Friday, June 8, 2012

ဌာနေမဲ့ပြည်သူများအား မှတ်ပုံတင်ကတ်များ စတင်ထုတ်ပေး



ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးအား အသစ်ထုတ်ပေးပြီး မှတ်ပုံတင်ကတ်ပြားနှင့် အတူ တွေ့ရစဉ်။
ဓာတ်ပုံ - နန်းတင်ထွေး
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲနှင့် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသရှိ ဌာနေမဲ့ပြည်သူများအား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် KNU တို့ ပူးပေါင်းကာ မှတ်ပုံတင် ကတ်များအား မေလ ၂၈ ရက်နေ့ က စတင်ထုတ်ပေးခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ပေးမှုကို KNU ဌာနချုပ်အောက်ရှိ အမှတ်(၃) တပ်မ နယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ရှိ ဒေသခံ ကရင် လူမျိုး ၃၆ ဦးအား စတင်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
"ငြိမ်းချမ်းရေးမှာ အပစ်အခတ်ရပ်စဲရေးဟာ အဓိကကျပါတယ်။ အပစ် အခတ်ရပ်စဲမှုတွေ ခိုင်မာပြီဆိုတာနဲ့ နှစ်ပေါင်းများစွာကွဲကွာ နေတဲ့ သူတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ဟာ အရေး ကြီးဆုံးလုပ်ငန်းစဉ် ဖြစ်ပါတယ်"ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးခင်ရီက အခမ်းအနားတွင် ပြောသည်။
"နိုင်ငံသားအားလုံး နိုင်ငံသားအခွင့် အရေးအပြည့်ရရှိဖို့ ကျွန်တော်တို့မှာ တာဝန်အပြည့်ရှိပါတယ်" ဟုလည်း ၎င်းက ပြောသည်။
ယခုထုတ်ပေးသော မှတ်ပုံတင်ကတ်ပြားမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားကဲ့သို့ပင် ကိုင်ဆောင်သွားလာနိုင်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သော နိုင်ငံသားအခွင့်အရေးဖြစ်သော လွတ်လပ်စွာသွားလာနိုင်ခွင့်ကို အပြည့်အ၀ ရရှိစေမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။
"ဒီမှတ်ပုံတင်ကတ်ပြားကို ကိုင်ပြီး ဘယ်နေရာမဆို ရဲရဲဝံ့ဝံ့သွားလာလို့ရပါ ပြီ။ နောက်ဆုံး နိုင်ငံခြားသွားမယ်ဆိုရင် တောင် ဒါနဲ့ပတ်စ်ပို့ လျှောက်လို့ရပါတယ်"ဟု ၎င်းကပြောသည်။
"ဒါဟာ ပထမဦးဆုံးခံစားရတဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ပါ။ ငြိမ်းချမ်းရေး အတွက် လျှောက်ရမယ့် လမ်းခရီးတော် တော်များများ ကျန်ပါသေးတယ်။ ဒါပေ မယ့် အားလုံးပူးပေါင်းပြီး အဆုံးတိုင် လျှောက်သွားမှာပါ"ဟု ဦးခင်ရီက ပြောသည်။
နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး ခြင်းမှာ နောက်ကြောင်းရာဇ၀င်နှင့် အိမ်ထောင်စုစာရင်းများ လိုအပ်ကာ အချိန်ကြာသည့်အတွက် ပထမဆုံး အဆင့်အနေဖြင့် မှတ်ပုံတင်ကတ်ထုတ် ပေးခြင်းဖြစ်ကြောင်းလည်း ၀န်ကြီးက ပြောသည်။
ယခုပထမခြေလှမ်းမှစတင်ခါ မြန်မာ တစ်နိုင်ငံလုံးရှိ ဌာနေမဲ့ ပြည်သူများအတွက် နော်ဝေးနိုင်ငံရှိ Norwegian People's Aid နှင့် ကချင်အဖွဲ့အစည်း ဖြစ်သော CIDKP တို့ ပူးပေါင်းဆောင် သွားမည်ဖြစ်ကာ ပထမဆုံးအဆင့်အတွက် အမေရိကန်ဒေါ်လာငါးသန်း သုံးစွဲသွားမည်ဖြစ်ကြောင်း နော်ဝေး နိုင်ငံ ခြားရေး ဒုဝန်ကြီးမစ္စတာ Torgeir Larsen က ပြောသည်။
"ဒါဟာ အလွန်အရေးကြီးတဲ့ ပထမ ခြေလှမ်းပါ။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၃ နှစ်အတွင်း လွတ်လပ်စွာ သွားလာခွင့် မရခဲ့တဲ့သူတွေကို လွတ်လပ်စွာ သွားလာနိုင်ဖို့ မှတ်ပုံတင်ကတ်ထုတ်ပေးတာဖြစ်တယ်"ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းသည့်ခရီးစဉ်မှာ ခက်ခဲ ကြမ်းတမ်းမည်ဖြစ်သော်လည်း နော်ဝေ နိုင်ငံအစိုးရက အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဦးစောလှလှထူးကလည်း "ကျွန်တော်တို့ အတွက် သွားစရာ လမ်းနှစ်လမ်းပဲရှိပါ တယ်။ ငြိမ်းချမ်းရေးကိုလား၊ ဒါမှမဟုတ် အနိဋ္ဌာရုံကို ပြန်သွားကြမှာလား"ဟု ပြောသည်။
၎င်းက ဆက်လက်၍ ငြိမ်းချမ်းရေး ကာလအတွင်း မြန်မာနိုင်ငံအစိုးရနှင့် KNU နှစ်ဖက်စလုံးမှ သန္နိဋ္ဌာန်ချထားကြောင်းနှင့် ဌာနေမဲ့ ပြည်သူများအတွက် ပထမဦးစားပေးအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောသည်။
အသက် ၄၀ အရွယ် ကရင်လူမျိုး တစ်ဦးဖြစ်သူ ဦးစောယောက မှတ်ပုံတင် ကတ် ရရှိသည့်အတွက် လွတ်လပ်စွာ သွားလာနိုင်တော့ မည်ဖြစ်ကြောင်းပြောသည်။
"အရင်ကဆိုရင် မြို့ပေါ်လည်းမတက် ရဲဘူး။ တောထဲမှာ ဒီလိုပဲ ပုန်းရှောင်ပြီး နေရတယ်။ အခုတော့ သွားချင်တာ သွားလို့ရပြီ။ ကျွန်တော်က ဗုဒ္ဓဘာသာပါ။ တခြားမြို့တွေကို ဘုရားဖူးသွားချင်တယ်"ဟု ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းမငြိမ်သက်မှုများကြောင့် နေရပ်ဒေသမှ ထွက်ပြေး တိမ်းရှောင်နေကြ ရသူများ နေရပ်သို့ပြန် လာနိုင်ရေးတွင် နိုင်ငံသားဖြစ်ခွင့် ပြန် လည်ရရှိရေးမှာ အရေးပါသည်ဟု မေလ အစောပိုင်းက မြန်မာ နိုင်ငံသို့လာရောက် ခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောသည်။
"ဘယ်တိုင်းရင်းသားလူမျိုးစုပဲဖြစ်ဖြစ် နိုင်ငံသား ပြန်လည်ခံယူခွင့်ရရှိသင့်ပါတယ်။ ဒါက အလွန်အရေးကြီးပါတယ်။ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့သူတွေ မြန်မာနိုင်ငံသား ပြန်လည်ဖြစ်ခွင့်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြရင် အစဦးဆုံး ဖြစ်ပါတယ်"ဟု ၎င်းက ဧပြီလ ၂၉ ရက်နေ့က ပြည်တွင်းစာနယ်ဇင်းငါးဖွဲ့ နှင့် တွေ့ဆုံရာတွင်ပြောသည်။
Myanmar Express
From : နန်းတင်ထွေး

အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)
ဘကြီးသက်
Unknown at 9:41 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.