Monday, August 27, 2012

""ပညာရှင်လား အညာရှင်လား""



ဆဲဗင်းဒေးဂျာနယ်ကဆောင်းပါးလေးတပုဒ်ပါ။ဌာနဆိုင်ရာတွေမှာ တွေ့နေရသေးတဲ့
ဖြစ်စဉ်လေးအချို့ကိုဝေမျှလိုက်ပါတယ်

နှစ်ပေါင်းများစွာက ကွဲကွာနေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို သူအလုပ် လုပ်နေတဲ့ စက်ရုံမှာ သွားတွေ့ ခဲ့ပါတယ်။ အဲမှာ အသက်(၇၀)ကျော်ပြီဖြစ်တဲ့ သူ့ရဲ့ဌာနမှူးကို ပြန်တွေ့ခဲ့ပါတယ်။
“ မင်းရဲ့ ဌာနမှူးက ပင်စင်လာထုတ်တာလား “ လို့ သူငယ်ချင်းကိုမေးမိတဲ့ အခါ သူက ပြန်ဖြေပါတယ်။
“ မဟုတ်ပါဘူး။ဒီစက်ရုံမှာ ကျွမ်းကျင်ပညာရှင် အကြံပေးအရာရှိ အနေနဲ့ ပြန်လုပ်နေတာလေ “ အဲဒီတော့ ကျွန်တော်က “ ဟာဟုတ်လား၊ဒါဆို လွန်ခဲ့တဲ့(၁၀) နှစ်ကျော်လောက်က ငါလာတုန်းက သူလုပ်ခဲ့တဲ့ ပရောဂျက် အသစ်နေနေသာသာ လွန်ခဲ့တဲ့(၁၀) နှစ်ကျော်က ပရောဂျက်တောင် အခုထိ မအောင်မြင်သေးဘူး ဘယ်တော့ အောင် မြင်မယ်ဆိုတာလဲ မသိပါဘူးကွာ”
“ ဟင်၊ဒါတောင် သူ့ကို အကြံပေးအရာရှိအနေနဲ့ ပြန်ခန့်ထားတယ် ဟုတ်လား၊ သူမရှက်ဘူးလား” “ ရှက်ဖို့နေနေသာသာ သူငယ်ချင်းရာ ပင်စင်ယူပြီးသွားလဲ အရင် သူနေခဲ့တဲ့ ဌာနမှူးအခန်းကနေ လုံးဝ မဖယ်ဘူး ၀န်ထမ်းအိမ်ရာ ကလည်း မရွှေ့ဘူး အကြံပေးမဟုတ်ဘူး အကြံယူအရာရှိကြီး ဖြစ်နေတာကွ သိပြီလား”
နောက်တစ်ဦးကတော့ သူ့တေသနနဲ့ ဖွံ့ဖြိုးရေးစင်တာက ညွှန်ကြားရေးမှူး တစ်ဦးပါပဲ။အရင်ခေတ်က အကြီးအကဲ တစ်ဦးရဲ့ လက်ရုံးတစ်ဆူဖြစ်ခဲ့သူမို့ အခုလည်းမာန်က တက်နေတုန်းလေ။ဘာတွေ ဒီလောက် တော်လဲဆိုတာ သိချင်ပါ တယ်။ ဒါကြောင့်သူဖတ်ကြားမဲ့ သုတေသန စာတမ်းကို စိတ်ဝင်စားမိတယ်။ သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာက ဆိုတော့ ဘာအသစ်အဆန်းများ တီထွင်ခဲ့သလဲ ဆိုတာ လေ့လာချင်စိတ်နဲ့ သွားရောက် စပ်စုခဲ့ပါတယ်။တကယ်တမ်းကျတော့ လက်ရှိ သူတို့ဌာနက ထွက်ရှိခဲ့တဲ့ ထုတ်ကုန်ပစ္စည်းနဲ့ ပြင်ပဈေးကွက်က အမျိုး အမည် တူတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးတွေကို နှိုင်းယှဉ်စစ်ဆေးထားတဲ့ အားနည်းချက်၊အားသာချက်တွေကို လေ့လာထားတဲ့ ရိုးရိုးစာတမ်းလေး တစ်ခုပဲ ဖြစ်နေပါတယ်။မိမိကိုယ်တိုင် သုတေသနတွေ အားကြိုးမာန်တက် လုပ်ပြီး ကုန်ပစ္စည်းအသစ်အဆန်းတွေ ဖော်ထုတ်ထားတဲ့ သုတေသနမျိုးမဟုတ်ပါဘူး။
“ သုတေသန” ဆိုတဲ့ စကားလုံးဟာ အသစ်အဆန်းတွေကို ဖော်ထုတ်နိုင်မှ သုံးနှုန်းခေါ်ဝေါ်သင့်တဲ့ အသုံးအနှုန်းပါ ။ အခုတော့ မဟုတ်ဘဲ မူလရှိပြီးပစ္စည်းနဲ့ အခြားပစ္စည်း အမျိုးတူတွေကို နှိုင်းယှဉ်စစ်ဆေးတဲ့ အဆင့်လောက်ပဲ သုတေသနလို့ မသုံးသင့်ပါဘူး။စမ်းသပ်ချက်လို့ပဲ သုံးသင့်ပါတယ်။ “အော် သုတေသနနဲ့ စမ်းသပ် ချက်ဆိုတဲ့ အဓိပ္ပါယ်ကို တောင်ခွဲခြားမသိကြတဲ့ သုတေသန အညာရှင်တွေပါလား လို့” ထင်မြင်မိပါတယ်။ဘာပဲဖြစ်ဖြစ် အဲဒီညွှန်ကြားရေးမှူးကတော့ သူ့ရဲ့ဌာနမှာ “အနူထဲကလူချောပါပဲ”
ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် “မူ” ပဲ ချလို့မရပါဘူး။အဓိကကတော့ “လူ” ပါပဲ ။ လူဆိုတဲ့နေရာမှာလည်း စိတ်ဓာတ်က အရေးကြီးဆုံးပါ။ ကိုယ့်ရဲ့ အသိစိတ်ဓာတ်နဲ့ မိမိကိုယ်ကိုနားလည်သိရှိ နိုင်ဖို့ပါပဲ။ အဲဒီအပြင် ဦးဆောင်သူကလည်း ပြတ်သားရပါမယ်။အားမနာပါနဲ့ ။ မြန်မာလူမျိုးတွေ ရဲ့ အဓိကအားနည်းချက်ကတော့ အားနာမှုပါပဲ။ဒီလူဟာ မကောင်းမှန်းသိတယ်။ မဟုတ်မှန်းသိတယ်။ ဒါပေမဲ့ အားနာမှုနဲ့ ခွင့်လွှတ်ပေးတက်ကြတယ်။တဒင်္ဂအတွက် တော့ကောင်းပေမဲ့ ရေရှည်မှာ တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နိုင်ပါ တယ်။ တကယ် ထူးချွန်တဲ့သူတွေကို မြေတောင်မြှောက်ပေးပါ။ အသက်ရာကျော် နေတဲ့ ဘိုဘိုးဘွားဘွားတွေ ဖြစ်နေပေမဲ့လည်း တိုင်းပြည်အတွက် တကယ်အားထား ရမဲ့ သူဆိုရင်လည်း ဆည်းကပ်ပူဇော်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပညာရှင်မဟုတ် တဲ့ အညာရှင်တွေမှန်းသိလျက်နဲ့ ပူဇော်ပသထားမယ်ဆိုရင်လည်း နောင်တစ်ချိန်မှာ ကိုးကွယ်သူပဲ နစ်နာဆုံးရှုံးမှာပါ။ဒါကြောင့် မြန်မာပြည်သူပြည်သားများအားလုံး အညာရှင်မဟုတ်သော ပညာရှင်များနှင့်သာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် အမြန်တည်ဆောက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါရစေ ခင်ဗျာ။ ။
(ပင်းပင်း)
 —

ဘကြီးသက်
Unknown at 12:20 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.