Monday, October 8, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးခဲ့သည့် အမေရိကန်အစိုးရ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍများမှ အရေးပါသောပုဂ္ဒိုလ်များကို ကျေးဇူးတင်စကား ပြောကြားရန်နှင့် မြန်မာ့ဒီမိုကရေစီလမ်းစ စတင်ရောက်ရှိနေပြီဖြစ်ကြောင်းကို ရှင်းလင်းပြောကြားရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်ကာလအတွင်း ပညာရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာပုဂ္ဒိုလ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်သဘောတူညီမှုနှင့် မူများအရ ဆွေးနွေးသည့်ကိစ္စရပ်များကို အသေးစိတ်ထုတ်ပြန်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာ့ပညာရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညံ့ဖျင်းသည့် ပညာရေးစနစ်ကြောင့် လူငယ်မျိုးဆက်များအကြား လုပ်နိုင်ကိုင်နိုင်သည့်သူများ ရှားပါးသွားခဲ့ရကြောင်း၊ အဆိုပါညံ့ဖျင်းမှု၏ အကျိုးဆက်ကို တတ်နိုင်သလောက် ပြုပြင်ပြီး ရုန်းထွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် စီးပွားရေးနှင့် ပတ်သက်ပြီး ချင့်ချိန်ပြီး မှန်ကန်သော ရင်းနှီးမြုပ်နှံမှု ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်းကို ခရီးစဉ်ကာလအတွင်း ပြောကြားခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး ရေရှည်အကျိုးဖြစ်ထွန်းမှု (မိမိအကျိုးစီးပွား အပါအ၀င် ပြည်သူများ၏ အကျိုးဖြစ်ထွန်းမှု) ကို ထည့်သွင်းစဉ်းစား၍ မှန်ကန်စွာ သုံးသပ်ပြီး လုပ်ဆောင်ရန် လိုအပ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းမီဒီယာများနှင့် ပတ်သက်၍ မှန်ကန်သောသတင်း ဖြန့်ချိရေးက အရေးပါမည်ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများကို ဖော်ထုတ်ရာတွင် အချက်အလက်ခိုင်မာမှုများကို ဦးစာပေး၍ ရေးသားဖော်ထုတ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပညာရေးနှင့် ပတ်သက်ပြီး ရန်ကုန်တကသိုလ် ပြန်လည်ရှင်သန်ရေးကိစ္စရပ်ကို အလေးအနက်ထား ပြောကြားသွားခဲ့သည့်နည်းတူ ကျန်းမာရေးစနစ်တွင်လည်း ရန်ကုန်ဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့်အညီ ပြန်လည်အဆင့်မြင့်တင်ရန် လိုအပ်မည့်ကိစ္စရပ်များကိုလည်း ပြောကြားခဲ့ပါသည်။

တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာ၌ လူတစ်ဦးချင်းစီအလိုက် ပြုပြင်ပြောင်းလဲမှုက အရေးပါမည်ဖြစ်ကြောင်းနှင့် ပြည်မြန်မာ ဂျာနယ်နှင့် The Messenger ဂျာနယ်များကို တရားစွဲဆိုရခြင်း ကိစ္စရပ်မှာလည်း သတင်းဌာနနှင့် သတင်းထောက်များကို အငြိုးထားလို၍ မဟုတ်ဘဲ တရားဥပဒေစိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလားတူ ပြည်သူများက လိုလားမှု ရှိပါက သမ္မတ ဖြစ်လာမည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်၍မူ သူ့အနေဖြင့် ပါတီခေါင်းဆောင်တစ်ဦး ဖြစ်နေသည့်အတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင် ရမည်ဆိုပါကလည်း တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ကသာ လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်ကို ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်ကပင် ချမှတ်ထားသောမူတစ်ခု ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ၌ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်မှာ မဟုတ်ကြောင်း၊ ထိုင်ခုံနေရာ လုခြင်း ဆိုသည်မှာ ထိုင်ခုံ မရှိစဉ်ကပင် ရှိနေခဲ့သည့်ကိစ္စဖြစ်ပြီး ယခုထိုင်ခုံ ရှိလာချိန်တွင် ထိုကိစ္စရပ်များ ပိုဖြစ်လာမည်ဖြစ်ကြောင်း၊ ထိုကိစ္စရပ်များကို သင်ခန်းစာယူ၍ အဖွဲ့ချုပ်ကို ပိုမိုရင့်ကျက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်အပြီး တရုတ်နိုင်ငံသို့ ဘွားရောက်ဖွယ်ရှိကြောင်း သတင်းများနှင့် ပတ်သက်၍မူ သူ့အနေဖြင့် တရုတ်နိုင်ငံသို့ သွားချင်စိတ်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုရင်းနှီးစေရန် ရည်ရွယ်၍ သွားလိုခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နွေးထွေးသည့်ဆက်ဆံရေးကို ထူထောင်ဖို့ လိုကြောင်းနှင့် တတ်နိုင်သလောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ခရီးစဉ်မှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အခက်အခဲဆုံးကာလကို ဖြတ်သန်းရလိမ့်မည်ဆိုသော စကားနှင့် ပတ်သက်၍မူ အဖြစ်များကို အဖြစ်များအတိုင်း မမြင်ဘဲ ဖြစ်စေချင်သည့်ဆန္ဒအတိုင်း တင်မြင်ယူဆနေပါက စိုးရိမ်ရမည့်အနေအထား ဖြစ်ခြင်းကြောင့် ထိုစိုးရိမ်မှုများ ဖြစ်ပေါ်လာမည့် အချိန်ကို အခက်အခဲဆုံးကာလဟု ဖွင့်ဆိုရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဘကြီးသက်
Unknown at 4:23 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.