Tuesday, July 24, 2012

ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်
ရောက် နေထိုင်သည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ကော့သောင်းခရိုင် တရားရုံးက  ဇူလိုင်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် ၆ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဌာနမှ အရာရှိတဦးက ပြောသည်။

“တော်မော် (လဝက) နဲ့ သစ်တောမှုနဲ့ ချလိုက်တယ်။ ကျန်တဲ့ လက်နက်နဲ့ မူးယစ်ဆေးဝါး ပတ်သက်တဲ့ သူတွေကို ထပ်စစ်နေတယ်” ဟု အရာရှိက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့၊ ၁၇ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် ရုံးထုတ် စစ်ဆေးကာ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး
ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ရာဘာနှင့် မူးယစ်ဆေးဝါး စိုက်ပျိုး လုပ်ကိုင်နေသည့် အထက်ပါ ထိုင်းနိုင်ငံသားများကို ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိသည်။

ဇူလိုင်လ ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှု၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမဝင် ကိုင်ဆောင်မှုများဖြင့် ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် သာနီသွန်ပက်ဒီ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ဇူလိုင်လ ၁ဝ ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာတွင်မူ ရာဘာခြံ လုပ်ငန်း လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ၉ ဦးကို တဲ ၂၃ လုံး၊ M-16 ၅ လက်၊ AR-15 ၂ လက်၊ AK-47 ၂ လက်၊ ဝင်ချက်စတာ ၅ လက်၊ ပွိုင့်-၃၈
ခြောက်လုံးပြူး ၃ လက်၊ ပွိုင့်- ၃၅၇ ခြောက်လုံးပြူး ၁ လက်၊ လုပ်သေနတ်ရှည် ၉ လက်၊ တို ၂ လက်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၅ ဒသမ ၅၆ ကျည် ၄၂ တောင့်၊ AK-47 ကျည် ၁၁ တောင့်၊ ပွိုင့် ၃၈ ကျည် ၃၆ တောင့်၊ လုပ်သေနတ်ကျည် ၁၂၅ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၂ ခု၊ မြေထိုးစက် ၃ စီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ မော်တော်ဆိုင်ကယ် ၂ဝ စီး၊ ရာဘာပင် ဧက ၁၅ဝဝ ဖမ်းဆီးရမိသည်ဟု ဆိုပြီး မူးယစ်ဆေးဝါး စိုက်ပျိုးနေသည် ဟု ဖော်ပြထားခြင်း မရှိပေ။

ဒေသခံများကမူ ဖမ်းဆီးခံရသူများတွင် ထိုင်းနိုင်ငံသားများသာမက မြန်မာနိုင်ငံသား အလုပ်သမားများလည်း ပါဝင်ကြောင်း ၎င်းတို့မှာ ခမောက်ကြီးမြို့ အရှေ့ဘက် မိုင် ၄ဝ ကျော်အကွာရှိ ဆန်မကြီးကျေးရွာ၏ အရှေ့ဘက်
ချောင်ကျသည့် ဒေသတွင် သစ်ခိုးထုတ်ခြင်း လုပ်ငန်းအပြင် ရာဘာစိုက်ခင်း ဧက ၅,ဝဝဝ ကျော်အတွင်း
ဆေးခြောက်ပင်များ စိုက်ပျိုးခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိကြောင်း ပြောသည်။

“အဲဒီမှာ ဆေးခြောက် စိုက်လို့ အောင်မြင်နေတာ ၆ နှစ်လောက် ရှိပြီ၊ ဒီနှစ်မှ လာဖမ်းတာ၊ အဲဒီနေရာကို အစိုးရတပ်က လည်း ရောက်တယ်၊ တပ်အာဏာပိုင်တွေလည်း သိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နယ်ခြားမှတ်တိုင်ကို အနည်းဆုံး တနှစ်တကြိမ် သွားကြည့်ရတယ်လေ” ဟု ဆန်မကြီးရွာတွင် ၆ နှစ်ကျော် နေထိုင်လာသည့် ဒေသခံတဦးက ပြောသည်။

စားဝတ်နေရေး အဆင်မပြေသည့် ဒေသခံအချို့မှာ ပွဲစားများ၏ လိမ်လည် ဆွဲဆောင်မှုကြောင့် ဆေးခြောက်စိုက်ခင်း တွင် သွားရောက်လုပ်ကိုင်ကြပြီး နေရပ်သို့ ပြန်လည် ရောက်ရှိသူ မရှိသလောက် နည်းပါးကြောင်း အထက်ပါ ဒေသခံ က ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ခ် ရှင်နာဝပ်ကလည်း အထက်ပါကိစ္စကို သမ္မတ ဦးသိန်းစိန်အား အသိပေး ပြောကြားခဲ့ကြောင်းနှင့် တရားခံများကို အကူအညီပေးရန် ဒေသခံ ထိုင်း-မြန်မာ နယ်စပ်ကော်မတီသို့ တာဝန်ပေးထားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ က ပြောသည်။

ဇူလိုင် ၂၇ ရက်တွင် မြန်မာ တရားရုံး၌ ရုံးတင်စစ်ဆေးမည် ဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့် မြန်မာတရားစီရင်မှု လုပ်ငန်းစဉ် တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းလည်း သူက ဆက်လက်ပြောကြားသည်။

ဘကြီးသက်
Unknown at 10:34 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.