဘုရား လမ်းမပေါ်၊ ပြည်လမ်းမပေါ်နဲ့ အခြား မြို့နယ် ၆ မြိုနယ်မှာ ဖမ်းဆီး မှုများ ပြုလုပ်လျက် ရှိနေတာ ဖြစ်ပါတယ်။ အရေးယူမှု အနေနဲ့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ တစ်ဦးကို ဒဏ်ငွေ နှစ်ထောင့် နှစ်ရာကျပ် တပ်ရိုက်ကာ အရေးယူ ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Myanmar Express

ဘကြီးသက်
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရုပ်ရှင်မင်းသား ဂျက်ကီချန်း မန္တလေးမြို့ မှ မိဘမဲ့ ကလေးတွေ ကို တွေ့ မဲ့ အစီအစဉ်ဖျက်လိုက်တဲ့ (ရုပ်/သံ)

နာမည်ကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း မန္တလေးမြို့ ကိုရောက်ရှိ လာပီး ကြိုဆိုသူတွေများတာကြောင့် ကလေးတွေ ကို တွေ့ မဲ့ အစီအစဉ်ဖျက်လိုက်ပါတယ်။ DVB TV News
ကိုသက် ။ ရိုက်ကူး စောနန်း

ဘကြီးသက်
Unknown at 9:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေရဲစခန်း တိုက်ခိုက်မူ ဖမ်းဆီးခံရသူ ၁၈ ဦးကို ဇူလိုင် ၅ ရက်နေ့ ရုံးတင်မည်

စစ်တွေမြို့ မြို့မ ရဲစခန်းအား တိုက်ခိုက်သူများဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၈ ဦးကို ဇူလိုင်လ ၅ ရက်နေ့ တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
demonstration-in-front-police-station-in-sittwe
သူတို့အား ၆ (၁) ပုဒ်မ ပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးမူဖြင့် တရားစွဲဆိုမည်ကြောင်း အမည်မဖေါ်လိုသူ ဥပဒေ၀န်ထမ်း တစ်ဦးက ပြောသည်။

စစ်တွေမြို့ နာဇီရွာဈေးတွင် ဈေးခွန် မတရား ကောက်ခံမူကို ဆန့်ကျင် အရေးဆိုသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးအောင်သန်းဝေအား မသမာသူများက ဖမ်းဆီးသွားသည်ဆိုသော သတင်းကြောင့် ဇွန်လ (၃) ရက်နေ့ ညနေတွင် စစ်တွေ အမှတ် (၁) ရဲစခန်းကို ၀ိုင်းဝန်းတိုက်ခိုက်ရာမှ အဆိုပါ လူ ၁၈ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

၎င်းဖြစ်စဉ်တွင်ရဲက သေနတ်ပစ်ပြီး လူစုခွဲသဖြင့် အနည်းဆုံး လူ ၁၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦီးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ရန်ကုန် အရိုးကု ဆေးရုံကြီးသို့ ယူဆောင်သွားခဲ့ရသည်။

လတ်တလော ရခိုင်ဖြစ်စဉ်တွင် ရဲစခန်းးကို တိုက်ခိုက်၍ ဖမ်းဆီးခံရသူ ၁၈ ဦး အပါအ၀င် ဖမ်းဆီးခံရသူမှာ ရခိုင်လူမျိုး ၅၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကျောက်တော်မှ လူ ၈ ဦးကိုလည်း ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားသည်။

တောင်ကုတ် ဖြစ်စဉ်တွင် မသင်္ကာသူ လူပေါင်း ၃၀ ကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာမှ ထုတ်ဖေါ်ပြောကြားထားသည်။
Myanmar Express
ဘကြီးသက်
Unknown at 9:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့တွင်း၌ ဘင်္ဂလီအလုပ်သမားများနေရာတွင် ရခိုင်လုပ်သားများအစားထိုး


စစ်တွေမြို့ မြို့မဈေးတွင် ယခင်က ဘင်္ဂလီအလုပ်သမားများလုပ်ကိုင်နေသော လုပ်ငန်းခွင်များတွင်ရခိုင်တိုင်းရင်းသား အလုပ်သမားများအား အစားထိုးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

''ဒီနေ့ မြို့မဈေးကိုဖွင့်ထားပါပြီ၊ ဈေးတွင်းအလုပ်သမားတွေကိုလည်း ရခိုင်တွေကိုပဲ ခန့်ထားပါပြီ၊ ဒါကလဲ အလုပ်လက်မဲ့ ဖြစ်နေတဲ့ ရခိုင်အလုပ်သမားတွေ အတွက်ပါ၊ လူကြီးတွေရဲ့ အစီအစဉ်နဲ့ လုပ်တာပါ၊''ဟု ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က ဒေသခံ ရခိုင်လုပ်သားအများစုမှာ ကြုံရာအလုပ်များအား ဝင်ရောက်လုပ်နေကြရပြီး လက်ရှိတွင် မြို့မဈေးအတွင်း၌ ရခိုင်အလုပ်သမားများကိုသာ  အသုံးပြုရတော့မည်ဖြစ်သည်။

" ကျွန်တော်တို့်က အလုပ်မရှိတာ ကြာပြီ ကြုံရာလုပ်နေရတာ အခုလို ဈေးမှာ ပုံမှန် လုပ်နေရမယ်ဆိုတော့ မိသားစုအတွက် ဝင်ငွေကောင်းသွားပါပြီ''ဟု မြို့မဈေးတွင် ကုန်တင်ကုန်ချအလုပ်ဝင်ရောက်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သားတစ်ဦးက ပြောသည်။

ထိုအပြင်လူမှုရေးအဖွဲ့စည်းတစ်ခုဖြစ်သည့် ၀ံလက်ဖောင်ဒေးရှင်းမှလည်း ရခိုင်အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်း အတတ်ပညာအနေဖြင့်  မုန့်လုပ်ငန်းဆိုင်ရာသင်တန်းများကို အခမဲ့ပို့ချပေးနေကြောင်းကိုလည်း သိရှိရသည်။

'' လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလဲ ရခိုင်တွေကိုပဲ အသုံးပြုဖို့ အစီအစဉ် ရှိပါတယ်၊''ဟု စစ်တွေမှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သံဃာ့သာရေးနာရေးအသင်းမှ ဆရာတော်ကြီးများကလည်း လုပ်ငန်းခွင်များတွင် ဘင်္ဂလီများအစား ရခိုင်လူမျိုးများကိုသာ  အလုပ်ပေးရန် တောင်းဆိုထားသလို ရခိုင်အလုပ်သမား သမဂ္ဂဖွဲ့စည်းရန်လည်း   တောင်းဆိုထားကြောင်း သိရသည်။

" ရခိုင်အလုပ်သမား သမဂ္ဂကိုဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒီလို ဖွဲ့စည်းထားမှ အလုပ်ရှင်တွေအတွက် လိုအပ်တဲ့ ရခိုင်အလုပ်သမားတွေကို ရှာဖွေပေးနိုင်မှာ''ဟု ရခိုင်သမိုင်းသုတေသီဆရာတော်ဦးပညာစာရက မိန့်ကြားသည်။

မိုးဝေ(မြစ်မခ)
by Myit Makha Mediagroup
ဘကြီးသက်
Unknown at 9:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နေပြည်တော်တဝိုက်က ဘုန်းကြီးကျောင်းတွေ ဖျက်မိန့်ပေးထား

နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ဇဗ္ဗူသီရိမြို့နယ် အနီးတဝိုက်က ဘုန်းတော်ကြီးကျောင်းပေါင်း (၅၀) ကို စည်ပင်သာယာက ဖျက်မိန့်ပို့ထားပြီး အဲဒီထဲက ကျောင်း ၂ ကျောင်းကို မီးရှို့လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဘုန်းကြီးကျောင်းတစ်ကျောင်းကိုတော့ ငွေသိန်း (၄၀) ကျော်ပေးပြီး မီးရှို့ဖျက်ဆီးလိုက်တာလို့ ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက RFA ကို မိန့်ပါတယ်။
"မနေ့ကနေပြီးတော့ ကျောင်းနှစ်ကျောင်း မီးရှို့လိုက်တယ်။ ပြီးတော့ တစ်ကျောင်းကတော့ သူက ၄၂ သိန်းပေးပြီးတော့ ဖျက်ဆီးလိုက်တာပေါ့။ အဲတာကို ဓမ္မဒီပကျောင်းက သူကဖျက်ဆီးလိုက်တယ်။ ကျန်တဲ့သစ်တွေကို ရွှေနံ့သာကို သွားပို့ပေးလိုက်တယ်"
ကျောင်းတွေ ဖျက်ပေးရမယ့်ကိစ္စကို မနက်ဖြန် နောက်ဆုံးထား အကြောင်းပြန်ရမယ်လို့ ညွှန်ကြားထားတဲ့ အကြောင်းကို ဥတ္တရသီရိမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။
"ရန်ကုန် မန္တလေး အဝေးပြေးလမ်းနဲ့ နေပြည်တော် မြို့ပတ်လမ်းတဝိုက်နဲ့ မလွတ်ကင်းတဲ့ ဘုန်းကြီးကျောင်းတွေ ပေါ့လေ၊ ဖျက်ခိုင်းနေတော့ ကျောင်းပေါင်းက ၃၀ ကျော်တယ်၊ စာရင်းပေါက်တာ။ အဲဒီထဲမှာက ကျွန်တော် ဥတ္တရသီရိက ကျောင်းပေါင်း ၂၀ ကျော်ပါတယ်။ အဲတာကို မနက်ဖြန်ပေါ့လေ၊ ၅ ရက်နေ့ နောက်ဆုံးထားပြီးမှ ဖျက်မဖျက် အကြောင်းပြန်ဖို့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးကော်မတီ စီမံရေးရာဋ္ဌာနက အကြောင်းကြားတယ်တဲ့၊ ဘုန်းကြီးကျောင်းတွေကို"
ဖျက်ရမယ့် ညွှန်ကြားခံရတဲ့ ကျောင်းတွေထဲမှာ ၅ ကျောင်းက လုံးဝမရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း သိရသလို ကျောင်း ၉ ကျောင်းက အကြောင်းမပြန်ဘူးလို့ သိရပါတယ်။ ကျန်တဲ့ကျောင်းတွေကတော့ လုံလောက်တဲ့လျော်ကြေး ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ အစားထိုး ပြန်ပေးမယ်ဆိုရင် ပြောင်းရွှေ့ပေးမယ့် သဘောထားရှိတယ်လို့ သိရပါတယ်။
ဘုန်းကြီးကျောင်းတွေ ဖျက်ဖို့ ညွှန်ကြားထားတဲ့ နေပြည်တော် စည်ပင်သာယာဋ္ဌာနကတော့ ဘယ်လိုအစားထိုး ဆောင်ရွက်ပေးမယ်ဆိုတဲ့ အစီအစဉ်သစ်နဲ့ ပတ်သက်လို့ ဘုန်းတော်ကြီးတွေကို တိတိကျကျ လျှောက်ထား ပန်ကြားတာ မရှိသေးဘူးလို့ သိရပါတယ်။

ဘကြီးသက်
Unknown at 9:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ယောက်သောသူနှင့် တစ်ညနေ

လူဗိုလ်ဟူသည်
“တာမွေဗလီ ပါလား …တာမွေဗလီ ဆင်းမယ့် အကိုအမများ တိုးထားပေးကြပါ”
               ကားစပါယ်ယာ၏ အော်သံကြောင့်လန့်နိုးသွားရပါတယ်။ အာရုံကိုမနည်းစုစည်းပြီး ဆင်းရမယ့် မှတ်တိုင်ကို စဉ်းစားလိုက်သည်။ သီတာမှတ်တိုင် ဆိုတော့ နှစ်မှတ်တိုင်လိုပါသေးလား။ လှိုင်သာယာမှာ အလုပ်ဆင်းပြီး အဝေးသင်ဖြေဆိုရန်ကျူရှင်ကိုတော့ သီတာလမ်းက ဆရာမတစ်ယောက်ဆီမှာ တက်နေတဲ့ ကျွန်မ အတွက် ရွှေဧည့်သည် ကားပေါ်မှ အချိန်များဟာ များသောအားဖြင့် အိပ်စက်အနား ယူချိန်များသာ ဖြစ်တတ် ပါသည်။
နေ့လည် ၁၂ နာရီခန့်က နေ့လည်စာစားသည့်အတွက် ညနေ ၆နာရီကျော် တွင်တော့ ကျွန်မ၏ အစာအိမ်က တစုံတရာကိုတောင်းဆိုနေချေပြီ။ ဆရာမအိမ်မရောက်ခင် လမ်းထောင့်လေးက လက်ဘက်ရည် ဆိုင်မှာ ကော်ဖီတခွက်လောက်ဝင် သောက်ရန် စဉ်းစားရတော့မည်။ ည ၉နာရီအထိ စာသင်ရမည်ဖြစ်သော်လည်း လကုန်ရက်နီးနေသဖြင့် ကော်ဖီမစ်ကိုသာ ရွေးချယ်စရာ။ ပြီးတော့ ကျွန်မကတစ်နေ့လုံးစာ ဘတ်စ်ကားခ၊ နေ့လည် စာဖိုး နှင့် ငွေအကြွေ အချို့သာ တိုင်းတာထည့်ယူလာ တတ်သည်လေ။ လက်ဘက်ရည်ဆိုင်မှနာရီက ၆း၂၀ တိတိ ညွှန်ပြနေသည်။ မှာထားသော ကော်ဖီမစ်ထုပ် ကလေးကို ဖောက်နေစဉ်မှာ
“သားတို့ တစ်နေကုန်ထမင်းမစားရသေးလို့……………………………………………….”
          နားထဲကို မ၀ံ့မရဲလေးတိုးဝင်လာသော အသံနှစ်ခုရှိရာ စောင်းငဲ့ကြည့်မိတော့ ၇-၈ နှစ် နှင့် ၃ နှစ် အရွယ်ခန့် ကလေး နှစ်ဦး။ ညစ်ပတ်ပေရေနေသော အ၀တ်အစား၊ ပိန်လှီခြောက်ကပ်လှသော ခန္ဓာကိုယ်များ၊ မွတ်သိပ်တောင့်တစွာ သို့သော် မမျှော်လင့်ရဲသော မျက်ဝန်းမှိန်မှိန်လေးများ။ ကျွန်မ လက်ထဲမှ ကော်ဖီကို ဆက်မဖျော်မိဘဲ စူးစမ်းစွာလိုက်ကြည့်နေမိသည်။ ဆိုင်ရှင်က ဘာမှမပြောသလို စားပွဲထိုးလေးများကလည်း လျစ်လျူရှုထားသဖြင့် ကလေးနှစ်ယောက် စားပွဲဝိုင်းစေ့ လျှောက်ရပ်နေကြ သည်။ တချို့ဝိုင်းကတော့ခေါင်းခါပြ သည်။ တချို့ဝိုင်းကလက်ခါပြသည်။ တချို့ကငွေအကြွေအချို့ ထုတ်ပေး ကြသည်။
          ကျွန်မထိုင်နေသောစားပွဲသို့ရောက်လာပါပြီ။ ခုနက ငေးကြည့်နေမိသော ကိုယ့်ကိုယ်ကိုယ် အသံတိတ် အပြစ်တင်လိုက်ပြီး ငါဘာလုပ်ရမလဲ မေးခွန်းကို ရင်ထဲမှာ ကျယ်ကျယ်လောင်လောင်မေးရင်း ကြောင်ကြည့်နေ မိပါသည်။  အိတ်ထဲမှ ပိုက်ဆံကို အပြေးအလွှား တွက်ချက်ကြည့်တော့ စားပွဲပေါ်မှ ကော်ဖီမစ်ဖိုး ရှင်းပြီးလျှင် အိမ်ပြန်ဖို့ ဘတ်စ်ကားခနှင့် ပိုငွေအနည်းငယ်သာ ရှိတော့မည် ဖြစ်သည်။ သို့သော်
          “သားတို့ဗိုက်ဆာလို့လား…”
          ခေါင်းလေးတွေ ပြိုင်တူငြိမ့်လာကြတော့ ကျွန်မဘာမှမစဉ်းစားတော့ပါ။
          “သားတို့ထိုင်..မုန့်စားမလား ပေါင်မုန့်တစ်ထုပ်စီစားလို့ရတယ် .. မ၀သေးရင်တော့ ဒီကော်ဖီကို နှစ်ယောက်သောက်”
            ကျွန်မမှာ အကျင့်တစ်ခုရှိသည် ကလေးများတောင်းစားနေလျှင် ဘယ်သောအခါမှ ငွေကြေး ပေးကမ်းလေ့ မရှိပါ။ မုန့်တခုခုသာ ပေးလေ့ရှိပြီး (အချိန်ရလျှင်) သူတို့နှင့် စကားပြောလေ့ ရှိပါသည်။
          ကလေးများအားပေါင်မုန့်တစ်ထုပ်စီ ဖောက်ပေးလိုက်ပြီး ဂရုဏာသက်စွာ ကြည့်နေမိသည်။
          “သြော်…တကယ်ဆာနေကြရှာတာကိုး” …သူတို့အားပါးတရစားနေကြပြီ။
          ရေနွေးခွက် ၃ ခွက်ကို  ဖြည့်ရင်း ကိုယ့်အစာအိမ် ကိုယ်မေ့သွားတော့သည်။ သူတို့လေးတွေ ပေါင်မုန့်ကုန်တော့ ရေနွေးခွက်က လက်လှမ်းကြတာမို့ ကော်ဖီသောက်လေဟုသာ တိုးတိုး ညင်သာပြောမိလိုက်သည်။
          “သားနာမည်ဘယ်လိုခေါ်လဲ”
          “အောင်အောင်” တုံးတိတိဖြေသည်။
          “ညီလေးနာမည်ရော”
          “ညီမလေးပါ…. စုစု လို့်ခေါ်တယ်”
          ညီမလေးဆိုတော့ ရင်ထဲမှာ ထိတ်ကနဲဖြစ်သွားရသည်။
ဒီအရွယ်ကတည်းက တောင်းစားနေရ သောမောင်နှမလေးနှစ်ယောက်ကို ကရုဏာသက်မိသလို မိန်းကလေးဖြစ်သူ အငယ်လေးအတွက် ရင်လေး သွားရပြန်သည်။ ကျွန်မမှာလဲ ညီမလေးတွေ တူမလေးတွေ ရှိနေ သည်လေ။
          “သားတို့ဘယ်မှာနေကြသလဲ”
          “နတ်ချောင်းထဲမှာ” ပြတ်တောင်းတောင်းဖြေပြန်သည်။
          “မေမေတို့ဖေဖေတို့ရော” မေးလိုက်တော့ ကလေးမျက်နှာပျက်တာတစ်ချက် မြင်လိုက်ရသည်။        ဘာလို့များပါလိမ့်????
          “အဖေက အရင်ကရထားပေါ်မှာ မုန့်ရောင်းတယ် ..ခုတော့သေပြီ…… အမေက အ၀တ်လိုက် လျှော်တယ်”
           ဆက်မမေးရဲတော့ပါ။ သူတို့လေး၏နှလုံးသားနုနုလေးတွေထဲ နာကျင်မှုတွေတိုးပွါးလာမှာ လုံးဝမှ မလိုလားပါ။ မေးချင်နေတာတွေက အများကြီးပါ။ ကလေးတွေလဲ ထသွားချင်နေပုံပေါက်နေပြီ။ သူတို့လဲ စိတ်ရှုပ်ရှာမည်ပေါ့။ မုန့်လေးတစ်ခုကျွေးပြီး မေးခွန်းတွေအများကြီးနဲ့ နှိပ်စက်သလိုဖြစ်မှာ စိုးရိမ်မိပါသည်။
          “ပြန်တော့မလားကလေး” ဟုမေးတော့ ခေါင်းသာငြိမ့်ပြသည်။
          ကျွန်မလဲ သွားရပါတော့မည်။ ပေါင်မုန့်နှစ်ခုနှင့် ကော်ဖီတခွက်ကျသင့်ငွေသည် ကျွန်မ ည၉နာရီ မှ ကြားကားစီးပြီးပြန်ရန် မလုံလောက်တော့ပြီဖြစ်သဖြင့် ဆရာမကို ဖုန်းဆက်ကာခွင့်တိုင်ပြီး သာမန်လိုင်းကားတွေ ရှိချိန်မှာသာ စောစောပြန်ဖို့စဉ်းစားမိလိုက်သည်။ ဆရာမအိမ်ထိရောက်သွားပြီး ဒီနေ့မသင်တော့ဘူး ပြောလို့မှ မဖြစ်လေပဲ။ ရုံးမှပြန်မလာရသေးကြောင်း မုသာတစ်ခုတော့ကျူးလွန် ရပါတော့မည်။ ကိစ္စမရှိပါ။ ကျွန်မလုပ်ခဲ့သောလုပ်ရပ် မှားသည်ဟု ကျွန်မ မသတ်မှတ်ပါ။
          “ရှင်းမယ် မောင်လေး”
          “ရှင်းပြီးသွားပြီ အစ်မ”
          ကျွန်မခဏလေး ကြောင်သွားသည်။ ခုမှရှင်းမှာလေ ၀ိုင်းမှားတာလားဟု ထပ်ပြောတော့ ရှင်းပြီး သွားပြီအစ်မ လို့သာ ပြန်ပြောပြန်သည်။ တစ်ခုခုတော့ထူးခြားနေပါပြီ။ ကျွန်မ ကောင်တာဆီလျှောက် သွားပြီး ဆိုင်ရှင်ကို တစုံတခုမေးမည်ပြင်တော့ ဆိုင်ရှင် ကပင် ကြိုတင်၍ “ရှင်းပြီးပြီညီမ” ဟုထပ်ပြောပြန် သည်။
          “ဟုတ်ကဲ့ ဘယ်သူရှင်းသွားလဲ သိချင်လို့ပါ ကျွန်မ ကျေးဇူးတင်ချင်လို့ပါရှင်.. ပြီးတော့ ကလေး တွေလဲ ခုမှစားပြီးတာဆိုတော့ ပိုက်ဆံဘယ်လိုတွက်ပေးလိုက်လဲလို့ပါ.. လိုရင်ကျွန်မထပ်ပေးပါ့မယ်”
          “ရတယ်ညီမ… နောက်မှလိုတာပိုတာရှင်းမယ်လို့ ပြောထားတယ်..ရတယ် စိတ်မပူနဲ့.. သူတော့ပြန်သွားပြီ”
          “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်မ.. ငွေရှင်းသွားတဲ့သူကိုလည်း ကျေးဇူးတင်ကြောင်းပြောပေး ပါနော်”
          ဒါဖြင့် ကျွန်မကျူရှင်အေးဆေးတက်လို့ရပြီပေါ့။ ဆရာမအိမ်ဘက်လျှောက်ထွက်လာရင်း ခေါင်းထဲမှာ မတင်မကျကျန်ရစ်နေသည်။ အဲဒီညနေက ဆရာမသင်သမျှစာ ကျွန်မခေါင်းထဲ မ၀င်တော့ပါ။ “ပြန်သွားပြီ” တိုးတိုးလေးရေရွတ်ရင်း တခုခုသတိရလိုက်ပါသည်။ ဒါဆိုသူ ခုနကတည်းကရှိနေခဲ့တယ်ပေါ့။ ဘာကြောင့်ရှင်း သွားရတာလဲ? နောက်မှလိုတာပိုတာ ရှင်းမယ်ဆိုတော့ ပိုင်ရှင်နှင့် ရင်းနှီးသူသာဖြစ်ရမည်။ ဒီလက်ဘက် ရည်ဆိုင်မှာ အမြဲထိုင်လေ့ ရှိသူဟု ပြောရင်ရကောင်းပါရဲ့။ ဒီလူမှာ ကလေးတွေကို ကျွေးမွေးချင်တဲ့ စိတ်စေတနာ ရှိတာအမှန် ပင်ဖြစ်သည်။ သူကိုယ်တိုင်ဆိုင်ထဲမှာ ရှိနေရက်နဲ့ ကလေးတွေ ကိုဘာလို့ ကိုယ်တိုင်ခေါ်မကျွေးလိုက်တာလဲ?? သူက ခေါင်းခါပြသော ၀ိုင်းကလား?? လက်ခါပြသော ၀ိုင်းကလား?? ငွေအကြွေအချို့ထုတ်ပေးသူ တစ်ယောက်လား??  ဆိုင်ရှင်ကိုအားနာလို့လား?? ဒါမှမဟုတ် တူတူထိုင်ရမှာ ရှက်လို့လား?? ဒါမှမဟုတ် အဲလိုကျွေးလိုက်ဖို့ စိတ်မကူးမိလို့များလား??? ကျေးဇူးတင် စရာကောင်းပါသည်။    အိမ်ပြန်လမ်းကြားကားပေါ်မှာ အဲဒီမေးခွန်းတွေကို ကျွန်မလွှင့်ပစ်လိုက်ပါတော့သည်။
          ရင်ထဲမှာတော့ ဆုတောင်းတစ်ခုသာပါ……….
          “မြင်နိုင်ကြပါစေ မြင်ရဲကြပါစေ မြင်တတ်ကြပါစေ” လို့…………………………………..
ချစ်ခြင်းများစွာဖြင့်

ဘကြီးသက်
Unknown at 8:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျောင်းသားလှုပ်ရှားမှု သမိုင်းအစ (အကျဉ်း)

၁၉၂၀-ပြည့်နှစ် ဒီဇင်ဘာလ ၅-ရက်နေ့တွင် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေသည် ပြည်သူ့ဆန္ဒနှင့် မညီသောကြောင့် ရန်ကုန်နှင့် ဂျပ်ဆင်ကောလိပ်ကျောင်းသားကြီးများဦးဆောင်၍ သပိတ်မှောက်ခဲ့ရာ ထိုသပိတ်ကောလိပ်မှ အစပြု၍ ဗမာတနိုင်ငံလုံး ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့လေသည်။
ဗမာနိုင်ငံတွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် တောင်းဆိုခဲ့သည်။ သို့နှင့် ၁၉၂၀ ခုနှစ်တွင် ဗြိတိသျှအစိုးရသည်။ သီးခြားတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် ဥပဒေကြမ်းကို ရေးဆွဲခဲ့သည်။ ထိုဥပဒေသည် ဗမာတို့အား တက္ကသိုလ်ပညာကိုမသင်ယူနိုင်အောင် အမျိုးမျိုး ဟန့်တား ပိတ်ဆို့ထားသည်။ ဗမာတို့က ထိုဥပဒေကို ပြဌာန်းခြင်း မပြုရန်၊ ဗမာတို့၏ စီးပွားရေး၊ လူမှုရေးကို မြှင့်တင်ပေးနိုင်မည့် အမျိုးသားပညာရေးကို တောင်းဆိုခဲ့ပြီး ကိုလိုနီ ပညာရေးစနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ ကျောင်းသားကြီး (၁၁)ဦး ခေါင်းဆောင်၍ သပိတ်မှောက်ခဲ့သည်။

သပိတ်မှောက်နေ့မှာ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်။ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ဖြစ်သည်။ ထို့ကြောင့် ၁၉၂၂ ခုနှစ် ဂျူဗလီဟောမှာ ကျင်းပသော ဂျီစီဘီအေ အစည်းအဝေးက ထိုနေ့ကို "အမျိုးသားနေ့ " ဟုသတ်မှတ်ခဲ့သည်။  ထိုစဉ်က လူငယ်ထုသည် အမျိုးသား ၀ံသာနုရက္ခတ စိတ်ဓါတ်ဖြင့် ရှေ့တန်းမှ တက်တက်ကြွကြွပါဝင်ခဲ့ကြသည်။
သပိတ်မှောက်ကျောင်းသားကြီး (၁၁)ဦး သို့မဟုတ် အမျိုးသားနေ့ကျောက်တိုင၊်
အမျိုးသားနေ့ကျောက်တိုင်သည် ဗြိတိသျှပြဌာန်းခဲ့သည့် ရန်ကုန်တက္ကသိုလ် ဥပဒေကို ဆန့်ကျင်သပိတ်မှောက်ရန်၊ ရန်ကုန် ကောလိပ်မှ ကျောင်းသားကြီး (၁၁) ဦးတို့ ဆွေးနွေးတိုင်ပင်ရာ အစည်းအဝေးကို အမှတ်တရ စိုက်ထူခဲ့သော အမှတ်အသား ကျောက်တိုင်ဖြစ်သည်။
ထိုကျောက်တိုင်တွင် သပိတ်မှောက် ကျောင်းသားခေါင်းဆောင် (၁၁) ဦး၏အမည်များကို ရေးထိုးထားသည်။ ရွှေတိဂုံစေတီတော် ရင်ပြင် စနေထောင့်တွင်ရှိသည်။
သပိတ်မှောက်ကျောင်းသားခေါင်းဆောင်များ
 ၁။ ကိုဘရှင်        ဘီအက်စီအထက်တန်း
 ၂။ ကိုညီပိတ်      ဘီအက်စီအထက်တန်း
 ၃။ ကိုဖိုးကွန်း      ဘီအက်စီအထက်တန်း
 ၄။ ကိုအေး         ဘီအေအထက်တန်း
 ၅။ ကိုလှတင်     ဘီအေအထက်တန်း
 ၆။ ကိုဖေသိန်း    ဘီအေအထက်တန်း
 ၇။ ကိုထွန်းတင်   ဘီအေအထက်တန်း
 ၈။ ကိုဘရှင်       အိုင်အေအထက်တန်း
 ၉။ ကိုဘခင်       အိုင်အေအထက်တန်း
၁၀။ ကိုအောင်ဒင်  အိုင်အေအထက်တန်း
၁၁။ ကိုဘဦး        အိုင်အေအထက်တန်း
  (ယင်းသပိတ်တွင် ကိုဘဦး ခေါင်းဆောင်သည်။)
ကိုးကား---
အကောင်းဆုံးဗမာမှုဒိုင်ယာရီ 
  lu bo
ဘကြီးသက်
Unknown at 8:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုသမ္မတလောင်း အဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေး



ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ ဒုတိယ သမ္မတလောင်းအဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေးနေကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပီပီပြင်ပြင် လုပ်ဆောင်နေသော စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှာ ဒုတိယသမ္မတ ဖြစ်ရန် ထိပ်ဆုံးက တစ်ပြေးနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အရ ဒုတိယသမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ရန် မဖြစ်နိုင်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

အဆိုပါ ထင်ကြေးပေးခံရသူများ စာရင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တို့လည်း ခန့်မှန်းထားကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့် ပေးရန် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ လစ်လပ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်မြှောက်ပေးရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်က စတင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကက ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်ခြင်းနှင့် စပ်လျဉ်းသည့် သမ္မတကြီး၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း ကြေညာသည့် အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော် နာယကက ယင်းသို့ ညွှန်ကြားခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရသစ်တွင် ဒုတိယ သမ္မတများအဖြစ် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့က စတင် တာဝန်ယူ ခဲ့ကြသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သမ္မတလောင်းနှင့် ဒုတိယ သမ္မတလောင်းအဖြစ် အဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဒုတိယတပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက် အရွေးခံကာ အနိုင်ရခဲ့သည်။

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်နေ့တွင် ဒုတိယသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၎င်းသည် ၁၉၅၀ မေလ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

ဘကြီးသက်
Unknown at 8:05 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ ရခိုင် တိုင်းရင်းသားများ အလိုမရှိ


ဓါတ်ပုံ - 7Day News
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် ယူအန် အဖွဲ့အစည်းများနှင့် တခြားနိုင်ငံခြား အန်ဂျီအို အဖွဲ့အစည်းများ ပြန်လည် အခြေစိုက်မည်ကို ဒေသခံ ရခိုင်တိုင်းရင်းသား အများစုက မလိုလားကြောင်း နိရဉ္စရာသို့ စာအားဖြင့် ဖြစ်စေ၊ နှုတ် အားဖြင့် ဖြစ်စေ ပေးပို့ရာ တွင် ဒေသခံများက ဖေါ်ပြကြသည်။

ယခုကဲ့သို့ မလိုလားကြောင်းမှာ ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့် ဒေသခံ တိုင်း ရင်းသားများအား ခွဲခြား ဆက်ဆံသည့် အပြင် ယခု အကြမ်းဖက် ဆူပူတွင် အန်ဂျီအို ၀န်ထမ်း တချို့ နောက်ကွယ်မှ ပါဝင် ပတ်သက်မူ ရှိနေ၍ ဖြစ်သည်ဟု မောင်တော ဒေသခံ တစ်ဦးက ပြော ကြားသည်။


“ အခု ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မူမှာ အန်ဂျီအို တချို့က ၀န်ထမ်းတွေ ပါဝင်ပတ်သက်မူ ရှိနေ တယ်။ ဒါကြောင့် အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ရပါတယ်။ သူတို့က ဘယ်လို ပါဝင်ပတ် သက်နေသလဲ ဆိုရင် အင်တာနက် အီးမေးလ်တွေက တဆင့် တောင်ကုတ်က မမှန်တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ယူပြီး ဒေသခံ မွတ်လင်တွေကို ခုလို ဆူပူမူ ဖြစ်အောင် ဖြန့်ဝေတယ်။ အားပေး အားမြှောက်လုပ်တယ်။ ဒါကြောင့် ခုလို ဆူပူတွေ ဖြစ်လာ ဖြစ်တယ်” ဟု မောင်တော ဒေသခံက ပြောသည်။


တစ်ဘက်နိုင်ငံရှိ တရားမ၀င် အဖွဲ့အစည်းများနှင့် တချို့ ၀န်ထမ်းများမှာ ဆက်နွယ်ပတ်သက်မူ ရှိနေကြောင်း တာဝန်ရှိသူများက သံသယ ရှိနေသည်ဟု  သူက ပြောကြားသည်။


၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများသည် မြန်မာ အစိုးရအား လူ့အခွင့်အရေး ချိုးဖေါက်ပြီး  ခွဲခြားဆက်ဆံမူ ရှိနေသည်ဟု စွပ်စွဲပြီး တဘက်တွင် သူတို့ကိုယ်တိုင်က ခွဲခြား ဆက် ဆံမူများ ကျင့်သုံးနေသည်ဟု ဒေသခံများက ပြောပြသည်။


“ ပြောရမယ်ဆိုရင်- ယူအန်နဲ့ နိုင်ငံခြား အန်ဂျီအိုတွေက အလုပ်ခေါ်တယ်ဆိုပါတော့။ သွားလျှောက် ရင် အရည်အချင်းသာပေမယ့် ရခိုင်တိုင်းရင်းသားတွေကို အလုပ်မခန့်ဘူး။ သူတို့က ဘင်္ဂလီတွေ ကိုဘဲ ခန့်တယ်။ ဒါ့ပြင် ရခိုင်တိုင်းရင်းသားတွေကို စားစရာ မရှိပေမယ့် သူတို့က မထောက်ပံ့ဘူး။ ဘင်္ဂလီတွေကိုဘဲ ထောက်ပံ့တယ်။ ရွာတစ်ရွာတည်းမှာ အတူနေပေမယ့် ရခိုင်သားတွေကို မထောက် ပံ့ဘူး။ သူတို့က ဒီလို ခွဲခြား ဆက်ဆံမူတွေ ဒီလို လုပ်ထားတာ ဖြစ်တယ်” ဟု တခြား ဒေသခံ တစ်ဦးကလည်း ဖုံးမှ တဆင့် နိရဉ္စရာသို့ ပြောသည်။


၎င်းပြင် ယူအန် အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများတွင် တာဝန် ထမ်းဆောင်သူ ဒေသ အတွင်းက အရာရှိ အများစုသည်  အဆိုပါ နိုင်ငံခြား အဖွဲ့အစည်းများ၏ အဆောင်အယောင်များကို အသုံးပြုပြီး ဒေသခံ တိုင်းရင်းသားများ အပေါ် စော်ကားခြင်း၊ မောက်မောက်စွာ ဆက်ဆံခြင်း၊ မထီမဲ့မြင် ပြုခြင်း၊ အဖက်မတန်သလို ဆက်ဆံခြင်းများကို အစဉ်အမြဲ ပြုလုပ်ခဲ့သည် ဟု ဒေသခံ များက ပြောသည်။


ယခုကဲ့သို့ ပြုမူခြင်းများသည် ဒေသခံများ၏ မကျေနပ်မူကို ပိုမို ကြီးထွားစေပြီ ဒေသအတွင်း လူမျိုးရေး ပတိပက္ခကို ပိုမို ဖြစ်စေသည်ဟု လူမူရေး လုပ်ငန်းဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။


“ ရခိုင်တိုင်းရင်းသားတွေလည်း အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မူကို အကြီးအကျယ် ခံနေကြရတယ်။ အဲသ လို အခြေအနေမျိုးမှာ တစ်ခါ နိုင်ငံခြားကလာတဲ့ ယူအန် အဖွဲ့အစည်းတွေ၊ နိုင်ငံခြား အန်ဂျီအို တွေက လည်း သူတို့ အပေါ် ခွဲခြား ဆက်ဆံတော့ ပိုပြီး မကျေနပ်မူက တိုးပွားလာတယ်။ အဲသလို မကျေ နပ်မူတွေဟာ ဘယ်သူ့ဆီကို ရောက်သွားသလဲဆိုတော ဒေသအတွင်းမှာနေတဲ့ ဘင်္ဂလီတွေ ဆီကို ရောက်သွားတယ်။ ဖိနှိပ်ခံနေရချင်း အတူတူ ဒီလို နိုင်ငံခြား အန်ဂျီအိုတွေကပါ ခွဲခြား ဆက်ဆံ မူကို ခံရတာဟာ သူတို့ကြောင့်ဆိုပြီး မျက်မုန်းကျိုးပြီး ရန်ငြိုးတွေ ထားလာတယ်။ ဒီလို အန်ဂျီအိုတွေ ရဲ့ ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ်မှာ သေချာ မလေ့လာဘဲ တဖက်စောင်းနင်း လုပ်တဲ့ အတွက် ခုလို မုန်းတီးမူတွေ၊ ရန်လိုမူတွေ ပိုမို  ကြီးထွားလာတာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်” ဟု ပြောသည်။


ယူအန် အဖွဲ့အစည်းများ နိုင်ငံခြား အန်ဂျီအိုများသည် လူမျိုး နှစ်မျိုး အကြားတွင် တဘက်ကို အထူး ဦးစားပေး ဆက်ဆံပြီး တခြား တဘက်ကို မျက်ကွယ်ပြုထားသဖြင့် လူမျိုးနှစ်မျိုးအကြားတွင် သဟဇာတ မဖြစ်ဘဲ တစ်ဘက်နှင့် တဘက်အကြားတွင် ပိုပြီး အမြင်စောင်းလာကာ ပဋိပက္ခကို ပိုမို ကြီးထွားလာစေသည်ဟု သူက ဆက်ပြောသည်။


၎င်းပြင် နိုင်ငံခြားမှ လာရောက် လုပ်ကိုင်နေသော ဆေးဘက်ဆိုင်ရာ အန်ဂျီအို အများစုသည် လည်း ဒေသခံ တိုင်းရင်းသားများထက် ဘင်္ဂလီ လူမျိုးများအား ပိုမို၍ ကျန်း မာရေး စောင့်ရှောက်ပေးပြီး ခွဲခြားဆက်ဆံမူများကို အကြီး အကျယ် ပြုလုပ်နေ သည်ဟု ဒေသခံများ က စွပ်စွဲ ပြောဆိုသည်။


ယခုကဲ့သို့ ယူအန် အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများ အနေဖြင့် ဒေသခံ တိုင်းရင်းသားများ အပေါ် ခွဲခြား ဆက်ဆံမူများ ပြုလုပ်ထားသဖြင့် ယခု ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားစဉ် သူတို့၏ လုံခြုံရေးကို စိတ်မချ စိုးရိမ်ရာမှ သူတို့၏ ၀န်ထမ်းများကို အမြန်ဆုံး ရခိုင်ပြည်နယ်ထဲမှ ရုတ်သိမ်းကာ ရန်ကုန်သို့ ရွှေ့ပြောင်းသွားကြခြင်း ဖြစ်သည်ဟု ဆိုသည်။


ယခုအခါ ယူအန် လက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံခြား အန်ဂျီအိုများ လက်ရှိ ဆူပူ အကြမ်း ဖက်မူကြောင့် ထွက်ပြေးခဲ့ကြရသော ဒုက္ခသည်များ အရေးကို အကြောင်းပြကာ ရခိုင်ပြည် နယ်သို့ ပြန်လည် ၀င်ရောက်လာသော်လည်း သူတို့၏ အကူအညီ အပေါ် ဒေသခံ တိုင်းရင်း သားများက အထူးမျှော်လင့်ချက် မထားကြောင်း သိရသည်။


မောင်တောမြို့ အလိုတော်ပြည့်ကျောင်းထိုင်ဆရာတော်မှ သူ့ကျောင်းရှိ ဒုက္ခသည်များအတွက်  နိုင်ငံခြား အန်ဂျီအိုများမှ လှူဒါန်းသော အကူအညီများကို လက်မခံကြောင်းကို မြန်မာ အစိုးရ အရာ ရှိများနှင့် နိုင်ငံခြား အန်ဂျီအို တချို့ လာရောက် အကူအညီများ လှူဒါန်းစဉ် တရားဝင် ထုတ်ဖေါ်  ပြောကြားသည်ဟု သိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြား အန်ဂျီအိုများ အပေါ် ဒေသခံ တိုင်းရင်းသားများက မည်မျှ နာကျည်းနေသည်ကို ပေါ်လွှင်စေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။


ယခုတစ်ကြိမ်တွင်လည်း ယူအန် အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများသည် သူတို့ ပေါ်လစီကို  အပြောင်းအလဲ မလုပ်ဘဲ ဒေသခံ တိုင်းရင်းသားများ အပေါ် ယခင်ကကဲသို့ ခွဲခြား ဆက်ဆံ လာမည်ဆိုပါက ဒေသခံ တိုင်းရင်းသားများ၏ မကျေနပ်မူများသည် သူတို့ဆီသို့ ဦးတည် သွားနိုင်ဖွယ် ရှိကြောင်း အများက ထင်မြင် ယူဆနေကြဟု သိရသည်။


နိရဉ္စရာ သတင်းဌာန

ဘကြီးသက်
Unknown at 8:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဒီမိုကရေစီရေး စိတ်ဝင်စားသူများ ဖတ်ရှုကြည့်သင့်သော Ven Ravika ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ဆောင်းပါးနှစ်ပုဒ်

ပင်လုံထက်ကျယ်ပြန့်သော ညီလာခံကို သုံးသပ်ကြည့်ခြင်း
Ven Ravika

ဤဆောင်းပါးတွင် တိုင်းရင်းသားရေးရာကို ဦးစားပေးတင်ပြရန် ရှိသည်။ မြန်မာ့နိုင်ငံရေးပြဿနာတွင် တိုင်းရင်းသားအရေးသည် အရေးပါလှသော်လည်း ပြည်သူတို့၏ စိတ်ဝင်စားမှုကား အထိုက်အလျောက်သာ ရှိသည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သေးသရွေ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းအေးစေနိုင်မည် မဟုတ်ပေ။ ပြည်တွင်းစစ်ကို ငြိမ်းအေးစေလိုရင်း ရှိမရှိအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်ကို အကဲဖြတ်နိုင်သည်။

စစ်အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ကို သူတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ တိုင်းရင်းသားအရေးကို ဖြေရှင်းလိုရင်းမရှိသဖြင့်လည်း ဖြတ်နည်းပေါင်းများစွာ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။ သို့သော် အစိုးရအင်အားကြီးသလို တိုင်းရင်းသားတို့၏ စစ်ရေးစွမ်းရည်လည်း မြင့်မားလာကြသည်ပင်။

သိန်းစိန်အစိုးရသည် အဆင့် ၃ ဆင့်ဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ကြေညာသည်။ ပထမအဆင့်မှာ အပစ်ရပ်ရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး၊ တတိယအဆင့်မှာ လွှတ်တော်ကို တင်ပြရေးတို့ ဖြစ်သည်။ အပစ်ရပ်ရေးအတွက် တနှစ်ကျော်ကြာ လုံ့လစိုက်ထုတ်ခဲ့သော်လည်း တနိုင်ငံလုံး အပစ်မရပ်နိုင်သေးချေ။ သမ္မတအမိန့်ကို မနာခံဘဲ တပ်က ကချင်ကို ထိုးစစ်ဆင်တုန်းဖြစ်သည်။ ထို့ပြင် အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ကွက်ကြားတိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိသည်။ ပထမအဆင့်မှာပင် သိန်းစိန်အစိုးရ၏ မပြတ်သားမှုများ၊ မပွင့်လင်းမှုများ၊ ကတိမတည်မှုများ၊ လုပ်ငန်းပိုင်း မနိုင်နင်းမှုများကို တွေ့မြင်ရသည်။

ပထမအဆင့်လုပ်ငန်း မပြီးခင်မှာပင် ဒုတိယအဆင့်ကို ၂၀၁၅ ခု မတိုင်မီ ၂၀၁၄ ခုလောက်မှာ အကောင်အထည်ဖော်မည်ဟု မကြာသေးခင်က သိန်းစိန်အစိုးရ ကြေညာသည်။ ကြေညာသည့်အတိုင်းလည်း လုပ်ပေးမည်ဟု မျှော်လင့်ရသည်။ သို့သော် လုပ်ထုံးလုပ်နည်းကို ဝေဖန်စရာရှိသည်။ ဒုတိယအဆင့်ဖြစ်သည့် ဤနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ပင်လုံထက်ကျယ်ပြန့်သော ညီလာခံတခုဟူ၍ အစိုးရက အစဉ်တစိုက် သုံးနှုန်းခဲ့သည်။ ပင်လုံထက်ကျယ်ပြန့်သော ဟူသည့် အသုံးအနှုန်းကို သံသယဝင်မိသည်။

ပင်လုံထက်ကျယ်ပြန့်သော ညီလာခံသို့ တက်ရောက်ရန် အလွှာပေါင်းစုံကို ဖိတ်ကြားမည်ဟု ဆိုသည်။ အလွှာပေါင်းစုံဆိုသည်မှာ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း (ပြည်ပ) အတိုက်အခံပါတီများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) များ၊ တိုင်းရင်းသားအဖွဲ့အစည်များကို ပါဝင်စေမည်ဟု သိရသည်။ ပုံစံအားဖြင့် ၁၉၉၃ ခု အမျိုးသားညီလာခံနှင့် ခပ်ဆင်ဆင်တူသည်။

ပင်လုံထက်ကျယ်ပြန့်သော ဤညီလာခံသည် အမျိုးသားညီလာခံကဲ့သို့ ဥပဒေပြုရန် အခြေခံမူများ ရေးဆွဲရန် မဟုတ်ပါ။ ထိုသို့ဆိုသော် မည်ကဲ့သို့သော ညီလာခံမျိုး ဖြစ်သနည်း။ ဤညီလာခံမှာ ဆွေးနွေးမည့် အကြောင်းအရာများကို အဆင်သင့် ပြင်ဆင်ထားပြီလား။ ဤညီလာခံ၏ သဘောသဘာဝကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ကြိုတင်အကြောင်းကြား အသိပေးခဲ့ပြီလား။ ဤညီလာခံကို ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားများ၊ ပြည်ပသံတမန်များ၊ အာဆီယံအသင်းဝင်အရာရှိများ၊ ကုလသမဂ္ဂအရာရှိများ တက်ရောက်လေ့လာခွင့်ရှိသလား။ ဂဃဏန မသိကြသေးဟု ထင်ပါသည်။

ပင်လုံထက်ကျယ်ပြန့်သော ညီလာခံ ဖြစ်စေရန် လူများအောင် ဖိတ်ရုံဖြင့် အရာမရောက်ပါ။ ရှမ်းပြည် ပင်လုံညီလာခံတုန်းက ပေးထားသော ကတိကဝတ်များကို ချိုးဖောက်မည့် ညီလာခံတခုလည်း မဖြစ်သင့်ပါ။ ရှမ်းပြည်ပင်လုံညီလာခံမှ ကတိကဝတ်များကို အစိုးရအဆက်ဆက်က ချိုးဖောက်ခဲ့ကြ၍ လူများစု ဗမာနှင့် အခြားလူမျိုးများကြားတွင် သံသယပွားမှုများ ရှိခဲ့သည်။ ဤညီလာခံသည် ထိုသံသယများကို ပွားစေမည့် ညီလာခံတခု မဖြစ်သင့်၊ ထိုသံသယများကို ဖြေဖျောက်စေမည့် ညီလာခံတခုသာ ဖြစ်သင့်သည်။

ထိုသို့ဖြစ်လျှင် ဤညီလာခံတွင် အစိုးရအရာရှိများက ၅၀ ရာခိုင်နှုန်း၊ အတိုက်အခံများက ၂၀ ရာခိုင်နှုန်း၊ အသိပညာရှည် အတတ်ပညာရှင်၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၂၀ ရာခိုင်နှုန်း၊ တိုင်းရင်းသားများက ၁၀ ရာခိုင်နှုန်း တက်ရောက်စေမည်ဟု ဆိုလျှင် ပင်လုံထက်ရှုပ်သော ညီလာခံဖြစ်မည်မှာ သေချာလှသည်။ အကြောင်းမှာ ဗမာနှင့် အခြားလူမျိုးများကြား၌ ကာလရှည်ကြာ တည်ရှိနေသော အမြင်မကြည်မှုများကို ပိုမိုဆိုးရွားစေ၍ ဖြစ်သည်။

ဗမာမှအပ အခြားလူမျိုးများသည် ဗမာကဲ့သို့ တန်းတူနေလို၍ လက်နက်ကိုင် တိုက်ပွဲဝင်နေကြခြင်းဖြစ်သည်။ ပြည်ထောင်စုတွင် ကျင့်သုံးသော Majority Rule ကို ပြည်နယ်တွင်လည်း တသမတ်တည်း ကျင့်သုံးစေလျှင် Equality မဖြစ်နိုင်ပါ။ ဤညီလာခံမျိုးတွင် Majority Rule အရ ခေါ်ယူလျှင် ဗမာမှအပ အခြားလူမျိုးများ မျှော်လင့်ထားသည့် ညီလာခံမျိုး မဖြစ်နိုင်တော့ပါ။ Equality အရ ခေါ်ယူမှသာ သံသယများ ကင်းစင်ကာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။

တန်းတူရေးဖြစ်အောင် ပြည်နယ်ကို အခြေခံ၍ ဤညီလာခံကို ခေါ်ယူကျင်းပရပါမည်။ တိုင်း ၇ တိုင်းကို စုပေါင်း၍ ပြည်နယ်တခုနှင့် ဦးရေတူသော ကိုယ်စားလှယ်များကို စေလွှတ်ရပါမည်။ ဤညီလာခံကို အစိုးရက ဝင်ရောက်နှောင့်ယှက်ခြင်း၊ ဖိအားပေးခြင်း၊ မူဝါဒများကို ခြယ်လှယ်ခြင်း လုံးဝမပြုသင့်ပါ။ အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်စေသင့်သည်ဟု ဆိုလျှင် ယင်းအသိပညာရှင်၊ အတတ်ပညာရှင်များသည် ပြည်နယ် ၇ နှင့် တိုင်းပေါင်းစုံ ၁ ခုကို အခြေခံ၍ ဖိတ်ကြားသင့်သည်။ သို့မှသာ တန်းတူရေးမူနှင့် ကိုက်ပါမည်။

ဒုတိယအဆင့်မှာ တန်းတူရေးအတွက် သဘောတူညီချက်တခု ရရှိခဲ့လျှင် ယင်းသဘောတူညီချက်ကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေအဖြစ် ပြုစေလျှင် လျော်ကန်သင့်မြတ်သည်ဟု ယူဆသည်။ သို့သော် တိုင်းရင်းသားကိုယ်စားလှယ်များကို လွှတ်တော်သို့ အလျဉ်စလို ဝင်စေရန် မလိုပါ။ သိန်းစိန်အစိုးရ၏ ဦးတည်ချက်များအနက် တခုမှာ အတိုက်အခံများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးက ၂၀၀၈ ဥပဒေကို လက်ခံပြီး လွှတ်တော်နိုင်ငံရေးကို ဝင်ရောက်စေရေး ဖြစ်သည်။ တတိယအဆင့်တွင် အဆိုပါရည်မှန်းချက် အထမြောက်အောင်မြင်ဖို့ အားထုတ်ရန် အစီအစဉ်ရှိပုံရသည်။

လွှတ်တော်ကို ဝင်မဝင်ကိစ္စမှာ လွှတ်တော်မှာ တန်းတူရေး ရှိမရှိအပေါ်မှာ အခြေခံရမည် ဖြစ်သည်။ လက်ရှိ လွှတ်တော်မှာ ဒီမိုကရေစီနည်းကျခြင်း မရှိသေးပါ။ လွှတ်တော်တွင် စစ်တပ်ကိုယ်စားလှယ် ရှိနေသရွေ့ ဒီမိုကရေစီနည်းကျမည်မဟုတ်။ ဒီမိုကရေစီနည်းကျခြင်းမရှိသည့် လွှတ်တော်မှာ တန်းတူရေးရှိဖို့ မလွယ်ကူပါ။ တခါတရံမှာ ဒီမိုကရေစီရေးနှင့် တန်းတူရေးသည်ပင် ပဋိပက္ခအသွင် ဆောင်နေသေးသည်။ ဒီမိုကရေစီရေးပင် မရှိလျှင် တန်းတူရေးရဖို့ လုံးဝဖြစ်နိုင်ခြေမရှိပါ။ ထိုသို့ဆိုလျှင် တိုင်းရင်းသားများသည် မိမိလည်ပင်း ကြိုးကွင်းစွပ်စေမည့်အလုပ် လုပ်မည်မဟုတ်ဟု ယူဆရသည်။

ထို့ကြောင့် ဒုတိယအဆင့်အရ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လွန်စွာအရေးကြီးသည်။ စကတည်းက တန်းတူရေးမဖြစ်လျှင် ဝင်မပါသည်က ကောင်းသည်။ တန်းတူရေးဖြစ်ခဲ့လျှင် အားတက်သရော ပူးပေါင်းပါဝင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားများ တိုက်နေသည့် တိုက်ပွဲသည် လူမျိုးတန်းတူရေးအတွက် ဖြစ်သည်။ ဒီမိုကရေစီရေးအတွက် မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအတိုက်အခံအင်အားစုများသည် တန်းတူရေးအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ကြ။ ဒီမိုကရေစီရေး (majority rule) အတွက် တိုက်ပွဲဝင်နေသူများ ဖြစ်ကြသည်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေသူများမှာ လွှတ်တော်သို့ ဝင်၍ ဒီမိုကရေစီရအောင် လုပ်နိုင်ခြေရှိနိုင်သည်။ သို့သော် လူမျိုးတန်းတူရေးအတွက်ကား လွှတ်တော်နိုင်ငံရေးက ဘူမိနက်သန် နေရာမှန် မဟုတ်ပါ။ တိုင်းရင်းသားများက တခြမ်းပဲ့လွှတ်တော်ကို ဝင်နိုင်ဖို့ တိုက်နေသည်မဟုတ်။ မိမိပြည်နယ်လွှတ်တော်ကို မိမိတို့ စိတ်တိုင်းကျ ခေါ်နိုင်ဖို့ ဖြစ်သည်။ ယင်းပြည်နယ်လွှတ်တော်မှာသာ Majority Rule ကျင့်သုံးသင့်သည်။ ဒါမှသာ ပြည်ထောင်စုအင်္ဂါရပ်နှင့် လျော်ညီပါမည်။

(Majority Rule နဲ့ Equality မျှတအောင် ကျင့်ကြံပုံကို အကြောင်းသင့်က ဆက်လက် တင်ပြပေးပါဦးမည်။)

ထူးမခြားနား
Ven Ravika

ရေနောက်အောင် လုပ်နေတယ်

- လယ်သမားတွေရဲ့ဘဝကို ကရုဏာမသက်ဘဲ လယ်မြေများကို သိမ်းယူခဲ့၊ သိမ်းယူနေဆဲ အစိုးရ။
- အဓိကရုဏ်း (အထိကရုန်းမဟုတ်) ဖြစ်ဖို့ ကိုယ်တိုင်လုပ်သလို သူ့ဟာသူ ဖြစ်လာခဲ့ရင်လည်း အမြတ်ထုတ်တတ်တဲ့ အစိုးရ။
- တိုင်းရင်းသားမဟုတ်သူများကို မျက်နှာသာပေးခဲ့သူ၊ ပေးနေဆဲ အစိုးရ။
- မိမိတိုင်းရင်းသားများကို အခွင့်အရေးမပေးဘဲ နှိပ်စက်ခဲ့၊ နှိပ်စက်နေဆဲ အစိုးရ။
- မိမိကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများကို ဥပဒေနဲ့ အကာအကွယ်ယူပြီး စာနယ်ဇင်းလောကကို တရားစွဲမယ် တကဲကဲ ဖြစ်နေတဲ့ အစိုးရ။
- မိန်းမပျက်ပါးစပ်လို ကတိတွေကို ဖောဖောသီသီပေးပြီး လွယ်လွယ်ကူကူ ချိုးဖောက်နေတဲ့ အစိုးရ။
- ကိုယ်နှုတ်နှလုံး စောင့်စည်းမှုမရှိတဲ့ အစိုးရ။

အားလုံးခြုံကြည့်လိုက်ရင် ဒီအစိုးရဟာ ပြည်သူတို့ရဲ့စိတ် ဇဝေဇဝါဖြစ်အောင် တမင် အကွက်ဆင်နေခြင်းမျှသာ ဖြစ်တယ်။ အနားယူသွားလေသူ ဆရာကြီး လက်ရာအတိုင်း စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းမျှသာ ဖြစ်တယ်။ ရေနောက်အောင် မွှေနှောက်နေရုံမျှသာ ဖြစ်တယ်။ တကယ် အလုပ်လုပ်တဲ့ အစိုးရမဟုတ်။ မျက်နှာအပြကောင်းအောင် တိုင်းပြည်ကို ရောင်းစားနေတဲ့ အစိုးရမျှသာ ဖြစ်တယ်။

စော်ကားလွန်းလှတယ်

ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ ပြဿနာမှာ ရခိုင်လူမျိုးများကို တိုင်ပင်ခြင်းမပြုဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရကို မျက်နှာချိုသွေးပြီး ပြုမူခြင်းမှာ ပြည့်တန်ဆာကျင့် ကျင့်ခြင်းဖြစ်တယ်။ မဲလိမ်ပြီး တက်လာတဲ့ အမတ်တွေ၊ မဲမရှိဘဲ တက်လာတဲ့ အမတ်တွေ၊ မဲနိုင်လို့ တက်လာတဲ့ အမတ်တွေ စုဝေးနေထိုင်ရာ ပြည်ထောင်စုလွှတ်တော် ရှိရက်သားနဲ့ မတိုင်ပင်ဘဲ အရေးကြီးတဲ့ လူဝင်မှုကိစ္စကို လက်လွတ်စံပယ် လုပ်နေခြင်းမှာ လွှတ်တော်က အခွန်လွှတ်ဈေးလောက်တောင် တန်ဖိုးမရှိ ဖြစ်နေပြီ။

မြစ်ဆုံဆည်ကို နားထားတဲ့ သမ္မတကို လူတွေ ဝိုင်းချီးကျူးကြတယ်။ အခု မြစ်ဆုံဆည်ကို ပြန်ဆောက်ပြီ။ ပြည်သူတွေကို နားလှည့်ပါးရိုက်ခြင်းဖြစ်တယ်။ မီဒီယာရှေ့မှာ ပြောတာတမျိုး၊ ကွယ်ရာမှာ ဖြစ်နေတာက တမျိုး လူလိမ်လူညာ ပလီပလာအဆင့်ကနေ တက်လာခြင်း မရှိသေးပါ။ လူပုံအလယ်မှာ ပုဆိုးကျွတ်ရတာထက် ရှက်ဖို့ကောင်းပါတယ်။

ရေနံဓာတ်ငွေ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝင်ငွေထွက်ငွေကို စာရင်းမပြကြပါ။ အစိုးရကလည်း ယင်းဝင်ငွေများကို နိုင်ငံတော်ဝင်ငွေစာရင်းမှာ မပြပါ။ ပြခဲ့ရင်လည်း စာရင်းအတုသာ ဖြစ်တယ်။ စာရင်းဝှက်ခြင်း၊ စာရင်းအမှားပြုခြင်း၊ အာဏာကို အလွဲသုံးစားပြုခြင်းတို့ကြောင့် ထိုနိုင်ငံခြားသားများနဲ့ သမ္မတအစိုးရအဖွဲ့ဝင်တို့ကို သေဒဏ်ပေးသင့်တယ်။ (အမှန်တကယ် ပေးရမယ်လို့ မပြောပါ) ဒဏ်ငွေ ဘီလီယံပေါင်းများစွာ ရိုက်သင့်တယ်။ အခု သူတို့ကို ဆန္ဒပြသူများကိုသာ အပြစ်ပေးခံနေရတယ်။ ဒါတွေဟာ သူခိုးလူကို ဟစ်ခြင်းသာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေပါတယ်လို့ အသံကောင်းဟစ်ခဲ့တယ်။ ကြံ့ဖွတ်အမတ်တွေ ပြည်ပလေ့လာခရီး ထွက်ရုံနဲ့ သတင်းထဲ ထည့်ရေးတတ်တယ်။ အခု လူထုခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်၊ နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်ကို စိုးစိမျှ ဖော်ပြခြင်းမရှိ။ သမ္မတသိန်းစိန်မှာ စိတ်နှလုံးမွန်မြတ်ခြင်းမရှိ၊ ကျယ်ပြောခြင်းမရှိ။ ဣဿာပွားမှုသာ ရှိတယ်။ မြန်မာနိုင်ငံဆိုတာ ဘာလဲ ဒီတချက်ထဲနဲ့ သိတယ်။ မရင့်ကျက်သေးတယ့် သိန်းစိန်တို့ဟာ စစ်အစိုးရကျင့် စစ်အစိုးရကြံ ကြံနေတုန်းဆိုတာ မမေ့ကြဖို့ လိုတယ်။

တိုင်းရင်းသားတွေကတော့ အလိမ်ခံသင့်တယ်။ လက်ရှိနည်းအတိုင်း ဒီအစိုးရ လိမ်လာတာ အခါပေါင်း မနည်းတော့ဘူး။ ယုံလို့ကောင်းတုန်းဆိုတော့ လိမ်သူအပြစ်မဟုတ်တော့။ တပ် (မတော်) က ကချင်မှာ ကိုယ့်သွေးချင်းတွေကို သတ်ဖြတ်နေတယ်၊ နှိပ်စက်နေတယ်၊ ဒုက္ခသည်စခန်းဝင်ပြီး ဒုက္ခသည်တွေကို ဖမ်းဆီးနေတယ်၊ ဒါတွေကို ကန်းလို့ မမြင်ရတာလား၊ ပင်းလို့ မကြားရတာလား၊ အ လို့ ပြောမထွက်တာလား စဉ်းစားစရာပါပဲ။ ပင်လုံထက်ကျယ်ပြန့်သော ညီလာခံကို မျှော်လင့်နေပုံရတယ်။ ပင်လုံထက်ကျယ်ပြန့်သော ဆိုသည်မှာ ပင်လုံထက်ရှုပ်ထွေးသောဟု အဓိပ္ပာယ်ဖွင့်ဆိုချင်တယ်။ ၂၀၀၈ ဥပဒေကို ကျော်ပြီး သူတို့ ဘာမှ မပေးဘူးဆိုတာ သိထားကြစမ်းပါ။ နွားသိုးကြိုးပြတ်စစ်တပ်နဲ့ ဇက်ကြိုးမပါတဲ့ UNFC တို့ အကြိတ်အနယ် တွေ့ရမယ့်ပွဲပါပဲ။

ထူးမခြားနားပါပဲ

လက်ရှိအပြောင်းအလဲမှာ သာယာနေတဲ့ ပုဂ္ဂိုလ်တွေက ဒီစာကို အကြိုက်တွေ့ကြမှာ မဟုတ်ဘူး။ အရင်က အပစ်ရပ်တွေ ပြောသလိုမျိုး တပ်က နည်းနည်းငြိမ်သွားတယ်။ လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတယ်။ စာပေယဉ်ကျေးမှု အသက်ရှုခွင့်ရတယ်။ ဒါပေမယ့် စစ်တပ်က သူတို့ဒေသကို တိုးဝင်လာတာ၊ စစ်စခန်းတွေ တိုးချဲ့လာတာ၊ မဟာဗျူဟာမြောက်နေရာတွေကို ယူကုန်တာကို သူတို့က ပြောဖို့သတ္တိ သိပ်မရှိကြဘူး။

အခုလည်း လွှတ်တော်နိုင်ငံရေး ခေတ်စားလာတယ်။ ဒီလွှတ်တော်ကို အရင်းပြုလို့ သိန်းစိန်အစိုးရက ဆွမ်းလောင်းမလိုနဲ့ ဘုန်းကြီးသပိတ်ထဲက ဆွမ်းကို ခပ်ယူသွားတဲ့သဘော ဖြစ်နေတယ်။ အပြင်ပန်းကြည့်ရရင် ဒေါ်အောင်ဆန်းစုကြည်က နည်းနည်းလှုပ်လို့ ရလာတဲ့သဘော ဖြစ်တယ်။ ဒါပေမယ့် သိန်းစိန်အစိုးရက ကွင်းတဝက် ဖိကစားထားတာကို ထောင့်စုံလေ့လာကြည့်ရင် သိသာပါတယ်။ အရင်းစစ်အစိုးရလိုပဲ သိန်းစိန်အစိုးရက ကဏ္ဍပေါင်းစုံမှာ နေရာတိုးယူနေတယ်။

- သူ့အစိုးရအဖွဲ့ဝင်များ
- သူ့ခရိုနီများ
- သူ့ဆွေမျိုးပေါက်ဖော် (တရုတ်နဲ့ ကုလား အပါအဝင်) များ
- အနောက်တိုင်းနိုင်ငံ (အမေရိကန် အပါအဝင်) များ
- ၈၈ မျိုးဆက်များ

... စသည်ဖြင့် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ အင်အားတောင့်တင်းအောင် ကြိတ်ကြံနေတာကို တွေ့ရတယ်။ အတော်အသင့်လည်း အောင်မြင်မှုရှိပြီ ဖြစ်တယ်။ သူတို့အာဏာထောက်တိုင် ခိုင်ခန့်သထက် ခိုင်ခန့်အောင် ဒေါင့်စုံကြိုးပမ်းနေတယ်။ ဒီတော့ အရင်းက စစ်အစိုးရနဲ့ လက်ရှိ သိန်းစိန်အစိုးရ လုပ်နည်းကိုင်နည်းက ထူးသလိုနဲ့ အတူတူပါပဲ။

ထူးမလား စောင့်ကြည့်ဦးမယ်

၁။ ဒီဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကို တက်ပါ့မယ်။ သူ့ပြည်ပခရီးထက် ပိုစိတ်ဝင်စားတယ်။ ဥပဒေကို ဘယ်လောက်ပြင်နိုင်မလဲ၊ ပြင်ထားတဲ့ ဥပဒေ ဘယ်လောက် အသက်ဝင်မလဲ၊ ရိုဟင်ဂျာလို ကြီးကျယ်တဲ့ ပြဿနာတွေတောင် လွှတ်တော်အရေးပေါ်ခေါ်ယူပြီး လူဝင်မှုဥပဒေကို သုံးသပ်ခွင့်မပြုဘဲ ထင်ရာစိုင်းလုပ်သွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို ရောက်ပြီးရင် ဘာများထူးလာမလဲ စောင့်ကြည့်လေ့လာသင့်တယ်။

၂။ နိုင်ငံသားတွေကို ကျေးကျွန်လို ဆက်ဆံနေဆဲ မြန်မာအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ဝတ္တရားကို ဘယ်လောက် လေးစားဖြည့်ဆည်းပေးနိုင်မလဲ။ လယ်မြေတွေကို သိမ်းပြီး ခရိုနီတွေနဲ့ ဝေမျှဝေစား လုပ်နေဦးမလား။ ပြည်သူက ရွေးချယ်တဲ့ အစိုးရ၊ ပြည်သူအတွက် အစိုးရ၊ ပြည်သူတို့ရဲ့အစိုးရ ဖြစ်လာမလား။ ဒါလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အစိုးရက ဒီမိုကရေစီအစိုးရ မဖြစ်သရွေ့ အဲဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားနေတယ်လို့ ဘယ်သူပြောလဲ။ ပြောရင်လည်း ယုံမှာမဟုတ်။

၃။ တိုင်းရင်းသားတွေရဲ့ကိစ္စကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ တိုင်းရင်းသားတွေဟာ သူတို့အချင်းချင်း ယုံကြတာထက် စစ်အစိုးရကိုပဲ ယုံကြတာများတယ်။ စကားအရ သူတို့ ညီညွတ်ကြပါတယ်။ ဘဝတူတွေဖြစ်လို့ သူတို့ စုစည်းသလို ဖြစ်ကြပေမယ့် တကယ့်အရေးမှာ စစ်အစိုးရကိုပဲ အားကိုးကြတာ များပါတယ်။ ဒီသမိုင်းကို သူတို့ငြင်းလို့ မရပါဘူး။ အချင်းချင်း သစ္စာဖောက်ပြီး စစ်အစိုးရနဲ့ ပေါင်းဖို့ ဘယ်တုန်းကမှ ဝန်မလေးတဲ့အဖွဲ့များ ဖြစ်ကြတယ်။ ဒီတခါမှာလည်း သူတို့က ဦးအောင်မင်းကို ယုံပြီး ပုံအပ်လိုက်ပြန်ပြီ။ ၂၀၁၅ မတိုင်မီ ၂၀၁၄ လောက်မှာ ပင်လုံထက်ကျယ်ပြန့်သော ညီလာခံမှာ သူတို့ ဘာများရနိုင်မလဲ ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိတယ်။

အဆိုးမြင်ဝါဒီလို့ သတ်မှတ်ချင် သတ်မှတ်ကြ။ စာရေးသူက ဒီလိုပဲ မြင်ပါတယ်။ အကောင်းဆုံးကို မျှော်လင့်ပေမယ့် အနာဂတ်ကိုတော့ မယုံဝံ့ပါ။

Ven Ravika

ဘကြီးသက်
Unknown at 1:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရေခဲရေ သို့မဟုတ် အဆိပ် သောက်နေကြသူများ


လွန်ခဲ့သော ရက်ပိုင်းက မန္တလေးမြို့ ကျုံးနံဘေးတွင် ညနေဖက် အပြေးလေ့ကျင့်နေသူ တစ်ဦးကို သတ်မှတ်ထားသော နေရာ ပန်းဝင်လာချိန်တွင် ရေခဲစိမ် ရေသန့်ဘူး ပေးလိုက်ရာ  တစ်ရှိန်ထိုး မော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ပြင်ပ ဆေးရုံတစ်ခုသို့ ပို့လိုက်ရသည်ဟု သိရပါသည်။

နေပူထဲမှ ပြန်လာပြီး အိမ်ရောက်သည်နှင့် ရေခဲသေတ္တာထဲမှ ရေအေးအေး တစ်ပုလင်း ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သော ရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ပြင်ပ ဆေးခန်းတစ်ခုတွင် သွေးချိန်ကြည့်ရာ အပေါ်သွေး 200 mm Hg တက်နေသဖြင့် ဦးနှောက်သွေးကြော ပေါက်နိုင်သောကြောင့် ဆရာဝန်က ဆေးရုံ တက်ခိုင်းလိုက်ရသည်ဟု သိရသည်။

ရာသီဥတု ပူပြင်းသဖြင့် ပြင်ပသို့ လုံးဝမထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို Water Cooler စက်မှယူပြီး တစ်စွက်စွက်နဲ့ သောက်လေ့ရှိသော မိသားစုတစ်စု ရှိသည်။ သူတို့တစ်အိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖု အပြင်လိုက် ထွက်ပြီး နီရဲနေသည်ကို တွေ့ရသည်။ ၂ နှစ် ၃ နှစ် အရွယ်ကလေးများမှာ ရေခဲရေ သောက်ပြီး ခေါင်းတွင် အပူဖုကြီးများ ထွက်ပြီး အချို့အဖုကြီးများမှာ ပြည်တည်ပြီး အနာကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကို လေဖြင့် မှုတ်ပေးနေသည့် ပန်ကာ တစ်မျိုး Air Cooler ဝယ်ပြီး အသုံးပြုနေသူများမှာ မျက်နှာများ ရောင်အမ်းခြင်း၊ အရေပြားထူပြီး ယားနာများ ထွက်ခြင်းတို့ ဖြစ်ကြောင်း သတိထားမိလာသဖြင့် လေမှုတ်ပန်ကာထဲသို့ ရေခဲရေမထည့်ဝံ့ကြတော့ဘဲ သာမာန် ရိုးရိုးရေကိုသာ ထည့်သုံးစွဲနေရကြောင်း သုံးစွဲသူ မိတ်ဆွေတစ်ဦးက ပြောပြသဖြင့် သိရလေသည်။

ရေခဲချောင်း ရေခဲထုပ် အစားများသည့် ကလေးများမှာ အပူကန်ခြင်း၊ မျက်နှာနှင့် မျက်ခွံများပေါ်တွင် မိတ်ဖုကြီးများနှင့် အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း၊ အာသီးရောင်ခြင်းများအပြင် အချို့မှာ ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ကြောင်း သိရသည်။

လျှာနှင့် အာခေါင်များတွင် အနာခွက် ချိုင့်ငယ်လေးများ ပေါက်ပြီး အစပ် မစားနိုင်သူများ ဆေးခန်းလာပြသည်ကို တွေ့ရဖူးသည်။ လျှာဘေးမှာ အနာဖုလေး ထွက်လာသောအခါ သွားဖုံး၊ အံသွားတို့နှင့် ပွတ်တိုက်မိပြီး အနာ ဖြစ်လာသည်။ ထိုအနာမှာ အစက်ကလေးမှ ကျယ်ပြန့်သွားသောအခါ ချိုင့်ခွက်ကဲ့သို့ ဖြစ်သည်။အစာနှင့် အချဉ်အစပ်တို့ ထိတွေ့လျှင် မခံနိုင်ဖြစ်သည်။ စိတ်ပင်ပန်းသူ၊ သောကများသူ၊ စာမေးပွဲနီးချိန် ကျောင်းသား၊ ကျောင်းသူများတွင် ဤပါးစပ်နာများ တွေ့ရသဖြင့် ဆရာဝန်ကြီးများက Stress Ulcer ဟု ခေါ်ကြသည်။

တိုင်းရင်းဆေးနှင့် ရိုးရာဆေးပညာ အယူအဆ ရှုထောင့်မှ ကြည့်လျှင် ထိုအနာများသည် အပူကန်အနာများ ဖြစ်သည်။ ဝမ်းထဲမှ အစာအိမ်ထဲမှ အပူများ အထက်သို့ ကန်တက်ပြီး ခံတွင်းနှင့် လျှာအာခေါင်၊ သွားဖုံးတို့တွင် အနာစက်များ ထွက်လာခြင်း ဖြစ်သည်။

မိတ်ဆွေတစ်ဦးက သူ၏ လျှာနှင့်သွားဖုံးတွင် မကြာခဏ အပူကန်နာများ ထွက်ပြီး မစားနိုင်၊ မသောက်နိုင် ဖြစ်ရကြောင်း ပြောသည်။ ထိုသူ၏ အလေ့အကျင့်ကို ကြည့်သောအခါ ထမင်းစားလျှင် ရေခဲရေပုလင်းနှင့် ရေခွက်ကို ဘေးမှာ ချထားသည်။ ထမင်းစားပြီးလျှင် ရေခဲရေနှစ်ခွက်ခန့် အဝသောက်ချသည်။ဤအကျင့်ကြောင့် သူ့လျှာမှာ အပူကန်နာများ မပြတ် ထွက်နေခြင်း ဖြစ်နိုင်သည်။

ထမင်းစားပြီး ရေခဲမုန့် စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ရဖူးသည်။ အချို့ဆိုင်က စားသောက်သူများကို ကုန်ကျငွေ Bill ရှင်းချိန်တွင် အချိုပွဲအဖြစ် ရေခဲမုန့်ခွက်များ လာချပေးသည်။ အချို့အလှူများတွင်လည်း ထမင်းသို့မဟုတ် ဒံပေါက်၊ ကြက်ဆီထမင်း စသည် ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံကြွရောက်ရန် ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့် ကျွေးသည်ကို တွေ့ရဖူးသည်။ ရေခဲမုန့်အပြင် ရေခဲရေပါ, ပါသည့် အလှူများလည်း တွေ့ဖူးသည်။

အီဆိမ့်သော အစာများ တစ်ဝစားပြီးချိန်တွင် ရေခဲမုန့်၊ ရေခဲရေ သောက်ခြင်းမှာ အစာအိမ်မှ မီးဖိုကြီးကို ငြိမ်းပစ်သည်နှင့် အလားသဏ္ဍန် တူလေသည်။ လူ၏ အစာအိမ်တွင် ဝမ်းမီးဟုခေါ်သော အစာချေသည့်မီး ရှိသည်။ ပါစကတေဇောဓာတ် ဟုလည်း ခေါ်ဆိုနိုင်လေသည်။ ထိုဓာတ်အားကောင်းမှ ဝမ်းမီးတောက်မည်။ ဝမ်းမီးတောက်မှသာ အစာကြေမည်။ အစာကြေမှသာ ဝမ်းမှန်မည်။ ဝမ်းမှန်မှသာ အကြောအချဉ်များ ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ ကျန်းမာမည်။ ထိုင်းမှိုင်းခြင်း၊ နောက်ကြောတက်ခြင်း၊ ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင် ဖြစ်လေ့ရှိသော ရောဂါများ ဖြစ်သည်။ အစာကြေလျှင် ဝမ်းမှန်လျှင် ညောင်းကိုက်၊ ဇက်ကြောတက် ဝေဒနာများ မဖြစ်နိုင်ပါ။

ထိုကဲ့သို့ အစာကြေကျက်စေရန် တောက်နေသော ဝမ်းမီးကို ရေခဲရေ သောက်ချလိုက်သောအခါ ငြိမ်းလိုက်သည်နှင့် သဏ္ဍာန်တူလေသည်။ မီးပုံကြီးကို ရေနှင့်လောင်းချလိုက်သောအခါ ဝုန်းကနဲ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပျံ့လွင့်တက်သွားသည်ကို မြင်ကြည့်နိုင်ပေသည်။ ထိုအခိုးအငွေ့များသည် အစာအိမ်မှ အထက်သို့ တက်လျှင် လည်ချောင်း တစ်လျှောက်နှင့် အာခေါင်၊ လျှာ၊ သွားဖုံး စသည်တို့ကို ရောက်မည် ဖြစ်သည်။

စာရေးသူကိုယ်တိုင် နေပူပြင်းပြီး မနေနိုင်၊ မထိုင်နိုင်ဖြစ်အောင် ပူပြင်းသည့် ကာလက ဆေးခန်းမှ အိမ်ပြန်ရောက်သည်လျှင် သမီးများသောက်သည့် ရေခဲရေပုလင်းကို ယူပြီး သောက်မိသည်။ အသိတရား ရှိသော်လည်း ပူလွန်း၍ မနေနိုင်။ အလွန်အရသာ ရှိပါသည်။ ပူပြီး မောနေသည့်အချိန် ရေခဲရေ အေးအေးလေးကို ကိုင်းဖန်ခွက်ကြီး တစ်ခွက် အပြည့်မော့ချလိုက်ရသည့် အရသာမှာ ကောင်းလှသည်။ ထိုကဲ့သို့ တစ်ပါတ်ခန့် ရေခဲရေကို သောက်ပြီးနောက် စာရေးသူ၏ လျှာဘေးတွင် အပူဖုတစ်ခု ထွက်လာသည်။ ထို့နောက် အဖုကြီးလာပြီး အနာဖြစ်လာသည်။ စကားပြောသည့်အခါ သွားနှင့် ပွတ်မိပြီး စကားမပြောနိုင်၊ အစားမစားနိုင်အောင် ဖြစ်ရသည်။ ရေခဲရေ၏ အကျိုးပင် ဖြစ်သည်။

ရေခဲရေသည် အစာအိမ်မှ ဝမ်းမီးအားကို နည်းသွားစေသဖြင့် အစာမကြေသမျှသည် အစာဟောင်းအိမ်မှာ သွားစုပြီး စမျဉ်းဟုခေါ်သော ဝမ်းအမာအကျစ်ခဲများ ဖြစ်ရသည်။ ဝမ်းကိုခက်ခဲစွာ သွားရသည်။ အပူနှင့်အအေးသည် ဆန့်ကျင်ဘက် ဝိရောဓိဖြစ်သည်။ ရှင်းပြနေစရာ မလိုအောင် ထင်ရှားသော ဓာတ်သဘော ဖြစ်သည်။ အစာအိမ်အတွင်းတွင် အပူဓာတ် ရှိသည်။ ထိုအပူသည်ပင် သက်စောင့်ဓာတ် ဖြစ်သည်။ အစာအိမ်မှ အပူသည် အာခံတွင်းသို့ တက်သည်။ အာခံတွင်းတွင် ငုံထားလျှင် ပူနွေးလာသည်။

ဘုရားရှင် လက်ထက်က အဇာတသတ် မင်းသား ငယ်စဉ်က လက်မတွင် ခူနာပေါက်သည်။ အနာ ပြည်ကိုက်သက်သာစေရန် ဖခင် ဗိမ္မိသာရမင်းကြီးက အာခံတွင်းတွင် ငုံထားပေးသည်။ အာငွေ့ကြောင့် အနာပြည် ပေါက်သွားသည်ကို သားနိုးမည်စိုး၍ မျိုချလိုက်သည်။ အာခံတွင်း အငွေ့၏ အစွမ်းကား အနာကိုပင် ပြည်ပေါက်စေသည်။

ဆရာဝန်တို့သည် လူနာ၏ ကိုယ်အပူချိန်ကို ပြဒါးတိုင် ငုံထားခိုင်းပြီး တစ်မိနစ် ကြာသောအခါ မှတ်သားရသည်။ ၉၈.၄ ဒီဂရီဖာရင်ဟိုက် ဆိုလျှင် ပုံမှန်ဖြစ်သည်။ ကိုယ်တွင်းအပူချိန် တက်လာလျှင် အဖျားရှိသည်ဟု သတ်မှတ်သည်။ ပြဒါးချိန် ၁၀၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၃ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိသော်လည်း ထို့ထက် အပူကြီးလျှင် သတိလစ်ခြင်း၊ တက်ခြင်းအထိ ဖြစ်နိုင်သည်။ ၁၀၇ ဒီဂရီဖာရင်ဟိုက်တွင် အူပေါက်ပြီး အသက်ဆုံးရှုံးနိုင်သည်။ ထိုကဲ့သို့ အပူကြီးနေသူများကို ပြင်ပမှ ရေအေးဖတ် တင်ခြင်း၊ ရေခဲရေဖြင့် ရေပတ်တိုက်ခြင်း ပြုလုပ်၍ ရသော်လည်း ပါးစပ်ထဲသို့ ရေခဲရေ မတိုက်ရပေ။ အစာအိမ်သွေးကြော ပေါက်ခြင်း၊ အူပေါက်ခြင်း၊ သတိလစ်ပြီး တက်ခြင်း၊ ဦးနှောက်သွေးကြော ပေါက်ခြင်းတို့ ဖြစ်နိုင်သည်။

တလောက အလွန်အပူကြီးချိန်တွင် မိတ်ဆွေ ဆရာဝန်တစ်ဦးက ဘီယာဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ဘီယာတိုက်သည်။ အလွန်ပူသည့် အချိန်တွင် ဘီယာသောက်ခြင်းသည် အလွန်ကောင်းသည်ဟု ပြောသည်။ သဲကန္တာရတွင် လမ်းပျောက်နေသူ တစ်ဦးသည် ဘီယာသံဘူးငယ် နှစ်ဘူးဖြင့် အသက် ဆက်ခဲ့ရဖူးသည်ဟု သူစာထဲတွင် ဖတ်ခဲ့ရဖူးကြောင်း ပြောပြသည်။

ပညာရှိ သတိဖြစ်ခဲဟု ပြောရမည်လား၊ သတိမမူ ဂူမမြင်ဟု ပြောရမည်လား။ အပူဒဏ် ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ညနေတိုင်း ဘီယာသွားသောက်ကြပြီး ၃၊ ၄ ရက်အကြာတွင် စာရေးသူတွင် လည်ချောင်းနာပြီး အသံဝင်သွားသည်။ လည်ချောင်းနာသည်မှာ အစာပင် မျိုမချနိုင် ဖြစ်သည်။ သောက်ခါစရက်က ဆီးရွှင်ခဲ့သော ဘီယာသည် နောက်ပိုင်းရက်များတွင် ဆီးပူဆီးအောင့် ဖြစ်လာသည်။ စာရေးသူကို ဘီယာသောက် ခေါ်ခဲ့သူ ဆရာဝန် သူငယ်ချင်းမှာ ခြေထောက် မထောက်နိုင်၊ ယခင်ကရှိသော Gout ရောဂါ ပြန်ထလာပြီး ခြေမဆစ်ကြီး ရောင်လာသဖြင့်၊ ဤကား ဘီယာသောက်ခြင်း၏ အကျိုးပင် ဖြစ်တော့သည်။

နွေထနောင်း၊ ဆောင်းမန်ကျည်း ဟူသော စကားရှိသည်။ ရှေးက ဗမာကြီးများသည် နွေနေပူပြင်းချိန်တွင် ထနောင်းပင် အရိပ်ကောင်းကောင်းတွင် ရေနွေးကြမ်းအိုးနှင့် အညာထန်းလျက်ခဲလေး စားပြီး အပူငြိမ်းခဲ့ကြသည်။ ရေနွေးကြမ်းသည် အဖန်ရည်ဟု ခေါ်ပြီး ဝမ်းထဲကို ရောက်လျှင် အပူကို ငြိမ်းစေသည်။ လေကိုလည်း ကြေစေသည်။ အစာအိမ်နှင့်လည်း သင့်သည်ဟု ဆိုသည်။ ရှေးကလူကြီးများ အဆိုအရ နွေရာသီတွင် ထနောင်းရွက်၊ ထနောင်းဖူး သုပ်စားလျှင် ဝမ်းလျှော၊ ဝမ်းပျက် ကာကွယ်သည်။ အပူငြိမ်းသည်။ ကျောက်၊ ဝက်သက် ရောဂါများပင် ကာကွယ်သည်ဟု ဆိုသည်။

ယခုခေတ်တွင် ရေနွေးကြမ်းဝိုင်း ဓလေ့များသည် ပျောက်ကွယ်သလောက် ဖြစ်နေပြီ။ အလှူများတွင် ရေနွေးကြမ်းအိုးနှင့် ရေသန့်ဘူးများကိုသာ နေရာတိုင်း တွေ့နေရလေပြီ။ လူ၏အသက်သည် ဝမ်းမီး ဖြစ်သည်။ ဝမ်းမီး အားမကောင်းလျှင် ရောဂါအမျိုးမျိုး ရနိုင်သည်။ အစာမကြေရောဂါနှင့် ဆီးချိုရောဂါ၊ ကိုယ်တွင် အဆီတက်သော ရောဂါ၊ ကျောက်ကပ် ရောဂါတို့သည် ရေခဲရေ အသောက်များသူတို့တွင် ဖြစ်ကြောင်း တွေ့ရသည်။

ရေခဲရေကို နေ့စဉ် သောက်သုံးသူများသည် ခန္ဓာကိုယ်တွင်းမှ ဝမ်းမီးကို ငြိမ်းနေသူများ ဖြစ်သည်။ မီးငြိမ်းသော မီးဖိုဖြင့် ချက်သော အစာသည် မကြေကျက်နိုင်သည်ကို သတိပြုမိဖို့ လိုသည်။ လွန်ကဲခြင်းသည် မည်သည့်အခါမျှ မကောင်း၊ နောက်ဆက်တွဲ ဆိုးကျိုး ရှိနိုင်သည်။
မြေသောက် ရေအိုးတွင် ထည့်ထားသော ရေအေးသည် သာမန်ရေအေး ဖြစ်သည်။ လူကို ဒုက္ခမပေးနိုင်။ ထိုရေကိုပင် အပူထဲမှ ပြန်လာလျှင် ချက်ခြင်း မသောက်သင့်။ ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများက ဆိုသည်။ရေခဲသေတ္တာထဲမှ ထွက်လာသော ပုလင်းများ၊ Water Cooler မှ ကျလာသော ရေတို့သည် သဘာဝ လွန်ကဲသော ရေပျက် ဖြစ်သည်။ ခန္ဓာကိုယ်မှ လက်ခံနိုင်သော အအေးဓာတ် လွန်ကဲသဖြင့် တုန့်ပြန်ခြင်း၊ လက်မခံဘဲ ကန်ထုတ်ခြင်း၊တွန်းလှန်ခြင်းတို့ကို ခံရမည် ဖြစ်သည်။

ရေခဲရေကို အစဉ်သဖြင့် သောက်နေသူများကို လေ့လာကြည့်သောအခါ ခေတ္တသာ ရေငတ်ပြေပြီး ပြန်ပူလာခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အာသီးရောင်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊ လျှာအရသာ မတွေ့ခြင်း၊ လည်ချောင်းပူခြင်း၊ နာခြင်း၊ အစာရေမျိုပြွန် ရောင်ခြင်း၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်း၊ ဖျားလျှင် အလွယ်တကူ အူရောင်ခြင်း၊ အသည်းရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ လိပ်ခေါင်းရောဂါ ရခြင်း၊ တစ်ကိုယ်လုံး ညောင်းကိုက်ပြီးနောက် ကြောတက်ခြင်း၊ နုံးခွေခြင်း၊ မျက်စိ အမြင်မကြည်လင်ခြင်း၊ ရေချိုးပြီးလျှင် မျက်စိများနီရဲခြင်း၊ ဦးခေါင်းနောက်စေ့မှ ခေါင်းကိုက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဦးခေါင်းပူခြင်း၊ ခန္ဓာကိုယ်တွင် ယားနာများထွက်ခြင်း၊ အပူဖုများ ထွက်ခြင်းတို့ကို မလွဲမသွေ ဖြစ်နိုင်လေသည်။

နိဂုံးအားဖြင့် အကြံပြုလိုသည်မှာ-

၁။ မြေအိုး၊ သဘာဝရေအိုးမှ အေးသောရေကိုသာ သောက်ပါ။
၂။ ဖြစ်နိုင်လျှင် ကြိုချက်ထားပြီးသော ရေကို အအေးခံပြီး ရေကျက်အေး သောက်ပါ။ ၃။ ရေနွေးကြမ်း သို့မဟုတ် အဖန်ရည်ကို ထမင်းစားပြီးတိုင်း သောက်ပါ။
၎။ နံနက်အိပ်ယာထ ရေမချိုးမီ၊ ညအိပ်ယာဝင်ချိန်တို့တွင် ရေတစ်ခွက် သောက်သော အကျင့်ကို ကျင့်ပါ။
၅။ ရေခဲရေ၊ အလွန်အေးအောင် ပြုလုပ်ထားသော ရေကို ရှောင်ပါ။
၆။ ထမင်းစားနေစဉ်နှင့် ထမင်းစားပြီး ရေခဲရေ တစ်ဆက်တည်း သောက်လျှင် အစာအိမ်ကို ဒုက္ခရောက်စေပါသည်။
၇။ ရေခဲရေကို တစ်စွတ်စွတ် သောက်ခြင်းသည် အဆိပ်သောက်ခြင်းနှင့် တူသဖြင့် ထိုအကျင့်ကို ဖျောက်ပစ်ပါ။
၈။ ရေကြောင့် အသက်ရှည်စေနိုင်သည်။ ရေခဲရေကြောင့် အသက်တိုစေနိုင်သည်ကို အထူးသတိပြုပါ။

ကြည်လွင်မြင့်(မုဒြာ)
Ref: Shade The Mandalay Hill
Source: http://www.yatanarpon.com.mm/cp/shadethemandalayhill/article-60304

ဘကြီးသက်
Unknown at 1:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.