Sunday, August 12, 2012

ဆိုရေးရှိလို့ ဆိုရခြင်းဖြစ်တယ်


Nyein Chan Aye
ကျနော် ဒီလိုကိစ္စတွေ မရေးချင်၊ မပြောချင်ပါ..။ မြင်နေ တွေ့နေရပြန်တော့လည်း မပြောဘဲ မနေနိုင်ပါ..။ ဒီ အကျင့် မကောင်းမှန်းလည်း သိပါတယ်..။
လူပုဂ္ဂိုလ် နာမည် အရင်းလို့ မယူဆတဲ့ အတွက် ခု ဖေ့စ်ဘုတ် နာမည် ဒီမှာ ဖော် တပ်ပြီး ပြောပါ့မယ်..။
ခု ဒီမို ဖက်တီး ဆိုတဲ့ ဖေ့စ်ဘုတ် အကောင့်နဲ့ တင်တဲ့ တူရကီ ဝန်ကြီးချုပ်ကတော် ဓာတ်ပုံ ပါ စာ
သားနဲ့ ပတ်သက်လို့ပါ..။ 
သူက

"များမကြာမီက တူရကီကောင်မကြီး တက္ကသိုလ်ကျောင်းသူဘ၀မှာ အစ္စလမ်ဘာသာနှင့်အညီ အရက်သေစာ သောက်စားနေသည့် ဓါတ်ပုံ ထွက်ပေါ်လာသည့်အတွက် .... တူရကီကောင်မကြီးမှာ နိုင်ငံခြားခရီးစဉ်များ ထွက်ပြီး "ခဲပေါက်အသတ်ခံရမည့်" အခြေအနေမှ လွတ်မြောက်အောင် ပနာယူလုပ်ရပ်များ ပြုလုပ်နေခြင်းဖြစ်သည်။"

ဆိုပြီး တူရကီ ဝန်ကြီးချုပ် ကတော် ငယ်စဉ်ကလို့ ယူဆနိုင်တဲ့ ပါတီပွဲ ဓာတ်ပုံ ကို တင်ပါတယ်..။

သူ့စာသားပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မသိသေးသူများ သိအောင် ရှင်းပါမယ်..။

တူရကီ (Turkey) u ဆီကူလာ စတိတ် လုံးလုံး ဖြစ်ပါတယ်..။ အဓိပ္ပာယ်က နိုင်ငံရဲ့ ဥပဒေပြုရေး ၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး စနစ် မှာ ဘာသာအယူဝါဒ တခုခု ရဲ့ ချုပ်ကိုင် လွှမ်းမိုးမှု မရှိတာကို ဆိုလိုတာပါ..။

ဒါဟာလည်း ခုမှ မရှိတာ မဟုတ်ပါ..။ သူတို့ရဲ့ ၁၉၂၄ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တဲ့ ၁၉၂၈ ကတည်းက နိုင်ငံတော် (State) နဲ့ ဘာသာရေး (Religion) ကို ခွဲထုတ်ခဲ့တာပါ..။ တူရကီ ဟာ အစ္စလ်ာမ်မစ် နိုင်ငံလည်း မဟုတ်ပါ..။ သူတို့နိုင်ငံမှာ တရားဝင် ကိုးကွယ်တဲ့ နိုင်ငံတော် ဘာသာဆိုတာလည်း မရှိပါ..။ သူတို့ နိုင်ငံရဲ့ တရားဝင် နာမည်က Republic of Turkey ပါ..။

ဆိုခဲ့သလို သူတို့ဟာ ဆီကူလာ စတိတ်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ ဥပဒေ နဲ့ တရားစီရင်ရေးစနစ်မှာ ဘာသာရေးပြဋ္ဌာန်းချက်တွေဟာ အကျူံးမဝင်ပါ..။ ဆိုတော့ကာ အထက်စာပါ ပုဂ္ဂိုလ်ညွှန်းခဲ့သလို အရက်သေစာ သောက်စားလို့ ခဲပေါက်အသတ်ခံရမယ့် အခြေအနေဆိုတာ လုံးဝ မဟုတ်ပါ..။

အရက်သေစာ သောက်စားခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းဟာ တူရကီမှာ တရားဝင်ပါတယ်..။ သူတို့ဆီက လူအများစု ကိုးကွယ်တဲ့ ဘာသာ အစ္စလာမ် က အရက်သေစာ သောက်စားခြင်းကို တားမြစ်တာ မှန်ပါတယ်...။ ဒါပေမယ့် ဒါဟာ နိုင်ငံရဲ့ တရားဥပဒေနဲ့ ဘာမှ မသက်ဆိုင်ပါ..။

အရက်ကို တားတာဟာ သူတို့ ဘာသာ တခုတည်းလည်းမဟုတ်ပါ..။ ဘာသာတိုင်း က တားမြစ်ပါတယ်..။ ဗမာပြည်မှာလည်း အများစု ဖြစ်တဲ့ ဗုဒ္ဓ ဘာသာဝင်တွေဟာ အရက်ကို ရှောင် ရပါတယ်..။ ဒါပေမယ့် ဥပဒေ အရတော့ မတားမြစ်ဘူး..။ ဒီအတွက် သောက်ချင်တဲ့ သူ သောက်တယ်..။ မသောက်ချင်တဲ့ သူ မသောက်ဘူး..။ သူတို့ဆီမှာလည်း ဒီသဘောပါပဲ..။

သူတို့ဆီက ဒေသထွက် ရာကီ အရက်ဟာ ကမ္ဘာမှာ နာမည်ကျော်ပါ..။ သူတို့ဆီ သွားလည်တဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အကြိုက်ပါ..။ ကျနော်တောင် ဒီလာ ကျောင်းတက်တဲ့ တူရကီ တယောက်တိုက်လို့ သောက်ဖူးပါတယ်..။ သူတို့ဆီက ထွက်တဲ့ ဝိုင်တွေဟာလည်း နာမည်ကြီးပါ..။

နောက်တခု အရက်နဲ့ ပတ်သက်လို့ နည်းနည်းထပ်ပြောရရင် မွတ်ဆလင် နဲ့ အရက် တလမ်းစီ ဆိုတာ လူတွေ (သူတို့ မွတ်ဆလင် တွေ ကိုယ်တိုင်) ထင်မှတ်မှားနေမှုပါ..။ ဘာသာက တားမြစ်တယ်..။ သူတို့က ဘာသာတရား အဆုံးအမ ကို ပို ကိုင်းရှိုင်းကောင်း ကိုင်းရှိုင်းလို့ အရက်သောက်သူ နည်းကောင်း နည်းမယ်..။ ဒါပေမယ့် မွတ်ဆလင် နဲ့ အရက် ဆက်နွယ်မှုဟာ ရှေး ပဝေသဏီ သမိုင်း အစဉ်အဆက် ကတည်းက ရှိခဲ့ပါတယ်..။ သာဓက ပြရရင် ပါရှန် နာမည်ကျော် ကဗျာဆရာကြီး (ဂီတစာဆို / အတွေးအခေါ် / သင်္ချာ / နက္ခတဗေဒ / အစ္စလာမ် အယူအဆ ပညာရှင်ကြီး) အိုမာခရမ် Omar Khayyám ရဲ့ ကဗျာ ရှည်ကြီးတွေကိုပဲ လေ့လာကြည့်ပါ..။

နောက်တခုက ဆက်စပ်တဲ့ အကြောင်း ဆိုရရင် မွတ်ဆလင် အများစု ရှိတဲ့ တိုင်းပြည်တိုင်းလည်း အစ္စလာမ် နိုင်ငံတော် မဟုတ်ပါ..။ ဘာသာရေးဥပဒေတွေကို အလုံးစုံ မသုံးပါ..။ ကမ္ဘာ့ မွတ်ဆလင်လူဦးရေ အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားလည်း တစိတ်တပိုင်း ဆီကူလာ စတိတ်ပါပဲ..။ Technical term အနေနဲ့ ပြောရရင် Ambiguous states လို့ သူတို့လို တိုင်းပြည်တွေကို ခေါ်ပါတယ်..။ အဲ့လို ဘာသာရေး နဲ့ နိုင်ငံတော် တစိတ်တပိုင်း ရောယှက် ထွေပြားနေတဲ့ သဘောရှိတာဟာ သူတို့ အစ္စလာမ်ဘာသာ အများစု ကိုးကွယ်တဲ့ နိုင်ငံတွေတင်မဟုတ်ပါ..။ ခရစ်ယာန် ဘာသာ အများစု ကိုးကွယ်တဲ့ ဂျာမနီ၊အင်္ဂလန်၊ အာဂျင်တီးနား၊ တို့..၊ ဂျူးဘာသာဝင်တွေရဲ့ အစ္စရေး၊ ဗုဒ္ဓ ဘာသာဝင်အများစု ဖြစ်တဲ့ သီရိလင်္ကာ တို့ဟာလည်း ဒိလို Ambiguous states တွေပါပဲ..။ ဗမာပြည်ဟာလည်း ဒီအထဲမှာ အကျူံးဝင်ပါတယ်..။ ဟိုတလောက ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ တရားဝင်လုပ်ခြင်း နှစ်ပတ်လည် လုပ်တဲ့ ရူးပေါပေါ သတင်းတခုတောင် ဖတ်လိုက်ရသေးတယ်..။ သူတို့ ဘာကြောင့်လုပ်တယ်ဆိုတာ မသိပေမယ့် တကယ်က ဗမာပြည်ဟာလည်း technically secular state ပါ..။ ဒါပေမယ့် ခေတ်အဆက်ဆက် အစိုးရတွေ (အထူးသဖြင့် နောက်ပိုင်း စစ်အစိုးရခေတ်) သဘော၊ မူဝါဒ နဲ့ လုပ်ဆောင်ပုံတွေကြောင့် ဆီကူလာ ဖြစ်မှု အားနည်းခဲ့ပြီး Ambiguous states ထဲ ဝင်သွားရတာပါ..။

ခု လူပြောသူပြောများတဲ့ ဘင်ဂလားဒေ့ရှ်လည်း စတင်ထူထောင်စဉ်က ဆီကူလာ စတိတ်အနေနဲ့ တည်ထောင်ခဲ့တာပါ..။ (၈၀) ခုနှစ်များရောက်မှ အစိုးရအပြောင်းအလဲ (သူတို့ဆီမှာလည်း ဗမာပြည်လိုပဲ စစ်တပ် က အမြဲလိုလို ကြီးစိုးတယ်..) ကြောင့် အစ္စလ်ာမ် က နိုင်ငံတော်ဘာသာ ဖြစ်သွားခဲ့ပါတယ်..။ ဒါဟာလည်း ခုနှစ်ပိုင်း (လက်တမ်းဆိုရရင် ၂၀၁၀ လောက်) မှာ သူတို့ရဲ့ တရားလွှတ်တော်ရုံးချုပ်က အခြေခံဥပဒေပါ ဘာသာရေး လွှမ်းမိုးမှုအချက်တွေကို ရုတ်သိမ်းပြီး ဘာသာရေး တရားစီရင်ချက်တွေကို တားမြစ်ဆန့်ကျင်မှုတွေ စလုပ်နေပါပြီ..။

တူရကီ နဲ့ ပတ်သက်လို့ ထပ်ပြောရရင် ကျနော် သူတို့ရဲ့ လက်ရှိ ကမ္ဘာမှာ အရေးပါမှု..၊ သူတို့ သွားနေတဲ့ လမ်းကြောင်း..၊ အစ္စလာမ် ကမ္ဘာက နိုင်ငံတွေ နမူနာယူသင့်ပုံ စတာတွေနဲ့ ပတ်သက်လို့ ဆောင်းပါးအနေနဲ့ ရေးချင်ပါတယ်..။ ဒါပေမယ့် ကိုယ့်နိုင်ငံမဟုတ်လို့..၊ ကိုယ်နဲ့ တိုက်ရိုက်မပတ်သက်လို့ အလေးထား ရေးဖို့ မကြိုးစားမိတာပါ..။

ဟိုးတလောက ကိုမိုးသီးဇွန်က ပြင်သစ်တော်လှန်ရေးရဲ့ ခေတ်သစ် ကမ္ဘာ ကို အကျိုးပြုပုံ စာတိုလေးရေးတင်တော့ တပါတည်း တူရကီနိုင်ငံအကြောင်းပါ ရေးချင်ပါတယ်လို့ ဆိုဖူးတယ်..။ အဲ့တော့ ကျနော် စာပို့ပြီး ရေးဖို့တိုက်တွန်းခဲ့တယ်..။ သူတကယ် ဆက် ရေး ဖြစ် / မဖြစ်တော့ ခုနောက်ပိုင်း ဖေ့ဘုတ်က စာရှည်တွေ ဘာမှ မဖတ်တော့လို့မသိပါ..။

ဆက်စပ်လို့ ဆိုရရင် တူရကီ သမိုင်းက လူမျိုးတုန်း သတ်ဖြတ်မှုတွေအကြောင်း ခု ပြန်ပြောကြတယ်..။ ကောင်းပါတယ်..။ လက်လှမ်းမမီတဲ့သူတွေ ခု သိနိုင်တာပေါ့..။ ဒါပေမယ့် ဒီလို သာဓက ပြခြင်းဟာ သင်ခန်းစာ ယူ ရှောင်ကြဉ်ဖို့ အတွက် သက်သက်ပဲ ဖြစ်ရပါမယ်..။ သူတို့တောင် လုပ်သေးတာ ငါတို့က အဲ့လောက် မဆိုးပါဘူး ဆိုတဲ့ သဘော လုံးဝ မဖြစ်သင့်ပါ..။

နောက်တခုက အစ္စလာမ် ဘာသာ အမည်ခံ အကြမ်းဖက်သမားတွေရဲ့ ကမ္ဘာတဝှမ်း လုပ်ရပ် တွေကို အလားတူ သဘော ထောက်ပြပြီး ဆိုချင်ကြပါတယ်..။ ဒါဟာလည်း အထက်မှာ ဆိုခဲ့သလို ဘာသာရေးကို ခုတုံးလုပ် အသုံးချမှု မကောင်းမှု..၊ အစွန်းရောက်မှု ရဲ့ အပြစ်တွေကို သေချာ သိမြင်ခံစားနားလည် သင်ခန်းစာ ယူပြီး ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စ..၊ အကြောင်းအရာ.. နဲ့ ကိုယ့်နိုင်ငံမှာ ရှောင်ကြည်ဖို့ပါ..။ ကိုယ့်လူ့အဖွဲ့အစည်းမှာ ဘာသာ၊ လူမျိုး အစွန်းရောက်စိတ်တွေ မကြီးထွားအောင် ကြိုးစားဖို့ပါ..။

နောင် အလျဉ်းသင့်ရင် အားလုံး နားလည်လွယ် မယ့် ဆီကူလာ ဖြစ်မှု ရဲ့ သဘောတွေကို ဆောင်းပါး အနေနဲ့ သေချာ ရေးနိုင်အောင် ကြိုးစားကြည့်ပါအုံးမယ်..။

နောက်တခု နိဂုံးမချုပ်ခင် ဖြည့်စွက် ဆိုရရင် ခုလို ဆီကူလာ စတိတ် ပါ လို့ရှင်းပြတော့ သိတယ်လူ တချို့က လာပြီး အဲ့နိုင်ငံတွေက ဆီကူလာ မဖြစ်တဲ့ အကြောင်းအရာ အဖြစ်အပျက် တချို့ကို လာပြောကြပါလိမ့်မယ်..။ လာပြောချင်တဲ့ မိတ်ဆွေတွေကို တခါတည်း ရှင်းလိုက်ပါ့မယ်..။ ဘယ် နိုင်ငံ..၊ လူ့အဖွဲ့အစည်း နဲ့ စနစ် မှာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါ..။ အငြင်းပွားဖွယ်ရာ အခြေအနေ..၊ အဖြစ်အပျက်ဆိုတာ ရှိစမြဲပါ..။

ဆိုခဲ့သလို ကျနော်တို့ဟာ တိုင်းပြည်သစ်တခုလို့ဆိုနိုင်တဲ
့ နိုင်ငံတခု ပြည်လည် တည်ထောင်နေချိန်မှာ ကိုယ့်သမိုင်း..၊ သူ့သမိုင်း (ကမ္ဘာ့အဝှမ်း ကနိုင်ငံတွေ) မှ အမှားတွေ..၊ အားနည်းချက်..၊ လိုအပ်ချက်တွေကို ပြန်လည် လေ့လာ သင်ခန်းစာ ယူဖို့ပါ..။ ထပ်မှားဖို့..၊ ကျင့်သုံးဖို့ မဟုတ်ပါ..။

အချုပ်အနေနဲ့ ဆိုရရင် ခု တူရကီဝန်ကြီးချုပ် ကတော် ဓာတ်ပုံ နဲ့ စာသားတင်တဲ့ ဒီမိုဖက်တီးဆိုသူကို သိလည်း မသိပါ..။ အလေးလည်းမထားပါ..။ သူ့ဘာသာ ဘာတင်တင် ဂရုလည်းမစိုက်ပါ..။ သူ့ပုံကို လူတွေ ရာချီ ပြန်ရှယ်ကြလည်း ကျနော် စိတ်မဝင်စားပါ..။ ပတ်လည်း မပတ်သက်ပါ..။ ဒါပေမယ့် ကျနော် သိတဲ့..၊ ကျနော်ခင်တဲ့ မိတ်ဆွေ တချို့ (ကျနော့် မိတ်ဆွေထဲက တကယ်ကို အနည်းစုပါ) ရှယ်တာတွေ့လို ဒီလို ရေးရခြင်းပါ..။

ခု အွန်လိုင်း အဆက်အသွယ်ရှိတဲ့ သူ (၃၀၀၀) ကျော်ထဲက ကျနော် ခင်တဲ့..၊ ကျနော့်ကိုလည်း ခင်တယ်လို့ ယူဆရတဲ့ မိတ်ဆွေ တချို့ကို တောင်းပန် အကြံပြုချင်ပါတယ်..။ ကျနော် သိပ်မကြာခင်ကလည်း ရေးဖူးပါတယ်..။

နိုင်ငံတကာ အကြောင်းအရာတွေ..၊ သမိုင်းတွေ စတာတွေဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း နဲ့ မပတ်သက်လို့..၊ ကိုယ် စိတ်မဝင်စားလို့ လက်တမ်း တမ်းမသိနိုင်ဘူးဆိုရင် ဒီခေတ်ကြီး အင်မတန် ရှာရ ဖွေရ လွယ်ကူတဲ့ ခေတ်ကြီးပါ..။

ဒီခေတ်ဟာ ကလစ် တချက်နှိပ်တာနဲ့ ဒေတာ အချက်အလက်အမှန်ကို သိနိုင်စွမ်းတဲ့ ခေတ်ပါ..။ ဒီ ဒေတာ ကို အင်ဖော်မေးရှင်း (သတင်း) ဖြစ်အောင် လုပ်ဖို့က ကိုယ့်ရဲ့ အသိဥာဏ် ဦးနှောက်က လုပ်ရမှာပါ..။ ဒီလို ဒေတာ ရှာ..၊ အင်ဖော်မေးရှင်း ကို ကိုယ်ဘာသာ ကိုယ်ပိုင် ဆင်ခြင် ဥာဏ်လုပ်တဲ့ ဖြစ်စဉ် (Process) ပြီးမှ ကိုယ့်ရဲ့ ကိုယ်ပိုင် စာမျက်နှာမှာ တင်ပါ..၊ ရှယ်ပါ..။

ဒီကောင်က မလောက်လေး..၊ မလောက်စားနဲ့ ဆရာလုပ်တယ်ဆိုချင်လည်း ကိုယ့်သဘောပါ..။ (တကယ်က ကျနော် ဒီနေ့ ဘာစာမှ ထပ်မရေးချင်ပါ..။ ကျနော် မနေ့က ရေးဖြစ်တဲ့ အက်ဆေးလေး ကိုယ့်ဘာသ နှစ်သက်မိလို့ ဒီနေ့ ပို့စ် အသစ် တကယ်တော့ မတင်ချင်မိပါ..။)

ဆိုရေးရှိလို့ ဆိုရခြင်းဖြစ်တယ်ဆိုတာ နားလည် နိုင်မယ်လို့ မျှော်လင့်ပါတယ်..။

ငြိမ်းချမ်းအေး
၁၂ ၊ သြဂုတ်
  lu bo

ဘကြီးသက်
Unknown at 8:05 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.