Friday, September 21, 2012

နိုင်ငံတကာက လက်ခံနိုင်သော ဖြေရှင်းချက်မျိုးဖြစ်အောင် ကြိုးပမ်းမည်ဟု ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြောကြား





ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံတကာကပါ လက်ခံနိုင်သော ဖြေရှင်းချက်မျိုးဖြစ်အောင် ကြိုးပမ်းသွားမည်ဟု ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ယခုလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ရခိုင်ပြည်နယ်၌ မေလနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် စပ်လျဉ်း၍ စုံစမ်းရန် စက်တင်ဘာလ ၇ ရက်နေ့မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ် နေရာအနှံ့အပြားသို့ သွားရောက်ခဲ့ပြီး မျက်မြင်သက်သေများ အပါအဝင် နှစ်ဖက်ဒေသခံ ပြည်သူများ တွေ့ဆုံကာ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ ဓမ္မဓိဋ္ဌာန်ကျကျ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်။ တတ်နိုင်သမျှ အမှန်တရား ဖော်ထုတ်ပြီး လောလောဆယ် ပြဿနာတွေကို တည်ငြိမ်အောင် လုပ်ရမယ်။ နိုင်ငံ့အကျိုးစီးပွားကို ဦးထိပ်ထားပြီး နိုင်ငံတကာက လက်ခံနိုင်တဲ့ အဖြေရှာမယ်။ အများလက်ခံနိုင်တဲ့ အဖြေမျိုးဖြစ်အောင် ကြိုးစားသွားမယ်” ဟု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမျိုးမြင့်က ပြောသည်။ ကော်မရှင်အနေဖြင့် ဒေသခံများအား မေးမြန်းရာတွင် လွတ်လပ်စွာ သီးခြားတွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပြီး ၎င်းတို့၏ ဆန္ဒများ၊ ခံစားချက်များ၊ စိုးရိမ်ပူပန်မှုများကို သိခွင့်ရခဲ့သည်ဟု ဆိုသည်။ ထို့ပြင် အမေရိကန်သံရုံး၏ ယခုလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူ့အဖွဲ့အစည်း နှစ်ခုစလုံးတွင် ကြီးမားသော ထိခိုက်မှုများရှိနေပြီး လူသားချင်း စာနာထောက်ပံ့ရေး အခြေအနေမှာ စိုးရိမ်စရာ ကောင်းဆဲပင် ဖြစ်သည်ဟူသော ဖော်ပြချက်မှာလည်း ချဲ့ကားပြောဆိုခြင်းပင် ဖြစ်ကြောင်း ကော်မရှင်က ပြောသည်။ “ဒဲရစ်မစ်ချယ် ရောက်တဲ့နေရာမှာ ကျွန်တော်တို့လည်း ရှိတယ်။ တချို့ဆို တော်တော် စိတ်မကောင်းဘူး။ တစ်ဖက်စကားပဲ နားထောင်တယ်။ သူတို့ ဘယ်လိုရေးလည်းတော့ မသိဘူး။ ကျွန်တော်တို့ကတော့ လုပ်ရမယ့် အလုပ်အတိုင်း လုပ်တယ်၊ မေးတယ်။ နှစ်ဖက်စကား နားထောင်တယ်။ အဆိုပါ ခုနစ်ရက်တာ ခရီးစဉ်မှာ ကော်မရှင်၏ ပဏာမစုံစမ်းရေး ခရီးစဉ်ဖြစ်ပြီး အသေးစိတ် အချက်အလက်များ ဆက်လက်ကောက်ယူရန် သုတေသနအဖွဲ့ ဖွဲ့စည်းကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ကော်မရှင်သည် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအား နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာလ ၁၆ ရက်နေ့အရောက် တိုက်ရိုက် အစီရင်ခံ တင်ပြရမည်ဖြစ်သည်။ “၁၆ ရက်နေ့ ပြီးချင်မှ ပြီးမယ်။ အချိန်ယူရမယ့် သဘောရှိတယ်။ ဒါက နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြဿနာဆိုတော့ သိပ်မလွယ်ဘူး။ တစ်ဖက်မှာလည်း စောင့်နေကြတဲ့သူတွေရှိတော့ အတတ်နိုင်ဆုံး အမြန်ဆုံးနဲ့ အမှန်ဆုံးဖြစ်အောင်   ဆောင်ရွက်ရမှာပါ” ဟု ဒေါက်တာမျိုးမြင့်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဘကြီးသက်
Unknown at 10:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.