Wednesday, May 16, 2012

စင်ကာပူအကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ဒုတိယစီးပွားရေးမြို့တော် တည်ထောင်မည်



From : ခေတ်လူငယ်
စင်ကာပူ၏ အကူအညီဖြင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မတွင် ရန်ကုန်မြို့၏ ဒုတိယစီးပွားရေးမြို့ကို တည်ထောင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့်က အတည်ပြုပြောကြားသည်။ အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် ငါးနှစ် Master Plan ရေးဆွဲမည် ဖြစ်ကာ ပြည်တွင်းမှ အတွေ့အကြုံရှိ ပညာရှင်များ၊ စင်ကာပူကက်ပယ်အဖွဲ့မှ ပညာရှင်များနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာနတို့ ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။ “MCC ရှိတဲ့ မင်းဓမ္မဘက်မှာ ဒုတိယ စီးပွားရေးမြို့တော်လုပ်ဖို့ လျာထားပါတယ်။ စည်ပင်ပိုင်မြေမှာ မိုဒယ်အဖြစ် စတင်ဆောင်ရွက်ဖို့ ရှိတယ်။ ဒီနေရာနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်ရင် ပိုအောင်မြင်မှာပါ။ နိုင်ငံခြားက ပညာရှင်တွေကို ဖိတ်ခေါ် အကြံဥာဏ်ယူ
ရေးဆွဲသွားဖို့ ရှိပါတယ်။ စင်ကာပူကက်ပယ်အဖွဲ့ကို မြို့ပြစီမံကိန်းရေးဆွဲတာနဲ့ ပတ်သက်ပြီး အကူအညီ တောင်းထားတာ ရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က မေ ၁၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့ပြစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်
စတင်ရေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပြစီမံကိန်းများကို မြို့ရွာနှင့် အိုးအိမ်ဌာနက ရေးဆွဲပြီး ယင်းဌာနမှ လွှဲပြောင်းသော မြို့နယ်များကို စည်ပင်မှ ထိန်းသိမ်းခြင်းကိုသာ ဆောင်ရွက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express
Unknown at 6:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ်

 

ယနေ့မြန်မာ့ပညာရေးလောကတွင် အလွန်ကမောက်ကမနိုင်လှသော အမိန့်ဆန်းတစ်ရပ်ရှိလေသည် ၊ ထိုအမိန့်မှာ " ဆရာ  ဆရာမများ ကျူရှင်မသင်ရ "  ဟူသောအမိန့် ဖြစ်လေသည် ၊ သင်ကြားရေးအလုပ်သည် ဆရာတစ်ယောက်၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သည် ၊ ကျူရှင်သင်သည်ဆိုသည်မှာလည်း စာသင်သည့်အလုပ်ပင်ဖြစ်သည် ၊ သင်ကြားရေးအလုပ်ဖြင့် အသက်မွေးရသူများက စာသင်တာအပြစ်ဟု ဆိုကြပါမည်လား..ဆိုလျှင်ကော တရားမျှတပါမည်လား ၊အမှန်နှင့်နည်းစပ်ပါမည်လား ဟုမေးစရာ များဖြစ်လာပါသည် ။
 
နိုင်ငံ့ဝန်ထမ်းဆရာဝန်များလည်း ပြင်ပဆေးခန်းများဖွင့်ကာ ဆေးဝါးကုသကြသည် ၊ နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာများကလည်း ပြင်ပတွင်အင်ဂျင်နီယာလုပ်ငန်းများ ပူးတွဲလုပ်ကာ ၀င်ငွေရှာကြရသည်  ၊ ဆရာကကျူရှင်သင်သည်  ဘာများ ဆန်းပါသနည်း ဘာဆိုဘာမှမဆန်းပါ ၊ ရိုးရှင်းလှပါသည် ။
 
 အထက်တန်းပြဆရာတစ်ယောက်၏ မူရင်းလစာသည် ၄၀၀၀၀ ကျပ်မျှသာဖြစ်သည် ၊ ကျောင်းကိုအသွားအပြန်လုပ်ရသည့် ခရီးစရိတ်မျှသာရှိသည် ၊ ဆရာတို့ဘ၀စားဝတ်နေရေးအတွက် မလောက်ငှကြ ၊ ဒီတော့ကျောင်းချိန်ပြင်ပတွင် စာသင်ပြီး အပိုဝင်ငွေရှာကြရင်း ဘ၀ရပ်တည်ရေး ဆောင်ရွက် နေကြခြင်းသာဖြစ်သည် ။
 
 လစာမလောက်သောကြောင့် ဘယ်ကျောင်းကဆရာများကမှ စု၍ဆန္ဒပြကြသည်ဟူ၍ မကြားဘူးပါ ၊ နိုင်ငံတော်၏ အခက်အခဲကိုနားလည်ပေးကြသူများဖြစ်သည် ၊ နိုင်ငံတော်ကိုအပူမကပ်ကြ ကိုယ့်ဖာသာကိုယ် ကျူရှင်သင်ပြီး ဖြေရှင်းကာ နိုင်ငံတာဝန်ထမ်းနေကြသော သားကောင်းရတနာ နိုင်ငံ့ဝန်ထမ်း များဖြစ်ကြသည် ၊ ထိုဆရာများကို ကျုရှင်မသင်ရဟု အမိန့်ထုတ်ပြန်ထားခြင်းသည် မှန်ကန်သော စီမံခန့်ခွဲမှု ဟုတ်ပါရဲ့လားဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်သုံးသပ်သင့်သော အချိန်ကာလလည်းဖြစ်ပါသည် ။
 
 ကျူရှင်သင်သောအလုပ်သည် လွယ်လှသည်မဟုတ် ကျူရှင်သင်သောဆရာသည် မနက် ၅နာရီမတိုင်ခင်အိပ်ယာမှထရသည် ၊ မနက် ၆နာရီမှ ၈ နာရီအထိ ကျူရှင်တွင်စာသင်ရသည် ၊ ၈ နာရီနှင့် ၉ နာရီအကြားတွင် ကျောင်းကို အပြေးသွားကြရသည် ၊ ကျောင်းတွင် ညနေ ၄နာရီအထိ စာသင်ကြရသည် ၊ ညနေ၅နာရီမှ ည ၈နာရီခန့်ထိကျူရှင်တွင်တစ်ဖန် စာသင်ကြရပြန်သည် ၊ အိမ်အရောက်တွင် မနားရသေး ကျောင်းမှကလေးများ၏ အိမ်စာများကို စစ်ရဆေးရပြန်သည် ၊ ၁၀နာရီကျော်မှနားရသည် ၊ ထိုအချိန်တွင် တစ်နေကုန်မတ်တပ်ရပ်နေရသော ဆရာတို့၏ခြေထောက်အစုံ သည်တောင့်တင်း ညောင်းညာလှပါပြီ မျက်ဝန်းတို့သည် ရီဝေ၍နေပါပြီ အိပ်ယာပေါ်တွင်လှဲလိုက်သည်နှင့် တုံးကနဲအိပ်ပျော်ခြင်းသို့ ရောက်သွားကြပါတော့သည် ။ ထိုဆရာတို့သည်အိပ်ရေး၀၀မအိပ်ရ မနက် ၅နာရီပြန်ထရသည် ၊စနေ၊ တနင်္ဂနွေဟူ၍ မရှိ သင်ကြားနေရသည် ၊ ထိုသို့နေ့မအိပ်ညမအိပ်ကြိုးစား ရုန်းကန်နေကြရသော ဆရာတို့ကို   အသပြာဆရာ များဟု ကျွန်တော်တော့ကင်ပွန်းမတတ်ရက်ပါ.... ..။
 
 ရိုးရိုးကလေးစဉ်းစားကြည့်လျင်ပင် အဖြေကရှင်းနေပါသည် စာတစ်ပုဒ်ကို ကျူရှင်မှာတစ်ခါသင် ကျောင်းမှာတစ်ခါသင် သောကလေးက ကျောင်းတွင် တစ်ခါသာသင်သောသူထက် ပို၍ တော်နေ ၊ ပို၍တတ်နေမည်မှာ ယေဘူယျ အမှန်တရားဖြစ်သည် ၊ ကျူရှင်သင်သောကလေးသည် အထက်တွင်ဆိုခဲ့သော ဆရာများနည်းတူ မနက် ၅ နာရီမှသည် ည ၁၀ နာရီကျော်ထိ သူတို့၏ ဘ၀ကို ပညာရေးတွင် မြှုတ်နှံထားရသည် ၊ ထိုသို့ပညာရေးကို အချိန်များစွာပေးထားသောကျောင်းသားကျောင်းသူ များသည် ၊ ကျောင်းသွားခါနီးမှအိပ်ယာထ အမေအဆင်သင့်လုပ်ထားသောထမင်းကိုစား ထမင်းချိုင့်ကိုဆွဲ ကျောင်းကိုသွား၊ ညနေကျောင်းဆင်းလျင် ဆော့ ၊ ညကြတော့မောပြီး အစောကြီးအိပ် သွားကြကုန်သော သူများထက် စာပေအရာတွင် အစစသာကြသည်မှာ ဘာများဆန်းပါသနည်း ။
 
  ထိုစာညံသောကျောင်းသား ကျောင်းသူများသည် လူငယ်သဘာဝ ညံ့သည်ဟု ၀န်မခံ ကြ ၊ " အမေတို့ကသားတို့ကို ကျူရှင်မှမထားတာကိုး ...ကျူရှင်ထားရင်သားလဲတော်မှာပေါ့ ၊ ဆရာမက မေးခွန်းကို ကျူရှင်မှာသင်ထားတာနေမှပေါ့ " စသောစကားများကို ခံတပ်သဖွယ်အသုံးပြုကာ မိဘတို့ကိုစိတ်ဆင်း ရဲအောင်လုပ်ရင်း မိမိတို့ အပြစ်ကို ဖုံးကွယ်ကြသည်မှာ ထိုစာညံ့ကြသူများ၏ လုပ်ရိုးလုပ်စဉ် အလုပ်မျိုးသာဖြစ်လေသည် ။
 
 ထူးခြားချက်အနေဖြင့် တစ်ခါသင်ယုံမျှဖြင့်ပင် နှစ်ခါသင်ထားသူအချို့ထက် ပိုပြီးသိလွယ် တတ်လွယ်သော ကျောင်းသားမျိုးလဲရှိတတ်ပေရာ ဆရာတို့သည် ထိုကျောင်းသားမျိုးကို မိမိထံတွင်ကျုရှင်ယူသူများထက်ပင် ချီးမွမ်းခန်းထုတ်ကာ မိမိတို့ကျူရှင်သင်ရာနေရာ များသို့ ခေါ်ဆောင်သွားပြီး အခမဲ့သင်ကြားပေးရင်းမြေတောင်မြှောက်ပေး မှုကြောင့် အောင်မြင်ပေါက်မြောက်သွားကြသူများ မရေမတွက်နိုင်အောင်ပင် ရှိနေပြီဖြစ်ပါသည် ။ ဒီလို ရိုးရှင်းသော အဖြေမှန်တွေရှိနေပါလျှက် မိမိတို့သားသမီး ညံ့တိုင်း ဆရာများကို ပုံချ လက်ညိုးထိုးနေကြမည် ၊ အပြစ်ဆိုနေကြမည်ဆိုပါလျင်  တရားနည်းလမ်း ကျနိုင်ပါမည်လား ဟုမေးစရာ ဖြစ်လာပါသည် ။

အစိုးရက ဤအမိန့်ထုတ်ပြန်ရခြင်းမှာလည်း အချို့သောသူများသည် ဆရာတို့၏ခက်ခဲပင်ပန်းစွာဖြတ်သန်းနေရမှုကို ဃနသချာစွာမသိ ကြပဲ  ဆရာတို့သည် ကျောင်းတွင်သေချာမသင် ၊ ကျူရှင်တွင်သာ သေချာသင်ကြသည် ၊ ကျူရှင်တက်သောကလေးကို အမှတ်ပိုပေးသည် ၊ မတက်သောခလေးကို အမှတ်လျော့သည် ၊ ထိုကြောင့် ထိုအသပြာဆရာများသည် မြန်မာ့ပညာရေးလောက ကိုအရုပ်ဆိုးအောင် လုပ်နေကြသူများဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများမကြာခဏဆိုသလိုပြုလုပ်နေကြသောကြောင့် သားသမီးများအား ကျုရှင်မထားနိုင်သူမိဘများ ၊ ထားနိုင်သော်လည်းမထားကြသူ မိဘများ ကဆရာများအပေါ် တဖြည်းဖြည်း အမြင် စောင်းလာသည် ကြာလာတော့ အထက်ဌာနများသို့ မကြာခဏဆိုသလို တိုင်ကြ တောကြ ဖြစ်လာသဖြင့် နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း ဆရာများကျူရှင်မသင်ရ ဟူသောအမိန့် ကိုထုတ်ပြန်ထားရခြင်းဖြစ်သည်ဟု အကောင်းဘက်မှမြင်ပေးနိုင်ပါသည် ။
 
သို့သော်လည်း ထိုအမိန့်ကြောင့် မိမိကလေးကို ထူးချွန်ထက်မြက်စေလိုသောမိဘများ၏ တောင်းဆိုမှုနှင့် ဆရာတို့၏၀င်ငွေမလောက်ငှမှု တို့ကြောင့် နောက်ဆုံးတွင် အနန္တဂိုဏ်းဝင် ဆရာများသည် မိမိတို့ ခင်မင်နီးစပ်ရာအိမ်များတွင် စာသင်သည့် အလုပ်ကိုပင် မူးယစ်ဆေးဝါးရောင်းဝယ်သကဲ့သို့ တိတ်တိတ်ပုန်း ခိုးလုပ်ရသော အဖြစ်သို့ ရောက်ရှိသွားနေသည်ကိုမူ သတိပြုသင့်ပါသည် ။
 
 နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်းဆရာများ ကျူရှင်မသင်ရဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် ဥပဒေဘောင်အတွင်းနေထိုင်လိုသော အတွေ့အကြုံရှိ လုပ်သက်ရင့် ဆရာများ ဘ၀ရပ်တည်ရေးအတွက် မိမိတို့ချစ်ခင်လှစွာသော ကျောင်းစာသင်ခန်း များကို ကျောခိုင်း၍ အငြိမ်းစားယူကာ ပြင်ပစာသင်ခန်း များသို့ ရောက်သွားကုန်ကြပါသည် ၊ ယခင်ကအစိုးရစာသင်ကျောင်းများတွင် အခမဲ့ရနိုင်နေသော ဆရာတို့၏ သင်ကြားမှုကို ပြင်ပဘော်ဒါ စာသင်ခန်းများတွင် အခကြေးငွေများစွာပေးမှရနိုင်တော့သည့် အဖြစ်ကိုနေ့ချင်းညချင်း ရောက်သွားကြပါတော့သည် ။ ဆရာများဘက် ၊ မိဘများဘက် ၊ ကျောင်းသားများဘက် စသည့်အဘက်ဘက်မှ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ကြပါသည် ။
 
ဤကဲ့သို့အဘက်ဘက်မှ အားနည်းချက်များလှသော "ဆရာ ဆရာမများ ကျုရှင်မသင်ရ" ဟူသောအမိန့်ကို ယနေ့ကဲ့သို့သော ပြုပြင်ပြောင်းလည်းရေး ကာလတွင် ပြန်လည် ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံသစ်တည်ဆောက်ရေးတွင် ဆရာတို့၏ အားကိုရယူသင့်ပါကြောင်း တိုက်တွန်းရေးသားအပ်ပါသည် ။
ဆရာတို့ဘ၀တောက်ပကြပါစေ.........
ဒေါက်တာဆိတ်ဖွား


( မှတ်ချက် ။   ။ စာရေးသူသည် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ ဆရာဆရာမများ၏ အခက်အခဲများကို မီးမောင်းထိုးပြလိုသော ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများမှ မူလတန်း ၊ အလယ်တန်း ။ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၁၂ ဦး ဆရာ ဆရာမ ၆၇ ဦးတို့အားတွေ့ဆုံမေးမြန်းကာ  "အခြေခံပညာ ကျောင်းအုပ်ကြီးများကို ကယ်တင်ပါ " ဟူသော ဆောင်းပါးနှင့် " ဆရာ ဆရာမများ ကျုရှင်မသင်ရ" (သို့မဟုတ်) ပယ်ဖျက်သင့်သောအမိန့်တစ်ရပ် ဟူသော ဆောင်းပါးနှစ်ပုဒ်ကို ရေးသားခဲ့ပါသည် ၊ ဆောင်းပါး၂ ခုပါ အချက်အလက်များသည် မျက်မှောက်ခေတ် ကျောင်းဆရာ ၊ ဆရာမတို့၏ ရင်တွင်းဖြစ် ခံစားမှုများကို ကိုယ်စားပြုကြောင်း တာဝန်ယူပါသည် ။


ထူးခြားချက်တစ်ခုမှာ စာရေးသူ မေးမြန်းခဲ့သော  ကျောင်းအုပ်ကြီး ၁၂ ဦးအပါအ၀င် ဆရာဆရာမ ၆၇ ဦးတို့တွင် အသက်အရွယ်ကြီးသူ လုပ်သက်ရင့်များ ၊ လုပ်သက်အလယ်အလတ်ရှိသူများ ၊ လုပ်သက်နုသေးသူများ ၊ ဆရာအတတ်သင် ကျောင်းအမျိုးမျိုးမှ ပုံစံအမျိုးမျိုးဖြင့် ဆရာဖြစ်လာကြသူများ ၊အမျိုးသားဆရာများ အမျိုးသမီးဆရာမများ ၊ မူလတန်း အထက်တန်း ၊အလယ်တန်း စသော မျိုးမတူအစုများ ၊ မြို့ကြီး ၊ မြို့လတ် ၊ မြို့ငယ်  ၊ ကျေးလက်ဒေသများ တွင်တာဝန်ထန်းဆောင်နေကြကုန်သော အလွှာပေါင်းစုံပါဝင်ပါသည် ထိုနေရာဒေသပေါင်းစုံ အလွှာပေါင်းစုံ အသက်အရွယ်မျိုးစုံသော ဆရာ၊ ဆရာမများ အားလုံးတို့သည် ဆရာများ ကျုရှင်မသင်ရဟူသော အမိန့်ကိုမူ တညီတညွတ်တည်း မနှစ်သက်ကြပါ ၊ သဘောမတူကြပါ ၊ မထောက်ခံကြပါ ။


ဤဆောင်းပါးများသည် နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ဆရာတို့၏အခန်းကဏ္ဍ ပါဝင်လာစေရန် ရည်ရွယ်ပါသည် မည်သူတစ်စုံတစ်ဦးကိုမျှထိခိုက်နစ်နာစေလိုသော ဆန္ဒ စိုးစဉ်းမျှမရှိပါ ဤမှန်သောသစ္စာစကားကြောင့် ဆရာတို့ဘ၀ တောက်ပပါစေ.....။


ဆရာတို့၏ကျေးဇူးကိုဆပ်လိုသူတိုင်းက ဤဆောင်းပါးများကို ဖြန့်ဝေပေးကြလျှင် ကျွန်တော် ပင်ပန်းရကျိုးနပ်ပါပြီ ..... စာဖတ်သူများရော ကူညီဖြန့်ဝေပေးကြသူအားလုံးကို လေးလေး စားစား ကျေးဇူးတင်ပါသည် ။ )

Unknown at 6:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာလက်ရေးမူ စနစ်ပါသည့် တရုတ်နိုင်ငံထုတ် ကျောက်သင်ပုန်း ကို ကွန်ပျူတာနှင့် တွဲဖက်အသုံးပြုနိုင်မည်

ပထမဦးဆုံး တီထွင်ထားတဲ့ i Pad ကိုပုံစံတူပြုလုပ်ထားတဲ့ မြန်မာလက်ရေးမူစနစ်ပါတဲ့ တရုတ်နိုင်ငံထုတ် ကျောက်သင်ပုန်းဟာ ကွန်ပျူတာနဲ့ တွဲဖက်
အသုံးပြု ရာမှာ  ဖြစ်တယ် လို့ မြန်မာလက်ရေးမူ စနစ် ကျောက်သင်ပုန်း နဲ့ ဘဏ်သုံး စက်ပစ္စည်း မိတ်ဆက်ပွဲ အခမ်းအနားမှ သိရှိရပါတယ်။ အဆိုပါ လက်ရေးမူ စနစ် ကျောက်သင်ပုန်း ဟာ လုပ်ငန်းခွင်မှာ မြန်မာ ရုံးလုပ်ငန်းသုံး စာပေးစာယူ ပြုလုပ်နိုင်ပြီး နေအိမ်မှာလည်း မိမိရဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေများကို စက္ကူပေါ်မှာ စာရေးပြသလို ဆက်သွယ်မှုများ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီ လက်ရေးမူ စနစ် ကျောက်သင်ပုန်းဟာ Internet, e-mail ကိုအသုံးပြုနိုင်ပြီး မြန်မာစာလက်ရေးတို ကို တိကျစွာ ဖတ်ယူနိုင်ခြင်း ၊ ပင်ကိုယ် လက်ရေးဟန် ကိုလည်းလေ့လာ ဖတ်ယူ နိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါ လက်ရေးမူစနစ် ကျောက်သင်ပုန်းကို Window XP, Window Vista eJY Window-7 စနစ်ပါဝင်တဲ့ ကွန်ပျူတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာလက်ရေးမူစနစ် ကျောက်သင်ပုန်းဟာ ကျပ် ကိုးသောင်းခြောက်ထောင် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


Unknown at 1:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လေးလအတွင်း ဖုန်းဖြင့် လူကုန်ကူး တိုင်ကြားမှု ၃ဝဝ ကျော် ရှိ



ယခုနှစ် လေးလတာ ကာလအတွင်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့သို့ တိုင်ကြားခဲ့သည့် လူကုန်ကူးမှု အမှုပေါင်း သုံးရာကျော် အနက် တိကျစွာ သတင်းပေး တိုင်ကြားမှု အလွန်နည်းကြောင်း လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟို အဖွဲ့သည် လူကုန်ကူး ခံရသည် ဟု မသင်္ကာဖွယ်ရာ တွေ့ရှိရ ပါက ဆက်သွယ် တိုင်ကြားနိုင် ရန် အရေးပေါ် (Hot Line) ဖုန်းများမှ တစ်ဆင့် မည်သူ မဆို အချိန်မရွေး တိုင်ကြားနိုင် သည့် စနစ်ကို ယမန်နှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Hot Lineစနစ် ကြောင့် ယခင်ကထက် လူကုန်ကူးမှု ဖြစ်စဉ်များအား ပြည်သူများမှ သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားမှုမှာ လည်း ပိုမိုလာခဲ့ပြီး လက်ရှိ စာရင်းများ အရ ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလ ကုန်အထိ Hot Line မှတစ် ဆင့် သတင်းပေး တိုင်ကြားမှု ၁ဝ၈ ကြိမ်နှင့် ယခုနှစ် ဇန်နဝါရီ မှ ဧပြီလကုန် အထိ သတင်း ပေး တိုင်ကြားမှု ၃ဝဝ ကျော် အထိ မြင့်တက်လာခဲ့ကြောင်း သိရ သည်။
သို့သော် သတင်းပေး တိုင် ကြားမှုများမှာ တိကျ ခိုင်လုံစွာ ပေးနိုင်မှု အလွန် နည်းပါးသည့် အတွက် ကာကွယ် တားဆီးရာတွင် မလိုလားအပ်သော အခက်အခဲများ နှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
လူကုန်ကူးမှု ဖြစ်စဉ်များအား မသင်္ကာဖွယ်ရာ တွေ့ရှိရပါက Hot Line ဖုန်းနံပါတ်များမှ တစ်ဆင့် မည်သူ့ကို မည်သူမှ မည်သည့်နေရာ၊ မည်သည့် အချိန်၌ မည်သို့ ပြော ဆိုစည်းရုံး ခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ခေါ်ဆောင် သွားခံရသည့်အခါ မည်သို့ ဖြစ်ပျက် ကြုံတွေ့ရသည်တို့ ကို ပြည့်စုံတိကျစွာဖြင့် ပြောဆိုတိုင် ကြားပေးမည် ဆိုပါက လူကုန်ကူးခံ ရမည့်သူများကို အချိန်မီ ကယ်တင်နိုင်မည် ဖြစ်သကဲ့သို့ လူကုန်ကူးသူ များကိုလည်း လွတ်မြောက်မှု မရှိစေဘဲ ဥပဒေအရ အချိန်မီ ဖမ်းဆီး အရေး ယူနိုင်မည် ဖြစ်သည့် အတွက် တိကျ ခိုင်လုံသော သတင်း အချက်အလက် များအား ပြည့်စုံစွာ ပြောကြား၍ တိုင်ကြားရန် အထူးလို အပ်ကြောင်း ၄င်းကဆက်ပြောသည်။
”သတင်း အတိအကျ ရအောင် မေးမြန်းပေမယ့် တချို့က မပြော နိုင်တာတွေ ရှိသလို၊ တချို့ကျ တော့လည်း မလုပ်ပေးချင်လို့ ရစ်နေတယ် ထင်ပြီး ဖုန်းချသွားတာမျိုး ကြုံရတယ်။ ကျွန်မတို့ဘက်က မေး မြန်းရတယ် ဆိုတာက တချို့ လူ ကုန်ကူးသူတွေဟာ လူကုန်ကူးမှု ကာကွယ်ရေး အဖွဲ့တွေကို သတင်း မှားတွေ ပေးပြီး တစ်ဖက် ကနေ လူကုန်ကူးမှုတွေ ကျူးလွန် သွားတာမျိုး မဖြစ်အောင်နဲ့ လူကုန်ကူးခံ ရသူတွေ ကို လူကုန်ကူးတဲ့ သူတွေက ဘယ် နေရာကနေ ဘယ်နေရာကို ခေါ် သွားလဲ ဆိုတာ သတင်း အတိအကျ ရရင် လမ်းကနေ အချိန်မီ ကယ်ဆယ် လို့ရနိုင်အောင် စစ်ဆေးမေး မြန်းရတာပါ” ဟု လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုမှ အဖွဲ့ဝင် ရဲအရာ ရှိကြီး တစ်ဦးက ပြော သည်။
ပြည်သူများ အနေဖြင့် အရေးပေါ် (Hot Line) ဖုန်းနံပါတ်များအား လူကုန်ကူးမှု ဖြစ်စဉ်များကို တိုင်ကြား သတင်း ပေးနိုင်ရုံမျှမက လူကုန်ကူးမှုနှင့် ပတ်သက်သော သတင်း အချက် အလက်များနှင့် သိရှိလိုသည် များကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်း၊ ထိုသို့ မေး မြန်းရာတွင် ဖုန်းလက်ခံဖြေကြား သူမှ ရိုင်းပြစွာ ပြောဆို ဆက်ဆံခြင်း၊ တိုင်ကြားမှုအား လက် မခံခြင်းနှင့် ဆက်ဆံရေး မပြေ ပြစ်မှုများ ရှိပါက ဖုန်းလက်ခံ ဖြေကြားသည့် နေ့ရက်၊ အချိန် နှင့် ဆက်သွယ်သည့် ဖုန်းနံပါတ် တို့အား မှတ်သားကာ နေပြည် တော် လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟိုအဖွဲ့ ဖုန်း ဝ၆၇-၄၁၂၅၅၅ နှင့် ဝ၆၇-၄၁၂၆၆၆ တို့သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။
သူရထွန်း
 Popular Myanmar News Journal
Unknown at 12:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ



ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 ”လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်   ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်  ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။”မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း  နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ   ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။
အောင်ဇော် 
Popular Myanmar News Journal
Unknown at 12:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရ


 ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း
 ဓါတ်ပုံလုံးဝမချိတ်ရဟု ပါချုပ်(ဦးညီညီစံ)က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက်
လိုက်လံ ဖြုတ်သိမ်းခိုင်းနေကြောင်းသိရပါသည်။

မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက် ပြောဆိုပြီး
ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည်ပြောပါသည်။

အဆိုပါလုပ်ရပ်နှင့်ပါတ်သတ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းတဦး
က Myanmar News Now ကို အခုလိုပြောပြထားပါသည်---

(နိုင်ငံတော်သမ္မတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ
 ပြောဆို၊ရေးသား၊လုပ်ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝ
မချိတ်ရဟု ပြောဆိုနေခြင်းသည် "ဘယ်လို ဒီမိုကရေစီလဲ?" ဤသို့ပြောဆိုနေသော ပါချုပ်
(ဦးညီညီစံ)ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါသလား?
 အချို့ စစ်တပ်လိုင်းခန်းများ နှင့်  အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်း
ဓါတ်ပုံချိတ်ကြပါသည်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော်အကြီးအကဲများ
 သိစေလိုကြောင်းပြောပြပါသည်။)

အလာတူ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
 တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား
တစ်ဦးကလည်း  ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ
တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါကြောင်း၊ ပြန်လည်မေးမြန်းရာ
 ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား?
ပါချုပ်(ဦးညီညီစံ)က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား?
မိမိကျောင်းဝန်း(ဗ.ဝ.တ)ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ?
ကျွန်တော့်မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ်
မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?

စတဲ့အချက်တွေကို အစိုးရအာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြော
ဆိုစေလိုကြောင်းလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
 တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တဦးက
ပြောဆိုထားပါသည်။
သစ်ထူးလွင်
Unknown at 10:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ချက်လောက် စောင်းငဲ့ကြည့်စေချင်ပါသည် Refugee




ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ဦးတည် လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဒေါင့်တွေ မြောက်များစွာ ရှိပါတယ်….. အစိုးရအနေနဲ့လည်း သူတတ်နိုင်သလောက် ဖြည့်ဆည်းနေသလို၊ အတိုက်အခံများကလည်း အားဖြည့်ဖို့ လုပ်နေချိန်မယ် ကျွန်တော်တို့ ပြည်သူ ပြည်သားတွေအနေနဲ့လည်း လိုအပ်တာတွေ ထောက်ပြ ပြောဆိုခြင်းဖြင့် အားပေးကူညီမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ရွှေပြည်ဟာ မဝေးဘူးလို့ ယူဆပါတယ်…..
ဒီနေရာမှာ နိုင်ငံ မတည်မငြိမ် ဖြစ်ခဲ့စဉ်က ကိုယ့်နိုင်ငံကနေ ထွက်ပြေးပြီး တစ်ခြားနိုင်ငံတွေမှာ မိသားစုလိုက် ခိုဝင်နေရတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရဲ့ ဘ၀တွေကို ပြန်လည် ငဲ့ကြည့်သင့်ပါတယ်…..
အနီးစပ်ဆုံး အနေနဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ မိသားစုဝင်များ ဖြစ်ကြပါတယ်..... ထိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် သူတို့ နိုင်ငံအတွင်းကို တရားမ၀င် ရွှေ့ပြောင်းနေထိုင်လာတဲ့ လူတွေအနက် အများစုက မြန်မာနိုင်ငံကနေ ပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်..... အထူးသဖြင့် ထိုင်းနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ပြည်နယ်တွေက တိုင်းရင်းသားတွေ အများစု ဖြစ်ကြပါတယ်.... အထူးသဖြင့် ကရင်နဲ့ ရှမ်းလူမျိုးတွေ များပြီး အခြားအခြားသော လူမျိုးများလည်း အနည်းငယ်စီ ပါဝင်ပါတယ်.... ထိုင်းနိုင်ငံအတွင်းရှိ မြန်မာလူမျိုးများ နေထိုင်သည့် နာမည်ကြီး ဒုက္ခသည် စခန်းများမှာ မဲဆောက်၊ မယ်လ၊ နို့ဘိုး၊ Um-Piam ဒုက္ခသည် စခန်းတွေပဲ ဖြစ်ကြပါတယ်....
ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းမှ တွေ့မြင်ရသော မြန်မာနိုင်ငံသား ကလေးငယ်များဘ၀...
A picture made available on 20 October 2010 of a young Myanmar (Burma) refugee carrying her brother on her back in the Mae La refugee camp on the Thai - Myanmar border, Tak province, north-west Thailand, 19 October 2010
အနာဂါတ် မရေရာသည့် မြန်မာနိုင်ငံသား ဒုက္ခသည် မိသားစု ဘ၀များ....
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားတို့ နေထိုင်သည့် ဒုက္ခသည် စခန်းမြင်ကွင်း....
အဆိုပါ လူမျိုးစုတွေနဲ့ မိသားစုဝင်တွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းကို ပြောင်းရွှေ့ နေထိုင်လာတာ ကြာမြင့်နေပီ ဖြစ်ပါတယ်.... သူတို့ အဓိက ရွှေ့ပြောင်းလာရခြင်းကတော့ စီးပွားရေး ကျပ်တည်းခြင်းနဲ့ စစ်ဘေး စစ်ဒဏ်ကြောင့် မူရင်းနေထိုင်ရာ ဒေသတွေကို စွန့်ခွာ ထွက်ပြေးလာကြရသူတွေ ဖြစ်ပါတယ်....  အချို့တွေကတော့ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြပြီး အချို့တွေကတော့ အလုပ်လုပ်ရန် လာရောက်ရင်း နေထိုင်ကြသူတွေ ဖြစ်ပါတယ်.....
ဒုက္ခသည် စခန်းတွင်း မြင်ကွင်း.....
အဆိုပါ ဒုက္ခသည် စခန်းတွေမှာ အနေကြာပေမယ့် ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ် အပြုမခံသူတွေ ဒုနဲ့ထေး ရှိပါတယ်...... ဥပမာ အားဖြင့် ထိုင်းနိုင်ငံမှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာ ကြီးပြင်းတဲ့ ရှမ်းလူမျိုး မောင်သောင်းဒီဟာ အသက် (၁၂) နှစ် အရွယ်မှာ ဂျပန်နိုင်ငံ မာကူဟာရီ ကွန်ပလက်ဇ် ချီဘား ခရိုင်တွင် ကျင်းပသော အိုမီဂါရီ စက္ကူလေယာဉ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်..... ပြဿနာသည်ကား မည်သည့်နိုင်ငံကို ကိုယ်စားပြုမယ် ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်..... ဒုက္ခသည် စခန်းမှာ မွေးဖွားခဲ့တဲ့ မောင်သောင်းဒီအနေနဲ့ မြန်မာနိုင်ငံသားအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာမှာ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိပြီး တစ်ဦးခြင်း ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပေမယ့် နိုင်ငံမဲ့ အနေနဲ့သာ သတ်မှတ်ခြင်း ခံနေရဆဲ ဖြစ်ပါတယ်..... ၂၀၁၁ ဇူလိုင်လအထိ ၎င်းကို ထိုင်းနိုင်ငံသား ကဒ် ကိုင်ဆောင်ခွင့် မပေးသေးပါဘူး.....
စက္ကူလေယာဉ် ပြိုင်ပွဲဝင်နေသည့် မောင်သောင်းဒီ...
မောင်သောင်းဒီဟာ ၁၉၉၇ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဝှေ့ဆိုင် ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ကိုယ်စားပြုကာ ဂျပန်နိုင်ငံတွင် စက္ကူလေယာဉ်ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် ဆုတွေ ယူပေးခဲ့ပေမယ့် ၂၀၁၁ ဇူလိုင်လအထိ ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်း မရှိသေးပါဘူး…. ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ခြင်း မခံရသေးလို့ ပညာရေး အဆင်မပြေဖြစ်ရတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ လူငယ်လေးတွေ မြောက်များစွာ ရှိနေမှာ ဖြစ်ပါတယ်…..
တောတွင်းတွင် ငိုကြွေးနေသည့် ဒုက္ခသည် ကလေးငယ် တစ်ဦး....
အခုလက်ရှိ အခြေအနေမှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အထိုက်အလောက် တည်ငြိမ်အေးချမ်းလာပြီး ပြည်တွင်းစစ်မီး အနေဖြင့်လည်း KIA တစ်ဖွဲ့နဲ့သာ ကျန်ရှိပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးနေချိန်မှာ အဆိုပါ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား လူမျိုးတွေရဲ့ ဘ၀ကို တစ်ချက်လောက် ငဲ့ကြည့်ပြီး စာနာ နားလည်ပေးကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်…. မြန်မာနိုင်ငံနဲ့ နှစ်ပေါင်း များစွာကပင် မရိုးသားသော သဘောထားဖြင့် ပေါင်းသင်းနေထိုင်နေတဲ့ အိမ်နီးခြင်း ထိုင်းနိုင်ငံမှာ အဆိုပါ ဒုက္ခသည်တွေဟာ ဆင်းရဲဒုက္ခပေါင်း မြောက်များစွာဖြင့် နေထိုင်ရသည် ဆိုသည်ကား ပြောဖွယ်ရာ ရှိမည် မဟုတ်ပေ… သာဓကအားဖြင့်ကို မောင်သောင်းဒီဟာ သက်သေပင် ဖြစ်ပါတယ်…
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် အတွင်းရှိ ဘန်ကောက်နှင့် ၄၂၆ ကီလိုမီတာ အကွာရှိ ထိုင်းမြန်မာ နယ်စပ် တလျှောက် ဒုတိယ အကြီးဆုံးဖြစ်သည့် Um-Piam ဒုက္ခသည်စခန်းတွင် မီးလောင်နေစဉ်...... အဆိုပါ မီးဘေးကြောင့် ဒုက္ခသည် အိမ်ခြေ အလုံး ၂၀၀ ခန့် မီးလောင် ပျက်ဆီး ဆုံးရှုံးသွားရပါတယ်.....
မည်သူမဆို မိမိမွေးရပ်ဇာတိမြေကို အကြောင်းခြင်းရာ ခိုင်မာမှု မရှိပဲ စွန့်ခွာမည် မဟုတ်ပါ….. ယခုအခါတွင်မူ တည်ငြိမ်နေသော အခြေအနေကြောင့် မြန်မာနိုင်ငံကို အကြောင်းကြောင်းကြောင့် စွန့်ခွာသွားခဲ့ရတဲ့ အဆိုပါ ဒုက္ခသည် စခန်းမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မိသားစုဝင်တွေကို ပြန်လည်နေရာချထားဖို့ စီမံကိန်းများ ချမှတ်သင့်ပါပီ…. လူမှု ၀န်ထမ်း ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေနဲ့လည်း အဆိုပါ စီမံကိန်းအား ပူးပေါင်း ဆောင်ရွက်မည့် INGO များအားလည်း လုပ်ပိုင်ခွင့်များ ချမှတ်ပေးသင့်ပါသည်… နိုင်ငံတော် အနေဖြင့်လည်း မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံတွင် ဒုက္ခသည်အဖြစ်နှင့် နေထိုင်ရသည်ကို လျစ်လျူမရှုပဲ ပြည်လည် စောင့်ရှောက်သင့်ပေသည်…..
ဒုက္ခသည် စခန်းမှ ကလေးငယ်များ စာသင်သည့် ကျောင်းတစ်ဆောင်၏ မြင်ကွင်း....
သို့မှသာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ဦးတည်သွားနေသည့် မြန်မာနိုင်ငံအနေဖြင့် အခြားသူများ လက်ညှိုးထိုးစရာ မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံမှာ ဒုက္ခသည်အနေနဲ့ နေနေရသည့် ဂုဏ်သိက္ခာကျဆင်းဖွယ်ရာကို ပြန်လည် အဖတ်ဆယ်နိုင်မည် ဖြစ်ပါသည်။ ထိုသို့ မြန်မာနိုင်ငံမှ အိမ်နီးခြင်း နိုင်ငံများသို့ Refugee / Dislocated Civilian များအဖြစ်နှင့် နေထိုင်ရသည့် မြန်မာနိုင်ငံသားများအား မြန်မာပြည်ထဲသို့ ပြန်ဝင်လာနိုင်ရန် ကူညီပေးခြင်း၊ နေထိုင်နိုင်ရန် နေရာများ သတ်မှတ်ပေးခြင်းနှင့်၊ ဌာနေနှင့် ကိုက်ညီမည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ သင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ ဘ၀ရှေ့ရေးအား တစ်ဘက်တစ်လမ်းမှ ပံ့ပိုး ကူညီသင့်ပေသည်။
သို့ဖြစ်သည့်အတွက် နိုင်ငံတော် အစိုးရ အပါအ၀င်၊ အတိုက်အခံ အဖွဲ့အစည်းများ၊ စာနယ်ဇင်း မီဒီယာ စတ္တုတ္ထမဏ္ဍိုင်အပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အဆိုပါ မိမိနိုင်ငံသားများ တစ်ဘက်နိုင်ငံတွင် ဒုက္ခသည်အဖြစ် နေထိုင်ရသည်ကို လစ်လျူမရှုပဲ တစ်ချက်လေး စောင်းငဲ့ကြည့်သင့်ပါကြောင်း နိုင်ငံတော် ဂုဏ်သိက္ခာအရေးအတွက်၊ လူသားခြင်း စာနာထောက်ထားမှုအတွက် နှိုးဆော်အပ်ပါသည် ခင်ဗျား…..
 
Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ


ဂျာတော့ပ် (မြစ်မခ)
by Myit Makha Mediagroup on 15 May, 2012


ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ မူလတန်း ကျောင်း တက်ခဲ့သည့်   ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။ ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက ထိုဇတ်နာသည့်ဇတ်လမ်းအား မြင်တွေ့ခွင့်ရခဲ့သည်။
 
မိုးသားကြည်လင်သည့် ညနေခင်းလေးတစ်ခုတွင် လူအုပ်အုပ်ကျပ်ကျပ်နှင့် ဝါးအိမ်တဲလေးထဲကို ဝင်ထွက် သွားလာနေကြသည်။ ထိုသူများသည် ယောက်ကျား၊ မိန်းမ၊ လူငယ်၊ လူကြီးများဖြစ်ပြီး ဟောာင်းနွမ်းစုတ် ပျက်နေသော အဝတ်အစားများ ဝတ်ဆင်ကာ ထိုတဲအိမ်ထဲမှ ပျာပျာသလဲလဲ ဆိုင်ကယ်များဖြင့် တစ်စီးဝင် တစ်စီးထွက် ဝင်လာနေကြသည်ကို မြင်တွေ့နေရသည်။
 
ထိုတဲအိမ်မှာ အပြာရောင်မိုးကာတခြမ်းနှင့် ဝါးထရံတစ်ခြမ်းဖြင့် လွယ်လွယ်ကူ ဆောက်လုပ်ထားဟန်ရှိပြီး ထိုအိမ်ထဲတွင် အိမ်ရှင်ဖြစ်မည်ဟု ယူဆရသူ အသက်(၄၀) ကျော်လူကြီးတစ်ဦးရှိနေသည်။ တဲအိမ်တွင်း ဝင်လာကြသည့် လူအုပ်သည် ၎င်းလူကြီးရှေ့တွင် တန်းစီးရပ်နေကြပြီး ထိုလူကြီးက တစ်ယောက် တစ်လှည့် စီအား စက္ကူပေါ် အဖြူမှုန့်များအား  သွန်ချပေး နေသည်။
 
“တစ်ထောင်ဖိုး” ဆိုသည့် အသံ နောက်က တန်ရာတန်ကြေးအတွက် အဖြူမှုန့်များ ပေးနေခြင်းဖြစ်သည်။ ကောင်သာရှေ့တွင် ထိုင်နေသော ဆိုင်ရှင်(သို့) အိမ်ရှင်ဟု ထင်မှတ်ရသော လူကြီးနောက်တစ်ဦးထံသို့ ဝယ် ယူပြီးသောသူများသည် အဖြူမှုန့်များ အနည်းငယ် ပေးဆောင်ရ နေသည်ကိုတွေ့ရသည်။ အခွန်ပေးဆောင် နေရခြင်းဖြစ်ကြောင်း ဆိုသည်။
 
ဝယ်ယူပြီးသော သူများသည် ဝမ်းသာအားရဖြင့်  ကိုယ်စီနေရာယုကြကာ ထိုအမှုန့်များကို ဆေးထိုးအပ်ဖြင့် ၎င်းသို့သွေးကြော အသီးသီးထဲ ထိုးသွင်းနေသည်ကို တွေ့ရသည်။ ၎င်းအဖြူမှုန့်မှာ လူတွေ ခန္ဒာကိုယ်ကို တဖြည်းဖြည်း ဝါးမျိုမည့် ကြောက်စရာကောင်း သည့် ဘိန်းဖြူများ ဖြစ်သည်။
 
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ သွားရောက်ခဲ့စဉ်က ခရီးဖော်လူငယ်တစ်ဦးက ဒေသခံများအနေဖြင့် မူးယစ်ဆေးသုံးစွဲရင်း အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိကြောင်း ခရီးသွားရင်းစကားစပ်မိ၍ ပြောခဲ့သည်။
 
“ ဘိန်းဖြူ ထိုးနေကြတာလေ။ တချို့က မိုးရေနဲ့ ရောထိုးတာ။ တချို့ဆိုရင် မိုးရေတောင် မသုံးတော့ဘူး သူတို့ သွေးကိုပဲ ထုတ်ပြီးတော့ ပြန်ထိုးကြတယ်။ တကယ် အဆင့်မြင့်တဲ့သူတွေကတော့ အဲ့အမှုန့်ကို နှာချောင်းနဲ့ ရှုကြတယ်။”  ဟု အဆိုပါ လူငယ်တစ်ဦးက စိတ်၇ှည်လက်ရှည်နှင့် ရှင်းပြသည်။
 
ယခင်က မူးယစ်ဆေးအား လက်သွေးကြော၊ ခြေထောက်သွေးကြောများတွင် ထိုးသွင်းခဲ့ကြသော်လည်း ယခုတွင်မူ ပေါင်နှင့် ဆီးခုံကြားတွင် နံပါတ်ဖိုးဆေးရည် ထိုးသွင်းကာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အသိုင်း အဝိုင်းအား မေ့လျော့ နေကြကြောင်းကိုလည်း သိရသည်။  
 
ဆိုင်းတောင်၇ှိ ငယ်သူငယ်ချင်းများအားတွေ့လို၍ ဘရန်တောင်၏ နေအိမ်သို့ သွားရောက်ခဲ့ရာတွင် ယခုကဲသို့ ကြားသိခဲ့ရသည်။
 
 “ဘရန်တောင်ရော သူခုဘာလုပ်နေလဲ။”ဟု ကျွန်တော်ကမေးရာ “ဟယ်.. မသိဘူးလား။ နံပါတ်ဖိုး ထိုးပြီး ရှော့်ဖြစ်လို့ ဆုံးသွားတယ်လေ။” ဟု သူ၏ ၀မ်းကွဲညီအစ်ကို တစ်ဦးကပြောသည်။  “ခွန်းဆိုင်းရော.. ရေမဆေး ကောက်နေတုန်းလား။” ဟု ကျွန်တော့်ဒုတိယမေးခွန်းကို ၄င်း၏ ဘေးတွင်းရပ်သော သူ့အမျိုးသမီးက “သူလည်း ဖိုးထိုးမှားလို့ ဆုံးသွားတယ်လေ။”ဟု ဆို့နင့်သည့်လေသံဖြင့်ပြောသည်။
 
ကျွန်တော့် မေးခွန်းတွေအတွက် အဖြေကာ တစ်ခုတည်းသာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နောက်ထပ် မမေးရဲလောက်အောင်ပင်   နှုတ်တွန့်နေရတော့သည်။
 
ယခင် နှစ်များလို ယခု ဆိုင်းတောင်ကိုရောက်တာ မပျော်နိုင်တော့ပါ။ ချက်ချင်းပင်  မျက်ရည်ဝဲနေမိသည်။ ကျန်သည့် သူငယ်ချင်းတွေကိုလည်း ဒီလို ဆက်မဖြစ်စေချင်ပါ။ သို့သော် …။ ကံမကောင်းစွာဖြင့် သတင်းထပ်ကြားရသည်က ဖားကန့်တစ်ခွင်ရှိ လူငယ်များသည် မူးယစ်ဆေးဝါးနဲ့ မကင်းကြပေ။
 
၎င်းမူးယစ်ဆေးဝါးသုံးစွဲသူများသည် ငွေကြေးမချမ်းသာကြ။ ရေမဆေးကျောက် (ကုမ္ပဏီမှ မြေစာသွန်သည့်ချိန် ပါလာသည့် ကျောက်စိမ်း) များ ကောက်၊ ကျောက်ပွဲစားလုပ်နဲ့ တစ်နေ့စာ တစ်နေ့ ဝမ်းစာရှာနေကြသူများ သာဖြစ်သည်။ ရှာလာသည့် ငွေမှာ မူးယစ်ဆေး သုံးစွဲခြင်းဖြစ်သာ ကုန်နေရသည်မှာ စိုးရိမ်စရာအခြေအနေသို့ ပြောင်းလဲလာသည်။
 
ထိုသူငယ်ချင်းများကို ဆုံးမစကားထက် အားပေးစကားသာဆိုရင်း ဆိုင်းတောင်ကျေးရွာကြီးထဲမှ စိတ် မကောင်းစွာဖြင့် ကျွန်တော် နှုတ်ဆက်ခဲ့ရသည်။ မြစ်ကြီးနားမြို့ရောက်တော့မှ မိတ်ဆွေ သူငယ်ချင်းများကို စိတ်မကောင်းစွာဖြင့် ရင်ဖွင့်ခဲ့ရသည်။
 
တစ်နေ့ ဒူကထောင် ရပ်ကွက် တပ်ကုန်းဘုန်းကြီးကျောင်းရှေ့ လမ်းမကြီးပေါ်တွင် သူငယ်ချင်းနှင့် စကားတပြောပြော လမ်းလျှောက်လာချိန် မှုန့်ဆိုင်ရှေ့ရှိ ထိုင်ခုံတွင် ဓါးလွယ်ရှည်ကို ပခုံးအထက်လွယ်ကာ  ပုဆိုးခါးကြားတွင် ဓါးမြောင်သေးလေး ထိုးထားသည့် မျက်နှာထား တင်းတင်း လူကြီးတစ်ဦး ထိုင်နေသည်။
 
ဘာလို့ သူ့ ခများ မျက်နှာပျက်၊ စိတ်ပျက်လက်ပျက် ထိုင်နေရကြောင်း မဆိုင်ဘဲ တွေးနေမိသည်။ သူငယ်ချင်းထံမှအသံထွက်လာသည်။   “အဲ့လူကြီးက ဆေးရောင်းတာ။ ဟိုတစ်နေ့က သူ့ဆီက အကြွေးနဲ့ ဝယ်တဲ့လူကို ဓါးနဲ့ ဖြဲချောက် အကြွေးတောင်းနေတာ။” ဟု ဆိုသည်။
 
ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မူးယစ်ဆေးဝါးရောင်းချနေသူများမှာ နယ်မြေလုံခြုံရေးကြောင့် မဟုတ်ပဲ မူးယစ်ဆေး   ရောင်းချရာတွင်   မိမိကိုယ်ကိုယ် လုံခြုံရေးအတွက် သီးသန့် ဓါးလွယ်များ လွယ်ထားခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
 
“ဟိုတစ်နေ့ကလည်း ဆေးရောင်းတဲ့သူကို နံပါတ်ဖိုးသမားတွေက ရိုက်ပြီး ဆေးတွေ လုသွားတယ်။ သူတို့က လမ်းကြို လမ်းကြားမှာ ရောင်းတော့ ဓါးလွယ်ထားတော့ ငွေမပေးတဲ့သူကို ဓါးနဲ့ ခြောက်နေရတာလေ။” ဟု ဝိုင်းမော် မြို့ခံ တစ်ဦးက စိတ်ရှည်လက်ရှည် ပြောပြနေသည်။
 
ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလမှ ဧပြီလလယ်ထိ မူးယစ်ဆေးဝါးရောင်းချနေသူများအား ဖမ်းဆီးအရေးယူထားသည့် အမှုပေါင်း (၂၀၀)ကျော်ခန့် ရှိနေကြောင်း မူးယစ်တားဆီးနှိမ်နှင်းရေးအဖွဲ့ အထူးအဖွဲ့မှ ဒုရဲမှူး စိုင်းသိန်းဇော်က ပြောသည်။
 
“ပြည်ထဲရေးဝန်ကြီးကလည်း စီမံချက်တွေ ချမှတ်ပြီးနောက် ဖမ်းဆီးရေးဆောင်ရွက်လာတာဖြစ်တာ။ ခု လက်ထက်မှာတော့ လာတ်ပေးလာတ်ယူ မရတော့ဘူး။ လုံးဝ လက်မခံတော့ဘူး။ တော်တော်ကို မတရားကို ဖမ်းတာ။ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဟိုအရင် နာမည်ကြီးတဲ့ ဖားကန့်၊ မနေ့ကပဲ မိုးကောင်းမှာ နာမည်ကြီး မူးယစ်ကောင်ကို စောင့်ဖမ်းတယ်။ ၅ကောင်လောက်ရှိတယ်။” ဟု ဒုရဲမှူး စိုင်းသိန်းဇော်က ဆိုသည်။
 
၎င်းမှ ဆက်ပြီး ကချင်ပြည်နယ်တွင် မူးယစ်သုံးစွဲမှု များပြားနေရခြင်းနှင့်ပတ်သက်၍ “ကျောက်စိမ်းတူးတဲ့ ကျောက်မှော်တွေ  ၊ ရွှေမှော်တွေမှာ တနိုင်ငံလုံးမှာရှိတဲ့ လူတွေ အဲ့မှာရောက်လာပြီးမှ စီးပွားလာရှာတဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေက   ကောင်းတဲ့လူလည်းပါတယ်။ သူခိုး၊ ဓါးမြ၊ ဝရမ်းပြေး လည်းပါမယ်။ ပိုက်ဆံရလွယ်တယ်ဆိုတော့ကွာ မူးယစ်ဆေးဝါးသုံးစွဲကြတယ်။ အလုပ်ကို များများ လုပ်နိုင်အောင် သုံးကြတယ်။ လက်ဖျားမနာအောင် ရိုးရာ ခပ်ပုံရှုကြတယ်။” ဟု ရှင်းလင်းပြောဆိုသည်။
 
အဆိုပါပြည်နယ်တွင် မူးယစ်ဆေးဝါး အများဆုံးအသုံးပြုနေသည့် ဆေးအမျိုးအစားမှာမူ ဘိန်းမည်း၊ ဆေးပြား၊ ရာမ၊ ဘိန်းဖြူများ ဖြစ်ပြီး ဆင်ကော်ရှုခြင်း၊ ဆေးဆိုင်များတွင် အလွယ်တကူရနိုင်သည့် ထရိုဆစ် (ဘိန်းဖြတ်ဆေး) များတို့ ဖြစ်ကြောင်း သိရှိရသည်။
 
ဘိန်းစိုက်ပျိုးသည့် နေရာဒေသများသည် အိန္ဒိနယ်စပ် တနိုင်း၊ တရုတ်ပြည်နယ်နယ်စပ် ဆဒုံ၊ ကန်ပိုင်တီ၊ ပူတာအိုခရိုင် တို့တွင် ဘိန်းအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်သည်။
 
တရုတ်ပြည်နယ်သို့ ကချင်ပြည်နယ်မှ ဘိန်းမည်းများ ရောင်းချပြီး ၎င်းမှ ဈေးကြီးကြီးဖြင့် ဘိန်းဖြူ ထပ်မံ ဝင်ရောက် လာခြင်းဖြစ်သည်။ တရုတ်ပြည်- ဆံဒုံမှ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို ဝါရှောင် ကျေးရွာတွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သည့်   ကျေးရွာတစ်ခုလိုပင်ဖြစ်လာတော့သည်။
 
“ဝါရှောင်က ဈေးအပေါဆုံးပဲ ဘိန်းဖြူ (နံပါတ် ဖိုး) ဆို ပယ်နယ်စလင်ပုလင်းသေး တစ်ခုကို ၃သောင်း ပေးရတယ်။   မြစ်ကြီးနားရောက်တော့ သောင်းကြီးဖြစ်သွားပြီ။” ဟု မန်ခိန်ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုသည်။
 
ယခုတွင်မူ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် မြန်မာအစိုးရတပ်မတော်တို့ စစ်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား   နေခြင်းကြောင့်   ဘိန်းစိုက်ပျိုးနိုင်ခြင်းမရှိဘဲ မူးယစ်ဆေးဝါးများမှာ ယခင်ထက် ရှားပါးပြီး ဈေးနှုန်းမြင့်တက်လာကြောင်း ကိုလည်း  စုံးစမ်းသိရှိရသည်
 
သစ်ထူးလွင် 
Unknown at 9:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဥပဒေအထက်တွင် မည်သူမျှမရှိ

2am 

သိပ်မကြာလှသေးသော အချိန်ကာလများအတွင်း ခေတ်စားနေသော လူပြောများနေသော စကားရပ်တစ်ခု ရှိသည်။ 'ဥပဒေအထက်တွင် မည်သူမျှမရှိ' တဲ့။ ပြည်သူတို့၏ရင်ကို လာထိသောစကားလုံးဟုပင် ဆိုရချေမည်။

ဝမ်းမြောက်စွာ ကြိုဆိုသင့်သော စကားရပ်ပင်။ စကားရပ်များ၊ အဆိုအမိန့်များသည် ဖတ်၍ကောင်း၊ နံရံတွင် ကပ်ထား၍ကောင်းသော်လည်း လက်တွေ့ အကောင်အထည်မဖော်နိုင်၊ မလိုက်နာနိုင်သောအခါ ထိုဆောင်ပုဒ်၊ ထိုအဆိုအမိန့်၊ ထိုစကားရပ်တို့၏ တန်ဖိုး လျော့ကျရလေသည်။
ဥပမာအားဖြင့် 'အချိန်နှင့်ဒီရေသည် လူကိုမစောင့်' 'အိပ်ပျော်နေသော ကေသရာဇာခြင်္သေ့မင်း၏ အာခံတွင်းသို့ မည်သည့်သားကောင်မှ ၀င်ရောက်မလာနိုင်' စသည့်ဆောင်ပုဒ်များ၊ နီတိများ စာကြည့်စားပွဲမှာ ကပ်ထားပြီး ပက်ပက်စက်စက် အိပ်တတ်သော ကျောင်းသားလည်းရှိတတ် လေသည်။ အလားတူပင် 'မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည်' '---နွေးထွေးစွာကြိုဆိုပါ၏' 'ကူညီပါရစေ' စသည် စသည်ဆောင်ပုဒ်များ၊ စကားရပ်များ သည် ဖတ်၍ကောင်းသော်လည်း ဆန့်ကျင်ဘက်ဖြစ်ရပ်များ ကြုံတွေ့ရလေသောအခါ လူတို့၏ ယုံကြည်မှုများ လျော့ကျသွားတတ်  လေသည်။
'ဥပဒေ၏အထက်တွင် မည်သူမျှမရှိ' ဟူသောဆောင်ပုဒ်သည် ယခုမှ ခေတ်စားတွင်ကျယ်နေသော်လည်း ယင်းဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သော ပုဂ္ဂိုလ်ကြီးများသည် မြန်မာ့သမိုင်း၌ အမှန်တကယ် ရှိခဲ့သည်ကို တွေ့ရလေသောအခါ ထို ထိုသော ပုဂ္ဂိုလ်ကြီးများအား ကျောက်ထီးတန္တု အလေးပြုမိရပါတော့သည်။
'ကုန်းဘောင်ခေတ်' 'မင်းတုန်းမင်းကြီး' လက်ထက်တွင် 'ပခန်းဝန်ကြီး ဦးရန်ဝေး' အမည်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွန်းခဲ့သည်။ ပခန်းကြီးမြို့ဇာတိဖြစ်ပြီး 'ပခန်းကြီးမြို့ မင်းကျောင်းဆရာတော်ကြီး'ဟူ၍ထင်ရှားပြီး မင်းတုန်းမင်းကြီး အထွတ်အမြတ်သို့ရောက်သောအခါ လူဝတ်လဲ၍ တိုင်းရေးပြည်ရာ၌ အကြံဉာဏ်ပေးပါရန် တောင်းပန်သောကြောင့် လူဝတ်လဲပြီးလျှင် မင်းတုန်းမင်းကြီးထံပါး၌ မင်းတိုင်ပင်အမတ်၊ လွှတ်တော် ၀န်ကြီးရာထူးတို့ဖြင့် ချီးမြှောက်ခံရပြီးလျှင် 'ပခန်းမင်းကြီး' ဟု ကျော်ကြားလေသည်။
တစ်ခါတွင် မင်းတုန်းမင်းကြီးသည် ယောအတွင်းဝန်မင်းနှင့် တိုင်ပင်သည်မှာ - ''ငါ၏ အမှုတော်ထမ်း ဖြစ်သော ၀န်စု၊ မှူးစုတို့သည် အလုပ်အကျွေးတစ်ယောက်၊ နှစ်ယောက်နှင့် မပြီးကြပေ။ မယားငယ်များစွာ ယူနေကြ သဖြင့် ငါ ပေးသနားတော်မူသော လစာရိက္ခာတော် မလောက် ကြဖြစ်သည်။ သူတို့ယူထားသော မယားငယ်များကို ကျွေးမွေးရန် ငါ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးများထံ မတရားသဖြင့် ကြေးပိုလာဘ်များ ယူကြသောကြောင့် ငါ၏ ကျွန်တော်မျိုးများ အလွန်နစ်နာ ဆင်းရဲခြင်းဖြစ်နေကြသည်ကို ငါသိတော်မူရသည်။ သို့ကြောင့် ၀န်ကြီးစုမှာ မယားမည်မျှ၊ ၀န်စုမှာ မယားမည်မျှ၊ မှူးစုမှာ မယားမည်မျှယူကြရမည်။ ဤထက် ပိုမိုယူသော အရာထမ်း၊ အမှုထမ်းများကို ရာထူးမှနုတ်ပယ်ရန် ဤ ဥပဒေကို စီမံတော်မူမည်။ သို့သော် မင်းနဲ့ငါချည်းပြီးမည်မဟုတ်။ မင်းပခန်းရှင်ဘုရင်ကြီးကို သွား၍လျှောက်ထားချေဦး'' ဟု အမိန့်တော်ရှိလေသည်။
ယောအတွင်းဝန်မင်းလည်း အမိန့်တော်မြတ်နှင့် ပညတ်သော ဥပဒေပုရပိုက်ကို ယူဆောင်၍ ပခန်းမင်းကြီးထံဝင်ရာ ပခန်းမင်းကြီးက
''ဘာအကြောင်းရှိပြန်သလဲကွဲ့ မောင်ရင်လှိုင်'' ဟုမေးရာ
''မှန်ပါ ဘုန်းတော်ကြီးဘုရားက ဥပဒေတစ်ခု စီမံပါကြောင်း။ သို့သော် ကျေးဇူးရှင်ဘုရား၏ အမိန့်ကို နာခံချေဦးဟု အမိန့်တော်မြတ်အရ ရောက်ရပါကြောင်းဘုရား'' ဟု လျှောက်တင်လျှင်
''မင်းတို့ ရှင်ဘုရင်ပညတ်တဲ့ ဥပဒေကို ဖတ်စမ်းကွယ့်'' ဟု အမိန့်ရှိရာ ယောအတွင်းဝန်မင်းက ဖတ်ပြလေ၏။ ထိုအခါ ပခန်းမင်းကြီးက''အင်း ကောင်းပါပေ့ကွယ်။ တယ်ကောင်းဟေ့။ သို့သော် ရှင်ဘုရင် မယားများများ ယူတာတော့ ပညတ်ချက်မပါသေးဘူး။ အဲဒါ လိုသေးသည်။ မင်းတို့ရှင်ဘုရင်ကို လျှောက်ထားဦး''ဟု အမိန့်ရှိပုံသည် မင်းတုန်းမင်းကြီး အကြောင်းအတန် အသင့်သိထားသော ကျွန်တော်တို့အဖို့ ပြုံးချင်စရာကောင်းလှသည်။
ပခန်းမင်းကြီး၏စကားကို ယောအတွင်းဝန်မင်းက မင်းတုန်းမင်းတရားကြီးအား ပြန်လည်လျှောက်ထားရာ မင်းကြီးက''ပခန်းရှင်ဘုရင်ကြီး မကြိုက်ဖူးမှတ်တယ်ကွဲ့။ ဤဥပဒေကို ဖျက်လိုက်ပါဘိ'' ဟု အမိန့်တော်  ရှိလေသည်။
ရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်၊ ဥပဒေအပေါ်လေးစားလိုက်နာသော စိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက 'ငွေများတရားနိုင်' 'သားရေကြိုးဥပဒေ' 'လူခင်ရင်မူပြင်မယ်' စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက် ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
ဤအဖြစ်အပျက်လေးကိုကြည့်လျှင် ဥပဒေ၏အထက်၌ မသိမသာ နေလိုသော မင်းတုန်းမင်းကြီးအား ပခန်းမင်းကြီးက 'ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ အားလုံးတစ်ပြေးညီမှ သင့်တော်မှန်ကန်ပါလိမ့်မယ်' ဟု ပြန်လည်သတိပေးလိုက်သကဲ့သို့ ကျွန်တော်တွေးမိပါသည်။အလားတူပင် 'ဥပဒေအထက်၌ မည်သူမျမရှိကြောင်း' ရခိုင်ဘုရင် မင်းထီးကလည်း သက်သေပြခဲ့ပါသေးသည်။ နန်းတော်တိုင်၌ (ကွမ်းစားပြီးလက်မှ) ထုံးကိုသုတ်လေ့ရှိကြသော မှူးမတ် မင်းညီ မင်းသားတို့အား'နန်းတော်တိုင်များကို ထုံးမသုတ်ကြရန် သုတ်မိပါက သုတ်သူ၏ လက်ညှိုးကိုဖြတ်၍ ဒဏ်ခတ်ရန်' ဟု စည်းကမ်းသတ်မှတ်ပညတ် (ဥပဒေထုတ်)ပြီးကာမှ နန်းတော်တိုင်တွင် အမှတ်တမဲ့ ထုံးသုတ်မိသော ဘုရင်မင်းထီးသည် မိမိထုတ်ပြန်သော ဥပဒေကို မိမိလိုက်နာပြသောအနေဖြင့် ထုံးသုတ်မိသော လက်ညှိုးကို လူပုံ အလယ်တွင် သန်လျက်ဖြင့်ဖြတ်ကာ တရား စီရင်ခဲ့ကြောင်း ကျွန်တော်တို့ မှတ်သားခဲ့ရဖူးပါသည်။မိမိစကား မိမိထုတ်ပြန်ထားသည့်ဥပဒေကို ရဲဝံ့ပြတ်သားစွာ စောင့်ထိန်းပြသော ရခိုင်ဘုရင်မင်းထီး၏ အံ့သြလေးစားဖွယ်လုပ်ရပ်နှင့် စိတ်ထားပင်ဖြစ်သည်။
လူတိုင်း လူတိုင်းသည် နေရာဒေသ ဌာနအလျှောက် အရေးရောက်ကြသူများချည်းဖြစ်ကြပေရာ မိမိရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကိုချစ်သောစိတ်၊ ဥပဒေအပေါ် လေးစား လိုက်နာသောစိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက 'ငွေများတရားနိုင်' 'သားရေကြိုးဥပဒေ' 'လူခင်ရင် မူပြင်မယ်' စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ် သွားမည်သာဖြစ်သည်။ ထို့ကြောင့် 'ဥပဒေအထက်၌ မည်သူမျှမရှိ' ဟူသော စကားရပ်အား အဂတိတရား ကင်းစင်ခဲ့ပြီး ရဲဝံ့ပြတ်သားစွာဖြင့် အကောင်အထည်ဖော် သက်သေပြကြပါစို့ဟူ၍သာ။
Written by မြင့်ငွေ(မော်ကျွန်း)  
Eleven Media Group
Ref-http://www.weeklyeleven.com/index.php?option=com_content&view=article&id=13319:2012-04-29-01-09-04&catid=78:2009-11-13-06-25-17&Itemid=135
Unknown at 9:12 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.