Tuesday, July 3, 2012

ပြည်ပမှတင်သွင်းလာသည့် အငှားယာဉ်များကို အခွန် သုံးရာခိုင်နှုန်းသာ ကောက်ခံတော့မည်




ပြည်ပမှတင်သွင်းလာမည့် အငှားယာဉ်များအပေါ် အခွန်သုံးရာခိုင်နှုန်းသာ ကောက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။ “ပြည်သူများ ခရီးသွားလာမှု လွယ်ကူလျင်မြန်စေရေးအတွက် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းများမှာအသုံးပြုမယ့် ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခွင့်မပြုတဲ့ အငှားယာဉ်များ ပြည်ပမှတင်သွင်းရာမှာ ယခင်က အင်ဂျင် 2000 CC အထက် မော်တော်ယာဉ်များအား အကောက်ခွန် ၄၀ ရာခိုင်နှုန်း၊ အင်ဂျင် 2000CC နဲ့အောက် မော်တော်ယာဉ်များအား အကောက်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ဇူလိုင် ၁ ရက်က စတင်ပြီး ဘတ်စ်ကားနဲ့ ကုန်တင်ယာဉ်များကဲ့သို့ အကောက်ခွန် သုံးရာခိုင်နှုန်းဖြင့်သာ လျှော့ပေါ့ ကောက်ခံသွားမယ်” ဟု ဇွန် ၂၉ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် အကြိမ် (၁၄၀)မြောက် ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များ အသင်းအမှုဆောင်အဖွဲ့ အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောသည်။ “အများဆုံး Public Transport အတွက် ကားတွေ တင်သွင်းစေချင်တဲ့ သဘောပါ။ လူအများ သက်သာစေဖို့ပါ။ မကြာခင် SEA Game က လာတော့မယ်။ ဒါက အထူးအခွင့်အရေး တစ်ရပ်ပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ပြောကြားသည်။ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်း၊ ကုမ္ပဏီတို့မှ အကျိုးတူပးပေါင်းဆောင်ရွက်မှုအတွက် တင်သွင်းယာဉ်များတွင် မှတ်ပုံတင်သက်တမ်းတစ်လျှောက် အငှားယာဉ်အဖြစ်သာ အသုံးပြုရန်ဖြစ်ပါက “ယာဉ်ပိုင်ရှင်အဖြစ် ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည်ပြောင်းလဲခြင်း ခွင့်မပြု” ကန့်သတ်ချက်ဖြင့် ရာခိုင်နှုန်း ၅၀ နှင့် အငှားယာဉ်အဖြစ် သုံးစွဲရန် မဟုတ်လျှင် ရောင်းချ၍ အမည်ပြောင်းခွင့်မပြု ” ကန့်သတ်ချက်ဖြင့် ရာခိုင်နှုန်း ၃၀ လျှော့ချ၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ဇွန်ဒုတိယအပတ်က ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိ တင်သွင်းနေတဲ့ အထဲမှာ အငှားယာဉ်တင်သွင်းမှုက နည်းတယ်လေ။ နောက်ပြီး Public Transport အတွက်ဆိုရင် အခွန်ကို မကောက်သင့်ပါဘူး။ သုညရာခိုင်နှုန်း ဖြစ်သင့်ပါတယ်။ ဒါမှ အငှားယာဉ်တွေ အများကြီး တင်သွင်းလာကြမှာပါ။ ကားဈေးကွက်အတွက် ထူးထူးခြားခြား ရိုက်ခတ်မှာတော့ မဟုတ်ပါဘူး။ အရင်ကတည်းက ဈေးကွက်က ရှိမှ မရှိတော့တာ” ဟု ဝါးခယ်မထရေးဒင်း ကုမ္ပဏီမှ ဒေါက်တာစိုးထွန်းက ပြောသည်။ ယင်းသို့ အငှားယာဉ်များ တင်သွင်းလာမှု အပေါ်အစိုးရအနေဖြင့် ဖြေလျှော့မှုများ ပြုလုပ်လာသော်လည်း လက်ရှိပြည်တွင်း အငှားယာဉ်မောင်းများအကြား ငွေကြေးအခက်အခဲပြဿနာများ ရှိနေသည်။ “တက္ကစီကို အများစီးနိုင်ဖို့ လိုတယ်။ အဓိကတော့ ဖြစ်နေတဲ့ ပြဿနာက စက်သုံးဆီဈေး မြင့်နေတယ်။ လုပ်ငန်းရှင်ကလဲ တွက်ခြေမကိုက်လို့ဆိုပြီး အကြောင်းပြတယ်။ ဒီတော့ရိုက်ခတ်မှုအနေနဲ့ တက္ကစီသမားနဲ့ ခရီးသည်က ခံရတယ်။ ဒါကိုလဲ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် အများသက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာ မောင်အောင်က အကြံပြုသုံးသပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:36 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.