Monday, May 14, 2012

မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲသည့် တရားခံအား ဖမ်းမိ

တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံ
များကို သရုပ်ပြ လိုက်လံပြသနေပုံ
မြန်အောင်မြို့နယ် ကြံ့ခိုင်ရေး ရုံး တွင် ၂၀-၁၁-၂၀၁၁ ရက်နေ့ ပေါက်ကွဲမှု
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ရာ တရားခံအား မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ နှင့်
ပြည်သူများပူးပေါင်းကာ လိုက်လံစုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ သန်းကိုဦး 

အသက် ၂၂နှစ် အား ဖမ်းမိခဲ့ပါသည်။

 
မြန်အောင်မြို့ ကြံ့ခိုင်ရေးရုံး ဗုံးခွဲ ခဲ့သူမှာ ဟသာင်္တခရိုင်အုပ်ချုပ်ရေးမှုး ရုံး

 ဗုံးခွဲခဲ့သူနှင့်အတူတူပင်ဖြစ်ကြောင်း တရားခံ ကိုယ်တိုင် ဖော်ထုတ်ပြောကြား
ခဲ့ပါသည်။

 
အပေါ်ပုံမှာ တရားခံ သန်းကိုဦး မြန်အောင်မြို့ ကြံ့ခိုင်ရေး ရုံးသို့
ဝင်ရောက် ဆောင်ရွက်ခဲ့ပုံများကို သရုပ်ပြ လိုက်လံပြသနေပုံဖြစ်ပါသည်။

Myanmar News Now
Unknown at 7:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒု-သမ္မတ ဖြစ်လာမလား

ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ပြီး ရာထူးနေရာကို အစားထိုးခန့်အပ်ဖို့ ထိပ်ဆုံးက ထင်ကြေးပေးခံရသူများစာရင်းမှာ  လက်ရှိ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ကြည်းရေလေ ညှိုနှိုင်းရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်းတို့အပြင် အခုနောက်ဆုံး ရှေ့တန်းကို ထွက်လာသူက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေပါ။
ဧပြီ ၂၈ ရက် ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကက်သရင်း အက်ရှတန်တို့နှင့် အတူတွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)
နေပြည်တော်အစိုးရ သတင်းရပ်ကွက်အဆိုအရ ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်သား ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောတူညီမှု ရရှိသူ ဖြစ်ဖို့ အလားအလာကောင်းနေတယ်လို့ သိရပါတယ်။
“သူ့နောက်ကြောင်းက သန့်ရှင်းတယ်။ လူတွေနဲ့ ပြေလည်အောင် ဆက်ဆံတတ်တယ်။ တရင်းတနှီးလည်း ပေါင်းသင်းတတ်တော့ သူ ဖြစ်ဖို့များတယ်” လို့ အမည်မဖော်လိုတဲ့ တပ်မတော်အရာရှိကြီးတဦးက ဧရာဝတီကို ပြောပါတယ်။
ဦးမြင့်ဆွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးသမားတဦးကလည်း ဦးမြင့်ဆွေဟာ သမ္မတ ဦးသိန်းစိန်လို လာဘ်စားမှုအနည်းဆုံး စစ်အရာရှိကြီးတွေထဲက တယောက်လို့ ဆိုပါတယ်။ နိုင်ငံရေးနဲ့လည်း မျက်ခြေမပြတ်ဘူးလို့လည်း ပြောပါတယ်။ “ဒါပေမယ့် သူက လူလုံးမပြဘူး။ ခပ်လျှိုလျှို ချည်းကပ်တတ်တာ သူ့သဘာဝပဲ” လို့ ဧရာဝတီကို ပြောပြပါတယ်။
ဦးမြင့်ဆွေကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒရေးရာမှူး ကက်သရင်းအက်ရှတန်တို့နဲ့အတူ ရန်ကုန်မှာ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးတာ အများက မြင်တွေ့ခဲ့ရပါတယ်။
ဦးမြင့်ဆွေဟာ မွန်လူမျိုး ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၅ က ဆင်းလာခဲ့ပြီး ရာထူးအဆင့်ဆင့်တိုးလာကာ ၁၉၈၈ နောက်ပိုင်း ရန်ကုန်လုံခြုံရေးအတွက်ဖွဲ့တဲ့ တပ်မ ၁၁ ကို ကိုင်ရတယ်။
ဦးသိန်းစိန်ကို တြိဂံတိုင်းမှူး ခန့်လို့ စစ်ရုံးချုပ်မှာ လစ်လပ်သွားတဲ့ရာထူး (General Staff Officer) စစ်ဦးစီးအရာရှိ ဗိုလ်မှူးချုပ်ကို ဦးမြင့်ဆွေကို ခန့်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အလုပ်လုပ်ရတာပါ။
နောက်ပိုင်းရာထူးအဆင့်ဆင့် တက်လာပြီး အရှေ့တောင်တိုင်းမှူး၊ အယုံကြည်ရဆုံးနဲ့ အထက်မြက်ဆုံး အရာရှိတွေကိုသာ ခန့်လေ့ရှိတဲ့ ရန်ကုန်တိုင်းမှူးထိ ရောက်လာခဲ့တယ်။  (Bureau of Special Operations 5 ) အမှတ် ၅ အထူးစစ်ဆင်ရေးမှူး ဖြစ်လာတော့လည်း ရန်ကုန်လုံခြုံရေးကို ကြီးကြပ်ရတာပါပဲ။
ဦးမြင့်ဆွေရဲ့ ရန်ကုန်လုံခြုံရေးတာဝန်တွေထဲမှာ ပြောစမှတ်ပြုစရာတွေ အတော်များပါတယ်။ ၂၀၀၂ မှာ ဦးနေဝင်းနဲ့ မိသားစုတွေကို ဖမ်းတာ၊ ၂၀၀၄ မှာ ဦးခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖမ်းတာတို့က ထင်ရှားပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း အထက်အမိန့်အရ ရန်ကုန်ကို ကိုင်ရပြန်ပါတယ်။ ရုပ်မြင်သံကြားမှာ အများမြင်ရတဲ့ သူ့ တာဝန်က သံဃာတွေကို ဆန်၊ဆီ၊ဆေးဝါးနဲ့  ဝတ္ထုကပ်လှူရတာ ဖြစ်သွားပါတယ်။
၂၀၀၈ နာဂစ် ကူညီထောက်ပံ့ရေးမှာလည်း ဦးမြင့်ဆွေပါပါတယ်။ မုန်တိုင်းသင့်ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံက လှူလိုက်တဲ့ ပုံးတွေပေါ်မှာ ဦးမြင့်ဆွေလှူဒါန်းသည်ဆိုပြီး တံဆိပ်ကပ်ထားကြောင်း မြန်မာ့အရေးလှုပ်ရှားတက်ကြွသူတွေဖွဲ့ထားတဲ့ ALTSEAN အဖွဲ့က ရှာရှာဖွေဖွေ တွေ့ခဲ့ရတဲ့အထိပါ။
နောက်ဆုံး စစ်တပ်က မထွက်ရခင် ၂၀၀၉ မှာ ဦးသန်းရွှေက သူ့ကို ကာကွယ်ရေးဦးစီးချုပ် ခန့်နိုင်တယ်ဆိုပြီး သုံးသပ်ပြောဆိုသံတွေ ထွက်လာခဲ့ဖူးပါတယ်။
အခုတခေါက် ဒု-သမ္မတ ရာထူး ဦးမြင့်ဆွေကို တပ်မတော်ကိုယ်စားလှယ်အဖြစ် ရွေးနိုင်စရာ အကြောင်းတွေက အထက်မှာတင်ပြခဲ့သလို အားကောင်းနေသလို မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်း လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောတူရင်ဖြင့် ဦးမြင့်ဆွေ ရန်ကုန်ကိုစွန့်ပြီး နေပြည်တော်မှာ ရုံးထိုင်ရတော့မှာ ဖြစ်ပါတယ်။


ဧရာဝတီ
Unknown at 5:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်-မန္တလေးရထားလမ်းအား အဆင့်မြှင့်လုပ်ကိုင်ရန် အာရှအင်အားကြီးနိုင်ငံသုံးခုမှ လာရောက်ဆွေးနွေး




From : ခေတ်လူငယ်
ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်မှုအား လုပ်ကိုင်ရန် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံကြီး ၃ ခုမှ လာရောက်ဆွေးနွေးကာ လေ့လာမှုများ ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောသည်။ “သူတို့အတွက် တွက်ခြေကိုက်မယ့် ကိစ္စတွေကို တွက်ချက်ပြီးလေ့လာမယ် လေ့လာပြီးမှ ဦးတို့ဆီပြန်တင်မယ်။ ပြန်ညှိနှိုင်းပြီးမှ အဖြေက ထွက်လာမှာပါ။ အခုလောလောဆယ် လေ့လာဆဲကာလမို့လို့ လုပ်မယ်၊ မလုပ်ဘူးဆိုတာ အတပ်မပြောနိုင်သေးဘူး” ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန နေပြည်တော်ရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်မြို့ပတ်ရထား လုပ်ငန်းအား တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် ၂၀၁၁ ခုနှစ် နှစ်လယ်က ဖိတ်ခေါ်ခဲ့ဖူးသေးသော်လည်း အဖြေထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ပြည်ပနိုင်ငံသားများ လုပ်ကိုင်ရန်အတွက် လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေးလမ်းကို အခွင့်အရေးပေးထားပြီး ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအတွက် ရန်ကုန်မြို့တော် နှစ်သုံးဆယ်စီမံကိန်း (Plan) မထွက်သေးသဖြင့် လုပ်ကိုင်ခွင့်ပေးနိုင်ဦးမည် မဟုတ်ဘဲ အဆိုပါ Plan ထွက်ပေါ်လာမှသာ စဉ်းစားပေးသွားဖို့ရှိကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၅ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express
Unknown at 4:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည်


လာမယ့်​ ဇူလိုင်လမှာ ကျင်း​ပမယ့်​ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အား​ကစား​သမား​တွေလည်း​ ပါဝင်ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့​မှာ လာမယ့်​ ဇူလိုင်လကျရင် ကျင်း​ပမယ့်​ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအ​နေနဲ့​ အား​ကစား​နည်း​ ၄ မျိုး​လောက်မှာ ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေတယ်လို့​ မြန်မာနိုင်ငံ အား​ကစား​နဲ့​ ကာယပညာဦး​စီး​ဌာနက စုံစမ်း​သိရပါတယ်။
မြန်မာယှဉ်ပြိုင်မယ့်​ အား​ကစား​နည်း​တွေက​တော့​ မြား​ပစ်၊​ ​သေနတ်ပစ်၊့​​ အ​နောက်တိုင်း​ ​လှေ​လှော် ကစား​နည်း​နဲ့​ ​ပြေး​ခုန်ပစ် ပြိုင်ပွဲ​တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကိုယ်စား​ပြု ယှဉ်ပြိုင်မယ့်​ အား​ကစား​သမား​တွေအနက် မြား​ပစ်မှာ ​နေမျိုး​အောင်၊​ ​သေနတ်ပစ်မှာ ​မောင်ကြူး​နဲ့​ အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ မ​ရွှေစင်လတ်တို့​ ၃ ဦး​ ​သေချာ​ပေါက် သွား​ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့​ မြန်မာနိုင်ငံ အိုလံပစ်​ကော်မတီ အတွင်း​ရေး​မှူး​ ဦး​ခင်​မောင်လွင်က ​ပြောပါတယ်။
“ကျ​နော်တို့​က Qualification က​တော့​ သိပ်မမီဘူး​၊​ မမီ​တော့​ ဟိုဘက်က​နေ ​ပေး​တာ​တွေရှိ​တော့​ ကျ​နော်တို့​ ​သေချာတာ​တော့​ သုံး​ယောက်ပဲဖြစ်​သေး​တယ်။ မြား​ပစ်က ​နေမျိုး​အောင်၊​ ​သေနတ်ပစ်က ​မောင်ကြူး​၊​ ​လှေ​လှော်အား​ကစား​မှာ မ​ရွှေဇင်လတ်ပါ။”
မြား​ပစ်၊​ ​သေနတ်ပစ်နဲ့​ အ​နောက်တိုင်း​လှေ​လှော် ကစား​နည်း​အပြင် ​ပြေး​ခုန်ပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့​အတွက် မာရသွန် ပြိုင်ပွဲနဲ့​မီတာ ၄၀၀ ​ပြေး​ပွဲ​တွေမှာ ဝင်ပြိုင်မယ့်​ အား​ကစား​သမား​ ၂ ဦး​လောက်ကိုလည်း​ ​လေ့​ကျင့်​ပေး​ထား​တဲ့​အ​ကြောင်း​ ဒါ​ပေမယ့်​ အတည်​တော့​ မပြုနိုင်​သေး​ဘူး​လို့​ အိုလံပစ်​ကော်မတီက ​ပြောပါတယ်။
“ကျန်တာ​တော့​ ​ပြေး​ခုန်ပစ်က တ​ယောက်၊​ နီလာစမ်း​၊​ အမျိုး​သမီး​မာရသွန်နဲ့​ ​နောက်တခါ သက်​ဇော်ဝင်း​က မီတာ ၄၀၀ အ​ပြေး​ပြိုင်၊​ အဲဒါ​တော့​ ​စောင့်​တုန်း​ပဲ။ ပြန်မ​ရောက်​သေး​ဘူး​။”
ရန်ကုန် အင်း​ယား​လမ်း​ မြန်မာနိုင်ငံ ​လှေ​လှော်အဖွဲ့​ချုပ်မှာ​တော့​ အိုလံပစ်ပွဲအတွက် ရည်ရွယ်ပြီး​ မ​ရွှေဇင်လတ်နဲ့​ ကိုဝင်း​ထိုက်တို့​ကို ​လေ့​ကျင့်​ပေး​ထား​တယ်လို့​ ​လှေ​လှော် အဖွဲ့​ချုပ်က ​ပြောပါတယ်။
အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်​ မ​ရွှေစင်လတ်ဟာ ပြီး​ခဲ့​တဲ့​ ဧပြီလက ​တောင်ကိုရီး​ယား​နိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ ​လှေ​လှော်ပြိုင်ပွဲ အရည်အချင်း​စစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ အဆင့်​ ၇ ရပြီး​နောက် ခုလို လန်ဒန်အိုလံပစ်ပွဲမှာ ဝင်ယှဉ်ပြိုင်ခွင့်​ရတာလို့​ မြန်မာနိုင်ငံ ​လှေ​လှော်အဖွဲ့​ချုပ်က ​ဒေါက်တာ ​ဒေါ်ခင်မိုး​မိုး​က ​ပြောပါတယ်။
“​လော​လောဆယ်​တော့​ ​ရွှေစင်လတ်ကို ​လေ့​ကျင့်​ပေး​နေတယ်။ ပြိုင်မှာက မိန်း​က​လေး​က ​ရွှေစင်လတ်၊​ အား​လုံး​ကျမတို့​ဆီမှာ သုံး​မျိုး​ရှိတာကို၊​ အခု​လော​လောဆယ် ၂ မျိုး​အတွက်ကို တင်ထား​ပါတယ်။ အမျိုး​သား​က ဝင်း​ထိုက်။ ​ရွှေစင်လတ်က​တော့​ ​တောင်ကိုရီး​ယား​မှာ အရည်အချင်း​စစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ ၇ ဝင်တယ်။ ပုံမှန်က​တော့​ အဆင့်​ ၅ ဝင်ရတယ်။ ဒါ​ပေမယ့်​ နိုင်ငံအလိုက် ​တောင်း​လိုက်​တော့​ ခွင့်​ပြုချက်ရတယ်။ ပြိုင်ဘက်​တွေက​တော့​ နိုင်ငံအများ​ကြီး​လာမှာဆို​တော့​ ဆုတံဆိပ်က မှန်း​ဖို့​မလွယ်ဘူး​။ ဒါ​ပေမယ့်​ ကြိုး​စား​ရမှာ​ပေါ့​။”
အလား​တူ မြန်မာနိုင်ငံ မြား​ပစ်အဖွဲ့​ချုပ်ကလည်း​ ကို​နေမျိုး​အောင် အပြင် ကို​ဇော်ဝင်း​ထိုက်ကိုလည်း​ ​လေ့​ကျင့်​ပေး​ထား​တယ်လို့​ ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ၂၀၀၈ ​ဘေဂျင်း​အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မြား​ပစ်၊​ ​ရေကူး​၊​ ​ပြေး​ခုန်ပစ်နဲ့​ ​လှေ​လှော်ပြိုင်ပွဲ​တွေ သွား​ရောက်ယှဉ်ပြိုင်ခဲ့​ပေမယ့်​ ဆုတံဆိပ်ရခြင်း​တော့​ မရှိပါဘူး​။
၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်က​နေ ဩဂုတ်လ ၁၂ ရက်ထိ ကျင်း​ပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့​နိုင်ငံ​ပေါင်း​ ၂၀၀ ​ကျော်က အား​ကစား​သမား​ ၁ ​သောင်း​ကျော်ဟာ အား​ကစား​အမျိုး​အစား​ ၂၆ မျိုး​လောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 
ပီတာအောင် - ဒီဗွီဘီ
Unknown at 4:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်း

သတင်းတစ်ပုဒ်မှာ စစ်တပ်က ရွာတစ်ရွာမှာ ရေတွင်း၊ ရေကန်တွေကို ဖော်ပေး၊ သန့်ရှင်းရေးလုပ်ပေးတဲ့အကြောင်း ဖတ်လိုက်ရတယ်။  တခြား ဖတ်မိတဲ့ သတင်းဖတ်သူတချို့က ဒီသတင်းကြောင့် ဝမ်းသာကြတယ်..၊ ချီးကျူးကြတယ်။ မှန်ပါတယ်..။ အရင်လို နယ်တွေမှာ လူထုကို ဗိုလ်ကျတာထက်စာရင် ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်ပေးရင် ဝမ်းမြောက်၊ ဝမ်းသာနဲ့ သာဓုခေါ်ရမယ့် ကိစ္စပါ။
ဒါပေမယ့် အခြေခံကျကျ စဉ်းစာရမှာက ဒီလိုလုပ်ပေးတာဟာ တကယ်ကိုယ်ထိလက်ရောက် လုပ်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်၊ အကြပ်၊ တပ်သားလေးတွေရဲ့ ကိုယ်ပိုင်တကယ့် ဆန္ဒအရ လုပ်ကိုင်ပေးခြင်းသာဖြစ်ရမယ်ဆိုတဲ့ အပိုင်းပါ။ စစ်တိုင်းမှုး ဗိုလ်ချုပ်က အမိန့်နဲ့ခိုင်းလို့သာ လုပ်ရရင် ဒါတွေဟာ အဓမ္မအလုပ်စေခိုင်းမှုမှာ အကျူံးဝင်တယ်။ နိုင်ငံတကာက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း မိမိနိုင်ငံ (သို့) အခြားနိုင်ငံတစ်ခုခုမှာ သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင် ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက် ပြုပြင်ရေး၊ လုံခြုံရေး စတာတွေမှာ ပါဝင်လုပ်အားပေး ကူညီတဲ့ ဓလေ့ရှိကြတယ်။ ဒါပေမယ့် ဒါဟာ အရေးပေါ်အခြေအနေတွေအတွက် သက်သက်သာဖြစ်တဲ့အပြင် တစ်ဦးချင်းအနေနဲ့လည်း  မိမိတာဝန်၊ ဝတ္တရားပြင်ပက အပိုအလုပ်တွေကို  ငြင်းချင်ရင် ငြင်းပိုင်ခွင့် အပြည့်ရှိတယ်။
နိုင်ငံတာကာ လက်နက်ကိုင် အဖွဲ့အစည်းတွေ မှာ တန်းစီ နောက်ကျတာ၊ ဝတ်စုံကို သေသေသပ်သပ် မဝတ်တာလို အသေးစားပြစ်မှုတွေ ကျူးလွန်ရင် သန့်ရှင်းရေးလုပ်ပေးရခြင်း၊ အစားအသောက် ချက်ပြုတ်ရေးတာဝန်ယူပေးရခြင်း စတဲ့ မိမိတာဝန်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တာဝန်ပိုတွေကို ယူရတဲ့ အပြစ်ပေးမှု (Punishment) တွေ ရှိလေ့ရှိတယ်။ ဒါမျိုးကို စစ်တပ်သုံး အင်္ဂလိပ်စကားမှာ Fatigue လို့ခေါ်တယ်။ ဗမာ စစ်တပ်နဲ့ ရဲ အဖွဲ့အစည်းတွေမှာတော့ ဖက်ထိပ် ဆိုပြီ နာမည်ကြီးတယ်။ ဒါပေမယ့် ဗမာပြည်က ဖက်ထိပ်က အပြစ်ပေးမှုပုံစံထက်မကဘဲ  တပ်တွင်း၊ ရဲတန်းလျားအတွင်း နေ့စဉ်အလုပ်၊ တာဝန်တစ်ခုလို ဖြစ်နေတယ်။ စစ်တပ် (ရဲလည်း ရံဖန်ရံခါပါတယ်) ဟာ မိမိရဲ့ လုပ်ငန်းတာဝန်ပြင်ပက ရထားလမ်းဖောက်၊ ကားလမ်းခင်း စတာလို တိုင်းပြည်တည်ဆောက်ရေးကိစ္စတွေမှာ မြေတူး၊  မြေသယ်၊ ကျောက်ထု စတဲ့ ကူလီအလုပ်တွေကို အခမဲ့ လုပ်ပေးနေရတယ်။ ဆောက်လုပ်ရေးဌာနက နေ့တွက်ပေးတာတွေ ရှိတယ်ဆိုဦးတော့ ဒီလုပ်အားခတွေဟာ တကယ်လုပ်ကိုင်ပေးရတဲ့ အောက်ခြေအဆင့် ရဲဘော်တွေ တကယ် ခံစားခွင့်မရှိတာ များတယ်။ ခံစားခွင့်ရတဲ့ အခါတွေမှာလည်း လုပ်ပေးရတဲ့ အလုပ်နဲ့ လုံးလုံးမထိုက်တန်တဲ့ ငွေကြေး၊ ရိက္ခာ အနည်းအကျဉ်းသာဖြစ်တယ်။
စာရေးသူ ငယ်စဉ်ကစားသမားဘဝက ကြုံတွေ့ဖူးတဲ့ ဖက်ထိပ်နဲ့ ပတ်သက်တဲ့ အကြောင်းလေးဆိုရင် ခုအချိန်အထိ ရင်ထဲမှာ ရှိနေတယ်။ စာရေးသူထက် ကြီးတဲ့ စီနီယာ ကစားသမားကြီး တစ်ယောက်ဟာ အားကစားထူးချွန်လို့ စစ်ဌာနချုပ်တိုင်း တစ်ခုက လစာပေး၊ အပိုဆုတွေ ပေးပြီး သူတို့ စစ်ဌာနချုပ်ပြိုင်ပွဲတွေ၊ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြီး အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်ကစားစေတယ်။ နောက်တော့ လူငယ်အဆင့်မှာ တိုင်းပြည်ကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရပြီး နိုင်ငံတကာမှာ ရွှေတံဆပ်တွေယူ၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်။ အဲ့အတွက် စစ်တပ်ကလည်း ရာထူးတဆင့် တိုးပေးတာ၊ ဂုဏ်ပြုငွေ ချီးမြှင့်တာစတာတွေ လုပ်ပေးတယ်။  မူရင်း စစ်တိုင်းဌာနချုပ်ရှိတဲ့ တိုင်းအားကစားကွင်းကြီးမှာဆို စာရေးသူ လက်လှမ်းမှီတဲ့ အချိန်ကလောက်အထိ သူ့ဓာတ်ပုံကို ဗွီနိုင်းအဖြစ်နဲ့ ချိတ်ဆွဲဂုဏ်ပြုထားတယ်။ ဒါပေမယ့် ကစားရင်း ဒဏ်ရာအနာတရဖြစ်တဲ့အချိန်၊ အားကစားပြိုင်ပွဲတွေ မရှိတဲ့ အချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်တပ်မှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်တဲ့အတွက် မဖြစ်မနေ တွဲလျက် ပါလာတဲ့ လုပ်အားပေးတွေ၊ ဖက်ထိပ်တွေကို နေ့စဉ်အမျှ ရင်ဆိုင်လာရတယ်။  ကစားသမားဘဝကို မြတ်နိုးလို့၊ အားကစားနဲ့ တိုင်းပြည်တာဝန် ထမ်းချင်လို့ အားကစားတစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့တဲ့ အဲ့ဒီ ကစားသမားကြီးဟာ နောက်ဆုံးတော့ နေ့စဉ် ညှင်ပမ်းနှိပ်စက်သလို မတရားခိုင်းခံနေရတဲ့ ဖက်ထိပ်ကို ကြောက်လန့်၊ ရွံ့ရှာ၊ ငြီးငွေ့ပြီး စစ်တပ်က ထွက်ခွင့်တောင်းတယ်၊ နောက်ဆုံး ထွက်ခွင့်မရတော့ ခွင့်မတောင်းဘဲ အိမ်ကိုပြန်ခဲ့တယ်။ နောက် သိပ်မကြာခင်မှာ စစ်တပ်က တပ်ပြေးမှုနဲ့ သူ့ကို ဖမ်းပြီး ထောင် (၅) နှစ်ချတယ်။ နိုင်ငံတကာမှာ ရွှေတံဆပ်တွေ ယူပေးခဲ့တဲ့ တိုင်းပြည်ဂုဏ်ဆောက် အားကစားသမားဟာ အပြစ်မရှိဘဲ ထောင်ထဲမှာ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း နေခဲ့ရတယ်။ ထောင်ထဲက အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့အတွက်လည်း ကစာသမားဘဝနဲ့ ရိုးရိုးသားသား ချွေးနဲ့ ရင်းရှာခဲ့တဲ့ ငွေကြေးတွေကို အကုန်အသုံးပြုလိုက်ရတယ်။
ဒါမျိုးဖြစ်စဉ်တွေဟာ ကာကွယ်ရေး၊  ပြည်ထဲရေး စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကစားသမားအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ စာရေးသူရဲ့ အခြား အားကစားသမားမိတ်ဆွေတွေလည်း အမြဲကြုံတွေ့ရလေ့ရှိပါတယ်။ ဒီလိုအဖွဲ့အစည်းတွေမှာ ထမ်းဆောင်နေတဲ့ အခြား ကစားသမားမဟုတ်တဲ့ မိတ်ဆွေတွေလည်း ခံစားရမှု အဖြစ်အပျက်တွေဟာ အတူတူပါပဲ။ လူကြီးအလှူမှာ ဗူးသီလှီး၊ ခွေးမောင်း၊ ယက်ခတ် ရတာကအစ နေ့စဉ် လူကြီးအိမ် အဝတ်လျှော်၊ ရေခပ်၊ လူကြီး ကလေးထိန်း၊ ကျောင်းပို့၊ ကျောင်းကြို၊ လူကြီးကတော် ဈေးပို့၊ ဖုန်းဘီလ် ဆောင်ပေးရတာအဆုံး မဆိုင်တဲ့ အလုပ်တာဝန်အပို၊ ကြီးကြီးသေးသေးတွေကို မထမ်းချင်ဘဲ ထမ်းနေကြရတယ်။ ဒါတွေဟာ ရာထူး အဆင့်ဆင့်အလိုက် ဟိုးထိပ်ပိုင်းအထိရှိတာဖြစ်ပြီး ကြီးနိုင်၊ ငယ်ညှင်း ဆက်ဆံမှုပုံစံဟာ ဓလေ့တစ်ခုလို ဖြစ်နေတယ်။ ကိုယ်ထက်ကြီးတဲ့လူကို ကိုယ်က ကျွန်ခံလိုက်၊ ကိုယ်ထက်ငယ်တဲ့သူကြ ကိုယ်က ကျွန်လိုခိုင်းလိုက်နဲ့ စနစ်ဆိုး သံသရာဟာ လည်နေတယ်။ အဲ့လို အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးတည်းသာ ကျွန်လို ခိုင်းခံနေရတာမဟုတ်ပဲ၊ သူရဲ့ မိသားစုပါ အမြဲလိုလို တွဲလျက် အထက်လူကြီးရဲ့ ပုဂ္ဂလိက ဘဝ အလုပ်တွေကို အခမဲ့ ဝင်ရောက် လုပ်ကိုင်ပေးရလေ့ရှိတယ်။ စာရေးသူ မိတ်ဆွေ ဗိုလ်မှုးကြီးသား တစ်ယောက်ဆို သူငယ်ငယ်တုန်းက (သူ့ဖခင် အရာရှိငယ်ဘဝတုန်းက) သူ့ဖခင်ရဲ့ အထက်အရာရှိ တပ်ရင်းမှုးရဲ့ သားနဲ့ ကစားဖို့ စိတ်မပါဘဲနဲ့ အမြဲလိုလို သွားကစားပေးခဲ့ရတာကို သတိတရနဲ့ ပြောဖူးတယ်။ ဒီလို မူလ အလုပ်တာဝန်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အပိုဝန်တွေကို မိသားစုပါ ထမ်းနေရတာဟာ ဓလေ့တစ်ခုလိုဖြစ်နေတာ၊ ကြောက်လို့ လုပ်ပေးနေရတာအပြင် အရည်အချင်းအရ ရာထူးတက်တဲ့ စနစ်အဖွဲ့အစည်း မဟုတ်တဲ့ အတွက် ကိုယ်ရဲ့ အလုပ်အကိုင် ဘဝ တက်လမ်းအတွက်လည်း ဖြစ်နေကြရတယ်။
နောက်မတရားမှုတစ်ခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အစိုးရက ငွေကြေး၊ လစာ၊ ရိက္ခာ အပြည့်အဝမထောက်ပံ့ပေးနိုင်ဘဲ ရူးကြောင်ကြောင်အတွေးအခေါ်နဲ့ ကိုယ်ထူကိုယ်ထ တပ်တွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးတွေကို စီမံချက်အနေနဲ့ အတင်းအဓမ္မ လုပ်ခိုင်းနေခြင်းဖြစ်တယ်။ စစ်သင်တန်း သုံးလေးလသာ တက်ခဲ့ရတဲ့ တပ်သားလေးတွေဟာ သေနတ်အကြောင်းသာ ကောင်းကောင်းမသိရင်နေရမယ် မြေတူး၊ မြေဆွ၊ ပေါင်းသင်၊ ရေလောင်း၊ ဝက်မွေး၊ ကြက်မွေးအလုပ်တွေကိုတော့ နေ့စဉ် အဓမ္မ အခိုင်းခံနေရတော့ ကျွမ်းကျင်ကြတယ်။ ဒီလိုအလုပ်တွေကို မိမိဘာသာ အရပ်သားဘဝနဲ့ လုပ်ကိုင်စားသောက်ရင် ဘယ်အထက်လူကြီးမှ ကြောက်စရာမလို၊ ကျွန်ခံစရာမလိုဘဲ တဝမ်းတခါး လောက်ငအောင် နေထိုင်၊ စားသောက် နိုင်မှာဖြစ်ပေမယ့် စစ်သားဘဝနဲ့ ဒီလို အလုပ်တွေပဲ ပင်ပင်ပန်းပန်းလုပ်ရတယ်၊ ရလာတဲ့ အကျိုးအမြတ်၊ အသီးအပွင့်ကျတော့လည်း လူကြီးအိမ်ကိုသာ အဓိကရောက်ပြီး ကိုယ်တိုင်ကျ မသေရုံစား၊ အရှက်လုံရုံဝတ်၊ ကိုယ်ပိုင်မိသားစုဘဝ တာဝန်မကျေဖြစ်နေရတာတွေဟာ အရင်တုန်းကနဲ့ လက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေက အခြေခံ၊ အကြပ်၊ တပ်သားတွေ ဖြစ်ပျက်နေတဲ့ ပကတိ ဘဝတွေ ဖြစ်တယ်။ ဒီလို စုတ်ပြတ်နုံခြာ ချွန်ခြုံကျနေတဲ့ လူ့ဘဝတွေမှာ စာရိတ္တ မဏ္ဍိုင် ခိုင်ခံ့ရမယ်ဆိုတာလည်း လက်တွေ့မလွယ်တဲ့ စိတ်ကူးယဉ် ရူးသွပ်မှုသက်သက်သာ ဖြစ်ကုန်တယ်။ လက်နက်ကိုင်ထားတဲ့၊ အာဏာယူထားတဲ့ အဖွဲ့အစည်းတွေကို လုံလောက်တဲ့ ထောက်ပံ့မှုမပေးတာဟာ လက်နက်မဲ့ ပြည်သူဆီက ဓါးပြတိုက်စား၊ ခြိမ်းခြောက် ငွေညှစ်စားကြလို့ သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အခွင့်ပေးနေခြင်းသာ ဖြစ်တယ်။ ဒီလိုနဲ့ တိုင်းပြည်မှာ မတရားမှုတွေ၊ အကျင့်ပျက်မှုတွေ၊ ပြည်သူနဲ့ စစ်တပ်၊ ရဲ အဖွဲ့အစည်းတွေ၊ အကြား မုန်းတီးမှု၊ ပဠိပက္ခတွေဟာ ကြီးလာတယ်။
ဗမာပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ကတည်းက ဝင်ရောက် စွက်ဖက် နေရာယူထားတဲ့အတွက် အထက်ကတင်ပြသလို လူကျင့်ဝတ်မညီတဲ့၊ လူသိက္ခာမရှိတဲ့၊ လူတစ်ဦးချင်းရဲ့ အခွင့်အရေး၊ တန်ဖိုးကို အလေးမထားတဲ့ အုပ်ချုပ်မှုပုံစံ စနစ်တွေဟာ အရပ်သားအစိုးရ ဌာနတွေမှာလည်းကူးစက်ပြီး စနစ်ဆိုးဟာ နေရာတိုင်းမှာ ရှင်သန်ကြီးထွားလာတယ်။ ဒီလိုနဲ့ ကြီးနိုင်၊ ငယ်ညှင်းလုပ်ကိုင်မှု၊ လူလူချင်း စာနာထောက်ထားမှုမရှိမှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်လာဘ်စားမှု၊ အကျင့်စာရိတ္တ ယိုယွင်း ခြစားနေမှုတွေဟာ လူတစ်ဦးချင်းရဲ့ ချွတ်ယွင်းချက်၊ လူတစ်ဦးချင်းရဲ့ အကျင့်စာရိတ္တဖောက်ပြန်မှု ပုံစံမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုဓလေ့အနေနဲ့ အံ့သြောတုန်လှုပ်ဖွယ် ဖြစ်ပေါ်လာရတယ်။ ဒီလိုနဲ့ ခရီးသည်ကို မောက်မာစော်ကားတဲ့ စပယ်ယာ၊ အကျင့်ပျက်တဲ့ ရုံးဝန်ထမ်းအစ၊ အာဏာအလွဲသုံးစားလုပ်တဲ့ မြို့နယ်၊ ပြည်နယ်တိုင်းအဆင့်ဆင့် အရာရှိကြီးအလယ်၊ လူနာအပေါ် ငွေကြေးအလိုအတွက်ပဲ စေတနာမပါ ဆက်ဆံတတ်တဲ့ တတ်သိ၊ ပညာရှင် ဆရာဝန်ကြီးအဆုံး လူမှုအဆောက်အအုံရဲ့ လှုမှု၊ လူတန်းလွှာအသီးသီးမှာ စာရိတ္တ မဏ္ဍိုင်ပျက်စီးမှုတွေဟာ ကြောက်ခမန်းလိလိ ရှင်သန်နေပြီး စနစ်ဆိုးရဲ့ သားကောင်တွေအနေနဲ့ ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်။
နောက်အကျိုးဆက်တစ်ခုကတော့ နယ်တွေမှာ၊ လူမျိုးစုဒေသတွေမှာ စစ်တပ်က လူထုအပေါ် မတရားမှုတွေ၊ နောက်ဆုံး စစ်ရာဇဝတ်မှု (War Crimes)တွေ ဖြစ်တဲ့အဆင့်ထိ လူသားမဆန်စွာ ပြုမှုဆက်ဆံမှုတွေ ပြင်းပြင်းထန်ထန် ကျူးလွန်လေ့ရှိတဲ့ အကြောင်းအရင်းတွေဟာ လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒ၊ လမ်းစဉ်ရေးရာ ကွဲပြားမှုတွေကြောင့်ဆိုတာထက် အဓိကကျူးလွန်တဲ့ အစိုးရ စစ်တပ်အတွင်းမှာ ကိုက အထက်မှာ တင်ပြခဲ့သလို အထက်၊ အောက် အဆင့်ဆင့် ကြီးနိုင်ငယ်ညှင်း အဓမ္မ၊ မတရားသဖြင့် ဆက်ဆံခံနေရတဲ့အခြေအနေတွေကြောင့် ဆိုရင် ပိုမှန်မယ်။ ဒီအခြေအနေဆိုးတွေရဲ့ ရလဒ်အနေနဲ့ ကိုယ်တိုင် တပ်တွင်းမှာ မတရားမှုတွေနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ အောက်ခြေက အရာရှိငယ်၊ အရာခံ၊ အကြပ်၊ တပ်သားတွေဟာ  ပြင်ပနဲ့ ပြုမူ၊ ဆက်ဆံ၊ လုပ်ကိုင်တဲ့နေရာမှာလည်း ဒီလို မတရားတဲ့ အလေ့အကျင့်တွေက အရိုးစွဲနေပြီး သူတို့ တပ်တွင်းမှာ ခံနေရတဲ့ ကြီးနိုင်ငယ်ညှင်းဒုက္ခတွေရဲ့ ထွက်ပေါက်အနေနဲ့လည်း လက်နက်မဲ့ ပြည်သူ၊ လူမျိုးစု တိုင်းရင်းသာတွေ အပါအဝင် အားလုံးကို ဖိထောင်းပြီး နှိပ်စက်ညှင်ပမ်းမှုတွေ ပိုဖြစ်လာကြတယ်။
ဗမာလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ကိုယ်ထူကိုယ်ထစနစ်၊ လုပ်အားပေးစနစ် စတဲ့ အဓမ္မအလုပ်စေခိုင်းမှုတွေဟာလည်း ဒီသဘောပဲ ဖြစ်တယ်။ စစ်တပ်က "ငါတို့တောင် နွားလို လုပ်ပေးနေရတာ၊ မင်းတို့ အရပ်သားတွေလည်း လုပ်ပေါ့" ဆိုတဲ့ သဘောဖြစ်တယ်။ လမ်းဖောက်တယ်၊ တံတားဆောက်တယ်၊ ရေတွင်းတူးတယ်၊ ရေကန်ဖော်တယ်၊  အစရှိတဲ့ တိုင်းပြည်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်တယ်ဆိုတာ တိုင်းပြည်ကို  တာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ လုပ်ပေးရတဲ့ တာဝန်၊ ဝတ္တရားဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ အတတ်ပညာရှင်တွေ၊ ဝန်ထမ်းတွေနဲ့ စနစ်တကျ လုပ်ရမယ့် လုပ်ငန်းသာဖြစ်တယ်။ မဆိုင်တဲ့ စစ်သား၊ အရပ်သားတွေ ပါဝင်ပတ်သက်ရမယ့် အလုပ်မျိုး မဟုတ်ပါ။ ပညာမလိုတဲ့ အလုပ်ကြမ်းသဘောဆောင်တဲ့ အလုပ်တွေမှာ လူအင်အားမလုံလောက်လို့ အရပ်သားကို ခေါ်ခိုင်းချင်ရင်လည်း ထိုက်တန်တဲ့ အဖိုးအခပေးပြီး လုပ်အားကို အသုံးပြုရမှာသာ ဖြစ်တယ်။
စစ်တပ်က တိုင်းပြည်ကို ကာကွယ်တဲ့ အလုပ်သာ အဓိကဖြစ်ပြီး သာမန်ပြည်သူလူထုကလည်း မိမိရဲ့ အသက်မွေးဝမ်းကြောင်းမှုကို လွတ်လပ်အေးချမ်းစွာ တရားဝင် လုပ်ကိုင်စားသောက်၊ ဝမ်းစာရှာပြီး သက်ဆိုင်ရာ အခွန်တွေကို ကျေပွန်စွာ ထမ်းရွက်ဖို့သာရှိတယ်။ အစိုးရက ပြည်သူတွေ ထမ်းတဲ့အခွန်ငွေ၊ ပြည်သူ့ ဘဏ္ဍာကိုအသုံးပြုပြီး ပြည်သူ့အတွက် တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ ဝန်ဆောင်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန ပြည်သူ့ဝန်ထမ်း တွေမှတဆင့် ပြန်လည်တည်ဆောက်ပေး၊ ဝန်ဆောင်မှုပေးခြင်းဟာ ရိုးရှင်းတဲ့ အစိုးရ၊ ပြည်သူ ဆက်ဆံမှု ပုံစံဖြစ်တယ်။ ဒီဖြစ်စဉ်မှာ ဘယ်သူ့၊ ဘယ်သူမှ ကျေးဇူးတင်စရာ မရှိ၊ ကျေးဇူးခံ၊ ကျေးဇူးစားမရှိ။ အစိုးရက အစိုးရ့ အလုပ် လုပ်တယ်၊ ပြည်သူကလည်း ပြည်သူ့အလုပ် လုပ်ခြင်းသာဖြစ်တယ်။ အစိုးရက တံတားဘယ် နှစ်စင်းဆောက်တယ်၊ လမ်းအရှည်ဘယ်လာက်ဖောက်တယ် စတာတွေကို အစိုးရပြန်တမ်းတွေမှာ မှတ်တမ်းတင်ရုံကလွဲလို့ ဒီလိုလုပ်ပေးနေပါတယ်၊ ဒီလုပ်ငန်းတွေမှာ စစ်တပ်ကလည်း ပါဝင်ကူညီနေပါတယ်ဆိုပြီး အပိုကြွားစရာ မလို။ စစ်တပ်လည်း ပါစရာ အကြောင်းမရှိ။ ပြည်သူလည်း ပါစရာ အကြောင်းမရှိ။ ပါခဲ့ရင်လည်း တစ်ဦးချင်း ဆန္ဒသဘောထားမဟုတ်ဘဲ ကြောက်လို့ လုပ်ပေးရရင် အဓမ္မအလုပ်စေခိုင်းမှုသာ ဖြစ်တယ်။ ဗမာပြည်လို ဆင်းရဲတဲ့တိုင်းပြည်တွေမှာ အကျိုးအမြတ်မပါတဲ့ လူမှုရေး အဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အစိုးရရဲ့ လုပ်ငန်းတာဝန်တချို့၊ ကျန်းမာရေး၊ ပညာရေး စတာတွေကို ဝင်ရောက်တာဝန်ယူပေးရတဲ့ ပုံစံတွေရှိတယ်။ ဒါဟာလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာရှိတဲ့ တာဝန်သိလူတစ်ဦးချင်းက မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ စေခိုင်းမှုကြောင့်မဟုတ်ဘဲ မိမိသဘောစိတ်ဆန္ဒနဲ့ စေတနာသက်သက် (volunteer) အရပ်ဖက်လူမှုအဖွဲ့အစည်းပုံစံ တိုင်းပြည်တာဝန်ကို တတပ်တအား ဝင်ရောက်ထမ်းရွက်ခြင်းသာဖြစ်တယ်။
အစိုးရက အစိုးရတစ်ရပ် လုပ်ပေးရမယ့် အလုပ်တာဝန်တွေကို မကျေပွန်ရင် အချိန်ကာလ တစ်ခုအထိသာ တည်ရှိနိုင်ပြီး နောက်တော့ အစိုးရအဖြစ်ကနေ ဆင်းပေးရမှာသာ ဖြစ်တယ်။ စစ်တပ်ကလည်း တိုင်းပြည်ကာကွယ်တာ၊ အရေးပေါ်အခြေအနေတွေမှာ ဝင်ရောက်ကူညီတာပဲ တာဝန်ရှိပြီး၊ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေး၊ တည်ဆောင်ရေးတွေအတွက် တာဝန်မရှိပါ။ ပြည်သူကလည်း ပြည်သူ့ တာဝန် အခွန်ထမ်းဖို့သာရှိပြီး ပျက်ကွက်ရင် ဥပဒေနဲ့ အရေးယူခံရမှာသာဖြစ်တယ်။ လုပ်အားပေးရတာ၊ လုပ်အားမပေးနိုင်လို့ ဆက်ကြေးပေးရတာ၊ ယုတ်စွအဆုံး မီးကင်းစောင့်ရတာ၊ မစောင့်နိုင်လို့ မီးကင်းကြေးပေးရတာ စတာတွေအတွက် တာဝန်မရှိပါ။ အရပ်ဖက်လူ့မှုအဖွဲ့အစည်း   တွေကလည်း  စေတနာမှန်မှန်၊ တကယ်အကျိုးအမြတ်မပါပဲ မိမိတတ်နိုင်တဲ့ ကိစ္စတွေကို မိမိသဘောနဲ့ ဝင်ရောက်ထမ်းရွက်ခြင်းသက်သက်သာ ဖြစ်တယ်။ ဒါဟာ ရိုးရှင်းတဲ့၊ မလိုအပ်တဲ့ အပိုဆာဒါးတွေမပါတဲ့၊  ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းမှာ ရှိရမယ့် အစိုးရ၊ စစ်တပ်၊ ပြည်သူ၊ လူမှုအဖွဲ့အစည်း ဆက်ဆံရေးပုံစံနဲ့ တာဝန်တွေဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပြည်သူ (သို့) အခြားမသက်ဆိုင်တဲ့၊ လူမှုရေးအဖွဲ့အစည်းမဟုတ်တဲ့ စစ်တပ်လို အဖွဲ့အစည်း တစ်ခုခုက လူပုဂ္ဂိုလ်တွေ ဝင်ရောက်လုပ်ကိုင်ပေးနေရတာဟာ ဖက်စစ်ခေတ် သေမင်းတမန် ရထားလမ်းဖောက်ဖို့အတွက် တာဝန်ယူရတဲ့ ဖက်စစ်ရဲ့ စစ်တပ်နဲ့ သူတို့ရဲ့  အဓမ္မပြန်ပေးဆွဲ ကျွန်လို အခိုင်းခံရတဲ့ ပြည်သူလူထု ချွေးတပ်လို  သဘောသာဖြစ်နေပြီး ဒီလို အားရှိသူကြောက်ရတဲ့၊ အာဏာရှိသူ၊ အုပ်ချုပ်သူခိုင်းရင် လုပ်ရတဲ့ ဓလေ့တွေ  ရှင်သန်ကြီးစိုးနေတဲ့ စနစ်ဟာလည်း တရားမျှတမှု မရှိတဲ့ ဖက်စစ်စနစ်သာ ဖြစ်နေမှာ ဖြစ်တယ်။
ဗမာပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပြဿနာအများစုရဲ့ အကြောင်းအရင်းဟာ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ အုပ်စုအသီးသီး၊ အဖွဲ့အစည်းအသီးသီးဟာ ကိုယ်တာဝန် မဟုတ်တာတွေကို ဝင်ရောက် စွက်ဖက် ချယ်လှယ် လုပ်ကိုင်နေတာ၊ လုပ်ကိုင်ရတာ၊ ကိုယ်တကယ် လုပ်ရမယ့်တာဝန်ကို မကျေတာ စတဲ့ ချွတ်ချော်မှုတွေကြောင့် ဖြစ်တယ်။ ထုတ်တန်းပေါ် ကြွက်တက် ခုတ်လို့ ပေါင်ကျိုးတဲ့ နွားကို တံတားဖွင့်ပဲတက်ရမှာမလို့ ဆေးကုမပေးနိုင်သေးတဲ့ ဆရာဝန် အဖြစ်လို ဆရာ အော်ပီကျယ် ကာတွန်းရေး သရော်ထားတဲ့ ကမောက်ကမနိုင်မှုတွေကြောင့်ဖြစ်နေရတာတွေပါ။   စစ်တပ်က စစ်တပ် အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ အစိုးရက အစိုးရ အလုပ်လုပ်၊ တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ၊ ပြည်သူက ပြည်သူ့တာဝန်ကျေ၊ ထိုက်တန်တဲ့ အခွင့်အရေးရ အစရှိသလို ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ကိုယ်ယူနေရင် တိုင်းပြည်မှာ ရှိနေတဲ့ ပြဿနာ အများစုဟာ ပြေလည်သွားမှာ ဖြစ်တယ်။
ဒီလို ကိုယ်ကြိုးစားရင်၊ ကိုယ့်တာဝန်ဝတ္တရား ကျေရင် တိုးတက်ကြီးပွားတဲ့၊ ကိုယ်လုပ်သလောက် ကိုယ် အကျိုးစီးပွားဖြစ်စေတဲ့ ဓလေ့ဟာ ဆူကြုံနိမ့်မြင့်မရွေး သာတူ၊ ခွင့်တူ၊ လွတ်လပ်ငြိမ်းချမ်း လုပ်ကိုင်စားသောက်၊ နေထိုင်နိုင်မှုကို အာမခံတဲ့ ဒီမိုကရေစီစနစ် တိုင်းပြည်မှာ ရှင်သန်ကြီးထွားမှ ဖြစ်မှာပါ။ ဒီလို တရားမျှတ လွတ်လပ်တဲ့၊ လူ့အခွင့်အရေးအပြည့်အဝလိုက်နာတဲ့ ဒီမိုကရေစီစနစ်ကသာ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက လက်ရှိအချိန်ထိ နိုင်ငံတော်သီချင်းမှာ ထည့်သွင်း ရွက်ဆိုနေပေမယ့် အကောင်အထည် မဖော်နိုင်သေးတဲ့ "ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်" ကို တကယ်လက်တွေ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်။
ဒီလို လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အကျင့်စရိုက်၊ လက္ခဏာတွေ ဗမာပြည်မှာရှင်သန်ကြီးထွားစေချင်ရင်၊ တနည်းအားဖြင့် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်စေချင်ရင် နိုင်ငံရဲ့ လှုမှုအလွှာအသီးသီး၊ အဖွဲ့အစည်းစည်းအသီးသီးမှာ ဒီမိုကရေစီ မျိုးစေ့တွေ ဖြန့်ကျက် ပြုစုပျိုးထောင်ပြီး ဒီမိုကရေစီ ရေခံ၊ မြေခံကောင်းအောင် လုပ်ပေးရမှာ ဖြစ်တယ်။ အထူးသဖြင့် တိုင်းပြည်မှာ အရေးကြီးတဲ့ နေရာကို အစဉ်တစိုက် လက်ရှိအချိန်ထိလည်း ယူထားတဲ့၊ အထက်မှာ တင်ပြခဲ့သလို မတရားမှုတွေလည်း ဒင်းကြမ်းပြည့်နေတဲ့ အင်အားကြီးမားခိုင်မာတဲ့အဖွဲ့အစည်း၊ အဆောင်အအုံ (Institution) တစ်ခုဖြစ်တဲ့ တပ်မတော်မှာ ဒီမိုကရေစီဓလေ့၊ အလေ့အကျင့်တွေ ရှင်သန်မှဖြစ်ပါမယ်။ အခုလို ဒီမိုကရေစီ အခြေတည် ဖြစ်ထွန်းနေပြီ ဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ အရင်ကထက် ပိုမိုရင်းနှီးစွာ ဆက်ဆံလာခွင့်ရတဲ့ အချိန်မှာ တပ်မတော်မှ ဗိုလ်ချုပ်ကြီးတွေ၊ လက်ရှိ အစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းကြီးတွေအနေနဲ့ အနောက်နိုင်ငံတွေက ဒီမိုကရေစီနည်းလမ်းတကျ ဖွဲ့စည်းတည်ဆောင် လုပ်ကိုင်၊ ကျင့်ကြံတဲ့ တပ်မတော်ပုံစံကို အတုယူ၊ အားကျပြီး ကောင်းမွန်တဲ့၊ လွတ်လပ်မျှတတဲ့ အတွေးအခေါ်၊ အလေ့အကျင့်တွေကို ဗမာ့တပ်မတော်မှာ မွေးယူကျင့်ကြံ ရှင်သန်စေမယ်ဆိုရင် ပြည်သူချစ်တဲ့ တပ်မတော်ကို အမှန်တကယ် တည်ထောင်နိုင်ပြီး တပါတည်း အစိုးရဌာန အုပ်ချုပ်မှု ယန္တယား အဆင့်ဆင့်နဲ့ အခြားတိုင်းပြည်ရဲ့ လူမှု့အဖွဲ့အစည်း၊ အလွှာအသီးသီးမှာပါ ဒီမိုကရေစီအလေ့အကျင့် ရှင်သန်ပေါက်ဖွားစေမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မတရားမှုတွေ ပြည့်နှက်နေတဲ့ ဖက်ထိပ်များနဲ့ လူ့အဖွဲ့အစည်းဟာ တဖြေးဖြေး ကွယ်ပျောက်သွားပြီး လွတ်လပ်မျှတ၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး
၁၄၊ မေ၊ ၂၀၁၂
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ


ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်တွင်လွန်ခဲ့သည့်ဧပြီလက ဆိုင်ကယ်ခိုးသူများများ
ဖမ်းဆီးရေးကို ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဇွဲလုံ့လစိုက်ထုတ်ပြီး ဖမ်းဆီးလိုက်လို့
သူခိုးတော်တော်များများ အချုပ်ထဲရောက်ခဲ့ပါတယ်။

သို့သော်လည်း ၄င်းသူခိုးများသည် ယ္ခုအခါ အပြင်တွင်ပြန်တွေ့နေပြီး ၄င်းတို့ခိုးယူခဲ့
သည့်ဆိုင်ကယ်များအား (ဒန) ဆိုသည့် ရဲများက စီးနေကြပါသည်။

အဆိုပါကိစ္စနှင့် ပါတ်သတ်လို့ တာချီလိတ်မြို့ ခံတဦးက "တကယ်ဆိုသူခိုးများထောင်ထဲ
ရောက်လို့ ဆိုင်ကယ်များ ပိုင်ရှင်ထံပြန်ပေးရမှာမဟုတ်ဘူးလား သူခိုးများဖမ်းတယ်
ပြောပြီး ဆိုင်ကယ်ယူပြန်လွှတ်ပေးနေသလား၊နှစ်စဉ် ဆိုင်ကယ်ပျောက်မှုပေါင်း
 တာချီလိတ်တွင် ရာဂဏန်းရှိပါတယ် အမှု့ ပေါ်တာရှိသလို မပေါ်တာလည်းရှိပါတယ်။
 ဒါပေမယ့် ခုလိုသူခိုးတွေဖမ်း ဆိုင်ကယ်တွေယူ ပြီးပြန်လွှတ်နေတာတော့ မကောင်းဘူး
လို့ ကျနော်တို့ယူဆပါတယ်။ ပိုင်ရှင်တွေလည်း စိတ်ကောင်းမယ်မထင်ပါဘူး။
ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ ပြည်သူများနားလည်အောင်
ရှင်းပြသင့်တယ်လို့ထင်ပါကြောင်း"  Myanmar News Now ကို ပြောပြပါတယ်။
သစ်ထူးလွင်
Unknown at 11:03 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆိုင်ရှင်ကို လုပ်ကျွေးနေကြတဲ့ စင်ကာပူက မြန်မာဆိုင်များ


စင်ကာပူ - ပင်နီစူလာပလာစာဈေးဆိုင်ခန်းငှားရမ်းခ၊ မြန်မာများဈေးဖျက်သောကြောင့် အဆမတန်ဈေးကြီးရခြင်း

ပြီးခဲ့တဲ့နှစ်လယ်ပိုင်းကတွေ့ရတဲ့ စင်ကာပူ ပင်နီစူလာ ပလာဇာက မြင်ကွင်းတခု (ဓာတ်ပုံ-ဧရာဝတီ)


စစ်အစိုးရလက်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မြန်မာများ၊ စင်ကာ
ပူရောက်တာတောင် အချင်းချင်း အနိုင်ကျင့်၊ ချောက်ချခြင်း၊ ရဲတိုင်ခြင်း၊ တရားမ၀င် အလုပ်လုပ်တယ် ဆိုပြီး တိုင်ကြားခြင်း၊ အချင်းချင်းအော်ဟစ်ရန်ဖြစ်ခြင်း .. စတဲ့ အကျင့်ဆိုးတွေ အများကြီး ဒီဘက်အထိ ကူးစက်လာပါတယ်။

ကံကောင်းအကြောင်းအားလျော်စွာ ၂၀၀၇ သံယာသပိတ်၊ နာဂစ် မုန်
တိုင်းများနောက်ပိုင်း မြန်မာများ သွေးစည်း ညီညွတ်၊ အဆင်ပြေလာကြပါတယ်။

မြန်မာအစိုးရသစ်ကလည်း ၂၀၁၁မှာ အကျင့်ဆိုးရှိသူ ဗိုလ်ချုပ်များ၊ ၀ိသမလောဘသမားများကို သမ္မတကြီး ဦးသိန်းစိန်နဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ အတိတ်နာ
ကျည်းမှုများကို သင်ပုန်းချေပြီး၊ တိုင်းပြည်အတွက် ပြန်လည်ညီညွတ်နေကြတော့ ပိုပြီး ၀မ်းမြောက်စရာကောင်းလှပါတယ်။

ပင်နီစူလာဆိုင်ခန်းဈေးကြီးနေခြင်း

အခုရေးလိုတဲ့အကြောင်းကတော့ မြန်မာများ၊ အချင်းချင်း စီးပွားပြိုင်ရင်း၊ ပင်နီစူလာမှာ ဆိုင်ခန်း အပြိုင်အဆိုင် ဖွင့်လိုက်၊ ဆိုင်ခန်းခတောင် အရင်းမတြေတော့ ဆိုင်ပြုတ်သွားလိုက်၊ နောက်တစ်ယောက်က သူလုပ်ရင်ဖြစ်မှာပဲ ထင်ပြီး၊ ဆိုင်ငှားခ ဈေးပိုပေးပြီး ဆိုင်ဖွင့်လိုက်၊ ပြုတ်သွားလိုက်နဲ့ ..
အခု စီးပွား သိပ်မကောင်းတဲ့ ၂၀၁၁နောက်ပိုင်း ပိုဆိုးလာပါတယ်။

မြန်မာတွေ ဆိုင်ခန်းငှားခ ဈေးအပြိုင်ပေးပြီး၊ ငှားကြတာ ၁၀နှစ်ကျော်ပါပြီ။

အထက်ပါ http://www.commercialguru.com.sg ဆိုတဲ့ ကြော်ငြာဈေးကွက်ကို ကြည့်ပါ။ ပင်နီစူလာနားက တခြားရှော့ပင်စင်တာတွေမှာ တပေပတ်လည်ကို $4.65 လောက်ပဲ ငှားရမ်းခဈေးပေါက်ချိန်မှာ၊ အလားတူနေရာတခုကို တပေပတ်လည် S$15 လောက်အထိ၊ အဆမတန် ကြေးကြီးပေး ကြော်ငြာနေပါတယ်။

ပင်နီစူလာ ဆိုင်ခန်းအများစုကို စင်ကာပူ ကုလားများက ပိုင်ပါတယ်။ အရင်၁၀နှစ်က တခန်းကို ဒေါ်လာ ၁,၂၀၀ လောက် ပဲရှိတာ၊ အခု ၂,၅၀၀ ကျော်ထိ ဗမာတွေ ဈေးကြီးပေးပြီး အပြိုင်ငှားရမ်းတော့ အခု ဆိုင်ဝင်ငွေက ဆိုင်ရှင်ကို ငှားခပေးနေရသလိုဖြစ်နေပါတယ်။
မြန်မာများ စုဝေးရာ ပင်နီစူလာ (ဓာတ်ပုံ-ဧရာဝတီ)

ပြီးတော့ ဆိုင်ပိုင်ရှင် ကုလားတွေက ကန်ထရိုက်သက်တမ်းပြည့်ရင် ဈေး အဆမတန် တင်ပြီးတောင်းတော့ အခု မြန်မာဆိုင်ခန်းဖွင့်သူတွေ ဟိုပြောင်းလိုက်၊ သည်ပြောင်းလိုက်နဲ့ ဒုက္ခရောက်ကြပါတယ်။

ညီညွတ်ကြပါ
အနီးနားက ရှော့ပင်စင်တာတွေမှာ ဈေးနှုန်း ၄၀ရာနှုန်းလောက် သက်သာပေမဲ့ ဗမာများတဲ့နေရာမှာ ၊ အလုပ်ဖြစ်မလား ဆိုပြီး ဈေးပိုပေးတဲ့ မြန်မာများ၊ ဆက်လက်ပြီး ဈေးမဖျက်ကြပါနဲ့တော့။

မြန်မာအချင်းချင်း ဈေးဖြတ်ပြီး အဆမတန်ဈေးပေးတော့ အရင်ဖွင့်နေတဲ့ မြန်မာဆိုင်ခမျာ ပိုသက်သာတဲ့ဆိုင်ကို ပြောင်းရတယ်။ အလုပ်သိပ်ရှုပ်ပါတယ်။

နောက် လာပြီး ဈေးပိုပေး ဆိုင်ဖွင့်သူတွေလည်း ဆိုင်ခန်းခနဲ့ ထောင်းတော့ ကြာကြာ မခံပါဘူး။ အရှုံးပေါ်ပြီး ဆိုင် ပိတ်လိုက်ရတာပါပဲ။

ဒီတော့ ကိုယ့်မိတ်ဆွေများကို ပြောပြပါ။ အနီးအနားက ပင်နီစူလာဟိုတယ်၊ ဟိုက်စထရိ၊ ရှော့ပင်စင်တာတွေမှာပဲ ဈေး သက်သက်သာသာနဲ့ ငှားနေပါ။ ပင်နီစူလာမှာတော့ မကိုက်တော့ပါဘူး။

မြန်မာအချင်းချင်းညီညွတ်စွာနဲ့ ဈေးမဖျက်ကြပါနဲ့တော့လို နှိုးဆော်လိုက်ပါတယ် ..ခင်ဗျား....။

ဝတ်မှုန်
စင်ကာပူ

ညွှန်း - စင်ကာပူရောက် မြန်မာများ http://MyanmarinSingapore.com/profiles/blogs/2316969:BlogPost:312046
Unknown at 11:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငြိမ်းချမ်းရေးကောင်စီသစ်နဲ့ ဖြေရှင်းရမယ့် ပဋိပက္ခများ

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ  ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာအစိုးရရဲ့  ပြည်ထောင်စုအဆင့်  ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်အကြောင်း နဲ့ ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး ပဋိပက္ခများအရေးကို ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း၊ သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်း တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ မြန်မာအစိုးရဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ ညှိနှိုင်းဖို့ ပြည်တွင်းစစ် ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဆိုတာကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။ အရင်တုန်းက နှစ်ဖွဲ့ရှိခဲ့တာ တချို့ က ခေါင်းမာတဲ့ပုဂ္ဂိုလ်တွေပါတယ်၊ ဘာညာဆိုပြီး သတင်းတွေထွက်နေခဲ့ပါတယ်။
အခုအခါမှာတော့ တိုင်းရင်းသားအရပ်သားတဦးဖြစ်တဲ့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကို ဦးစားထားဖွဲ့စည်းတယ်၊ ပိုမိုကျယ်ပြန့်တဲ့အဖွဲ့အစည်းဖြစ်တယ်။ လွှတ်တော်က တိုင်းရင်းသားရေးရာနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေပါတယ်။ တရားသူကြီးချုပ်၊ ရှေ့ နေချုပ်ပါတယ်။ စစ်ဆင်ရေးမှာ အဓိကပါဝင်နေတဲ့ ဒေသခံတိုင်းမှူးတွေပါတယ်ဆိုတော့ ပိုမိုထိရောက်တဲ့အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ထဲမှာပါဝင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောပါတယ်။ ပထမဦးဆုံး တိုင်းရင်းသားသတင်းသမားတွေ အခုလက်ရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစဉ်သဖြင့် သတင်းရေးနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုကြားပါသလဲ။ ဘယ်လို မြင်ပါသလဲဆိုတာကို ပထမဦးဆုံး ကိုနော်ဒင်း ကို မေးချင်ပါတယ်။ ကိုနော်ဒင်း တာဝန်ယူပြီးလိုက်နေတဲ့ ကိုနော်ဒင်းတို့ဒေသကဖြစ်တဲ့ KIA/KIO တို့နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ လောလောဆယ် အပြင်းထန်ဆုံး၊ တားလို့မရဆုံး ဖြစ်နေပါတယ်။ ဆိုတော့ ဒီလို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ပြုပြင်ဖွဲ့စည်းလိုက်တဲ့အတွက် ကချင်ဒေသ ငြိမ်းချမ်းရေးရဖို့အတွက် တစုံတရာ အလားအလာကောင်း တွေ့ရပါသလား။
ကိုနော်ဒင်း ။ ။ အခုလိုမျိုး ရှမ်းတိုင်းရင်းသားဖြစ်တဲ့ ဒေါက်တာစိုင်းမောင်ခမ်း ကို အခု ငြိမ်းချမ်းရေးအသစ်ဖွဲ့စည်းလိုက်တဲ့ ကောင်စီရဲ့  ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာကိုတော့ ကျနော့်ကိုယ်ပိုင်အမြင်အရ ကြိုဆိုပါတယ်။ ကချင်အမျိုးသားတွေအားလုံးကလည်း ကြိုဆိုပါလိမ့်မယ်။ သို့သော်လည်း သူ့အနေနဲ့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တကယ်ပဲ ကချင်လူမျိုးတွေ တောင့်တတဲ့ ပင်လုံကိုအခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖက်ကို ဘယ်လောက်အထိ ဦးဆောင်နိုင်ဖို့ လုပ်ပေးနိုင်မလဲ။ ဦးဆောင်နိုင်မလဲဆိုတဲ့ အခြေအနေကတော့ စိတ်ပူစရာဖြစ်တယ်။ တခုကလည်း မြန်မာအစိုးရအနေနဲ့က ၂၀၀၈ အခြေခံဥပဒေမူဘောင်အတွင်းမှာပဲ သူက နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းတွေအားလုံးကို အဓိက လုပ်ချင်တာဖြစ်တယ်ဆိုရင် သူ့အနေနဲ့က ရုပ်ပြပဲဖြစ်ပြီး လက်တွေ့မှာ သူဘယ်လောက်အထိ လုပ်နိုင်မလဲ။ သူကို ဘယ်လောက်အထိ စစ်တပ်က အခွင့်အရေးပေးထားမလဲ။ ပြီးတော့ သမ္မတဦးသိန်းစိန် အစိုးရက သူကို အာဏာပေးထားမလဲ စတဲ့အချက်တွေကတော့ အရမ်းအရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ တိုင်းမှူးတွေ၊ တပ်မမှူးတွေ ပါလာလိမ့်မယ်ဆိုတော့ ဒီ ပုဂ္ဂိုလ်တွေ ပါလာခြင်းဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအထောက်အကူ မဖြစ်နိုင်ဘူးလား။ သို့တည်းမဟုတ် သူတို့ဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ပိုပြီးအဟန့်အတားဖြစ်စေမယ် ထင်ပါသလား။ ဆရာခွန်စိုင်း ဘယ်လိုသဘောရပါသလဲ။
ဦးခွန်စိုင်း ။ ။ ကျနော့်အမြင်မှာ ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ ရိုးရိုးလူတွေ၊ လူပိန်းအနေနဲ့ ပြောမယ်ဆိုရင် ဒီဥစ္စာက make-up ပေါ့။ ဒါပေမဲ့ make-up ထည့်တယ်ဆိုတာက အရေးမကြီးဘူးလားဆိုတော့ အလုပ်တိုင်းမှာ make-up ဆိုတာ အမြဲတမ်းလိုပါတယ်။ ကျနော်တို့ make-up မရှိဘဲနဲ့ ကြည့်ရှုလို့မကောင်းဘဲနဲ့ အလုပ်တခုလုပ်ရတယ်ဆိုတာ ဒါမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လည်း ဒုသမ္မတကြီး စိုင်းမောက်ခမ်း ပါတာဟာ make-up ကောင်းတခုဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။
နံပါတ်တစ်က။ နံပါတ်နှစ်က စစ်ဘက်ဆိုင်ရာက ဗိုလ်ချုပ်ကြီးစိုးဝင်း ကိုယ်တိုင် ဒု-ဥက္ကဋ္ဌအဖြစ် ပါဝင်တယ်။
နောက်ပြီး အရေးကြီးတဲ့ စစ်တိုင်းဒေသက စစ်တိုင်းမှူးတွေလည်းပါမယ်။
ဒီဥစ္စာက ကချင်ဘက်ကရော၊ SSA - ရှမ်းပြည်တပ်မတော်တွေက မျှော်မှန်းနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအထိ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေချုပ်ခဲ့ပြီးပြီ။ SSA ဆိုရင် ငါးလကျော်ပြီ။ အခုအထိ အကောင်အထည်မဖော်နိုင်သေးတာက စစ်ဖက်ဆိုင်ရာဘက်က ပါဝင်မှုက သိပ်အားနည်းသေးတယ်လို့ သူတို့မြင်တယ်။ ဒါကြောင့်မို့ စစ်တိုင်းဖက်က ပိုပြီးအာဏာရှိတဲ့လူ၊ ပိုပြီးဆုံးဖြတ်နိုင်တဲ့လူတွေပါလို့ရှိရင် သိပ်ကောင်းမယ်လို့ သူတို့က အကြံပြုထားတာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်းအနေနဲ့ စစ်တပ်က အကြီးအကဲတွေကိုယ်တိုင် ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါဝင်ဆွေးနွေးမယ်ဆိုတော့ ဆွေးနွေးပွဲကောင်းလာနိုင်မယ့် အလားအလာ မမြင်ဘူးလား။
ကိုနော်ဒင်း ။ ။ ကျနော်က ဒီနေရာမှာ ပြီးခဲ့တဲ့ ကချင်အပစ်အခတ်ရပ်စဲရေးနဲ့ အခု တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းမှာ တွေ့ဆုံပွဲတွေရဲ့  အတွေ့အကြုံကို နည်းနည်းလေးပြောချင်တယ်။ စစ်အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို လုပ်နိုင်တယ်။ သို့သော်လည်း အရပ်သားအစိုးရလို့ ပြောတဲ့ သမ္မတဦးသိန်းစိန် တက်လာတဲ့ အရပ်သားအစိုးရနောက်ပိုင်းမှာ စပြီးတိုက်ခိုက်လာတာကို တွေ့ရတယ်။ တိုက်တဲ့နောက်ပိုင်းမှာလည်း ကျနော်တို့ အခုအချိန်ထိ ခုနှစ်ကြိမ် အနည်းဆုံး KIO ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရဖက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက တွေ့ဆုံခဲ့တယ်။
အဲဒီ တွေ့ဆုံပွဲ အတွေ့အကြုံအရဆိုရင် နိုင်ငံရေးကို ဆွေးနွေးသွားဖို့ကို ပြောကြတယ်။ ပြီးတော့ အပြန်အလှန်ယုံကြည်မှု ရှိဖို့အတွက်။ တိုက်ပွဲတွေဖြစ်နေတဲ့နေရာကနေ နှစ်ဖက်တပ်များကို ဆုတ်ခွါပေးဖို့အတွက် သဘောတူညီချက်တွေလည်း ထုတ်ပြန်တာမျိုးတွေ ရှိခဲ့တယ်။ စစ်တပ်က အဲဒါကို လိုက်နာမှုမရှိဘူး။ အဲဒါကြောင့် အခုအခြေအနေမှာက တကယ်ပဲ အစိုးရက စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားလားဆိုတဲ့အချက်က မေးခွန်းကြီး ဖြစ်လာပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးနော်ဒင်း ကို ဆက်ပြီးမေးချင်တဲ့အချက်က ဦးအောင်သောင်း အကြောင်းကို ပြောလာတော့။ အခုအခါမှာ ဦးအောင်သောင်းလည်း မပါတော့ဘူးလို့ ပြောပါတယ်။ အဲဒီတချက်ကိုလည်း မေးချင်တယ်။
နောက် စစ်တပ်က မလိုက်နာဘူးဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ကြားတဲ့ သတင်းတချို့ ကို ပြောပါရစေ တချို့ က ဘာပြောသလဲဆိုရင် ဘယ်သူနဲ့ စကားပြောရမလဲ၊ ငြိမ်းချမ်းရေးတခါတည်းမိသေးအောင်။ ပွဲပြတ်အောင်ဆိုပြီးမေးတယ်။
သို့ပေမယ့် ကချင်ဖက်မှာက ကေအိုင်အို ခေါင်းဆောင်တွေက သူတို့တပ်ကို သူတို့ထိန်းလို့ရသည့်တိုင်အောင် ကချင်ပြည်သူစစ်တွေ ဖွဲ့စည်းထားတယ်။ အဲဒီ ပြည်သူစစ်တွေက ဗဟိုကအမိန့်ပေးတာကို အတိအကျ မလိုက်နာဘူး၊ ပြည်သူစစ်တွေဒဏ်ကို စစ်တပ်ကလည်း အတော်ခံရတယ်လို့ ဆိုပါတယ်။ အဲဒီအချက် ဘယ်လောက်မှန်ပါသလဲ။
ကိုနော်ဒင်း ။ ။ လုံးဝမမှန်ကန်ဘူး။ သက်သေလည်း မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကေအိုင်အိုဖက်က အရပ်သားအဖွဲ့တွေကို ဖွဲ့စည်းထားတာကတော့ မှန်ပါတယ်။ သို့သော်လည်း အရပ်သားအဖွဲ့တွေအားလုံးက သက်ဆိုင်ရာဒေသအသီးသီးမှာ အခြေစိုက်ထားတဲ့ သက်ဆိုင်ရာ တပ်ရင်းတွေအောက်မှာ စစ်ရေးနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှုတွေအားလုံးက အမိန့်ကို လိုက်နာရတာဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း ကို ပြန်မေးချင်ပါတယ်။ အခု ကျနော်တို့ဆီက သတင်းထောက်က စောစောကပဲ ငြိမ်းချမ်းရေးအဖွဲ့သစ်ရဲ့  အဖွဲ့ဝင်ဝန်ကြီးတယောက်ကို မေးတယ်။
သူတို့ဟာ ကချင်နဲ့ အရင်တွေ့မယ်။ တွေ့ပြီးတော့ အကုန်လုံး ဘက်စုံပါဝင်တဲ့အဖွဲ့တွေနဲ့ တွေ့မယ်။ မျက်နာစုံညီတွေ့မယ်လို့ ပြောပါတယ်။ ကချင်နဲ့ မတွေ့ခင်မှာ အရင်တုန်းက ဦးအောင်သောင်းနဲ့ တွေ့မယ်။ ဒါပေမဲ့ မပြေလည်ဘူး၊ ပျက်သွားတယ်။ အခု ဦးအောင်သောင်း မပါဘူး။ ဦးစိုင်းမောက်ခမ်း ဦးဆောင်ပြီးတွေ့မယ်။ ဦးခွန်စိုင်း ပြောတဲ့ make-up လိမ်းပြီးတော့ တွေ့တယ်ဆိုတော့ ပိုပြီးအမြင်ကောင်းတဲ့ အခြေအနေမျိုးများ မဖြစ်လာနိုင်ဘူးလား။ မထင်ဘူးလား။
ကိုနော်ဒင်း ။ ။ ကချင်တွေဖက်ကတော့ အဲဒီလိုမျိုး မျှော်လင့်ပါတယ်။ အဓိကတော့ နိုင်ငံရေးကို တက်လှမ်းနိုင်မယ့် ဆွေးနွေးပွဲမျိုးကို ကချင်ဖက်က လိုလားနေတာဖြစ်တယ်။ သမ္မတဦးသိန်းစိန် အစိုးရကိုလည်း တောင်းဆိုထားတဲ့အချက်ရှိတယ်။ အဓိကတော့ ပြဿနာတွေအားလုံးကတော့ ပင်လုံကနေ စလာတာဖြစ်တယ်။ ပင်လုံကတိကဝတ်ကို ကတိမတည်တော့ အခုလိုမျိုး ပြဿနာတွေ ဖြစ်လာတာဖြစ်တော့ တွေ့ဆုံပွဲတွေအားလုံးက အဲဒီဖက်ကို ဦးတည်သွားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ရမယ်။
ဦးကျော်ဇံသာ ။ ။ ကိုနော်ဒင်း အဲဒီတော့ ကချင်ကလွဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အင်အားစု အတော်များများနဲ့ နားလည်းမှုလည်း အတော်ရလာပြီ။ မကြာခင်က ဒီရက်အတွင်းမှာပဲ CNF နဲ့ လက်မှတ်ရေးထိုးကြတယ်။ ဘာခြားနားသလဲ။ 
တခြားတိုင်းရင်းသားတွေကလည်း ပင်လုံက သဘောတူညီချက်ကို အကောင်အထည်ဖော်ပါ။ နိုင်ငံရေးအရ ဖြေရှင်းဖို့ကို ပြောကြတယ်။ ကချင်ကတော့ ဒီအတိုင်းပြောတယ်။ ပြောတဲ့နေရာမှာ ဘယ်သူမှမထူးဘူး။ အတူတူပဲ တိုင်းရင်းသားတိုင်း ဒီစကားပဲပြောကြတယ်။ ဘာဖြစ်လို့ ကချင်က ဝကွက်ပြီး ပြဿနာတက် ကျန်ရစ်တယ်လို့ ထင်သလဲ။  ကိုနော်ဒင်း ရဲ့  ပုဂ္ဂိုလ်ရေးအမြင်ကို သုံးသပ်ပြပါ။
ကိုနော်ဒင်း ။ ။ အဓိကတော့ အခုအခြေအနေမှာ ကချင်ပြည်သူလူထုတွေအားလုံးကလည်း ထူးခြားမှုတခုရှိတယ်။ ကချင်ပြည်သူလူထုက လူမျိုးတွေအများစုက ခရစ်ယာန်တွေဖြစ်တယ်။ သူတို့အားလုံးက အသင်းတော်မှာ ဆုတောင်းတာပဲဖြစ်ဖြစ် အားလုံးက တိုက်ပွဲတွေရပ်သွားဖို့ ဆုတောင်းတာ မရှိတော့ဘူး။ အရင်က ငြိမ်းချမ်းရေးကာလတုန်းကတော့ ဗမာပြည် ငြိမ်းချမ်းဖို့အတွက်၊ ကချင်ပြည်နယ် ငြိမ်းချမ်းဖို့အတွက်  ကချင်ပြည်သူတွေအားလုံးကတော့ ဆုတောင်းကြတယ်။ သို့သော်လည်း ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေဖြစ်လာတဲ့နောက်ပိုင်းမှာ ကချင်လူမျိုးတွေအားလုံးက ကချင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်၊ ကချင်လူမျိုးတွေ ရသင့်ရထိုက်ဖို့အတွက် အချုပ်အခြာအာဏာကို ရဖို့အတွက် ကျနော်တို့ ကချင်လူမျိုးတွေအားလုံးက ဆုတောင်းနေကြတာဖြစ်တယ်။
အဲဒီအချက်ကို အခြေခံပြီးမှ ကေအိုင်အို ဖက်ကလည်း ကချင်လူမျိုးတွေ လိုလားတဲ့ နိုင်ငံရေးရပိုင်ခွင့်အတွက် အခုအခြေအနေမှာတော့ လမ်းမှန်မှန်ရောက်ပြီးမှ ကချင်လူမျိုးတွေအားလုံးရဲ့  ထောက်ခံမှုကို အပြည့်အဝရနိုင်တဲ့ အကောင်းဆုံး၊ အမြင့်မားဆုံးရနိုင်တဲ့ အခြေအနေကို ရောက်လာပြီဆိုတဲ့ အချက်ကို ကျနော်အနေနဲ့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးခွန်စိုင်း နည်းနည်းဖြည့်စွက် ဆွေးနွေးစေချင်ပါတယ်။ ကချင်ဒေသမှာမှ ဘာဖြစ်လို့ ပြဿနာ မပြေမလည် ဖြစ်နေရတာလဲ။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း ကိုနော်ဒင်း ပြောသလို ကချင်တိုင်းရင်းသားတွေ လိုချင်သလို ဖယ်ဒရယ် လိုချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် လိုချင်ကြတယ်။ နိုင်ငံရေးကိစ္စကို ပြေလည်ချင်ကြတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ကချင်နဲ့ ဒီကိစ္စကို ညှိလို့မရဖြစ်နေတာလဲ။
ဦးခွန်စိုင်း ။ ။ ကချင်နဲ့က တခြားအဖွဲ့တွေနဲ့ မတူနိုင်တာကတော့ သူက ခါးသည်းတဲ့အတွေ့အကြုံကို ရလိုက်တယ်။ မထင်မှတ်ဘဲနဲ့ စစ်ပွဲဖြစ်လာတဲ့အခါကြတော့ ဒီခါးသည်းတဲ့ အတွေ့အကြုံအရ သူတို့က နိုင်ငံရေးဖက်က အရင်ဖြေရှင်းချင်တယ်လို့ အဲဒီလိုမျိုး သူတို့အနေနဲ့ တောင်းဆိုမှု ဖြစ်လာတယ်လို့ ထင်ပါတယ်။
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျနော်ထင်တာကတော့ ပင်လုံအခွင့်အရေး၊ ပြည်နယ်တွေ အခွင့်အရေးရဖို့ဆိုလို့ရှိရင် ရှမ်းပြည်နယ်ကြီးပဲ သက်သက်တောင်းလည်းမရဘူး။ ကရင်ပြည်နယ်သက်သက် တောင်းလည်းမရဘူး။ ရခိုင်ပြည်နယ်ကြီးသက်သက်ပဲ တောင်းလို့မရဘူး။ ပြည်နယ်တွေအားလုံးက ဝိုင်းဝန်းပြီးမှ အတူတူတွဲ တောင်းရမယ်။ ဒါတင်မကဘူး တိုင်းဒေသကြီးတွေနဲ့ ပေါင်းပြီး ထပ်တောင်းရမယ်။ အဲဒီလိုမှ ဖြစ်နိုင်မယ်။ ကျနော်တို့ တပြည်နယ်ထဲ တောင်းတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာကို မြင်ကြတာကို တွေ့ရပါတယ်။
ဦးကျော်ဇံသာ
VOA
သတင်းသုံးသပ်ချက်ကဏ္ဍ
ဗုဒ္ဓဟူး, 09 မေ 2012
http://www.voanews.com/burmese/news/news-analysis/news_analysis_05-09-2012-150872905.html
Unknown at 10:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး

ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ (၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။

AFP
ဘင်္ဂလားပင်လယ်အော် ကမ်းခြေတစ်ခုဖြစ်သည့် ချောင်းသာတွင် ဈေးသည်များ သောင်ပြင်တလျှောက် ဈေးလိုက်ရောင်းနေပုံကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်။
မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက ချောင်းသာ ကျေးရွာသားတွေကို မနေ့က အစည်းအဝေး ခေါ်ယူပြီး အမိန့်ပေးခဲ့တာလို့ ရွာခံ ကိုမျိုးဦးက ပြောပါတယ်။ “ကျနော်တို့ ဒီ ဥက္ကဋ္ဌရယ် မြေစါရင်းဦးစီးရယ်၊ ဦးစီးမှူးရယ်၊ စခန်းက နယ်ထိန်းအင်ချက် တယောက်ပါတယ်ပေါ့။ ဒီမြေကြီးပေါ်မှာ လက်ရှိဝယ်နေတဲ့သူတွေကတဲ့ ဒီနိုင်ငံတော်က (၉၃)ခုနှစ်က နေပြီးတော့တဲ့ သိမ်းထားတဲ့မြေကြီးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လုံးဝဖယ်လိုက်ပါလို့ သူတို့က ဒါမျိုးပြောတယ်။ အိမ်ခြေ (၂၅၀) အကျော်မှာ ရှိတယ်။ လူဦးရေ (၆၀၀)ကျော် (၇၀၀) ရှိတယ်။ ရက်ပေါင်း (၉၀) ၃လလို့ သူတို့က သတ်မှတ်ပေးတယ်။ အဲဒီသုံးလအတွင်းမှာ မဖျက်ဘူး ဆိုလို့ရှိရင် ထောင်တစ်လ နို့တစ်ထုတ်တယ်။” ချောင်းသာရွာဒေသဟာ ၂၀၀၀ ပြည့်နှစ်တွေက ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အဖြစ် ဖွင့်လှစ်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်မြေစာရင်း ဦးစီးဌာနကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ချောင်းသာ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းကတော့ ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စ ရဲစခန်းက မသိကြောင်း ပြောပါတယ်။
RFA-Burmese
Unknown at 10:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားသမားကို ဝိုင်းဝန်း ထိုးကြိတ်မှု



ထိုးကြိတ်ပြီးနောက်လက်ထိတ်ခတ် ဆွဲခေါ်လာစဉ် (ဓါတ်ပုံ- လူမင်းသောင်းထွန်း)

မနေ့က ညနေ ၆ နာရီက ကော့ကရိတ် မြို့နယ်မှ ဖားအံဘက်အထွက် ဂျိုင်းမြစ်ကူးတံတား ဂိတ်တွင် ကားဒရိုင်ဘာတစ်ဦးကို စစ်ဆေးရေးရဲငါးဦးမှ ၀ိုင်းဝန်းထိုးနှက် ပြီးဖမ်းဆီခေါ်ဆောင်လာစဉ် ။ (ဓာတ်ပုံ သူရမျိုး Facebook)

အထိုးခံရသူမှ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆိုတာဘာလဲ ။မင်းတို့ တောင်းတိုင်းမပေးလို့ ထိုးရသလား ဆို အော်ဟစ် လိုက်ပါသွားသည်

အဖမ်းခံရသူမှာ ပုဆိုးပြဲကျွတ်ပြီးမြေကြီးပေါ်လဲသည်အထိ မင်းမဲ့စရိုက်ဆန်စွာ ပြုကျင့် ဖမ်းစီးခဲ့သည်။

ဆိုပါဖြစ်ရပ်အား ကလိုထူးဘောသတင်းစာရှင်းလင်းပွဲမှပြန်လာသောမီဒီယာများ ဓါတ်ပုံရိုက်နိုင်ခဲ့သည်။

ကားပေါ်ကလှမ်းကြည့်လိုက်တော့ ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ ထိုးနေတာတွေ့ရတာဘဲ ဂိတ်မှာ ။ ဒါနဲ့ အချင်းချင်းရန်ဖြစ်တယ်ဘဲထင်တာ ။ သတင်းသမားတွေတော့ဆင်းသွားကြတာဘဲ ။ နည်းနည်းကြာတဲ့အထိပွဲကမပြီးသေးလို့ဆင်းကြည့်မှ ရဲက ကားသမားတစ်ဦးကိုဝိုင်းထိုးနေကြတာ မီဒီယာတွေအုံရိုက်တော့မှ လက်ထိပ်ခပ်ဖမ်းသွားတာ ဘဲ။ ပုဆိုးတွေလည်းပြဲလို့ ။ အော်လို့ဟစ်လို့ဘဲ ။

(Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံ ၂ ပုံနှင့် အချက်အလက် တချို့ကို ကူးယူ ဖော်ပြပါသည်)

ဧရာဝတီ...
Unknown at 10:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်


ရန်ကုန်၊ မေ ၁၂

နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

"တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ" ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။

The Voice Weekly
Unknown at 10:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ


မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး (YPI)

မန္တလေးမြို့အပြင်ဘက် အဝေးပြေးကားလမ်းဘေးများ အနီးကျေးရွာ မြေကွက်များနှင့် လယ်ယာမြေ များကို တရုတ်လူမျိုး ကုန်သည်များမှ လိုက်လံဝယ်ယူလျှက်ရှိကြောင်း အဆိုပါရွာခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“မြို့ပြင်ဘက်က မြေတွေကို လိုက်ဝယ်နေတော့ မြေဈေးတွေက (၅)ဆလောက်တက်သွားတယ်”ဟု မြေပွဲစားတစ်ဦးက YPI သို့ပြောသည်။

ယခင်နှစ်ပိုင်းများက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြေကွက်များကိုသာ တရုတ်ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစားဝယ်ယူကြပြီး ယခုရက်ပိုင်းကာလအတွင်း ပြင်ဦးလွင်ကားလမ်း ဘေးနှင့် မတ္တရာကားလမ်းဘေးအနီးရှိ လူနေမြေကွက်များနှင့် လယ်ယာမြေများကို ရင်းနှီးမြှုပ်နှံဝယ်ယူ လာကြောင်း မန္တလေးမြို့ခံ မြေပွဲစားများထံမှသိရသည်။

“ဒီရက်ပိုင်းအတွင်းမှာ မြို့ပြင်ကမြေကွက်အတွက် အရောင်းအ၀ယ်စာချုပ် ချုပ်ဖို့ ဥပဒေအကျိုးဆောင် ပေးရတာ (၅)ခုလောက်ရှိသွားပြီ” ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါမန္တလေးမြို့ အပြင်ဘက်ကားလမ်းဘေးများရှိ မြေကွက်များနှင့် လယ်မြေများသည် ပိုင်ဆိုင်မှု ဂရန်များမရှိကြဘဲ အရပ်စာချုပ်ပိုင်ဆိုင်မှုများနှင့် ဘိုးဘွားပိုင် အရောင်းအ၀ယ်စာချုပ်များသာ ရှိကြပြီး မြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့်အခါ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၀ယ်ယူသူဘက်မှ ကိုယ်စားလှယ်၊ ရှေ့နေများနှင့် မြေပိုင်ဆိုင်သူ ရွာခံများဖြင့် လွှဲပြောင်းမှုလုပ်ကြကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။


ယခုလို အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုသည့်အခါ တရုတ်လူမျိုးကုန်သည်များသည် ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူမှုနည်းပါးပြီး ၄င်းတို့ယုံကြည်စိတ်ချရသည့် မြန်မာလူမျိုးမြေပွဲစားများကို အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) လွှဲအပ်ပြီး ၀ယ်ယူခြင်းမျိုး များပြားသည်ဟုလည်း ပွဲစားများက ပြောဆိုသည်။

“လောင်စာဆီဆိုင်ဖွင့်ဖို့နဲ့ ဂိုထောင်တွေဆောက်ဖို့မြေ၀ယ်တာလို့တော့ပြောတာဘဲ။ ဘိုးဘွား အစဉ်အဆက်က ဒီမှာနေလာတော့ ရွာခံအများစုက မရောင်းချင်ကြဘူး။ ဒါပေမဲ့ မြေတစ်ကွက်ကို သိန်း (၃၀၀) လောက်ထိပေးဝယ်နေတော့ ရောင်းဖြစ်သွားတဲ့ လူတွေလည်း ရှိပါတယ်”ဟု မန္တလေးမြို့ပြင် မြောက်ဘက်ရှိ ကြာနီကန်ကျေးရွာမှ ရွာခံတစ်ဦးကပြောသည်။

ထို့ပြင် တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေဒေသအေးချမ်းမှုမရှိသည့် ဖားကန့်နှင့်မြစ်ကြီးနားမြို့ရှိ ငွေကြေးချမ်းသာသည့် တရုတ်လူမျိုးကုန်သည်များသည်လည်း မန္တလေးမြို့ပြင်ရှိ မြေကွက်များအား ရင်းနှီးမြှုပ်နှံဝယ်ယူရန် စိတ်ဝင်တစားရှိကြောင်း အဆိုပါကုန်သည်များက ပြောသည်။

“နယ်မြေအခြေအနေသိပ်မအေးချမ်းတော့ အဲဒီမှာ ရင်းနှီးမြှုပ်နှံမှုသိပ်မလုပ်တော့ဘဲ မန္တလေးမှာ မြေကွက်တွေ ၀ယ်ထားလိုက်တယ်”ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိန်းထောင်ကျော် တန်ဖိုးရှိ မြေကွက်များ အား ၀ယ်ယူထားသူ  ကုန်သည်တစ်ဦးကဆို သည်။

“နောင်ဆိုရင် မန္တလေးမြို့က ပိုကျယ်လာဖို့ဘဲရှိတယ်။ အဲတော့ငွေရင်းနိုင်တဲ့သူတွေက မြို့ပြင်မှာရှိတဲ့ မြေကွက်ကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံထားရင် နောင်တစ်ချိန်အကျိုးအမြတ်များများရနိုင်တယ်”ဟု  မန္တလေးမြို့ခံ မြေပွဲစားတစ်ဦးကပြောသည်။

ယခင်က မန္တလေးမြို့စည်ပင်နယ်နိမိတ်အပြင်ဘက် မန္တလေးဈေးချိုတော်နှင့် မိနစ်(၂၀)ကြာ ဆိုင်ကယ်ဖြင့် သွားလာရသော ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြေကွက်များသည် ၁၉၉၅ ခုနှစ်က ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ငွေကျပ် ၁၅၀၀၀ ခန့်သာ တန်ဖိုးရှိခဲ့သော်လည်း ယခုကာလ ရက်ပိုင်းအတွင်း အဆိုပါမြေကွက်များသည် ငွေကျပ် သိန်း(၄၅၀)ခန့်ဝန်းကျင် တန်ကြေးရှိပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင်းရှိမြေကွက်များသည် နေရာအလိုက်အကွက်အကွင်းကောင်းပါက ကျပ်သိန်းထောင် ဂဏန်းမှ ကျပ်သိန်းသောင်းဂဏန်းအထိ တန်ကြေးရှိပြီး မြို့ပြင်မြေကွက်များမှာသိန်း(၂၀၀)၊ (၃၀၀)ခန့်သာ ပေါက်ဈေးရှိသည့်အတွက် မြို့ပြင်မြေကွက်များသည် မြို့တွင်းမြေကွက်များနှင့်နှိုင်းယှဉ် ပါက တန်ဖိုးများစွာလျော့နည်းခြင်းကြောင့် တရုတ်လူမျိုးရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် ပိုမို စိတ်ဝင်စားခြင်းဖြစ်နိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကမှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ကားဈေးကွက်နှင့် ကျောက်စိမ်းဈေးကွက် အေးနေခြင်းသည်လည်း ငွေရင်းနှီးမြှုပ်နှံသူများအဖို့ မြေဈေးကွက် ဘက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖွယ်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။      ။
 Yangon Press International
Unknown at 10:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

KIA ဆိုသည့်အဖွဲ့အစည်း မကြာခင်ပျောက်ကွယ်သွားတော့မည်




မြန်မာနိုင်ငံဟာ ကချင်၊ကယား၊ကရင် စတဲ့ တိုင်းရင်းသားမျိုးစုံနှင့်ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်ပါတယ်။ဒါ
တွေဟာ လွပ်လပ်ရေးရပြီးမှ တပ်မတော်အစိုးရအုပ်ချုပ်ချိန်မှ စတင်သိမ်းပိုက်အုပ်ချုပ်ခဲ့တာမဟုတ်ပါ
ဘူး။ရှေးအစဉ်အဆက်ဘိုးဘွားဘီဘင် လက်ထက်ကနေ စည်းလုံးညီညွှတ်သော မြန်မာနိုင်ငံတော်အ
ဖြစ်ရပ်တည်ခဲ့တာပါ။လွပ်လပ်ရေးကြိုးပမ်းချိန်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ပင်လုံညီ
လာခံမှာ မြန်မာတွေစည်းလုံးညီညွှတ်ကြောင်း၊တောင်တန်းမြေပြန့်မခွဲခြားပဲတစ်သွေးတည်းရှိနေတာ
ကို ပင်လုံစာချုပ်နှင့်သက်သေပြခဲ့ကြတာပါ။ပင်လုံစာချုပ်ပါအကြောင်းအရာများထက် လွပ်လပ်ရေးရ
ရှိဖို့ကိုသာရှေ့ရှု့၍ ညီညွှတ်ကြောင်းအဓိကပြခဲ့ခြင်းဖြစ်ပါတယ်။လွပ်လပ်ရေးရသွားချိန်ပင်လုံစာချုပ်
ကိုဦးဆောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားချိန်မှာတော့ မြန်မာတွေညီ

ညွှတ်ပါတယ်ဆိုတာပင်လုံစာချုပ်ပေါ်မှာပဲရှိပါတော့တယ်။သောင်းကျန်းသူ၊လက်နက်ကိုင် တိုင်းရင်း
သားအမျိုးမျိုး၊နိုင်ငံရေးအဖွဲ့အစည်းအမျိုးမျိုးနှင့်မြန်မာနိုင်ငံဟာအမှောင်ဖုံးလွှမ်းသွားပြန်ပါတယ်။တ
ဆင့်ဆင့်နဲ့မညီညွှတ်ခဲ့ကြတဲ့တိုင်းပြည်ကို အရေးအခင်းပြီးတော့တပ်မတော်က စတင်အုပ်ချုပ်ကာ
အကြောက်တရားနှင့်အုပ်ချုပ်ချိန်မှသာ အစိုးရကိုအစိုးရမှန်းသိ သေနတ်ကိုသေနတ်မှန်းသိခဲ့တာ
သောင်းကျန်းသူ(ခေါ်)တိုင်းရင်းသားလက်နက်ကိုင်စစ်သွေးကြွတွေတောပုံးခဲ့ကြရတယ်။ပြည်သူလူ
ထုကိုဆပ်ကြေးကောက်ကာ အဖွဲ့အစည်းစားဝတ်နေရေးအတွက်သေနတ်ကိုင်ကာမင်းမူခဲ့ကြတဲ့
လက်နက်ကိုင်သောင်းကျန်းသူတွေဟာ တိုင်းရင်းသားနယ်မြေတွေနယ်စပ်ဒေသတွေမှာ အခိုင်အမာ
စခန်းချနေထိုင်ခဲ့ကြပါတယ်။လုပ်ကိုင်တဲ့အလုပ်တွေကတော့ သေနတ်ကိုင်ပြီး ပြည်သူတွေအပေါ်
ဆပ်ကြေးကောက်၊ဒုက္ခပေးကာကိုယ်ကြိုးရှာတဲ့ ဓါးပြအလုပ်တွေဖြစ်ပါတယ်။ထိုမှတဆင့်အဖွဲ့အ
စည်းရဲ့ဝင်ငွေမဲ့နေလျှင် မူးယစ်ဆေးဝါးစိုက်ပျိုးထုပ်လုပ်ကာ ပြည်တွင်းပြည်ပသို့မှောင်ခိုရောင်းချရင်း
ခေါင်းဆောင်ကြီးများရဲ့ချမ်းသာရေးဘက်အားစိုက်လာကြပါတယ်။တပ်မတော်အစိုးရ၏ သောင်းကျန်းသူသူပုန်များအားရှင်းလင်းတိုက်ထုပ်ချိန်မှာပြေးစရာမြေမ၇ှိဖြစ်ခဲ့ကြတဲ့၎င်းသောင်းကျန်းသူများသည်တိုင်းရင်းသားအဖွဲ့အစည်းအမည်ခံကာ ပင်လုံစာချုပ်ကိုအကြောင်းပြကာ မိမိပြည်
နယ်လွပ်လပ်ရေး၊နိုင်ငံထူထောင်ရေးဟုလူကြားကောင်းအောင်ပြောခဲ့ကြပြန်ပါတယ်။
အစိုးရ၏အင်အားအလုံးအရင်းနှင့်ဝင်တိုက်ချိန်တွေမှာ ကမ္ဘာ့အလယ်မှာ အစိုးရကပဲ၎င်းတို့အပေါ်မ
တရားတိုက်ခိုက်ထိုးစစ်ဆင်နေသလိုအော်ခဲ့ကြပါတယ်။ထိုအချိန်က ပြည်ပမီဒီယာသမားတွေမှလည်း တပ်မတော်အစိုးရအားအတိုက်အခံလုပ်နေတဲ့ပြည်ပြေးတို့နှင့်အ
တိုင်အဖောက်ညီကာ မီဒီယာနှင့်ကမ္ဘာကိုသတင်းမှားတွေထုပ်လွင့်ပြသခဲ့ကြပါတယ်။ထိုသို့ဖြင့်၎င်း
တို့အဖွဲ့အစည်းသည်အသက်ဆက်လာခဲ့သည်မှာယနေ့တိုင်ဖြစ်သည်။ယနေ့မြန်မာနိုင်ငံသည်ပြုပြင်
ပြောင်းလဲရေးများဖြင့်အရှိန်အဟုန်မြင့်ဆောင်ရွက်လာချိန်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေးကိုအဓိက
ထားဆောင်ရွက်လာရပါတယ်။လိုချင်တာပေးငြိမ်းချမ်းရေးရဖို့သာအဓိကထားဆွေးနွေးခဲ့ရာအခြား
သောငြိမ်းချမ်းရေးလိုလားတဲ့အဖွဲ့အစည်းများစွာမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု့များပြုလုပ်၇င်းငြိမ်းချမ်း
ရေးရယူချိန်မှာတော့ ကချင်ပြည်ရဲ့ကချင်နိုင်ငံထူထောင်ရေးတပ်မတော် KIA တို့မှာငြိမ်းချမ်းရေးမယူ
နိုင်ခဲ့ကြဘူး။အစိုးရနှင့်ငြိမ်းချမ်းရေးယူလိုက်လျှင်၎င်းတို၏မှောင်ခိုသစ်ခိုးထုပ်ခြင်း၊မူးယစ်ဆေးဝါးထုပ်လုပ်ခြင်းနှင့် တွင်းထွက်ပစ္စည်းများထုပ်လုပ်သည့်ကုမ္မဏီများမှ လက်နက်ပြကာ
ခြိမ်းခြောက် ဆပ်ကြေးကောက်လို့ရတော့မည်မဟုတ်တော့ပါဘူး။နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေး
ဆွေးနွေးရန်အကြိမ်ကြိမ်ကန်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခြင်းများ၊မဖြစ်နိုင်သည့်တောင်းဆိုမှုများ
စွာတွေတောင်းဆိုကာငြိမ်းချမ်းရေးဆွေးနွေးခြင်းတွေကိုဖယ်ချခဲ့ကြပါတယ်။
ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ကချင်ပြည်သူလူထုတွေအတွက်ဟုဆိုကာ ကချင်ပြည်နယ်မှာမိုင်းများ
ထောင်၊လမ်းတံတားတွေကိုဖောက်ခွဲပြီးကချင်လူထုကိုမထောက်ထား မိမိတို့အဖွဲ့အစည်းကောင်းစား
ရေးအတွက်ပြည်သူလူထုကိုအမျိုးမျိုးဒုက္ခပေးခဲ့ကြပါသည်။သို့ပါသော်လည်း ၎င်းမိုင်းထောင်ဖောက်
ခွဲခြင်းများသည် KIA မဟုတ်ဟုငြင်းချက်ထုပ်ခဲ့ကြပါသေးတယ်။
အစိုးရ၏ထိုးစစ်ကိုမခံနိုင်ဖြစ်ကာ အခြေစိုက်စခန်းများအလုံးအရင်းကျဆုံးနေချိန်မှာတော့ ငြိမ်းချမ်း
ရေးဆွေးနွေးရန်ကမ်းလှမ်းလာပြန်ပါတယ်။သို့သော်လည်း KIA ဘက်မှစတင်ကာ တပ်မတော်အား
တိုက်ခိုက်နေခဲ့ပြန်သည်။ယခု KIA/KIO ခေါင်းဆောင်ကြီးများသည် တိုက်ပွဲများပြင်းထန်စွာရှုံးနေ
သောကြောင့်နယ်မြေမှစွန့်ခွာကာ လုံခြုံသောနေရာသို့ထွက်ပြေးတိမ်းရှောင်နေရပါသည်။ပြည်သူလူ
ထု၏ထောက်ခံမှု့မရတော့ပဲ တပ်မတော်မှလည်းအလုံးအရင်းဝင်ရောက်တိုက်ခိုက်နေသောကြောင့်
နည်းဗျူဟာအမျိုးမျိုးသုံးကာအသက်ဆက်ရပ်တည်နိုင်ရေးကြိုးပမ်းနေခဲ့ရပါတယ်။လက်အောက်မှ
KIA တပ်သားများမှာလည်း၇ိက္ခာပြတ်တောက်ခြင်း၊တိုက်ပွဲများပြင်းထန်ခြင်း၊ကျဆုံးခြင်းများအများ
အပြားရှိနေသောကြောင့်စိတ်ဓါတ်များကျဆင်းနေကြသည်။ထိုကြောင့် KIA သည်မကြာခင်မျိုးတုံး
ပြီးငြိမ်းချမ်းရေးမရ စစ်ရှုံးကာ အသက်ပေးရတော့မည်သာဖြစ်တော့သည်။KIA သည်ခေတ်မကောင်းချိန်မှာ ဓါးပြ၊သောင်းကျန်းသူအဖွဲ့အစည်းသာဖြစ်ပြီးခေတ်ကောင်းလာပြန်တော့
နိုင်ငံရေးအမြတ်ထုပ်သတ္တ၀ါဖြစ်လာပြန်သည်။မှောင်ခိုစီးပွားရေးများဖြင့်သာ လက်အောက်ခံရဲဘော်များကိုလစာထောက်ပံ့ကြေးများပေးနေခြင်းဖြစ်ပြီး၊ယခုကဲ့သို့တပ်မတော်အစိုး
ရနှင့်တိုက်ခိုက်နေချိန်တွင်KIA အဖွဲ့အစည်းတစ်ခုလုံးသည်လူအင်းအားလျော့နည်းခြင်း၊ရိက္ခာပြတ်
တောက်ခြင်း၊ခေါင်းဆောင်များမှာလည်း ၎င်းတို့ပြေးပေါက်ကိုစည်းစိမ်များအပြည့်ယူသွား၇န်ပြင်ဆင်
နေခြင်းတို့ကြောင့်မကြာမှီ KIA ဆိုသည့်အဖွဲ့အစည်းသည်ကချင်ပြည်နယ်တွင်သာမက မြန်မာ့မြေ
ပေါ်တွင်ခြေချစရာမ၇ှိ ပြောက်ကွယ်သွားတော့မည်ဖြစ်ပါသည်။
Myanmar Express
Unknown at 10:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.