Saturday, June 30, 2012

ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များထဲတွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်းကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြသည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။
ဒ်ါအောင်ဆန်းစုကြည် မိန့်ခွန်းတိုင်းတွင် မြန်မာနိုင်ငံလို့ အပြောများပါသည်..။ NLD ပါတီဆိုင်းဘုတ်များကို ဗမာလိုရေးလျှင်လည်း မြန်မာနိုင်ငံလို့ ရေးတာများပါသည်..။

သေချာသည်ကတော့ ဗမာ ပဲဖြစ်စေ မြန်မာပဲဖြစ်စေ လူမျိုးတစ်မျိုးသို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့ကြသည်ပဲဖြစ်သည်..။ ကိုလိုနီခေတ် ..ဗိုလ်ချုပ်၏ မိန့်ခွန်းအားလုံးတွင် ... ဗမာနိုင်ငံဟုပဲ သုံးနှုန်းခဲ့သောကြောင့် ဗိုလ်ချုပ်သုံးသော ဗမာနိုင်ငံဆိုသည်မှာ ပြည်ထောင်စုတစ်ခုလုံးကို ရည်ညွှန်းခဲ့သည်မှ မေးစရာမလိုသလို.. ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကလည်း စာချုပ်သည် .. Burma ဟုသော အသုံးအနှုန်းအောက်တွင်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်လည်း သတိရကြစေချင်ပါသည်..။

သို့သော် ...ယနေ့ခေတ်တွင် ..အင်္ဂလိပ်ဝေါဟာရတွင်တော့ ပြဿနာရှိလာပါသည်။ Burma ဟုသောစကားလုံးကို Myanmar ဟု အစားထိုးရာတွင်ဖြစ်သည်..။ ယခုမျိုးဆက်သစ်များက Myanmar ဟု စွဲနေကြသဖြင့် Myanmar ဟုခေါ်သင့်သည်ဟု ထောက်ပြကြသည်..။ အင်္ဂလိပ်ကိုလိုနီအခေါ် Burma ဟုသော စကားလုံးကို လက်မခံကြပေ...။
ယခင် ရှေးမှီနောက်မှီများနှင့် သမိုင်းကြောင်းများကို လေ့လာသူများက Burma ဟုသောစကားလုံးကိုလက်ခံကြသည်..။ ဗမာလိုဆိုလျှင်လည်း ..မြန်မာကို မငြင်းကြပေ..။

ကျွန်တော်တို့၏ အခေါ်အဝေါ်သမိုင်းကြောင်းတွင် တစ်ခုတော့ သတိပြုစရာ ရှိပါသည်..။ အင်္ဂလိပ်လို Burma ဟုသောအသုံးအနှုန်းမှ Myanmar ဟုသော အသုံးအနှုန်းကို ၈၈ အရေးအခင်းအပြီးတွင် အာဏာသိမ်း တပ်မတော်အစိုးရဖြစ်သော န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က ၁၉၈၉ မေလတွင် လုံးဝ ပြောင်းလဲခဲ့ခြင်းဖြစ်သည်..။ လူထုကရွေးကောက်တင်မြှောက်ထားသော အစိုးကက လူထု သို့မဟုတ် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပဲ အာဏာရှင်ဆန်ဆန်.. စာရွက်တစ်ရွက် (အမိန့်ကြော်ငြာစာတစ်ခု) ကြောင့် ပြောင်းလဲသွားသော အခေါ်အဝေါ်ဖြစ်သည်..။ ယခုနှစ်ပိုင်း နိုင်ငံတော်အလံပြောင်း ကဲ့သို့ပင်... မည်သူ့ကိုမျှ မတိုင်ပင် အစည်းအဝေးမခေါ် ၀န်ကြီးအဆင့်တောင်မသိဘဲ ၂၀၁၀ တွင် ( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ သေအံ့မူးမူးအချိန်တွင် နိုင်ငံတော်အလံပါ လဲသွားသကဲ့သို့တည်း..။ လုပ်ချင်တာ လုပ်ခဲ့ခြင်းဖြစ်သည်..။

Myanmar ဟု ပြောင်းလဲရခြင်း အကြောင်းပြချက်ကတော့ လက်ခံလောက်စရာပါ..။ မြန်မာလို့ ဗမာလိုသုံးနေမှတော့ အင်္ဂလိပ်လိုလည်း Myanmar လို့သုံးသင့်သလို သမိုင်းအရ.. ပြည်ထောင်စုနိုင်ငံတစ်ခုအနေဖြင့် Myanmar လို့ သုံးသင့်သည်ပေါ့...။ ဒါကို ငြင်းစရာတော့မရှိပါ..။ ယခုလည်း Myanmar လို့ ခေါ်နေကြပြီပဲ..။

သို့သော်....
အင်္ဂလိပ်တွေပေးခဲ့သော Burma ဟုသော အသုံးအနှုန်းသည် အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်..၊ တော်လှန်ရေးကောင်စီခေတ်အပြင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အထိ) ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်အချိန်မှ ၁၉၈၉ အထိ နှစ်ပေါင်း လေးဆယ်ကျော်တိုင်တိုင် အဘယ့်ကြောင့် မပြောင်းလဲပဲ သုံးနှုန်းခဲ့ကြသနည်း..။ ထိုနာမည်ကို ကြိုက်နှစ်သက်နေကြသဖြင့်လော..။ ဒါမှမဟုတ်.. သမိုင်းကြောင်းတွင် Burma ဟုသော အမည်က ပိုတည်တန့်သဖြင့်လော..။ ပြည်ထောင်စုအတွက် ပိုအဆင်ပြေသဖြင့်လော..။

နောက်မေးခွန်းတစ်ခုရှိပါသည်..။ အမိန့်ကြော်ငြာစာထုတ်ပြီး ..Myanmar ဟုသော အသုံးအနှုန်းကို ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသော်လည်း Myanmar ဟုသောအမည်.. ဘာ့ကြောင့် လူသိနည်းသနည်း..။ Myanmar (Burma) ဟုပြောမှ ကမ္ဘာက သိသနည်း..။ ထိုမေးခွန်းများကို ဖြေကြည့်ကြရအောင်..။

(၁) နှစ်ပေါင်းများစွာ ပြည်တွင်းပြည်ပ လူထုမထောက်ခံခဲ့သော အာဏာသိမ်းအစိုးရ။
(၂) ပညာရှင်/ လူထုဆုံးဖြတ်ချက်/ လွှတ်တော် / ဆွေးနွေးမှုများဖြင့် အမည် ပြောင်းလဲခဲ့ခြင်း မဟုတ်ခြင်း။
(၃) ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ၊ မျက်နှာငယ်စရာ အထီးကျန်အဖြစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ရခြင်း။
(၄) ယခင် စစ်အစိုးရလက်ထက် ကမ္ဘာတွင် သြဇာမညောင်းသလို မီဒီယာလွှမ်းမိုးမှုမရှိခြင်း။
(၅) Burma ဟူသည် နှစ်ပေါင်းရာချီကာ ကမ္ဘာက လက်ခံသုံးစွဲလာခဲ့သော အသုံးအနှုန်းတစ်ခုအဖြစ် အမြစ်တွယ်ခဲ့ခြင်း။

အစရှိသော အချက်များကြောင့်ဟု ယူဆစရာရှိပါသည်..။

မိမိ အယူအဆကမူ... နိုင်ငံတကာတွင် .Myanmar ..ဟု .. သုံးသော်လည်း နိုင်ငံတကာမှ မသိလျှင် .. (အသိအမှတ်မပြုလျှင်) Burma ဟု သုံးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမည်နာမထက် အနှစ်သာရ (ပြည်ထောင်စုအပေါ်သက်ရောက်မှု) က အရေးကြီးဆုံးပင်..။ ယနေ့အချိန်တွင် Myanmar သည်လည်း တိုင်းရင်းသားပေါင်းစုံပါသောပြည်ထောင်စုဟု ဆိုလို့ရသလို Burma သည်လည်း တိုင်းရင်းသားပေါင်းစုံ ပါသော ပြည်ထောင်စုဟု ကမ္ဘာက သိသည်ပင်..။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယုခြင်းမရှိပေ..။

ယနေ့ အစိုးရသတင်းစာနှင့် စာပေစိစစ်ရေးတို့မှ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သော .. ထိုင်ဝမ် (Taiwan) နိုင်ငံကို ယနေ့အချိန်အထိ တရုတ်ကြီး၏အလိုကျ တရုတ်၏ပြည်နယ်အဖြစ်သတ်မှတ်ပြီး တရုတ်(တိုင်ပေ) - China (Taipae)ဟု နှစ်နှစ်ဆယ်ကျော်ခန့် အားမနာရှာမကျိုး ဖော်ပြနေခြင်း၊ ဂျာနယ်များတွင် ထိုကဲ့သို့ရေးရမည်ဟု မူများ ကျန်ရှိနေသေးခြင်းတို့သည် .. ယနေ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် Myanmar မှ Burma ဖြင့် ..၀ဋ်ပြန်လည်ခြင်းပင်တည်း..။

ထို့ကြောင့် အောက်တွင် ဖော်ပြထားသော ငွေကြေးများကို ကြည့်ပြီး မြန်မာ/ဗမာ ...အသုံးအနှုန်း (Myanmar/Burma) စာလုံးပြောင်းလဲပုံများနှင့် ရုပ်ပုံပြောင်းလဲပုံများကိုလေ့လာရင်း မည်ကဲ့သို့ ခေါ်ဆိုရမည်ကို မိမိဘာသာ သုံးသပ်နိုင်ကြပါဟုသာ...။

1942-1944 ဂျပန်ခေတ်ပိုက်ဆံ


ကိုလိုနီခေတ်ဦးမှ 1947 တွင်သုံးနေဆဲ အင်္ဂလိပ်ပိုက်ဆံ..။


1948-1953 အထိ ထုတ်ဝေခဲ့သော လွတ်လပ်ပြီးစ မြန်မာပိုက်ဆံ..။ က ဒေါင်းရုပ်ပါဝင်လာခြင်း။


1965 (တော်လှန်ရေးကောင်စီခေတ်) ဗိုလ်ချုပ်ပုံစတင် ဖော်ပြလာသည်။



1979 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။


1986 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။ အသစ်ထုတ်ဝေလိုက်ငွေစက္က်ါထဲမှ ခုနှစ်ဆယ့်ငါးကျပ်တန်နှင့် သုံးဆယ့်ငါးကျပ်တန်အား တစ်နှစ်အကြာတွင် တရားမ၀င်ကြေညာလိုက်သဖြင့် ပြည်သူအများစု စီးပွားပျက်ကာ 8888 အရေးအခင်းဖြစ်ရန် အကြောင်းခံတစ်ခုဖြစ်ခဲ့..။


၈၈၈၈ အရေးအခင်းအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် (န၀တ) လက်ထက် 1990 တွင် ထပ်မံထုတ်ဝေသည့် ကျပ်တန်..။ (ဗိုလ်ချုပ်ပုံ ပါသေးသည်) Myanmar ဟု စတင်ပြောင်းသည်။


1994 အတွင်း နအဖ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အစိုးရမှ စတင်ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ စတင်ပျောက်ကွယ်သည်။ တိရစ္ဆာန်ပုံများ စတင်ပါဝင်သည်။


နေပြည်တော်အထိမ်းအမှတ် ထုဝေခဲ့သော ငါးထောင်တန်များ (ခြင်္သေ့အစား ဆင်ဖြူ ပါဝင်လာသည်)


ယခု အစိုးရသစ်လက်ထက် ဒီမိုကရေစီခေတ်ဦးတွင် ..မကြာခင်ကထုတ်ဝေခဲ့သော တစ်သောင်းကျပ် မည်သည့်တိရိစ္ဆာန်မှ မပါဝင်တော့ပါ..။ထိုငွေစက္ကူပုံများကို လေ့လာကြည့်သော် Myanmar ဟု စတင်သုံးစွဲချိန်ကစပြီး ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သလို ပြင်ပ ပြည်သူများကြားမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သည်မှာ ထူးခြားချက်ဖြစ်သည်..။ ယခုလည်း.. နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခွင့်မပေးပဲ (၄င်းတို့ပြောကြားချက်အရ) ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးကိုယ်တာခရီးစဉ်တွင် က Burma  ဟု လွတ်လပ်စွာ သုံးနှုန်းခြင်းကို Myanmar သုံးရန်  ဥပဒေ၏ ဖိအားဖြင့်ကြိုးစားကာ သူမ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ကြံစည်နေသလောဟုသာ..။ 

ဖွဲ.စည်းပုံ အခြေခံဥပဒေ ၁၉၄၇....၁၉၇၄ .... ၂၀၀၈ တို့တွင် ...အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။ဆိုသော ရည်ညွှန်းချက်ကြီးမှာ မည်သည့်အဓိပ္ပါယ်ဆောင်သနည်း..။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုပဲ ပြောခဲ့ပါသည်..။ မြန်မာ/ဗမာ လို မပြောခဲ့ပါ..။

သမိုင်းဆိုတာ ညာလို့မရသလို.. အားလုံး ဆင်ခြင်သုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..။

ဘကြီးသက်
Unknown at 11:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.