Saturday, July 14, 2012

ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်




လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံထိရှိနေပြီး မကြာမီ ကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက်နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ''အရင်တုန်းက ဗဟိုဘဏ်မှာရှိတဲ့ ရွှေ၊ ငွေကို တစ်ပတ်တစ်ခါ ကြေညာခဲ့တယ်။ နိုင်ငံ့ပိုင်ဆိုင်မှုကို ပြည်သူသိအောင် မထုတ်ပြန်တာ ကျွန်တော်တို့ နိုင်ငံပဲ ရှိတော့တယ်။ မကြာခင် ကာလအတွင်းမှာ ဗဟိုဘဏ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးပါလိမ့်မယ်'' ဟု ကမ္ဘောဇဘဏ်၊ ဒုတိယဥက္ကဌ-၂ ဖြစ်သူ ဦးသန်းလွင်က ပြောကြားခဲ့သည်။ လက်ရှိအချိန်၌ ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းတွင် အမေရိကန် ဒေါ်လာ ၇ ဘီလျံရှိနေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော ငွေဈေးနှုန်း မတည်ငြိမ်မှုများကိုလည်း ဗဟိုဘဏ်မှ ၀င်ရောက် ထိန်းသင့်ကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ ''နိုင်ငံခြားသုံးငွေ ပိုင်ဆိုင်မှုကို အားလုံးသိအောင် လုပ်ရမယ်။ အခုကျတော့ ဗဟိုဘဏ်က ငွေဖောင်းပွမှာကြောက်ပြီး ဘာမှမလုပ်ပဲ ငြိမ်နေတယ်။ တကယ်ဆို ဒေါ်လာဝယ်ပြီး ကျပ်ငွေကို တည်ငြိမ်အောင် လုပ်ရမယ်။ တန်ဖိုးမြင့်အောင် ချိတ်ဆက်ရမယ်။ ဒီလိုလုပ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူး။ အစိုးရက ဒါကို intervention လုပ်ရမယ်။ နောက်ပြီး price spots ပေးရမယ်။ တောင်သူ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်လို့ ရှုံးရင် အစိုးရက price spots ပေးရမယ်။ အစိုးရက သိမ်းကျုံးဝယ်ရမယ်။ နိုင်ငံတော်က တချိန်လုံး အမြတ်ရဖို့ချည်းပဲ မတွေးရဘူး။ အရှုံးခံပြီးလည်း ၀ယ်သင့်တယ်။ တောင်သူလယ်သမားတွေ နစ်နာနေရင် ၀င်ထိန်းရမယ်။ အခုတော့ ဘာတစ်ခုမှ လုပ်မပေးတဲ့အတွက် ဗဟိုဘဏ်ရဲ့တာဝန်မကျေမှုကို ကျွန်တော်ကပဲ တောင်းပန်ပါတယ်'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိအခြေအနေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်သည့်အတွက် အမေရိကန်ဒေါ်လာအား လက်ဝယ် ကိုင်ဆောင်ထားလိုသူ များပြားနေကြောင်း၊ သို့အတွက်ကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားထက် ၀ယ်လိုအား များပြားနေကြောင်း၊ ဗဟိုဘဏ်၏ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ငွေဈေးနှုန်း အတက်အကျကို ထိန်းကျောင်းနိုင်သည့် အရည်အချင်းလည်း မရှိသေးကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် လယ်ယာ စိုက်ပျိုးသူများအတွက် အဆင်ပြေစေနိုင်သည့် ငွေလဲနှုန်းထားတစ်ရပ် ဖြစ်ပေါ်ရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ နိုင်ငံတကာတွင် ဗဟိုဘဏ်သည် သီးခြားရပ်တည်သည့် ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ငွေလဲနှုန်းကိုလည်း ဈေးကွက်နှင့် ညီမျှအောင် ဗဟိုဘဏ်မှ ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် မကြာမီကာလအတွင်း ဗဟိုဘဏ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်၍ သီးခြား ရပ်တည်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းမီဒီယာများသို့ ထုတ်ပြန်ချက်များအရ သိရှိရသည်။

Myanmar Express

ဘကြီးသက်
Unknown at 10:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.