Wednesday, October 24, 2012

ဟွန်းတီးသင့် မတီးသင့်

 
၉-၉-၂၀၁၂ နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ-၅ ကော်လံ-၃မှာ ‘တက္ကစီများ ဟွန်းမတီးရ နယ်မြေ ဟွန်းတီးပါက ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းမည်’ ခေါင်းစဉ်ဖြင့် ၈-၉-၂၀၁၂ ရက်စွဲ တပ်ထားတဲ့ သတင်းကို အောက်ပါ အတိုင်း ဖတ်ရပါသည်။

‘ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲနေသော တက္ကစီယာဉ် များအား စက်တင်ဘာလ ၃ ရက်မှစတင်ပြီး ‘ဟွန်းမတီးရ’ နယ်မြေတွင် ဟွန်းတီးပါက ယာဉ်မောင်း လိုင်စင် သက်တမ်း တိုးချိန်တွင် သုံးနှစ် ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ ရန်ကုန်မြို့ အတွင်းတွင် ဟွန်းမတီးရ နယ်မြေ သတ်မှတ် ထားသော်လည်း စည်းကမ်းမဲ့ ဟွန်းတီးမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ အရေးယူရခြင်း ဖြစ် ကြောင်း၊ ဆက်လက်ပြီး ကိုယ်ပိုင် ယာဉ်မောင်းသူများကိုလည်း အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်။ ဟွန်းတီးသော ယာဉ်မောင်းများကို ယာဉ်ထိန်း တပ်ဖွဲ့ ဝင်များ မှတ်တမ်း တင်ထားပြီး က.ည.နရုံးသို့ ၄င်းတို့၏ ယာဉ်မောင်း လိုင်စင်များ ပေးပို့ကာ လိုင်စင်သက်တမ်း တိုးပါက သုံးနှစ် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် အသစ် တင်သွင်းလာသော ကားများ များပြားလာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ် နေပြီး ဟွန်းတီးမှုများလည်း များပြားလာကြောင်း သိရသည်။ ပွင့်ဦး(ရန်ကုန်)’

အထက်ပါ သတင်းကို ဖတ်ရပြီးနောက် ရန်ကုန်မြို့ကြီးတွင် နေ ပြီး တက္ကစီယာဉ်မောင်းများ၊ ကိုယ်ပိုင်ယာဉ်များတွင် အငှားမောင်းနေ သူများဘက်မှ စဉ်းစားကာ စိတ်ထဲတွင် ကသိကအောင့် နောက်ကျိစွာ ခံစားရပြီး မေးခွန်းများ၊ စောဒက တက်စရာများ၊ ဆွေးနွေးစရာများ ရှိလာသဖြင့် အခြေခံ လူတန်းစား ယာဉ်မောင်းများဘက်မှ ကိုယ်စား အုပ်ချုပ်သူ စည်းကမ်း သတ်မှတ်သူများနှင့် အများပြည်သူများအား အောက်ပါအတိုင်း တိုင်တည် တင်ပြအပ်ပါသည်။

ပထမဦးစွာ ‘ဟွန်းမတီးရ’ ဟူသော စည်းကမ်းချက်ကို မည်သည့် ရည်ရွယ်ချက်နှင့် သတ်မှတ်ခြင်း ဖြစ်ပါသနည်း။ ရန်ကုန်မြို့ ကြီး ၏လက်ရှိအခြေအနေအရ သတ်မှတ်ရန် လိုအပ်ပါသလား။)
ဒုတိယ အနေဖြင့် ယင်းစည်းကမ်းသည် မည်မျှ အရေးကြီး အန္တရာယ်များ ရှိနေသဖြင့် လိုင်စင်သက်တမ်း သုံးနှစ် ပိတ်သိမ်းရန် အထိ ကြီးလေးသော ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ပါသနည်း။ (လိုင်စင်သုံးနှစ် ပိတ်သိမ်းခြင်းသည် ၄င်းယာဉ်မောင်းအား ထမင်းစား လက်မှတ် သုံးနှစ် သိမ်းခံရ၍ အလုပ်လက်မဲ့ ဘဝသို့ ပို့လိုက် ခြင်းဖြစ်ပါသည်။)

အထက်ပါ မေးခွန်းများကို သက်ဆိုင်သူများ အနေဖြင့် စဉ်းစား ဖြေကြားရာ၌ တိုင်းပြည်၏ လက်ရှိ ပကတိ အခြေအနေ၊ အောက်ခြေ လူတန်းစားများ၏ ရုန်းကန် လှုပ်ရှားနေရမှု အခြေအနေများကို အမှန်အတိုင်းကြည့်မြင်ပြီး တရားမျှတမှု၊ စာနာထောက်ထားမှု၊ ကရုဏာထားမှုတို့ဖြင့် ချင့်ချိန်ဆုံးဖြတ်ပေးကြပါလို့ မေတ္တာရပ်ခံ ချင်ပါသည်။

ထိုသို့စဉ်းစားရာ၌ အထောက်အကူရစေရန် မိမိ၏ရှိသမျှ အသိဉာဏ်၊ အတွေ့အကြုံများ ကို အောက်ပါ အတိုင်း အကြံပြု ဆွေးနွေး တင်ပြအပ် ပါသည်။

၁။ ယာဉ်မောင်းသူများ အနေဖြင့် ဘာကြောင့် ဟွန်းတီးခြင်း အမှု ပြုပါသနည်း။ ယာဉ်မောင်းသူတိုင်း- ဟွန်းတီးခြင်း အမှုပြုကြခြင်း မှာ အများအားဖြင့် (၉၅ ရာခိုင်နှုန်းသည်)ယာဉ်တိုက်မှု အန္တရာယ် မဖြစ် စေရန် ကာကွယ်သည့် အနေဖြင့် ရှေ့မှကားကို ကြိုတင် သတိပေးခြင်း၊ လမ်းကူးသူများကို သတိပေးခြင်း စသဖြင့် အများပြည်သူများ၏ အသက်အန္တရာယ် အတွက် မဖြစ်မနေ တီးကြရခြင်းဖြစ်ကြောင်း အထူး ရှင်းပြရန် လိုမည်မထင်ပါ။ ကျန်အနည်းစု (၅ ရာခိုင်နှုန်းခန့်သည်) ဒေါသအလျောက် မလိုအပ်ဘဲ ဟွန်းတီးသူများ ရှိနိုင်ပါသည်။ မလိုအပ် ဘဲ ဟွန်းတီးသူများမှာ အလွန် နည်းပါးသည်ဟု ယူဆပါသည်။

၂။ ဟွန်းကို မော်တော်ကားတိုင်း၌ ဘာကြောင့် တပ်ဆင်ထားရ ပါသနည်း။ လိုအပ်လျှင် ရပ်နိုင်ရန် ဘရိတ် တပ်ထားရသည်။ လိုအပ် သလို အနှေးအမြန် မောင်းနှင်နိုင်ရန် လီဗာ တပ်ဆင်ထားရသည်။ လိုအပ်လျှင် မှန်အတင်/အချလုပ်နိုင်ရန် မှန်တင်/ချ ခလုတ်များထား ရှိရသည်။ လိုအပ်လျှင် အန္တရာယ် ကြိုတင် သတိပေးနိုင်ရန် ဟွန်းကို တပ်ဆင်ပေးထားရသည်။ (မြို့တွင်း/မြို့ပြင် နေရာတိုင်းမှာ အထူး သဖြင့် လူ/ကားရှုပ်သည့် ရန်ကုန်မြို့ကြီး မြို့တွင်းမှာ ပို၍ အသုံးပြုရန် လိုအပ် ပါသည်။)

၃။ ရန်ကုန်မြို့တော်ကြီးမှာ ယခုအခါ အရေးကြီး (VIP) (ဥပမာ - သမ္မတ အိမ်တော်၊ လွှတ်တော် အစည်းအဝေး ကျင်းပသည့် နေရာ စသည်ဖြင့် မရှိတော့သဖြင့် ဟွန်းမတီးရ နယ်မြေ သတ်မှတ်ရန် လိုအပ်မှု ရှိနေပါသေး သလား။

၎။ လိုအပ်၍ ဟွန်းတီး သူများကို စည်းကမ်းမဲ့သူ အဖြစ် သတ်မှတ်ပြီး အရေးယူရာ၌ ယာဉ်မောင်းလိုင်စင် သက်တမ်း သုံးနှစ် ပိတ်သိမ်းသွားမည်ဟု ပြစ်ဒဏ်ပေးခြင်းမှာ ပြစ်မှုနှင့် ပြစ်ဒဏ မျှတပါရဲ့ လား။ တရားမျှတမှု ရှိပါရဲ့လား။ ဟွန်းတီး လိုက်သဖြင့် လူသေနိုင် ပါသလား။ ယာဉ်တိုက်မှု ပိုမိုဖြစ်နိုင်ပါသလား။ အန္တရာယ်များသော ယာဉ်စည်းကမ်း ဖောက်ဖျက် သူများကို တကယ် တိတိကျကျ အရေးယူ နေပါသလား။ နိုင်နိုင်နင်းနင်း အရေးယူမှု (လာဘ်ပေး လာဘ်ယူ မလုပ် ဘဲ)လုပ်နေနိုင် ကြပါပြီလား။ (ဥပမာ-မီးပွိုင့် အဝင်တွင် မိမိယာဉ်ကြော မှ မဟုတ်ဘဲ အခြားယာဉ်ကြောမှ အတင်းဝင်ရောက်ခြင်း မလိုအပ်ဘဲ အပြိုင်မောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ လူကိုတိုက်၍ ယာဉ်မောင်းများထွက်ပြေးတိမ်ရှောင်မှုများ ဖြစ်နေခြင်း။)

၎။ တက္ကစီ ယာဉ်မောင်းများသည် မရှိဆင်းရဲသား လက်လုပ် လက်စားများ ဖြစ်ပြီး တစ်ပိုင်တစ်နိုင် မိသားစုများကို ရှာဖွေ ကျွေးမွေး နေကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်သိသမျှ တက္ကစီ ယာဉ်မောင်း အချို့၏ ဘဝက အောက်ပါအတိုင်း ဖြစ်ပါသည်။
မြောက်ဥက္ကလာပမှ ယာဉ်မောင်း တစ်ဦးကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့် ကတည်းက သိကျွမ်း ခဲ့ပါသည်။ ၄င်းသည် ဘွဲ့ရ တစ်ဦး ဖြစ်သော်လည်း မိခင်အိုကြီးနှင့် ညီလူမိုက် တစ်ယောက် တို့ကို တက္ကစီမောင်း၍ လုပ်ကျွေးနေသူ ဖြစ်ပါသည်။ မိခင်အိုကြီးမှာ အိပ်ရာထဲ လဲမနေသော်လည်း ကျန်းမာရေး သိပ်မကောင်းပါ။ ညီဖြစ်သူမှာလည်း အရက်စွဲ နေပြီး ဘာအလုပ်မှ မလုပ်ဘဲ ဆိုးပေ တေနေသူဖြစ်ပါတယ်။ ၄င်းညီကို မိခင်အိုကြီးမှ မပစ်ပယ် နိုင် သဖြင့် သားကြီး ဖြစ်သူကပါ ဒဏ်ခံ၍ မိခင်နှင့်ညီကို အိုးမကွာ၊ အိမ်မကွာ တက္ကစီ မောင်းကျွေးနေသူ ဖြစ်ပါသည်။ အစိုးရ အလုပ်လည်း မလုပ်နိုင် မိန်းမလည်းမယူ၊ ယခုအချိန်ထိ လူပျိုကြီး ဘဝနှင့် အသက် ၅ဝ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ယခုအခါ မိခင်ကော၊ ညီငယ်ပါ ကွယ်လွန် သွားကြပြီ ဖြစ်သော်လည်း ကိုယ်ပိုင် ယာဉ်တစ်စီးတောင် မဝယ်နိုင်ဘဲ အငှားယာဉ်မောင်း ဘဝဖြင့် သက်ရှိ ထင်ရှား ရပ်တည် နေရဆဲဖြစ်ပါသည်။

နောက်တစ်ဦး သင်္ဘောသား။ သင်္ဘောတက်ပြီး ပြန်အလာ၊ မိန်းမဖြစ်သူ ဖောက်ပြန်သွား၍ သားတစ်ယောက်နှင့်ကျန်ရစ်ကာ သင်္ဘော ပြန်မတက်နိုင်ဘဲ စုမိသမျှနှင့် တက္ကစီတစ်စီး ဝယ်ပြီး ဘဝ ဝမ်းကျောင်း နေသူ။ နောက်- မိဘများ အရင်က ချမ်းသာ၍ ပညာ ကောင်းစွာမသင်၊ မိဘများ ကွယ်လွန်၍ အရွယ်လွန်မှ ပညာမတတ်၍ အငှား တက္ကစီ ယာဉ်မောင်း လုပ်နေသူ စသည့် စသည်နှင့် ကျွန်တော် မသိသော ဘဝကို ရုန်းကန် လှုပ်ရှားနေရသူ ယာဉ်မောင်းများ များစွာ ရှိနေပါဦးမည်။ မည်သို့ဖြစ်စေ မည်သူမျှ ပိုက်ဆံ ချမ်းသာပြီး အပျော်တမ်း တက္ကစီ မောင်းစားနေသူများ မဟုတ်သည်မှာ သေချာပါ သည်။ ထိုသူများကို ဟွန်းတီးရုံမျှနှင့် လိုင်စင်သက်တမ်း သုံးနှစ် ပိတ်သိမ်းမည် ဆိုပါက ၄င်းတို့အား မှီခို အားထားနေရသော ၄င်းတို့၏ မိသားစုများ၏ စား/ဝတ်/နေရေးကို လူသားဆန်စွာ ကိုယ်ချင်းစာ ငဲ့စောင်း ကြည့်စေချင်ပါသည်။
၅။ ‘ဟွန်းတီးသော ယာဉ်မောင်းများကို ယာဉ်ထိန်း တပ်ဖွဲ့ဝင် များက မှတ်တမ်း တင်ထားပြီး က.ည.နရုံးသို့ ၄င်းတို့၏ ယာဉ်မောင်း လိုင်စင် ပေးပို့ကာ လိုင်စင်သက်တမ်း တိုးပါက သုံးနှစ် လိုင်စင်ပိတ် သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်ဟူသော စာသားများနှင့် ပတ်သက်၍ ကျွန်တော် ဉာဏ် မမီသဖြင့် နားမလည်ပါ။ မှတ်သား ဖမ်းဆီး လုပ်မှာလား။ ဟွန်းတီးသူကို ချက်ချင်းဖမ်းပြီး လိုင်စင် သိမ်း မှာလား။ နောက်ပြီးမှ က.ည.နရုံး ပို့မှာလား။ ဘယ်လို လုပ်ကြမှာလဲ။

နောက်တစ်ခုတင် ပြချင်သည်မှာ ဟွန်းသံကြားရုံမျှနှင့် ဘယ်ကားက ဟွန်းတီးသည်ဟု တစ်ခါတစ် ရံ သဲကွဲစွာ မသိနိုင်ခြင်း ဖြစ်ပါသည်။ ကားများထပ်ခြင်း၊ ရှေ့နောက် နီးကပ်စွာ ရပ်ထားခြင်းများကြောင့် တကယ် ဟွန်းတီးသည့် ကားကို မဖမ်းဘဲ ဟွန်းမတီးသည့်ကားကို ဖမ်းမိပါက အဖမ်းခံရသူ အနေဖြင့် များစွာ နစ်နာ နိုင်ပါသည်။ အငြင်းပွားစရာ ကိစ္စများ ဖြစ်နိုင်ပါသည်။ အမှန်ကို ပြောရလျှင် မှတ်သား ဖမ်းဆီးကို ယခုထိ မယုံကြည်နိုင်သေးဟု ဆိုလျှင် မှားမည် မထင်ပါ။

သတင်းစာတွင် ‘ဆက်လက်ပြီး ကိုယ်ပိုင်ယာဉ် မောင်းသူများ ကိုလည်း အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရ သိရသည်’ ဟုပါရှိပါသည်။

ကိုယ်ပိုင်ယာဉ်မောင်း ဆိုရာ၌ ကိုယ်ပိုင်ယာဉ်ကို ကိုယ်တိုင်မောင်း သူများရှိသလို ချမ်းသာသောမိသားစုများ၊ ကုမ္ပဏီများ အနေဖြင့် ကိုယ်ပိုင်ကား၊ ကုမ္ပဏီကားများကို အငှားယာဉ်မောင်း တင်၍ မောင်း နေသော (လခစား ယာဉ်မောင်းများ) ဟူ၍ရှိပါသည်။
ထိုလခစား အငှားယာဉ်မောင်း များသည်လည်း ဆင်းရဲသား လူတန်းစား မိသားစု စား/ဝတ်/နေရေးအတွက် ယာဉ်မောင်းစားနေသူ များ အများစုဖြစ်ပါသည်။ ထိုအထဲတွင် ကျွန်တော်တို့လို အစိုးရ ဌာနမှ အငြိမ်းစားယူပြီး ချွေးနှဲစာဖြင့် ဈေးပေါပေါခေတ်က ဝယ်ထားခဲ့မိ သောကားကို မအပ်နိုင်၊ အပ်ပြီးလျှင်လည်း နောက်ထပ် အသစ်ဝယ်ရန် ငွေထပ်မလိုက်နိုင်၊ ဒရိုင်ဘာလည်း မငှားနိုင်သဖြင့် ယင်းကားအိုလေး ကို ကိုယ်တိုင်မောင်း၍ အရွယ်ရောက်လာသည့် သားသမီးများအား ကျောင်းပို့/ ကျောင်းကြို ကိစ္စ၊ မိန်းမ ဈေးသွားသည့် ကိစ္စ၊ ဟိုနား သည်နား သာရေး၊ နာရေး ကိစ္စများ၌ အသက်ကြီးမှ ဒရိုင်ဘာ လုပ်နေရသူ အနည်းစုလည်း ရှိနေပါသေးသည်။

မည်သို့ဆိုစေ တက္ကစီ ယာဉ်မောင်းများ၊ ကိုယ်ပိုင်ယာဉ် ကုမ္ပဏီပိုင်ယာဉ် အငှား မောင်းသူများသည် စားဝတ် နေရေးအတွက် မိမိတတ်သည့် ပညာလေးဖြင့် ဝင်ငွေရှာနေကြရသော ဆင်းရဲသား လူတန်းစား အလုပ်သမားများသာ ဖြစ်ကြောင်း အထူးပြောရန် မလိုပါ။
နောက်ပြီး ဟွန်းတီးတဲ့ ပြစ်ဒဏ်က သုံးနှစ်တောင် လိုင်စင် အသိမ်းခံရမှာ ဆိုတော့ ယာဉ်မောင်းပြီး ပိုက်ဆံရှာရတဲ့ သူတွေ အနေနဲ့ သုံးနှစ် ထမင်းစားလ က်မှတ် အသိမ်းခံရတာပါပဲ။ သူ့ရဲ့ မိသားစုကို လုပ်ကိုင် ကျွေးမွေးနေသူ ဖြစ်ခဲ့ရင် သူ့မိသားစုတွေရဲ့ နောင်ရေး ကိစ္စကိုကော စဉ်းစားကြည့်ကြပါဦး။

ဒီပြစ်ဒဏ် အတွက် အဖမ်းခံရပြီ ဆိုရင် ဒီယာဉ်မောင်း ဘာလုပ် မလဲ။ ယာဉ်ထိန်းရဲနဲ့ ညှိတော့မယ်။ ဘယ်လိုညှိ မလဲ။ ပထမ တောင်း ပန်မယ်။ တောင်းပန်လို့ မရရင် ဒီကိစ္စက လာဘ်ပေးလာဘ်ယူ ဆောင် ရွက်အောင် အားပေးသလိုများ ဖြစ်မနေဘူးလား။ ယာဉ်ထိန်းရဲ တွေကကော လာဘ်မယူဘဲ တကယ် မှန်မှန်ကန်ကန် တာဝန် ထမ်းဆောင် နေကြပြီလား။
လမ်းတွေ ပေါ်မှာ ယာဉ်ထိန်းရဲတွေ ကားတစ်စင်းနဲ့ လျှောက်ပြီး ကားတွေဖမ်းဖို့ စီးလာတဲ့ကား ကုန်ကျစရိတ်တွေ ဘယ်က ရပါသလဲ။ အစိုးရ ဘတ်ဂျက်နဲ့ ခွင့်ပြုထားပါသလား။ သူတို့ရဲ့တစ်နေ့တာ အသုံးစရိတ်(စားသောက်စရိတ် စသည်)ဘယ်ကရပါသလဲ (သောက်ရေအတွက် ရေသန့်ဘူးတွေကို ရေသန့်ဘူးပို့တဲ့ ကားတွေ ဆီကရမယ် ထင်ပါတယ်။) ဒါဥပမာပြောတာပါ။

နောက်လမ်းတွေကကော ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်အောင် ချောမွေ့ ကောင်းမွန် နေပါပြီလား။ ခုံးကျော်တံတားတွေ ဆောက် လုပ်နေဆဲ၊ လမ်းအပေါက်အပြဲတွေ နောက်ကလိုက်ပြီး အလျင်မီ အောင် မနည်းကြိုးစားပြီး ဖာထေးနေရဆဲ မဟုတ်ပါလား။ လမ်းဖြတ် ကူးသူ၊ ခြေလျင် ခရီးသွားများ ကကော တကယ် စည်းကမ်းလိုက်နာ နေကြပြီလား။ ယာဉ်အို ယာဉ်ဟောင်းတွေ (ကားသစ် မလဲသေးသော) ရဲ့ကားရဲ့ကြံ့ခိုင်မှုတွေ ရာခိုင်နှုန်း အတော်များများ ပြုပြင် ပြေးဆွဲနေ ကြပါရဲ့လား။ လူကူး မျဉ်းကျားတွေကော သတ်သတ်မှတ်မှတ် လုံလုံလောက်လောက် ရေးဆွဲ ထားပါသလား။

အများကြီး အများကြီး လုပ်စရာတွေ ပြုပြင်စရာတွေ ရှိနေပါ သေးသည်။ အခုမှ တိုင်းပြည်ကို ဒီမိုကရေစီ စနစ် ထူထောင်ပြီး ရုပ်ပိုင်းရော စိတ်ပိုင်းရော အပြင်းအထန် ပြင်ဆင် ပြောင်းလဲ နေကြဆဲ ကာလမှာ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စတွေ အတွက် ဆင်းရဲသား လူတန်းစား အများအပြား ဒုက္ခရောက်အောင်၊ ပိုပြီး ပြဿနာ တက်အောင် ငယ်တဲ့ အမှုကြီး၊ ကြီးတဲ့ အမှု ကိုယ်ကျိုးနည်းအောင် မလိုအပ်တဲ့ စည်းကမ်း သတ်မှတ် သလိုများ ဖြစ်မနေဘူးလား။ ဒီစည်းကမ်းကို ဘယ်နိုင်ငံက အတုယူပြီး ဒီနိုင်ငံအတွက် ပြဋ္ဌာန်း ပါသလဲ မသိပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ရေ၊ မြေ လက်ရှိ အခြေအနေများ အရ တကယ်လိုအပ်မှု ရှိ မရှိ လိုက်လျောညီ မျှမှုရှိ မရှိ ဝိုင်းစဉ်းစား ဆုံးဖြတ်နိုင်ကြပါ ရန် တင်ပြခြင်း ဖြစ်ပါသည်။

မြိုင်ကြီး (ဝမ်းတွင်း)

The Voice Weekly Vol.8/ No.42 ပါ Opinion ကဏ္ဍ မှ ဖော်ပြချက်

REF: The Voice Weekly

ဘကြီးသက်
Unknown at 12:02 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.