စက်တင်ဘာလ ၂၈ ရက်။ ။ ရန်ကုန်မြို့မှာ
လှည်းတန်းခုံးကျော် တံတားတစ်စင်း၊ ဘုရင့်နောင်ခုံးကျော် တံတားနှစ်စင်းနဲ့
ရွှေဂုံတိုင်ခုံးကျော် တံတားတစ်စင်းတို့ တည်ဆောက်ဖို့အတွက် ငွေကျပ် ၄၉ ဒသမ
၃၀၆ ဘီလီယံခန့် သုံးစွဲမယ်လို့ လျာထားကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့တွင်
ပြုလုပ်တဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်
အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါ ခုံးကျော်တံတားများ တည်ဆောက်ရန်အတွက် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ရဲ့ ဘဏ္ဍာငွေ တောင်းခံမှုမှာ ထည့်သွင်းတောင်းခံထားကြောင်း၊ သို့သော်လည်း ရွှေဂုံတိုင် ခုံးကျော်တံတားမှာမူ ယခုဘဏ္ဍာရေး နှစ်အတွင်း ၄ ပုံသုံးပုံခန့်သာ ပြီးစီးနိုင်မည် ဖြစ်သောကြောင့် ကျန်ရှိတဲ့ ၄ ပုံ ၁ ပုံအတွက် ငွေကြေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ထည့်သွင်းတောင်းခံသွားမည် ဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။
တံတားလေးစင်းအတွက် စုစုပေါင်းငွေ ၄၉ ဒသမ ၃၀၆ ဘီလီယံထဲမှ လှည်းတန်းခုံးကျော် တံတားအတွက် ၁၄ ဒသမ ၄၈၇ ဘီလီယံ၊ ရွှေဂုံတိုင်ခုံးကျော် တံတားအတွက် ၁၃ ဒသမ ၃၈၀ ဘီလီယံနှင့် ဘုရင့်နောင်ခုံးကျော် တံတားနှစ်စင်း (ဘုရင့်နောင်လမ်းနှင့် သမိုင်းဘူတာရုံ လမ်းပေါ်တို့တွင် တစ်စင်းစီထိုးမည် ဖြစ်ပါသည်) အတွက် ၂၁ ဒသမ ၇၄၇ ဘီလီယံတို့ကို သုံးစွဲရန် လျာထားကြောင်း ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့တို့၏ ဘဏ္ဍာရေး လျာထားချက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။
ခုံးကျော်တံတားများအနက် လှည်းတန်း ခုံကျော်တံတားမှာ လက်ရှိဆောက်လုပ်နေပြီး ယင်းတံတားအား ဆောက်လုပ်သည့် ရွှေတောင် ကုမ္ပဏီမှ လာမည့် ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ် ဆောက်လုပ်မည်ဟု တင်ပြထားသော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ညွှန်ကြားထားသည်။ ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရန်အတွက်ကိုမူ အကြိုအင်ဂျင်နီယာလုပ်ငန်း ပြုလုပ်နေပြီး ဆောက်လုပ်ချိန်မှာ ၁ နှစ်နီးပါး ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ ရွှေဂုံတိုင် ခုံးကျော်တံတားကို စတင်ရန် ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ရတနာပုံသတင်း

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge