Wednesday, February 8, 2012

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

http://mdsng.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း
Unknown at 3:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၀ ပြည့်နှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု သက်မွန်မြင့် ရရှိ

အာဒံရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆွတ်ခူးသွားသော ပရိသတ်အချစ်တော် သက်မွန်မြင့်ကို အကယ်ဒမီရွှေစင်ရုပ်တုဖြင့် ယှဉ်တွဲတွေ့ရစဉ်။
အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု " အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကား "
အကောင်းဆုံးဒါရိုက်တာဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ )
အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု " ပြေတီဦး " (အာဒမ်ရယ် ဧ၀ရယ် ဒသရယ် )
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု " ပန်းချီစိုးမိုး " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု " သက်မွန်မြင့် " ( အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်)
အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု " ဝေဠုကျော် " (ပင်လယ်ထက်ကနေ၀န်းနီ)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု " ၀ါဝါအောင် " (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်)
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု " ဦးမြင့်ခိုင် " (ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကား)
အကောင်းဆုံးရုပ်ရှင်တေးဂီတဆု " မြန်မာပြည်ကျောက်စိမ်း " ( အငိုမျက်လုံးအပြုံးမျက်နှာ)
အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ)
By: သစ်ထူးလွင်
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရနှင့် KNU/KNLA အဖွဲ့ တို့ အချက်(၇)ချက် လက်မှတ်ရေးထိုး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA  အဖွဲ့တို့ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် ၇- ချက် ကိုလတ်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU / KNLA  အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမြင်ကွင်းပဏာမအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက် ၇- ချက်

(က) တပ်မတော်နှင့် KNU/KNLAငြိမ်းချမ်းရေးကောင်စီတို့အကြား လက်ရှိတည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းမည်။

(ခ) KNU/KNLAငြိမ်းချမ်းရေးကောင်စီ ဝင်များကို မဲလ၊ ထို့ကော်ကိုး နေရာတွင် အခြေပြုနေထိုင်ရန် သဘောတူသည်။

(ဂ) နှစ်ဖက်အပြန်အလှန်ပြောဆိုဆက်ဆံ ဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် နှစ်ဖက်သဘောတူညီသော နေရာများတွင် နှစ်ဖက်သဘောတူညီသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေးဌာန စခန်းများကို ထူထောင်မည်။
ကုမ္ပဏီ၏ စီးပွားရေးဆက်ဆံရေး ရုံးများကို ဘားအံ၊မြ၀တီ၊ဘုရားသုံးဆူ ၊မောတောင် ကော့သောင်း တို့တွင် ထားရှိမည်။

(ဃ)နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဖက်ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည်။

(င)ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KNU/KNLAငြိမ်းချမ်းရေးကောင်စီ မှ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့သည်နှစ်ဖက်သဘောတူညီသော နေရာ အချိန်ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်  အေးချမ်းရေး ၊ ဖွံဖြိုးတိုးတက်ရေး တပ်ဖွဲ့ဝင်များ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရသည် အထိ ဆက်လက်  ဆွေးနွေးရန် သဘောတူသည်။

(စ)ပဏာမ ငြိမ်းချမ်းရေးဆောင်ရွက် ပြီးသည့်နောက်တွင် တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသားတို့၏ ပြန်လည်ဝင်ရောက် အခြေချနေထိုင်မည့် နေရာတွင် ၄င်းတို့၏ စားဝတ်နေရေး ကျန်းမာရေး လမ်းပန်း ဆက်သွယ်ရေး၊  ရေ၊ မီး  အစရှိ သည့် ဖွံ့ဖြိုးရေး  လုပ်ငန်းများ အတွက် အလျင်အမြန် အကောင်ထည်ဖော်  ဆောင်ရွက်နိုင်ရေး  အတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူကိုယ်ထ လုပ်ဆောင်ခွင့်ကို ပံ့ပိုး သွား မည်။

(ဆ) KNU/KNLA  ငြိမ်းချမ်းရေးကောင်စီ  မှတင်ပြထားသော ငြိမ်းချမ်းရေး အဓိပ္ပါယ်ဖွင့်ဆိုချက် အပေါ် မူအားဖြင့် သဘောတူညီ၍ နှစ်ဦးနှစ်ဖက်မှ ကြိုးပမ်း သွားမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းမ်
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ထမ်းလစာတိုးပေးရေး သူရဦးရွှေမန်း အဆို ပြည် ထောင်စုလွှတ်တော်က အတည်ပြု

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်း
သန့်ရှင်းသော အစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာစေရန် နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများ ကို လာမည့် ဘဏ္ဍာရေး နှစ်အစတွင် မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအ၀င် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦး ရွှေမန်းတင်ပြသည့် အဆိုကို ပြည် ထောင်စုလွှတ်တော်က အတည်ပြုခဲ့ ကြောင်း သတင်းရရှိပါသည်။
ဖေဖော်ဝါရီလ ၇ရက်နေ့ကပြု လုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမနေ့အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး လက်ငင်း ရေတိုနှင့် ရေရှည်အကျိုး များအတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“အမှန်အတိုင်း ၀န်ခံပြောဆိုရ မည်ဆိုလျှင် ယနေ့တာဝန်ထမ်း ဆောင်နေကြသော နိုင်ငံ့ဝန်ထမ်း များ၏လက်ရှိရရှိနေသော လုပ်ခ၊ လစာ၊စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ ခေတ်ကာလနှင့် လိုက်လျော ညီထွေမရှိကြပါ။ အခြေခံ စားဝတ် နေရေး၊ လူမှုရေးအတွက် လောက်ငှ စွာမရရှိပါ။ ဒါကြောင့် ကျွန်တော်၏ တင်ပြချက်သည် ယနေ့ဝန်ထမ်း များ၏ လခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျှင်အမြန်တိုးပေးရန်လိုသည် ဆိုတဲ့ အချက်ကို တင်ပြရခြင်းပဲဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက အဆိုပြုချက် ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။
“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ လစာတိုးမြှင့်ပေးခြင်းအားဖြင့် ကုန်ဈေးနှုန်းကြီးမြင့် လာမည့် စိုးရိမ်မှုများ ရှိနေသော်လည်း ထိုစိုးရိမ်မှုများဖြင့် ၀န်ထမ်းများ၏ လိုငွေကို ယခုအတိုင်း ဆက်လက်ထားရှိရန် မဖြစ်သင့်တော့ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
“ထိုသို့ လစာနှင့်စရိတ်များကို တိုးပေးလျှင်လည်း ကုန်ဈေးနှုန်းကြီးမြင့် လာနိုင်တယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမယ်၊ ငွေကြေးဖောင်းပွနှုန်းတွေ ဖြစ်လာမှာစိုးလို့ ထိုက်သင့်သော လုပ်ခ၊ လစာချီးမြှင့်မှုနှင့် စရိတ်များဒီလိုပဲ ဆက်ထားနေလျှင် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ပိုင်းဘ၀၊ ရုပ်ပိုင်းဘ၀များအား ထိခိုက်ကာ ယင်းတို့၏ လိုငွေကို နည်းလမ်းမျိုးစုံသုံးပြီးရှာကြရပါမယ်။ ကိုယ့်လုပ်အား ကို အရင်းတည်ပြီး ဆရာ၊ ဆရာမများက အချိန်ပိုကျူရှင်ပြရတာ၊ ဆရာဝန်၊ သူနာပြုကပြင်ပဆေးခန်းမှာ ညဥ့်နက်သန်းခေါင်အထိ ဆောင် ရွက်နေရတာ၊ ရငွေ၊ လုပ်ခ၊ လစာ မလုံလောက်လို့ ပြင်ပနိုင်ငံများသို့ ထွက်ခွာအလုပ်လုပ်ရတာ၊ ထိုသို့ လုပ်ရာတွင်လည်း မိမိပညာနှင့် အဆင့်အတန်းကို နှိမ့်ချပြီးလုပ်နေရတာတွေ ရှိနေဦးမှာဖြစ်ပါတယ်။ ၀န်ထမ်းများ လုပ်ငန်းခွင်ပျော်စေရေး ကျောင်းသားများ ကျောင်းနေပျော်စေရေး၊ တပ်မတော်သားများ တပ်နေပျော်စေရေးတို့အတွက် တာဝန် နှင့် လုပ်ပိုင်ခွင့်အခွင့်အရေး၊ လုပ်ခ၊ လစာ၊ စရိတ်ချီးမြှင့်မှုများဟာ အဓိကသက်ဆိုင်တယ်ဆိုတာ သတိပြုရ မှာဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောပါသည်။
လက်ရှိအချိန်တွင် လုပ်ခ၊ လစာနည်းခြင်းကို အကြောင်းပြုပြီး ၀န်ထမ်းများအနေဖြင့် လာဘ်စားနေကြသည်ကို စိတ်မကောင်းဖွယ် ကြားသိနေရကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။
“အခြားအချို့ဌာနများမှ တာ ၀န်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများကလည်း လုပ်ခ၊ လစာ နည်း ခြင်းကို အကြောင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာ တမ်းကြေးများ တောင်းယူခြင်းနှင့် အခြားမလျော်ကန်သော လာဘ်ပေး လာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့၊ ဌာနအများစုလိုလိုပင် တစ်ခုမဟုတ်တစ်ခု ပုံစံ အမျိုးမျိုးဖြစ်ပေါ်နေတာကို ၀မ်းနည်းစွာ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောပါသည်။
“ဒီအခြေအနေများကြောင့် မိမိတို့ဝန်ထမ်းများ အကျင့်ပျက်လာကြတယ်။ စာရိတ္တတွေ ပျက်လာကြတယ်။ အကျင့်ပျက်၊ စာရိတ္တပျက်တဲ့ ၀န်ထမ်းများတွင်သာ တာဝန်ရှိတာ မဟုတ်ဘဲ နိုင်ငံတော်အပိုင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအပိုင်းမှာပါ တာဝန်ရှိတယ်လို့ ခံယူရ မှာဖြစ်ပါတယ်။ ၀န်ထမ်းမဟုတ်သော နိုင်ငံသားများကလည်း အကျင့်ပျက်သော အကျင့်ကိုပျက်စေသော ပြုမူဆောင်ရွက်ပေးမှု၊ ဖန်တီးမှုများ မလုပ်လိုသော်လည်း လုပ်ကြရပြန်တယ်။ သူတို့က စည်းကမ်းအတိုင်း၊ ဥပဒေအတိုင်း လုပ်မယ်ဆိုရင်လည်း ငွေပေးပြီး၊ လာဘ်သဘောပေးပြီး လုပ်ရတာထက် ခက်ခဲမှုတွေ၊ အကုန်အကျရှိမှုတွေ များပြီး အဆင်မပြေမှုတွေ ရင်ဆိုင်ကြုံတွေ့ရပြန်တော့ နောက်ဆုံးအကျင့်ပျက်၊ စာရိတ္တပျက် လမ်းကြောင်းလည်း ရောက်နေကြရပါတယ်လို့ ကြားသိနေရပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ပါ သည်။
ထို့အပြင်” ဥစ္စာဓနဆုံးရှုံးလျှင် ဘာမှမဆုံး ရှုံးဟုမှတ်ပါ။ (When Wealth Is Lost , Nothing Is Lost)၊ ကျန်းမာ ရေးဆုံးရှုံးပြီဆို လျှင် တစ်စုံတစ်ရာ ဆုံးရှုံးပြီဟု မှတ်ပါ (When Health is Lost, Something is Lost)၊ ကိုယ်ကျင့်တရားဆုံးရှုံးပြီဆိုလျှင် အားလုံး ဆုံးရှုံးပြီဟု မှတ်ပါ(When Character is Lost, Everything is Lost)ဆိုသည့် အတိုင်း လူတစ်ယောက်အတွက်သော် လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ အတွက် သော်လည်းကောင်း၊ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ပျက်ယွင်းသွားလျှင် နိုင်ငံအတွက်များစွာသော ဆုံးရှုံးမှုများ ကြုံတွေ့ရမှာဖြစ်လို့ ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ်များ ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလား၊ တာဝန်ရှိလျှင် ဘာလုပ်ကြမှာလဲ စဉ်းစားဖို့ လိုအပ်လာပါတယ်”ဟု ဆက်လက်ပြော ကြား ခဲ့ပါသည်။
“မလွှဲမရှောင်သာ ကြုံတွေ့လာနိုင်ရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ယနေ့ တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန် ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့် သီးနှံများဈေးနှုန်းကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်မှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှုဟာ နိုင်ငံအတွက်ကောင်းတဲ့ လက္ခဏာမဟုတ်ပါ။ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာ လည်းရောက်ပါတယ်။ ဒီအခြေအနေများကို ၀မ်းနည်းစိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါ”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားပါသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည့် အဆို ၌ နိုင်ငံဝန်ထမ်းများ၏ လုပ်ခ၊ လ စာနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောကြားခဲ့သည့် နည်းတူ အကောင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ ဖြိုးရေးစီမံကိန်းများကို လုံလောက် သော ရင်းနှီးမြုပ်နှံမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေး နှင့် ကျန်းမာရေးအပါအ၀င် အခြားသော ၀န်ကြီးဌာနနှင့် ပေါင်းစပ်ပြီး စနစ်တကျ လစ်ဟာမှုမရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ရင်းနှီးမြုပ်နှံမှု၊ အကုန်အကျခံမှုများဖြင့် ဆောင်ရွက်မှ သာလျှင် နိုင်ငံသားအားလုံး စိတ်ဓာတ်နှင့် စည်းကမ်းကောင်း ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသော နိုင်ငံသားများ ဖြစ်လာနိုင်ကြောင်း အစရှိသည်တို့ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသည်။
သူရဦးရွှေမန်း တင်သွင်းခဲ့သော အဆို၌ နိဂုံးချုပ်အနေဖြင့် အချက် ခြောက်ချက်ကို ဖော်ပြခဲ့ပြီး ထိုအချက်များမှာ  -
(၁) ကိုယ့်ဂုဏ်၊ ကိုယ့်သိက္ခာ နှင့် အညီနေထိုင် စားသောက်နိုင်ဖို့ နှင့် သန့်ရှင်းသော အစိုးရ၊ ကောင်း မွန်သော အုပ်ချုပ်ရေး အမှန်တကယ် ဖြစ်လာဖို့နှင့် နိုင်ငံသားများ၊ ၀န် ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြင့်ငွေများကို လာမည့် ဘတ်ဂျက် နှစ်အစတွင်  မဖြစ်မနေတိုးမြှင့်ပေးရေး။
(၂) ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု၍အမှန်တကယ် လက်တွေ့ကျကျ နိုင်ငံ့အကျိုး ပြည်သူလူထု အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်း များကိုသာ ဥပဒေပြုပေးရေးနှင့် ထိုသို့ မဟုတ်သော စီမံကိန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရေး။
(၃) နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ထာဝစဉ် ရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း (သို့မဟုတ်) လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုများကို တင်ပြ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာသို့ တိုက်တွန်းပေးရေး။
(၄) တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်နေကြသူများ၊ အဖွဲ့အစည်းများအား နားလည်လက်ခံပြီး လေးစားချစ်ကြည်စွာဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပေးရေး။
(၅) နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအား တားဆီးပိတ်ပင်သော၊ ပျက်စီးယုတ်လျော့စေသော ပြည်တွင်း ပြည်ပမှ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကို မဆို၊ ဆန့်ကျင်သွားရေး။
(၆) တည်ဆဲဥပဒေများကို အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း၊ ပြည်သူများထဲမှ ပြည်သူတစ်ဦး အနေဖြင့် လည်းကောင်း၊ ပြည်သူတစ်ရပ်လုံးနှင့် အတူ ရိုသေလေးစား လိုက်နာကြရေး  စသည်တို့ ပါဝင်ခဲ့ပါသည်။
ထိုကဲ့သို့တင်သွင်းခဲ့သော အဆိုကို  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဝါနုတို့ ထောက်ခံခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူညီခဲ့သည့်အတွက် အဆိုကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။
EMG
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင့်မှုကို မြန်မာစိတ်ဝင်စား

CH-53E, Cobra Gold 2002

 နိုင်ငံစုံပါဝင်ပြီး အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု အား မြန်မာက စိတ်ဝင်တစားရှိကြောင်း ထိုင်း စစ်တပ် အကြီးတန်း အရာရှိတဦးက ဂျပန် ကျိုဒိုသတင်းဌာနကို အင်္ဂါနေ့က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်တွင် ထို နှစ်စဉ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ၌ ပါဝင်ရန် စိတ်ဝင်စားသည်ဟု လွန်ခဲ့သည့် အပတ်က ပြောဆိုခဲ့သည်ဟု အဆိုပါ ထိုင်းအရာရှိက ဆိုသည်။

ရွှေမြွေဟောက် Cobra Gold ၁၂ အား ထိုင်းနိုင်ငံတွင် အင်္ဂါနေ့က စတင် ပြုလုပ်လျက်ရှိပြီး ထိုပူးတွဲစစ်ရေးလေ့ကျင့်မှု သည် အာရှ-ပစိဖိတ် ဒေသတွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။

ယခုလက်ရှိ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နိုင်ငံများမှာ ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့ ဖြစ်သည်။

အမေရိကန် ကမ်းတက် တပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပစ်ခတ်မှု လေ့ကျင့်ခန်းများ၊ စစ်မတိုက်ရသည့် အမှုထမ်းများ အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးသည့် လေ့ကျင့်ခန်းများ ပါဝင်သကဲ့သို့ ကွန်ပျူတာများ အသုံးပြု၍ စစ်ပွဲ အခြေအနေမျိုး ဖန်တီးကာ စစ်အမိန့်ပေးသည့် လေ့ကျင့်ခန်းများလည်း ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည်။ ထို့အပြင် လူသားချင်းစာနာမှု အကူအညီပေးသည့် လေ့ကျင့်ခန်းများနှင့် အရပ်သားများအား အကူအညီပေးသည်
လေ့ကျင့်ခန်းများသည်လည်း စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတရပ် အဖြစ် ပါဝင်သည်။


Cobra Gold စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်

အမေရိန်ကန် ပြည်ထောင်စု ပစိဖိတ်ကွပ်ကဲရေးဌာနချုပ် စစ်ဦးစီးချုပ် (USCINCPAC) က ဒီဇိုင်းရေးဆွဲသော Cobra Gold စစ်ရေးပူးပေါင်း လေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ - ကျူးကျော်မှုများကို ဟန့်တားနိုင်ရန်၊ ငြိမ်းချမ်းရေးကို
မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီကျသော အတွေးအခေါ်များကို အားပေးရန်နှင့် ရှောင်လွှဲ၍ မရသော ပဋိပက္ခဖြစ်လာပါက လိုအပ်လျှင် အမေရိကန်က ဝင်ရောက်ကူညီတိုက်ခိုက်ခြင်းကို ခွင့်ပြုရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။ ထို့ပြင် CG စစ်ရေးလေ့ကျင့်မှုသည် လူသားချင်း စာနာထောက်ထားသော အကူအညီများ ထောက်ပံ့ ကူညီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အဓိက ရည်ရွယ်၍ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပန်းတိုင်

Cobra Gold ၏ ပန်းတိုင်မှာ အကျပ်အတည်းများ ဖြစ်လာပါက အကျပ်အတည်းများကြားတွင် ငြိမ်းချမ်းရေး၊ ဟန့်တားရေးနှင့် ပူးပေါင်းဆောင်ရွက်သော နည်းများဖြင့် ညှိနိုင်းဆောင်ရွက်နိုင်ရန်နှင့် ပါဝင် ဆောင်ရွက်နိုင်ရန်
ဖြစ်သည်။ ပဋိပက္ခများ ဖြေရှင်းရာတွင် ဖြစ်နိုင်ပါက မဟာမိတ် နိုင်ငံများနှင့်ပူးပေါင်း၍ ပဋိပက္ခများကို အလျင်အမြန် ဆုံးဖြတ်နိုင်ရန်ဖြစ်သည်။

နိုင်ငံတကာ၏ စောင့်ကြည့်မှု

အစပိုင်းတွင် နိုင်ငံတကာက Cobra Gold စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်ခဲ့ကြပြီး၊ ၂၇ ကြာ စစ်ရေးလေ့ကျင့်မှု နောက်ပိုင်း တွင် Cobra Gold ၏ အစီအစဉ်အရ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်
လေ့လာစေပြီးသောအခါ Cobra Gold သည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ခြိမ်းခြောက်မှု မရှိကြောင်း၊ နိုင်ငံတကာ က သာမက၊ အာဆီယံနိုင်ငံများကပါ လက်ခံလာခဲ့ကြသည်။

တတိယနိုင်ငံများက Cobra Gold စစ်ရေးလေ့ကျင့်မှုအပေါ် စိတ်ဝင်စားမှုများလာခြင်းကြောင့်၊ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို စောင့်ကြည့်လေ့လာစေသည့် အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ထိုအစီအစဉ်ကို စီမံခန့်ခွဲရန် ထိုင်းနှင့် အမေရိကန်မှ အရာရှိများ ပူးပေါင်းကြီးကြပ်ကာ စောင့်ကြည့် လေ့လာရေးအဖွဲ့ (COLT) ကို ဖွဲ့စည်းခဲ့ပြီး၊ အဖွဲ့၏ ဒါရိုက်တာအဖြစ် ထိုင်းတပ်မတော်မှ ဗိုလ်မှူးကြီး တဦးက ဆောင်ရွက်ပြီး၊ လက်ထောက် ဒါရိုက်တာအဖြစ် အမေရိကန် ရေတပ်မှ ဗိုလ်ကြီးတဦးက ဆောင်ရွက်သည်။

၂ဝဝဝ ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများက စောင့်ကြည့်
လေ့လာခဲ့ပြီး၊ ၂ဝဝ၁ ခုနှစ်တွင် သြစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယားနှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကိုယ်စားလှယ် ၃၅ ဦးတို့က စောင့်ကြည့်လေ့လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် CG ကို သြစတြေးလျ၊ ကမ္ဘောဒီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မလေးရှား၊ မွန်ဂိုလီးယား၊ ရုရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ
စောင့်ကြည့်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂ဝ၁ဝ ခုနှစ် Cobra Gold လေ့ကျင့်မှုကို တရုတ်၊
ပြင်သစ်၊ ဖိလစ်ပိုင်၊ ဂျာမဏီနှင့် အခြားနိုင်ငံများမှ အရာရှိ ၁ဝ ဦးတို့ စောင့်ကြည့်လေ့လာကြမည်ဟု သိရသည်။

တတိယနိုင်ငံများအနေနှင့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်မည်ဆိုပါက၊ ထိုသို့ မပါဝင်မီ စောင့်ကြည့်
လေ့လာရေး အစီအစဉ်တွင် ဦးစွာပါဝင်ရမည်ဟု Cobra Gold စောင့်ကြည့်လေ့လာရေးအဖွဲ့ (COLT) က သတ်မှတ် ထားသည်။ စင်္ကာပူနိုင်ငံအနေနှင့်လည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ပြီး၊ ၂၀၀၀ ခုနှစ်မှ စတင်ကာ ၎င်း၏ လက်နက်ကိုင်တက်ဖွဲ့များ CG လေ့ကျင့်မှုတွင် ပါဝင်ခွင့်လေ့ကျင့်ခွင့် ရရှိခဲ့ခြင်း
ဖြစ်သည်။ ယခုနှစ်တွင်မူ တောင်ကိုရီးယားနိုင်ငံပါ ပါဝင်လာပြီး စုစုပေါင်း ၆ နိုင်ငံ ပူးပေါင်းလေ့ကျင့်မည် ဖြစ်သည်။

အချို့က Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားနိုင်ငံ ပါဝင်လာခြင်းသည် အရှေ့အာရှ၌ အာဏာ အားပြိုင်မှုကို ခြိမ်းခြောက်နေကြောင်းလည်း သုံးသပ်ကြသည်။ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူအချို့ကမူ
တောင်ကိုရီးယားနိုင်ငံက ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လာခြင်းသည် ဘန်ကီမွန်းအနေနှင့် ကုလသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်လာသည့် အခြေအနေတွင် တောင်ကိုရီးယားနိုင်ငံ အနေနှင့်လည်း အခြားနိုင်ငံများ အရေးကို ဂရုစိုက်ကြောင်း ပြသသည့် သဘောမျိုးဖြင့် ပါဝင်တာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှု၌ အမေရိကန်လေတပ်မှ MC-130P (Combat Shadow tankers), MH-53J PAVE-LOW III, MH-60L Black Hawks နှင့် UH-1V Medivac စသည့် ရဟတ်ယာဉ်များကို ကြည်းတပ် လေ့ကျင့်မှု တွင် အသုံးပြုမှာ ဖြစ်ပြီး၊ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု၌ CH-46, UH-1, SH-60, F-14, F-18, ES-3, EA-6 and C-2; and US Marine Corps: KS-130, C-12F, CH-46, CH-53E, F/A-18, AV-8B, AH-1W and UH-1N စသည့် ရဟတ်ယာဉ်များ အသုံးပြုမည်ဖြစ်သည်။ အသုံပြုမည့် သင်္ဘောများမှာ အမေရိကုန်လုပ် EPU 111 of Oklahoma City; EPU 113 of Fort Worth, Texas; EPU 116, Everett, Wash.;  EPU 117 of Alameda, Calif စသည့် သင်္ဘောများ
ဖြစ်သည်။

၂ဝဝ၃ ခုနှစ် CG ကို ထိုင်းနိုင်ငံအရှေ့တောင်ဘက်၊ ဘန်ကောက်မြို့မှ ၁၄၅ ကီလိုမီတာအကွာရှိ ရာရောင် (Rayong) ခရိုင်၌ ကျင်းပခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင် ၁၄ဝဝဝ နှင့် ထိုင်းလက်နက်ကိုင် တပ်ဖွဲ့ ၇၀၀၀ ပူးပေါင်း စစ်ရေးလေ့ကျင့် ခဲ့သည်။ ၂ဝဝ၃ CG စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်မှ သင်္ဘော ၆ စင်း၊  လေယာဉ် ၄၁ စင်း နှင့် ထိုင်းဘက်မှ စစ်သင်္ဘော ၁၁  စင်းနှင့် လေယာဉ် ၃၂ စင်း တို့ဖြင့် ပူးပေါင်းလေ့ကျင့်ခဲ့ကြသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် ကုန်ကျမှု

၂ဝဝ၉ ခုနှစ် CG လေ့ကျင့်မှုအတွက် ထိုင်းနိုင်ငံက ဘတ် သန်းပေါင်း ၄၀ ကုန်ကျခံခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒေါ်လာ ၁၁၃ သန်းသုံးစွဲခဲ့သည်။ သို့သော် ယခုနှစ်အတွက် မည်ရွေ့မည်မျှ သုံးစွဲမည်ဆိုသည်ကို မသိရှိရသေးပေ။

Cobra Gold  နှင့် မြန်မာနိုင်ငံ

၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့က စင်္ကာပူနိုင်ငံ Shangari-La ဟော်တယ်၌ ပြုလုပ်သော အစည်းအဝေး၌ အမေရိကန် ကာကွယ်ရေးကြီးဌာန ဝန်ကြီး ရောဘတ်ဂိတ် (Robert Gates) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို ကူညီရန် မြန်မာအစိုးရ အရာရှိများနှင့် ဆွေးနွေးခဲ့ပြီး၊ Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုသော အမေရိကန်
ရေတပ်သင်္ဘောများ စေလွှတ်ခြင်းကို မြန်မာစစ်အစိုးရဘက်က လက်မခံခဲ့ပေ။
မဇ္ဈိမသတင်းဌာန ။      ။
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

BENS အဖွဲ့ မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံဖို့ လာရောက်လေ့လာ



Montgomery C. Meigs 
President & Chief Executive Officer
General Montgomery Meigs ဦးဆောင်တဲ့အမေရိကန်စီးပွားရေးလုပ်ငန်းရှင်(၇)ဦးလာတယ်..
မြန်မာပြည်လာရောက်တဲ့ရက်အတိအကျမသိပေမဲ့ပြန်တဲ့ရက်က
(၃.၂.၂၀၁၂)ဖြစ်တယ်။
UMFCCI အပါအ၀င်မြန်မာစီးပွားရေးသမားတော်တော်များများနဲ့တွေ့သွားတယ်။
အစိုးရတာဝန်ရှိသူများနဲ့လည်းအလွတ်သဘောတွေ့သွားတယ်လို့သိရတယ်။
BENS မှာနံမည်ကြီးအမေရိကန်ကုမ္မဏီတော်တော်များများကCEO တွေပါဝင်ပါတယ်
..
HIV/AIDS ကိစ္စတွေမှာအကူညီပေးနိုင်ရေးအတတ်နိုင်ဆုံးကြိုးစားသွာမယ်
..ချင်းပြည်နယ်ဖက်မှာ
ဒေသဖွံ့ဖြိုးရေးတွေအတွက်အကူအညီပေးနိုင်ဖို့ကွင်းဆင်းလေ့လာမည့်အဖွဲ့စေလွှတ်သွားမယ်လို့သိရတယ်။
မြန်မာပြည်ကိုလာလေ့လာရင်းကလူမှုရေးလုပ်ငန်းတွေစလုပ်ပြီးအခြေအနေကောင်းရင်စီပွားရေးလုပ်ငန်းများပါ

ရင်းနှီးမြုပ်နှံသွားမည့်သဘောရှိပါတယ်။

MNN
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေည၀ါဆရာတော် တရားဟောကြားခွင့် ပြန်လည်ရရှိ

ရွှေည၀ါ ဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီ ဖြစ်တဲ့အတွက် ပြန်လည် ဟောပြောခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က မနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ရွှေည၀ါ ဆရာတော်က လာမယ့်ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ ရက်တွေမှာ တရားဟောပြောဖို့ စီစဉ် ထားတာပါ။ ဒါပေမယ့် သက်ဆိုင်ရာ သာသနာရေးဌာန အရာရှိတွေက သံဃာ့ မဟာနာယကရဲ့ခွင့်ပြုချက် လိုတယ်လို့ ဆရာတော်ကို လျှောက်ထား လာတဲ့အတွက် အခုလို သံဃာ့ မဟာနာယက ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်ကို တောင်းခံခဲ့ရတာလို့ ရွှေည၀ါ ဆရာတော်က မိန့်ကြားပါတယ်။ ရွှေည၀ါ ဆရာတော်ကို မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောခဲ့လို့ သီတင်း သုံးနေထိုင်တဲ့ သာဓု ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်က သံဃာ့ မဟာနာယကအဖွဲ့က အမိန့် ထုတ်ပြန် ထားပါတယ်။ ရွှေည၀ါဆရာတော် တစ်ပါးတည်းအနေနဲ့ ရွှေ့ပြောင်းမယ့်ကိစ္စ လွယ်ကူပေမယ့် လက်ရှိ ပို့ချနေတဲ့ သင်တန်းအားလုံး ဖျက်သိမ်းရမှာကြောင့် စာသင် သံဃာတော်တွေနဲ့ သီလရှင်တွေအတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိမယ်လို့ ဆရာတော်က မိန့်ကြား သွားပါတယ်။
RFA
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကယ်ဒမီပေးပွဲ ဓာတ်ပုံများ နှင့် အဖွင့်မိန့်ခွန်း

အကယ်ဒမီ ဆုရရှိသွားကြသူများ


ဒုတိယ သမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း နှင့် ဇနီး


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ မိန့်ခွန်းအပြည့်အစုံမှာ
ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်သည့်အခမ်းအနားကို တက်ရောက် အားပေးချီးမြှင့်တဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဇနီး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ဝင်များနှင့် ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ဝင်များ၊ ပြည်ထောင်စုနေ့ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ အခြားသော အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ်္ဂိုလ်များ၊ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ၊ ဧည့်သည်တော်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်း ခညောင်း ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ယခုလို မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို စုံစုံညီညီ သိုက်သိုက်ဝန်းဝန်း ကြွရောက်အားပေး ကြတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်မိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ဒီည ကျင်းပတဲ့ အခမ်းအနားမှာ၂၀၁၀ ခုနှစ်အတွင်း ထုတ်လုပ် ရုံတင်ပြသခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ထဲက ထူးချွန်တဲ့ အနုပညာရှင်များ၊ အတတ်ပညာရှင်များကို စိစစ်ရွေးချယ်ပြီး အကယ်ဒမီ ထူးချွန်ဆုများ ချီးမြှင့် ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက် မြင့်မားစေရေးကို ရှေးရှုလျက် နိုင်ငံတော်က ၁၉၅၂ ခုနှစ်က စပြီး ပေါ်ပေါက်လာတဲ့ အစိုးရအဆက်ဆက်မှ နှစ်စဉ် ရုပ်ရှင်အကယ်ဒမီ ရွှေစင်ဆုများ ရွေးချယ်ချီးမြှင့်ခဲ့ရာ ယခုအခါတွင် ထူးချွန်ဆု အမျိုးအစား ၁၁ မျိုးကို ချီးမြှင့်ပေးလျက်ရှိပြီး ဒီကနေ့ထိ ချီးမြှင့်ပေးခဲ့ပြီးတဲ့ ထူးချွန်ဆုပေါင်းဟာ ၃၂၈ ဆုအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
မြန်မာ့ရုပ်ရှင်သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် ရုပ်ရှင်လောကသားများအနေနဲ့ ရုပ်ရှင်လောကအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် စစ်ကြိုခေတ်ကာလ အတွင်းမှာလည်းကောင်း ၊ လွတ်လပ်ရေး ကြိုးပမ်းမှု အကြို ကာလ တစ်လျှောက်လုံးမှာ လည်းကောင်း၊ နယ်ချဲ့နဲ့ ဖက်ဆစ်ကို တော်လှန်တဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလများမှာ လည်းကောင်း၊ ဒါ့အပြင် လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်းခဲ့ရတဲ့ ကာလများနဲ့ ယနေ့ မျက်မှောက် နိုင်ငံတော်သစ် တည်ဆောက်ရေး ကာလများမှာလည်းကောင်း၊ မိမိတို့ကျရာ အခန်းကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ခေတ်ကာလအသီးသီးမှာ ရုပ်ရှင် အတတ်ပညာ အသိပညာ ထူးချွန်ကြတဲ့ ရုပ်ရှင်လောကသားများကို အခုလို ဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ် ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့မှာလည်း နိုင်ငံနဲ့ လူမျိုး အကျိုး ၊ အမျိုးသားရေးအကျိုးတို့ကို အစဉ်ရှေးရှုပြီး အနုပညာ ဖြင့် တိုင်းကျိုးပြည်ပြု တာဝန်ကျေပွန်ခဲ့ကြတဲ့ အနုပညာရှင် အများအပြားကို နိုင်ငံတော်သမ္မတကြီးက စည်သူဘွဲ့များ ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ ယခုနှစ် ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ပွဲ အခမ်းအနားကိုလည်း ပိုမိုဆန်းသစ် ခမ်းနား ကောင်းမွန်အောင် IT နည်းပညာကို အသုံးပြု ဆောင်ရွက်ပေးထားတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ကြွရောက်အားပေး ချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
ပြည်သူများရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ ယနေ့ တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ မိမိတို့ ပြည်ထောင်စုအစိုးရသည် ပြည်သူများ လိုလားတောင့်တသည့်အတိုင်း နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး ၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲရေး၊ နိုင်ငံနှင့် ပြည်သူတို့၏ အနာဂတ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းများကို ကိုယ်စွမ်းဉဏ်စွမ်း ရှိသမျှ ပြုပြင်ပြောင်းလဲ တိုးမြှင့်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကြောင့်လည်း အစိုးရသစ်ရဲ့ ၁၀ လတာ ကာလအတွင်း နိုင်ငံတကာကပါ အံ့သြ အသိအမှတ်ပြုရလောက်အောင် နိုင်ငံရေး၊ စီးပွားရေး၊ ဒီမိုကရေစီရေး၊ လူမှုရေးစတဲ့ ဘက်စုံ၊ ထောင့်စုံ ကဏ္ဍစုံမှာ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ ရရှိခဲ့တာကို တွေ့မြင်ရမည်ဖြစ်ပါတယ်။

ဒီလို ပြုပြင်ပြောင်းလဲ တိုးမြှင့်ဆောင်ရွက်ရာမှာလည်း အခြေခံဥပဒေနဲ့အညီ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ် ရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ကို တည်ဆောက်ပြီး ဒီမိုကရေစီကျင့်စဉ်အတိုင်း သီးခြားစီ လွတ်လပ်စွာဆောင်ရွက် ခြင်း၊ တစ်ဖက်မှလည်း အပြန်အလှန် ထိန်းညှိခြင်းတို့ဖြင့် ဖော်ဆောင်လျက်ရှိ ပါတယ်။ ထို့အတူ မဏ္ဍိုင် ၃ ရပ်ကို ထိန်းကျောင်းပေးရမယ့် စတုတ္ထမဏ္ဍိုင်လို့ တင်စားကြတဲ့ သတင်းမီဒီယာကဏ္ဍကိုလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲကျင့်သုံးပြီး ထိန်းကျောင်းပေးနိုင်အောင်နဲ့ ၎င်းင်းကိုယ်တိုင်လည်း စတုတ္ထ မဏ္ဍိုင်ရဲ့ အရည်အချင်းများနဲ့ ပြည့်စုံအောင် ကြိုးပမ်းဖော်ဆောင်ပေးလျက် ရှိနေပါတယ်။

စတုတ္ထမဏ္ဍိုင်ထဲမှာ အပါအ၀င်ဖြစ်တဲ့ ပြည်သူကို ပညာပေးခြင်း၊ ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့ကို ဆောင်ရွက်ပေးနေတဲ့ ရုပ်ရှင် ဗီဒီယိုလောကနဲ့ ပတ်သက်လို့လည်း ယခင်က ကျင့်သုံးဆောင်ရွက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဆင်ဆာ စည်းကမ်းချက် ၁၀ ရပ် အနက် ၄ ရပ်ကို လျော့ပေါ့ပေးခဲ့ပြီး အနုပညာကို ပိုမိုကျယ်ပြန့်စွာ ဖန်တီး ဖော်ကျူးနိုင် အောင် ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ရုပ်ရှင် ဗီဒီယို အနုပညာရှင် အတတ်ပညာရှင်များ အနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားဟူသည့် အချက် ၂ ချက်ကို ယှဉ်တွဲကျင့်သုံးပြီး မိမိတို့ရဲ့ အနုပညာကို ဖန်တီး တီထွင် ဖော်ကျူးသွားကြရမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ပြည့်ဝကောင်းမွန်လာတာနဲ့အမျှ ကျန်ရှိတဲ့ ဆင်ဆာမူတွေအနက်က ထပ်မံ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါကလည်း ရုပ်ရှင်လောကသားများအနေနဲ့ ရုပ်ရှင်လောကအကျိုး တိုင်းပြည်နဲ့ လူမျိုးအကျိုး အခြေခံပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် သိုက်သိုက်ဝန်းဝန်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အစဉ်အလာကောင်းတွေကို တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လွတ်လပ်စွာ ဆက်လက်ထိန်းသိမ်း မြှင့်တင် ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
ထွန်းပြောင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင် သမိုင်းအစဉ်အလာကောင်းကို ထိန်းသိမ်းမြှင့်တင်နိုင်ဖို့အတွက်ဆိုရင် ခေတ် ကာလအခြေအနေနဲ့ ညီညွတ်တဲ့ ရည်ရွယ်ချက် တိတိကျကျရှိဖို့ လိုအပ်မှာ အမှန်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးနဲ့ ရုပ်ရှင်လောကသားများ ဆောင်ရွက်ကြရမယ့် ရည်ရွယ်ချက် ၅ ရပ်ကို ကျွန်တော့်အနေနဲ့ အခါအခွင့် သင့်တိုင်း မကြာခဏ ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခုလည်း အခွင့်သင့်တုန်း ရုပ်ရှင်လောကသားများ ထပ်မံ သိရှိ ကြိုးပမ်းနိုင်အောင် ပြန်လည်ေ ပြာကြားလိုပါတယ်။ အဲဒီ ရည်ရွယ်ချက်တွေကတော့ -
(၁) ရုပ်ရှင်လောကသားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုလောက ဖွံ့ဖြိုး တိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးကို အလေးထား ဆောင်ရွက်ရန်။
(၂) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်မှု စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန်။
(၃) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများရဲ့ အဆင့်အတန်း၊ အရည်အသွေး မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်ကြရန်။
(၄) မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ပြည်ပသို့ ထိုးဖောက်ပြသပြီး ဈေးကွက်ရရှိအောင် ဆောင်ရွက်ကြရန်။
(၅) နိုင်ငံတော်၏အမျိုးသားရေး တာဝန်များကို နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲ ပူးပေါင်းထမ်းဆောင်ကြရန်။
ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ရုပ်ရှင်လောကသားများက အဓိကထား ဆောင်ရွက်သင့်တဲ့ အချက် ၅ ချက်ကိုလည်း ရုပ်ရှင်လောကသားများ ထပ်မံ သိရှိ ကြိုးပမ်းနိုင်အောင်နဲ့ အလေးထား ပူးပေါင်းဆောင်ရွက်နိုင်အောင် ကျွန်တော် ပြန်လည်ပြောကြားလိုပါတယ်။ အဲဒီအချက်တွေကတော့ -
(၁) နိုင်ငံတော်၏ မူဘောင်နဲ့အညီ ခေတ်မီ Studio များကိုလည်း တစ်ဦးတည်း ဖြစ်စေ၊ အများနဲ့ဖြစ်စေ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်ရန်။
(၂) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ခြင်း၊ ကူးဆေးခြင်း၊ ပြည်တွင်းသာမက ပြည်ပမှာပါ ပြသခြင်းလုပ်ငန်းများကို ပြည်ပနိုင်ငံများနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန်။
(၃) ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ပြသမှုကို Analogue မှ Digital သို့ ကူးပြောင်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက် ကြရန်။
(၄) ပုဂ္ဂလိကပိုင်နဲ့ နိုင်ငံတော်ထံမှ ငှားရမ်း လုပ်ကိုင်နေသည့် ရုပ်ရှင်ရုံများကို အသံစနစ်၊ ပြသမှုစနစ်များ ခေတ်မီအောင် ပြုပြင် တည်ဆောက်သွားကြရန်။
(၅) တစ်ပြိုင်နက်တည်း နိုင်ငံတကာအဆင့်မီ Cinema Complex များ၊ Digital Cinema ရုပ်ရှင်ရုံများ ပေါ်ပေါက်လာအောင် ဆောင်ရွက်ကြရန်။
ဆိုတဲ့ အချက်များပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် မြန်မာ့ရုပ်ရှင်လောကနဲ့ ရုပ်ရှင်လောကသားများ အကျိုး အတွက် ဦးတည် တိုက်တွန်း နှိုးဆော်ချက်များဖြစ်တာ ထင်ရှားနေတဲ့အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရော၊ ရုပ်ရှင်လောကသားများ အားလုံးကပါ ဒီအချက်တွေကို အဓိက လိုအပ်ချက်များအဖြစ် ခံယူပြီး ယခု လက်ရှိ ဆောင်ရွက်နေကြတာတွေထက် ပိုမို အရှိန်အဟုန်မြှင့်တင်ကာ နည်းလမ်းပေါင်းစုံနဲ့ အလေးထား ကြိုးပမ်းဆောင်ရွက်သွား ကြဖို့ ထပ်မံတိုက်တွန်း မှာကြားလိုပါတယ်။
ဒါ့အပြင် ၂၀၀၅ ခုနှစ်ကတည်းက ဆွေးနွေးချမှတ် မှာကြား အကြံပြုခဲ့တဲ့ ရုပ်ရှင်လောက တိုးတက်ရေး လုပ်ငန်းစဉ် ၁၂ ရပ်ကိုလည်း ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး ရုပ်ရှင်လောကသားအားလုံး တက်ညီလက်ညီ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ ထပ်မံ တိုက်တွန်း မှာကြားလိုပါတယ်။ အဲဒီလုပ်ငန်းများ အောင်မြင် စေရန်အတွက် ပူးပေါင်း ဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲတွေ၊ ၀ိရောဓိတွေ အများအပြားနဲ့ ကြုံတွေ့ကောင်း ကြုံတွေ့နေကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြုံတွေ့လာတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် ကြရာမှာ -
(၁) ရုပ်ရှင်နဲ့ ဗီဒီယိုလောက ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ရည်ရွယ်ချက်၊
(၂) အတ္တ ပရ မျှတစွာ ဆောင်ရွက်မှု၊
(၃) ဇွဲ၊ လုံ့လ၊ ၀ီရိယနဲ့ ကြိုးပမ်းဆောင်ရွက်မှု၊
(၄) စည်းလုံး ညီညွတ်မှု၊
(၅) ပူးပေါင်းဆောင်ရွက်မှု၊
(၆) စိတ်ရှည် သည်းခံ နားလည်ခွင့်လွှတ်မှုဆိုတဲ့ အချက်တွေကို အခြေခံပြီး ပူးပေါင်း ဖြေရှင်းဆောင်ရွက်သွား ကြမယ် ဆိုရင် မအောင်မြင်နိုင်စရာ မရှိဘူးလို့ ယုံကြည်မိပါတယ်။ ဒီလို အောင်မြင်နိုင်ဖို့အတွက် ၀န်ကြီး ဌာန အနေနဲ့လည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်ပြီးတော့ လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်။

ဒီနေရာမှာ တစ်ဆက်တည်း ပြောကြားလိုတာကတော့ နိုင်ငံတော်က မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်အောင် အားပေးချီးမြှင့်ခြင်း၊ ထိန်းကျောင်းပေးခြင်း မျှမျှတတဖြစ်စေမယ့် ရည်ရွယ်ချက်တွေ၊ လမ်းညွှန်ချက်တွေ ၊ လုပ်ငန်းစဉ်တွေ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ပေးနေသလို ရုပ်ရှင်လောကသားများ မှီခိုအားထားရာဖြစ်တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးရဲ့ အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ရုပ်ရှင်လောကသားများရဲ့ ဆန်္ဒနဲ့အညီ မှီခို အားထားထိုက်တဲ့သူတွေနဲ့ ပြန် လည် ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ နောင် ဆက်လက်ကျင်းပမယ့် ရုပ်ရှင် အကယ်ဒမီဆု ချီးမြှင့်ပွဲများကိုလည်း ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုပဲ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားများအတွက် ဖွဲ့စည်းဆောင်ရွက်ပေးနေရတဲ့ အဖွဲ့တွေမှာ လည်း ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားများရဲ့ ကိုယ်စားလှယ်တွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းနဲ့အညီ ပါဝင်ခွင့် ရှိရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ပြောကြားလိုပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
ဒီကာလတွေအတွင်း ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်မှု နည်းပညာတွေ အမျိုးမျိုး ပြောင်းလဲလာခဲ့သလို စက်ပစ္စည်းကိရိယာ အသစ်အသစ်တွေ အသုံးပြု ရိုက်ကူး ထုတ်လုပ်လာနိုင်ခဲ့တာကြောင့် ကမ္ဘာမှာ ရုပ်ရှင်အဆင့်အတန်းဟာ အဆင့်ဆင့် တိုးတက် မြင့်မားလာခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ထို့အတူ ထုတ်လုပ်မှု အဆင့်အတန်းနဲ့ လျှော်ညီတဲ့ ပြသမှု စနစ်တွေ တိုးတက်ပြောင်းလဲ အသုံးပြုလာတဲ့အတွက်လည်း ထူးခြားကောင်းမွန်တဲ့ အမြင်၊ အကြား ရသများကို ကြည့်ရှု ခံစားနိုင်ကြပြီ ဖြစ်ပါတယ်။

ဒီနေ့ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းကိုကြည့်ရင် ဇာတ်လမ်းဇာတ်ကွက်အပိုင်း၊ သရုပ်ဆောင်မှု၊ ၀တ်စား ဆင်ယင်မှုအပိုင်း၊ှအကိငသ အပါအ၀င် ရိုက်ကူးရေး အထောက်အကူပြုအပိုင်း၊ ပြသမှုနဲ့ ရုပ်ရှင်ရုံဝန်ဆောင်မှုအပိုင်း၊ ပြည်ပဈေးကွက် ထိုးဖောက်ပြသနိုင်မှုအပိုင်း ၊ စက်မှုနည်းပညာအပိုင်းနဲ့ ထုတ်လုပ်သူအပိုင်း စတဲ့ လုပ်ငန်းအားလုံးလိုမှာ အားနည်းချက်၊ လိုအပ်ချက်တွေ၊ ရှိနေသေးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီ အားနည်း လိုအပ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ ပြည့်မီအောင် ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်ပြနိုင်အောင် ကြိုးစား ဆောင်ရွက်နေကြတာကိုလည်း အားတက်ဖွယ် တွေ့ရှိရပါတယ်။

ယခုလို ရုပ်ရှင်ထုတ်လုပ်မှု အဆင့်အတန်း မြင့်မားလာသလို၊ ပြသမှုအပိုင်းက အဆင့်အတန်း မြင့်မားလာရန် လည်း လိုအပ်ပါတယ်။ ဒါမှသာ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နိုင်ငံလုံးရှိ ရုပ်ရှင် ပြသရေး လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီး ရုပ်ရှင်ရုံများ ခေတ်မီ အဆင့်အတန်းမြင့်မားအောင် ပြုပြင်ဆောင်ရွက်ရမယ့် အချက်များကိုလည်း ချမှတ် အကြံပြုခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံတကာအဆင့်မီ ခေတ်မီ အဆင့်မြင့် ရုပ်ရှင်ရုံများ တည်ဆောက်ရေးကိုလည်း အားပေးခဲ့ပါတယ်၊ ဒါကြောင့်လည်း ယခုအခါ နေပြည်တော်မှာ 3D စနစ်နှင့် ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံတစ်ရုံ အပါအ၀င် ခေတ်မီ အဆင့်မြင့် ရုပ်ရှင်ရုံ သုံးရုံ ပေါ်ပေါက်လာခဲ့ပြီး ဖြစ်ပါတယ်။ ထို့အတူ ရန်ကုန်မြို့မှာလည်း နိုင်ငံတကာအဆင့်မီ ခေတ်မီရုပ်ရှင်ရုံများကို ၃ီ စနစ်ဖြင့် ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံများ အပါအ၀င် ယခုနှစ်အတွင်းမှာ မကြာမီ လပိုင်းများအတွင်း ထပ်မံဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ အလားတူ မန္တလေး မှာလည်း အသစ်တည်ဆောက် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ ယနေ့အခါ ကမ္ဘာ့ရုပ်ရှင်ထုတ်လုပ်မှုနဲ့ ပြသမှုစနစ်ဟာ Digital စနစ်ကို ကူးပြောင်းလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ရုပ်ရှင် ထုတ်လုပ်မှု၊ ပြသမှုလုပ်ငန်းများကို Digital စနစ်နဲ့ ထုတ်လုပ်ပြသနိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတစ်ခုနဲ့ ဒုတိယကမ္ဘာစစ်ကို အခြေခံတဲ့ ရုပ်ရှင် ဇာတ်ကား တစ်ကားကိုလည်း အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပူးတွဲ ရိုက်ကူးထုတ်လုပ်နိုင်ရေးအတွက် ၂၀၀၇ ခုနှစ်ကပင် တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ခဲ့တာ ယခုအခါမှာတော့ ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးရန် အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ထို့အတူ ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းများရဲ့ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပနဲ့တွဲ၍ဖြစ်စေ၊ ရုပ်ရှင် ဗီဒီယို ရိုက်ကူး ထုတ်လုပ် ပြသမှုများကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ရုပ်ရှင် ဗီဒီယိုအနုပညာရှင် အတတ်ပညာရှင်များ ဗဟုသုတနဲ့ ပညာရရှိရေး ပူးပေါင်းဆက်စပ် ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေတဲ့ မိတ်ဘက်နိုင်ငံများနှင့် Seminar များ၊ Workshop များကို စတင် ကျင်းပပြုလုပ်ပေးနေပြီး ဆက်လက်ပြီးတော့လည်း ကျင်းပပြုလုပ်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
ယနေ့အခါ ကမ္ဘာ့နိုင်ငံအသီးသီးဟာ အရာရာကို မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွားအပေါ် အခြေခံပြီးမှသာ ဆုံးဖြတ် ဆောင်ရွက်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီကို ကျင့်သုံး ကြရာမှာလည်း ပါတီများ၊ နိုင်ငံရေးသမားများ၊ ပြည်သူများအနေနဲ့ အတွေးအခေါ် အယူအဆ နိုင်ငံရေးဝါဒများ ကွဲပြား ကြမှာ ဖြစ်သော်လည်း အားလုံးက အမျိုးသား အကျိုးစီးပွားပေါ် အခြေခံ၍ သဘောထားမတူတာတွေ ဘေးဖယ်ပြီး တူတာတွေ ပေါင်းစပ်ဆောင်ရွက်ကြရမှာသာ ဖြစ်ပါတယ်။ ဒါမှသာ ဒီမိုကရေစီစနစ်အတွင်းကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်လောကသားများ အပါအ၀င် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ Media လောကသားအားလုံးကလည်း အမျိုးသားအကျိုးစီးပွား ဘက်တော်သား Media သမားကောင်းများဖြစ်အောင် ကျင့်သုံး ရပ်တည် ဆောင်ရွက်သွားကြဖို့ အထူးအရေးကြီးကြောင်း ပြောကြားလိုပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း အောက်ပါအချက်များကို လေးစားလိုက်နာကျင့်သုံးဖို့ တိုက်တွန်းပြောကြား လိုပါတယ်။ ဒါတွေကတော့ -
- ဒီမိုကရေစီ မှန်မှန်ကန်ကန်နဲ့ အနှစ်သာရရှိရှိ ကျင့်သုံး ဆောင်ရွက်နိုင်စေရန်၊ စတုတ္ထမဏ္ဍိုင်ပီသစွာ ရပ်တည် ထိန်းကျောင်း ဆောင်ရွက်ရန်။
- အမျိုးသား အကျိုးစီးပွားကို အခြေခံ၍ ဆောင်ရွက်ရန်။
- ရုပ်ရှင်နှင့် ဗီဒီယို လောကအတွင်း ညီညွတ်မှုရှိသော ဒီမိုကရေစီ (Unity in democracy)ဖြစ်အောင် ကျင့်သုံး ဖော်ဆောင်ရန်။
- စည်းကမ်းနှင့် ဥပဒေကို လိုက်နာပြီး လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲ ကျင့်သုံး ဆောင်ရွက်ရန်။
- လွတ်လပ်စွာ အနုပညာကို ဖော်ကျူးသော်လည်း ပြည်သူအတွက် အဆိပ်အတောက် မဖြစ်စေရေး ထိန်းသိမ်း ဆောင်ရွက်ရန်တို့ပဲ ဖြစ်ပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
မကြာမီအချိန်အတွင်းမှာ ၂၀၁၀ ခုနှစ်အတွက် ထူးချွန်ဆုများကို တစ်ဆုချင်း ကြေညာပြီး ချီးမြှင့်တော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာမှာလည်း ယခင်နှစ်များနည်းတူ ရုပ်ရှင်ဥပဒေပါ အခြေခံမူ ၇ ရပ်ကို အခြေ ခံပြီး ရုပ်ရှင် ဂီတ စာပေ နယ်ပယ်က အနုပညာရှင်၊ အတတ်ပညာရှင် အင်အား ထက်ဝက်ကျော်ပါရှိတဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ရေး အကဲဖြတ်အဖွဲ့ အဆင့်ဆင့်က ထူးချွန်ဆု တစ်ဆုချင်းကို သတ်မှတ်ပေးထားတဲ့ စံချိန် စံညွှန်းများနဲ့အညီ ဆန်းစစ်စိစစ် ရွေးချယ် အကဲဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို အပြန်ပြန် အထပ်ထပ် ကြည့်ရှု အကဲဖြတ်ကာ အရည်အသွေးကိုအခြေခံပြီး အရည်အသွေး ပြည့်မီသူ၊ ထိုက်တန်သူများကိုသာ သက်ဆိုင်ရာ ဆုအလိုက် စိစစ်ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ထူးချွန်ဆု ဆွတ်ခူးကြတဲ့ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များအနေနဲ့ ထပ်ဆင့် ထူးချွန်ဆုများရရှိအောင် ဆက်လက် ကြိုးပမ်း သွားကြဖို့နဲ့ ဆုမရရှိသေးတဲ့ ပုဂ်္ဂိုလ်များအနေနဲ့လည်း နောင်နှစ်များမှာ ထူးချွန်ဆုများ ဆက်လက်ဆွတ်ခူးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်။

ကြွရောက်အားပေးချီးမြှင့်ကြတဲ့ ဧည့်သည်တော်များ၊ ရုပ်ရှင်ပညာရှင်များနဲ့ ရုပ်ရှင်ချစ် ပရိသတ်များ ခင်ဗျား -
ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု၊ လွတ်လပ်ရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှု၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများမှာ အတိတ်သမိုင်းကြောင်းတစ်လျှောက် တက်ကြွ စည်းလုံးညီညွတ်စွာ ပါဝင်ခဲ့ကြသလို ဒီကနေ့ခေတ် မျက်မှောက်ကာလမှာလည်း နိုင်ငံတော်အတွက် တက်ကြွညီညွတ်စွာ ပူးပေါင်းပါဝင်နေကြတာ တွေ့မြင်နေရပါတယ်။ အနာဂတ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြည်သူပြည်သားတိုင်း လိုက်နာ ဆောင်ရွက်ရမယ့် တာဝန်များကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ့် စတုတ္ထမဏ္ဍိုင် ရဲ့ ဘက်တော်သားကောင်းများပီပီ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြပါလို့ ထပ်မံ တိုက်တွန်း မှာကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့
- ရုပ်ရှင်လောကနဲ့ ရုပ်ရှင်လောကသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ချက် ၅ ရပ်နဲ့ အခြေခံ လုပ်ငန်းစဉ် ၁၂ ချက်တို့ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြပါ။
- မြန်မာ့ရုပ်ရှင်ဇာတ်ကားများ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် လိုအပ်မယ့် စက်ပစ္စည်းများ၊ Studio များ၊ ပြည်ပနဲ့ ပူးပေါင်း ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရုပ်ရှင်ပြသရေးစနစ်နှင့် ရုပ်ရှင်ရုံများ နိုင်ငံ တကာ အဆင့်မီ ဖြစ်အောင် ၀ိုင်းဝန်းကြိုးပမ်း တည်ဆောက်ကြပါ။
- မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်၊ အမျိုးသား စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးကို ရုပ်ရှင်ပညာနဲ့ ကူညီပံ့ပိုး ဆောင်ရွက်ကြပါ။
- အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာစေရေး နိုင်ငံ တော် အစိုးရ၊ တိုင်းရင်းသားပြည်သူများနဲ့အတူ လက်တွဲပါဝင် ဆောင်ရွက်ကြပါလို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

တက်ရောက်လာကြသူများ

ဆုပေးပွဲသို့ အလာ

အကယ်ဒမီ ဗန်းကိုင် များ



ဝေဠုကျော်


ရဲအောင်

ဝေဠုကျော်မှ ကျေးဇူးတင်စကား ပြောကြား


သက်မွန်မြင့်

သက်မွန်မြင့်
ချောရတနာ တို့ နှစ်ယောက်

ပြေတီဦးနှင့် အိန္ဒာကျော်ဇင်

ဖွေးဖွေး




ခင်လေးနွယ်


နန်းဆုရတီစိုး

ပိုင်ဇေရဲထွန်း


သင်ဇာဝင့်ကျော်


စိုးပြည့်သဇင်


ရဲတိုက်






မေကဗျာ

အကယ်ဒမီပေးပွဲအပြီး


အကယ်ဒမီပေးပွဲ ဖိတ်စာ
Unknown at 9:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အ.မ.က( ၁ )မရမ်းကုန်းရှိ စည်းကမ်းမဲ့ ဆရာနှင့် ဆရာမကို အရေးယူပေးပါရန် တိုင်ကြားခြင်း



 နေ့စွဲ ၊၂၀၁၂-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ( ၆ )ရက်

အကြောင်းအရာ။     ။အ.မ.က( ၁ )မရမ်းကုန်းရှိ စည်းကမ်းမဲ့ ဆရာနှင့် ဆရာမကို
အရေးယူပေးပါရန်    တိုင်ကြားခြင်း။ အထက်ပါကိစ္စမှာ
( ၁ )  - မူ/ပြဆရာမ ဒေါ်ခိုင်ဖြူဖြူထွန်းသည် ၂၀၁၁-ခုနှစ် ဇွန်လမှစ၍
ကျောင်းသို့ မလာပဲ ကျောင်းတွင်မတွေ့ ရ၍ စုံစမ်းကြည့်ရာ ပြောင်းရွေ
့ခြင်းမဟုတ်ပဲ ပျက်ကွက်ခြင်းသာဖြစ်ပြီး ယနေ့ ထိ လစာပုံမှန်ထုတ်
ယူနေကြောင်း သိရှိပါသဖြင့် ကျောင်းသားများအတွက် နစ်နာမှုရှိပြီး
အမြန်ဆုံး စုံစမ်းအရေးယူပေးစေလိုပါသည် ။
( ၂ )  - မူ/ပြ ဆရာ ဦးလှမျိုးမှာလည်း ကျောင်း၏ ဘုရားခန်းအနီးတွင်
မိန်းကလေးတစ်ဦးနှင့် ညအိပ်နေထိုင်၍ ကျောင်းသားများနှင့်
မဖွယ်မရာဇာတ်ကားများကြားကာ ကျောင်းချိန်အတွင်း ထိုမိန်းကလေးနှင်
အကြိမ်ကြိမ် ဆူညံစွာ ရန်ဖြစ်နေပါသဖြင့် ပတ်ဝန်းကျင်နှင့် ကျောင်းအနီးမှ
ကျောင်းသားများအတုယူမှားစရာ ဖြစ်နေပါသဖြင့် စုံစမ်း၍ အမြန်ဆုံးအရေးယူပြီး
ကျောင်းမှ ဖယ်ရှားပေးပါရန် အမြင်မတော်သူ ရပ်မိရပ်ဖ တစ်ဦးအနေဖြင့်
သက်ဆိုင်ရာသို့ လေးစားစွာ တိုင်ကြားအပ်ပါသည် ။ ပညာရေးဝန်ကြီးကိုလည်း
သိစေချင်ပါသည်။


        လေးစားစွာဖြင့်

          ရပ်မိရပ်ဖ
Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.