Tuesday, July 3, 2012

စိတ်နေမြင့်သူ မြန်မာမလေးတွေ ဖြစ်စေချင်

( ယနေ့  July -3 ရက်နေ့ တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ ကို Women's World ဂျာနယ်တွင်ရေးသားခဲ့သော ဆောင်းပါးဖြင့်  ဂုဏ်ပြု လိုက်ပါသည်။)
တနေ့က အွန်လိုင်းမှာ မလေးရှားက မောင်လေးတစ်ယောက်နဲ့  ပြောင်းလဲလာတော့မယ့် မြန်မာပြည်အကြောင်းတွေ ပြောကြရင်း သူက ကျမကို မေးပါတယ်။
 “အမ မြန်မာပြည်ကြီးက တကယ် ကောင်းလာတော့မှာလား အမ”
 “အေးပေါ့ ဟဲ့ ၊ နောက်ဆို နိုင်ငံခြားကုမ္မဏီတွေ များလာပြီး အလုပ်တွေလဲပေါလာတော့မှာ”
 “နိုင်ငံခြားကုမ္မဏီတွေ တကယ်လာကြတော့မှာပေါ့နော်----ဟင်း”
 “အေးပေါ့ဟဲ့ --အဲဒါ မကောင်းဘူးလား-မင်းကဘာလို့ စိတ်ညစ်နေတာလဲ”
 “အော် --ကျွန်တော်တို့ မြန်မာမိန်းကလေးတွေအတွက် ရင်လေးလို့ပါအမရယ်၊ မြန်မာမလေးတွေနိုင်ငံခြားသားတွေကို ကြိုက်ကုန်ကြမယ်။ အတည် ယူရင်တော်သေး၊ ခြေတော်တင်ရုံ အပျော်ကြံရင် ------သူတို့ ဘ၀ လေးတွေအတွက် ရင်လေးလို့ ပါ”
 “သူ့ အပြောကြောင့် ကျမ အံ့သြမိတယ်။သူ့ မှာ ဒီလို စိုးရိမ်စိတ်ရှိနေလိုမယ်လို့ မထင်ထားလို့ ပါ။ ပြီးတော့ ၀မ်းလဲသာမိတယ်။ သူ ဟာ မြန်မာ မိန်းလေးတွေအတွက် စိုးရိမ်ပေးနေလို့ပါ။” တကယ်ပြောရရင် သူ့ ကို ကျမက့ ရီစရာ ဟာသတွေပဲ ပြောတတ်တဲ့ ကောင်လေးတစ်ယောက် လို့ပဲ ထင်ခဲ့တာပါ။ 
 ဆောင်းပါးတွေတောင် စာများလို့ ဆိုပြီး မဖတ် တဲ့ ဒီကောင်လေးကို ကျမ အထင်မကြီးထားပါဘူး။ မလေးရှားမှာ သူ့ဘာသာပျော်သလို နေနေတာပဲလို့  ကျမ ပေါ့ပေါ့ တွေးထားတာပါ။ ဒီလို ကောင်လေးတစ်ယောက်ရင်ထဲမှာတောင်မြန်မာပြည်ကြီးအတွက် နဲ့ မြန်မာမိန်းကလေးတွေရှေ့ ရေး အတွက် စိုးရိမ်စိတ်တွေ ရှိနေတယ်လေ။ 
 “မင်းကလဲ အလွယ်လေးပါဟယ်၊ မြန်မာမလေးတွေ နိုင်ငံခြားသားတွေ ကိုမကြိုက်စေချင်ရင် မင်းတို့မြန်မာကောင်လေးတွေကိုပဲ ကြိုက်လာအောင်လုပ်ပေါ့ဟဲ့--”
“အမကလဲ-သူတို့က ကျွန်တော်တို့ကို ဘယ်အထင်ကြီးပါ့မလဲဗျ၊ ကျွန်တော်တို့က ဟိုကောင်တွေလိုဝင်ငွေလဲမကောင်း၊ ပညာလဲ မတတ် နဲ့လေ၊သူတို့နဲ့ပြိုင်ပြီး မိန်းကလေးတွေကြိုက်အောင်လုပ်လို့၇မယ်မထင်ဘူး--
ပြီးတော့ ခုခေတ်ကောင်မလေးတွေက ငွေထောတဲ့ လူတွေကို စပွန်ဆာရှာနေကြတာအမရဲ့ ”
 အော်--သူက --မိန်းကလေးတွေ ရဲ့ တကယ့်ရင်ထဲနှလုံးသားကို မမြင်သေးပဲကိုး။
 ငွေပေါ တဲ့  နိုင်ငံခြားသားတိုင်းကို မိန်းကလေးတွေကြိုက်မယ်တဲ့လား--
 ငွေထောတဲ့ အိမ်ထောင်ရှင်အမျိုးသားတိုင်းကို သူတို့ လက်ခံကြမှာတဲ့လား-
ကျမတော့မထင်ပါဘူးရှင်။ ကျမတို့မြန်မာ မိန်းကလေးတွေ ကလေ စောင့်နေမျိုးနွယ် ဆိုတဲ့ဂုဏ် ကို ထိမ်းသိမ်းစောင့်ရှောက်ကြမယ့် အမျိုးကောင်းသမီးလေးတွေ ပါ။ဒီအကြောင်းနဲ့ပတ်သက်ရင် ကျမတို့ အလယ်တန်းဖတ်စာထဲက စိတ်နေမြင့်သူ ဆိုတဲ့ ရှေးခေတ်က အိုင်ချင်းလေးတပုဒ်ကိုဖော်ပြချင်ပါတယ်။
စိတ်နေမြင့်သူ
ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမတို့ ရေ.........
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။
လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်
ဝင်းထိန်ထိန်ငယ်၊ အချိန်ခြောက်ကျပ်သားမှသာတဲ့။
ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရေမြေ့ သခင်၊ အရှင်စက်ရင်း
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။
အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။
                                                           ( အမည်မသိ ရှေးစာဆို)
ဒီမိန်းကလေး ကလေ သူတို့ခေတ်က တန်ဖိုးအရှိဆုံး ဆိုတဲ့  တော်ဝင်တဲ့ ဂေါ်သဇင် ကိုမှ ပန်ချင်တယ်။ အဲဒီခေတ်ကအကောင်းဆုံး နံ့သာ တောင်ငူနနွင်းကိုမှ လိမ်းချင်တယ်။ ဒီလိုပဲ ကြင်နာရမယ်ဆိုရင်လဲလေ သူကြင်နာချင်တာကရေမြေ့ သခင် အရှင်စက်ရင်းမှာ ခစားတဲ့ေ၇ွှတိုက်တော်ထိ စာရင်းသွင်းခံထားရတဲ့ ရဲရဲတောက် သူရဲကောင်းကိုမှ ချစ်ခင်ကြင်နာချင်တဲ့သူပါ။ ဒီအိုင်ချင်းလေးသင်ရကတည်းက ကျမစိတ်ထဲစွဲနေတာ အကောင်းကြိုက်ပြီး စိတ်ဓါတ်မြင့်မြင့်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံရိပ်ပါ။ 
 သူ စိတ်နေမြင့် တာကျမကြိုက်တယ်။ သူပြောထားသလိုပဲ ပန်းကောင်းကောင်းပန်ချင်တယ် ၊ နံ့သာကောင်းကောင်းလိမ်းချင်တယ်။ ချစ်သူကိုလဲ အရည်အချင်း ရှိတဲ့  ချစ်သူကောင်းကောင်းလိုချင်တယ်။ သူရွေးချယ်ချင်တာ က နိုင်ငံအတွက် ရဲရဲတောက် တာဝန်ထမ်းနေတဲ့  အရှင့်ဝန်ထမ်း--တဲ့။ 
ကဲ--ဒီခေတ် မိန်းကလေးတွေ ရော ဘယ်သူ မျိုးကို လိုချင်ကြမှာတဲ့လဲ--
 မိန်းကလေး သဘာဝ အလှအပ ကြိုက်တာ ကောင်းကောင်း ၀တ်ချင်စားချင် တာကသဘာဝကျပါတယ်။ ဒါပေမယ့် ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်၇ုံ ပဲ ချင့်ချင်သုံးစွဲကြပါ။
 ဘ၀ တခု လုံးပေးဆပ်ပြီး ရုပ်ဝတ္တုပစ္စည်းတွေနောက်သိပ်မလိုက်ကြပါနဲ့။
 ကိုယ့် ဘ၀ ကိုယ် တန်ဖိုးထားမယ်ဆိုပြီး စိတ် ဓါတ် မြင့် မြင့် ထားကြပါ ။ ဒေါ်လာပါရင်ပြီးရော ဆိုပြီး နိုင်ငံခြားသားတွေပြုသမျှ နုကြမှာလား- တိုက်နဲ့ ကားနဲ့  ထားရင်ပြီးရောဆိုပြီး ငွေထောတဲ့  သူ တွေရဲ့  အပျော်လေးတွေ အဖြစ် ခံပြီးသူ များ အိမ်ထောင်ရေးမှာ အနှောင့်ယှက်ခံ အဖြစ် အကဲ့ရဲ့  ခံကြမှာလား--
 ကဗျာလေးထဲက မိန်းကလေး လို စိတ်နေမြင့် မြင့် မားမားနဲ့ ကိုယ့် နိုင်ငံ အကျိုးထမ်းဆောင်မယ့်ရဲရင့် ထက်မြက်တဲ့မြန်မာလူငယ်လေးတွေ ကို ချစ်ခင်ကြင်နာ ပြီးပါရမီဖြည့်ပေး ချင်စိတ်လေးမရှိဘူးလား။ သေချာပြန်စဉ်းစားကြည့်ကြစေချင်ပါတယ်။ မြန်မာ အမျိုးသားလေးတွေကလဲ ကိုယ့်မြန်မာ အမျိုးသမီးလေးတွေ အားကိုးလေးစားလောက်အောင်ကြိုးစားပြလိုက်ကြစမ်းပါ။ 
 မြန်မာအမျိုးသားလေးတွေသာ စိတ်နေမြင့် တဲ့  မိန်းကလေး၇ဲ့  အားကိုးခံထိုက်တဲ့  သူရဲကောင်းလေးတွေ ဖြစ်လာကြ၇င်ဘယ်တိုင်းတပါးသား၊ ဘယ်လောက်ထောတဲ့  အိမ်ထောင်ရှင် မျိုးကိုမှ မိန်းကလေးတွေ ယောင်လို့ တောင်စိတ်ကူးကြတော့မှာမဟုတ်ပါဘူးဆိုတာ ရဲရဲကြီး ပြောရဲပါတယ်ရှင်။
 စေတနာမွန်ဖြင့် 
ကြာဖြူနွယ်

Women's World ,Vol-1 ,ISSUE-30,Wed ,June-27.2012
http://soneseeyar.ning.com/profiles/blog/show?id=6523429%3ABlogPost%3A9919&xgs=1&xg_source=msg_share_post မှ ...
 လူဗိုလ်
ဘကြီးသက်
Unknown at 10:00 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.