Sunday, September 16, 2012

မြန်မာ-အမေရိကန် ကမ္ဘာအနှံ့ ပထမဆုံး ငွေလွှဲလုပ်ကိုင်မည်



From : အင်တာနက်
နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက် Western Union Company က မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း မြန်မာအရှေ့တိုင်းဘဏ်၏ အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ပြောကြားသည်။ Western Union Company နှင့် MOB တာဝန်ရှိသူများအကြား အကြိမ်ကြိမ်ဆွေးနွေးကာ သဘောတူညီချက် ရရှိပြီးဖြစ်သဖြင့် စက်တင်ဘာလကုန်တွင် Western Union ချိတ်ဆက်ထားသည့် နိုင်ငံများနှင့် အပြန်အလှန် ငွေလွှဲပို့ခြင်း စတင်နိုင်တော့မည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောဆိုသည်။ “World Wide (ကမ္ဘာအနှံ့) ငွေလွှဲနိုင်ဖို့က ဒါပထမဆုံးပါ” ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် Western Union ၏ Customer Service Center ကို ရန်ကုန်မြို့တွင် လာရောက်ဖွင့်လှစ်ကာ လုပ်ငန်းနှင့် ပတ်သက်၍ သိလိုသည့် မေးမြန်းမှုများ၊ အခက်အခဲ ဖြေရှင်းပေးခြင်းများ လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေလွှဲခြင်းများကို မြန်မာအရှေ့တိုင်းဘဏ် ၁၉ ခုက ဆောင်ရွက်မည်ဖြစ်ကြောင်း MOB ၏ အကြီးတန်း အထွေထွေမန်နေဂျာက ရှင်းပြသည်။ Western Union အနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့် ရသည့်အတွက် ကျေနပ်အားရမိကြောင်း မြန်မာ အရှေ့တိုင်းဘဏ် ငွေလွှဲခြင်းလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး Western Union ၏ အာရှ ပစိဖိတ်ဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာနှင့် အကြီးတန်း ဒုတိယဥက္ကဋ္ဌ Ms.Drina Yue က ထုတ်ဖော်ပြောကြားသည်။ “ကျွန်မတို့ ရည်ရွယ်တာက ကျွန်မတို့ရဲ့နယ်ပယ် ချဲ့ထွင်နိုင်ဖို့နဲ့ သန်းနဲ့ချီရှိတဲ့ နိုင်ငံရပ်ခြားက မြန်မာတွေကို (ငွေလွှဲပို့ရာမှာ) အထောက်အပံ့ ပေးနိုင်ဖို့ပါ” ဟု ဆိုသည်။ မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိနေသော နိုင်ငံသားများသည် တရားဝင် နိုင်ငံခြားငွေလွှဲခြင်းများ အစား ယုံကြည်ရန်ခက်ခဲသည့် ဟွန်ဒီကိုသာ အားကိုးလာခဲ့ရာမှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် ၁၄ ခုကို နိုင်ငံခြား ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ရာ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့က ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နှင့် အပြန်အလှန် ငွေလွှဲခြင်း၊ မြန်မာအရှေ့တိုင်းဘဏ်က ကမ္ဘာအနှံ့ ငွေလွှဲခြင်းတို့ကို စတင်လုပ်ကိုင်လာကြသည်။ ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို စက်တင်ဘာလကုန်မှ စတင်ကာ မြန်မာအရှေ့တိုင်း ဘဏ်ခွဲများရှိရာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်တွင်းကြီး၊ တောင်ငူ၊ ပြည်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ မြိတ်မြို့တို့၌ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း MOB ဘဏ်ထံမှ သိရှိရသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:36 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.