Wednesday, August 15, 2012

မြန်မာ မီဒီယာ ဘယ်လဲ၊ မြန်မာ မီဒီယာ ဘာလဲ



From : ကိုပြည်ချစ်

ခုရက်ပိုင်းမှာ သတင်းမီဒီယာအရေးနဲ့ ပတ်သက်ပြီး အတော်လေး လှုပ်လှုပ်ရွရွ ဖြစ်လာတာ တွေ့ရတယ်။ သတင်း မီဒီယာ လွတ်လပ်မှုအတွက် တီရှပ်တွေ ဝတ်ဆင်လှုပ်ရှားနေကြတာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ တွေ့လာ ရတယ်။ မြန်မာ နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီ ဖြစ်တဲ့ facebook တွေမှာလည်း Stop killing press သတင်း မီဒီယာများအပေါ် ဖိနှိပ်မှု ချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ လှုပ်ရှား လာကြ တာလည်း ရှိတယ်။

မီဒီယာရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့တော့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်ကလည်း အလေးအနက်ထားတာ တွေ့ရတယ်။ ဒီ အချက်ကို နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်ထောင်စုလွှတ်တော် ပထမဆုံးမိန့်ခွန်းမှာ အတိအလင်း ထည့်သွင်း ပြောဆို ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း နိုင်ငံသားများရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အခန်းတစ်ခန်းအဖြစ် ပြဌာန်း ထားရှိ ပြီး ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးလည်း စတုတ္ထမဏ္ဍိုင်ရဲ့အခန်းကဏ္ဍကို အလေးအနက်ထားတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း အတိ အလင်းပြဌာန်းထားတယ်။ ဒီလိုဆို ဒီနေ့ဒီအခြေအနေမျိုး ဘာလို့ဖြစ်နေရတာလဲ။ မီဒီယာ လွတ်လပ်မှုကို အစိုးရက ချုပ်ချယ်ကန့်သတ်နေတယ်လို့ ပြောဆိုသံတွေ ထွက်လာရတာလဲ။ ဂျာနယ်တွေ ပိတ်တယ်၊ ဂျာနယ်တွေကို အစိုးရ ဌာန တွေက တရားစွဲတယ်၊ ဟိုအဖွဲ့က ကန့်ကွက်တယ်၊ ဒီအဖွဲ့က လက်မခံဘူး၊ အခုရေဆွဲပြီးသွားပြီ ဆိုတဲ့ မီဒီယာ ဥပဒေကိုလည်း မီဒီယာ သမားတွေရဲ့ သဘောထားဆန္ဒ မပါဘဲ ရေးဆွဲထားတယ်၊ နိုင်ငံတကာ မီဒီယာဥပဒေ တွေထဲကနေ ထုတ်နုတ် ယူထားပြီး ဖြတ်ညပ်ကပ် လုပ်ထားတာ ဖြစ်လို့ လက်မခံနိုင်ဘူးဆိုတဲ့ အသံတွေ ကျယ်ကျယ် လောင်လောင် ကြားလာရတယ်။

ဒီနေရာမှာ ကျွန်တော့်အမြင်လေးကို မျှဝေချင်တယ်။ အစိုးရသစ်သက်တမ်းကာလဟာ တစ်နှစ်ကျော်ကျော်၊ နှစ်နှစ်နီးပါးပဲ ရှိသေး တယ်။ အရှင်းဆုံးပြောရရင် သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ တက်လာစက ပြည်တွင်းကရော၊ ပြည်ပကပါ သံသယနဲ့ စောင့်ကြည့်ခဲ့ကြတယ်။ ဒါပေမယ့် အပြောမဟုတ်ဘဲ လက်တွေ့နဲ့ ပေါင်းစပ်လာတဲ့ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေက အံ့မခန်းလို့တောင် ဆိုချင်တယ်။ ဒီလိုတိုးတက်မှု ဖြစ်စဉ် တွေထဲမှာ စတုတ္ထမဏ္ဍိုင် မီဒီယာလည်း အပါအဝင် ဖြစ်တယ်။

စတုတ္ထမဏ္ဍိုင်ဟာ ကျန်တဲ့မဏ္ဍိုင်ကြီး သုံးရပ်ကို ကျားကန်ပေးရမှာ ဖြစ်သလို၊ စတုတ္ထမဏ္ဍိုင် ကိုယ်တိုင် ကလည်း ဖြောင့်မတ်တည့်မတ်ရမှာ ဖြစ်တယ်။ အချင်းချင်းလည်း ပြန်လည်တည့်မတ် ထိန်းကျောင်းပေးရမှာ ဖြစ်တယ်။ ထိန်းကျောင်း တယ်ဆိုလို့ မီဒီယာသမားတွေက နွားတွေ မဟုတ်ဘူးလို့ ဂျာနယ်တစ်စောင်ရဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။ အကြောင်းအရာတစ်ခုကို ရှု့ထောင့်တစ်ခုတည်းကချည်ပဲ ကြည့်ရင် မပြည့်စုံနိုင်ပါဘူး။ ဘက်ပေါင်းစု၊ ရှု့ထောင့်ပေါင်းစုံက လေ့လာသုံးသပ်သင့်ပါတယ်။

ရေးလိုက်တဲ့ အကြောင်းအရာတစ်ခုက ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေလဲ။ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများလား။ ဘယ်လောက်ထိ ခိုင်မာမှုရှိပြီလဲ။ ကောလဟလ သတင်းတွေအပေါ် အခြေခံပြီး သတင်းဦးရင် ပြီးလျော့ ရေးထား တာလား။ ဘာသာရေး၊ လူမျိုးရေးကို ဘယ်လို ထိခိုက်မှု ဖြစ်စေနိုင်လဲ။ ဒါတွေကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရေးတဲ့ အကြောင်း အရာတင်မဟုတ်ဘဲ ရေးတဲ့ရည်ရွယ်ချက်ကလည်း အရေးကြီးပါတယ်။

အခုဖြစ်နေတဲ့ မီဒီယာလွတ်လပ်ခွင့်ပေးပါ၊ မီဒီယာကို မဖိနှိပ်ပါနဲ့တို့ ဆိုတဲ့ အသံတွေ ထွက်လာတာဟာ ဂျာနယ်အချို့ရဲ့ ကျင့်ဝတ်စောင့်စည်းမှု အားနည်တာကြောင့်လို့ ကျွန်တော်ရဲရဲကြီးပဲ ပြောလိုက်ချင်ပါတယ်။ ကျွန်တော်တို့ ဖြစ်စေချင် တာက ပြည်သူတွေကို အသိညဏ်၊ အတွေးအခေါ် မြင့်မားအောင်၊ ဒီမိုကရေစီ စနစ်နဲ့ လိုက်လျော ညီထွေကျင့်ကြံ နေထိုင် တတ်အောင် မီဒီယာတွေကနေ လမ်းကြောင်းပေးစေချင်တယ်။ အဲလို မဟုတ်ဘဲ Hot ဖြစ်အောင်လုပ်၊ ဂျာနယ် ရောင်းကောင်းအောင် သိုင်းဝိုင်းပြီး ဟိုလိုလုပ်ပါ့လား၊ ဒီလို လုပ်ပါ့လား ငါလည်း မလုပ်တတ်ဘူး” ဆိုတဲ့ လေသံမျိုးတွေနဲ့ လေဆင်နှာမောင်း တိုက်နေတာမျိုးတွေ မဖြစ်စေချင်ဘူး။ လွတ်လပ်မှုကို အလွဲသုံးစား မလုပ်စေချင်ဘူး။

မြန်မာ့မီဒီယာတွေဟာ ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို စောင့်ထိန်းတတ်ပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ် တတ်တဲ့ မီဒီယာ၊ ကိုယ်တိုင်တည့်တ်မှန်ကန်ပြီး တစ်ခြားသော မဏ္ဍိုင်ကြီးတွေကို ထိန်းကျောင်းတည့်မတ် ပေးနိုင်တဲ့ စတုတ္ထ မဏ္ဍိုင် အဖြစ် ဝင့်ဝင့် ကြွားကြွားရပ်တည်စေချင်တယ်။ မီဒီယာဆိုတာ ဘယ်သူ့ရဲ့ အသုံးချခံမှ မဖြစ်ရသလို၊ ဘယ်သူ့ကို မှလည်း အသုံးချတာမျိုး မဖြစ်စေချင်ပါဘူး။ အခုတော့ တစ်ချို့သောသူတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် မြန်မာ မီဒီယာဘာလဲ၊ မြန်မာမီဒီယာ ဘယ်လဲ ဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ရပါပြီ။ မြန်မာမီဒီယာ လမ်းကြောင်းမှန်ပြီး ကျင့်ဝတ်ကို ခါးဝတ်ပုဆိုး လို စောင့်ထိန်းနိုင်ပါစေလို့ပဲ ဆန္ဒပြုမိပါတော့တယ်။

Myanmar Express

ဘကြီးသက်
Unknown at 1:45 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.