Saturday, November 10, 2012

ကားပြိုင်မောင်း၍ ရမ်းကား ခဲ့သူများ အနက် ၁၁ ဦး ဖမ်းဆီးရမိ

 
ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် ကားပြိုင်မောင်းကာ မင်းမဲ့ စရိုက် ဆန်စွာ ရမ်းကားခဲ့သူ ၂၁ ဦးခန့်မှ ၁၁ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်း များအရ သိရသည်။

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ ဟာမစ်တစ် မှတ်တိုင် အနီးတွင် အောက်တိုဘာလ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကားပြိုင်မောင်း သူ လူငယ်ကိုးဦး၏ ဝိုင်းဝန်းရိုက်နှက် ခဲ့မှုကြောင့် နှင်းဆီကုန်း ဘိုးဘွား ရိပ်သာ၌ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်သူ အသက် ၃၁ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးသွား ခဲ့သည်။
အရာရှိကြီးတစ်ဦး၏သားက ထိုရန်ပွဲတွင် ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ၄င်းနှင့်အပေါင်းအပါထဲတွင် သင်္ဘောသားတစ်ဦးလည်း ပါသည်ဟု စုံစမ်းသိရှိထားကြောင်း သေဆုံးသွားသူ ကိုရဲကျော်သူ၏ မိသားစုက စုံစမ်းထား မှုကို The Voice Weekly သို့ ပြောကြားသည်။

"ကာယကံရှင်ရဲ့အဒေါ်လို့ပဲ ပြောတယ်။ အမှုပိတ်ပေးဖို့ လာသွား တာပါ။ ငွေသိန်း ၂၀ ပေးမယ်လို့ပြော တယ်။ နာမည်လုံးဝ မပြောဘူး။ ဂျာနယ် မှာပါမှ ကျွန်မတို့တူလေး ဒီလောက် အဖြစ်ဆိုးတာ သိရတာပါ" ဟု သေဆုံးသူ၏ အဒေါ်ကပြောပြသည်။
ယင်းအမှုတွင်ပါဝင်ခဲ့သူ လူငယ် ကိုးဦးအနက်မှ လေးဦးမှာ ကျန်ရှိခဲ့သော ကားအနီးသို့ ပြန်လည်ချဉ်းကပ် လာစဉ် မျက်မြင်သက်သေများ၏ သတင်းပေးမှုဖြင့် ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ကျန်ရှိသည့်ငါးဦးကို ၄င်းတို့၏ နေအိမ်တွင် သွားရောက်ရှာ ဖွေရာ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြား (သတင်းဖော်ပြပြီး The VoiceWeekly Vol.8, No.44) သည်။

နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ကမာရွတ်မြို့နယ် (၂) ရပ်ကွက် အင်းစိန်လမ်းနှင့် စံရိပ်ငြိမ် (၃) လမ်း (Excellent Studio) ရှေ့တွင် ပြိုင်ကား တစ်စီး အပါအဝင် ယာဉ်လေးစီးမှ လူခုနစ်ဦး က အခြား ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်ပေါ်လိုက်ပါသူ များကို သံတုတ်၊ သစ်သားတုတ်များ ဖြင့် ရိုက်နှက်ခဲ့မှုကို ကမာရွတ် ရဲစခန်းက (ပ)၄၇၃/၁၂၊ ပုဒ်မ- ၄၄၀/၃၃၈/၃၂၅/ ၃၅၄/၂၉၄/ ၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ တရားခံခုနစ်ဦးအနက်မှ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၈ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်အချိန် ခန့်က ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်း မီးပွိုင့်တွင် မီးနီ၍ရပ်ထား သော အနက်ရောင် ကိုယ်ပိုင်ယာဉ် တစ်စီးကို ကားပြိုင်မောင်းသူများက သံပိုက်များဖြင့် ရိုက်နှက်မှုတွင် တရားခံ ဟုယူဆရသူများကို ဖမ်းဆီး ရရှိခဲ့သည် ဟု တရားလိုဖြစ်သူက ပြောကြားရာ ယင်းနှင့်ပတ်သက် ၍ ကျောက်တံတား မြို့နယ်ရဲစခန်း သို့ အတည်ပြုရန် မေးမြန်း ခဲ့ရာတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၂၃၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး အသေးစိတ် ကိုမူ ဖြေဆိုခွင့်မရှိကြောင်း တာဝန်မှူးက
ပြန်လည်ပြောကြားသည်။

ရန်ကုန်မြို့တော်၌ ညနက်ပိုင်း အချိန်များတွင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်ဖြစ်ပွားသော မှုခင်းအချို့၌ ပြစ်မှုကျူးလွန်သူများတွင် လုပ်ငန်းရှင် ကြီးများနှင့် နိုင်ငံ့ဝန်ထမ်း အရာရှိကြီး များ၏ သားသမီးများ ပါဝင်သော်လည်း ပြစ်မှု ကျူးလွန်သူ မည်သူ့ကိုမဆို ရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဘကြီးသက်
Unknown at 5:48 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.