Friday, June 29, 2012

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ဝန်းကျင်အထိ ခုန်တက်ပြီး အက်ဖ်အီးစီ ပြင်ပငွေလဲနှုန်း တစ်ယူနစ် ကျပ် ၉၀၀ အထက်ရောက်ရှိ



မြန်မာငွေကြေး ဈေးကွက်အတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက် မြင့်တက်လျက်ရှိပြီး အက်ဖ်အီးစီ ပြင်ပလဲနှုန်းမှာလည်း တစ်ယူနစ် ကျပ် ၉၀၀ အထက် ရောက်ရှိလာသည်။ ထို့အတူ ဗဟိုဘဏ်မှ သတ်မှတ်သော ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း၊ တရားဝင် ငွေလဲကောင်တာ ဈေးနှုန်းနှင့် ပြင်ပဈေးကွက် ငွေလဲနှုန်းများအကြား ကွာဟချက် ပိုမိုများပြားလာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သတင်းရရှိပါသည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်နေ့ နောက်ပိုင်းမှစ၍ ဆက်တိုက်မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လနှောင်းပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့ပြီး ဇွန် ၂၇ ရက်နေ့၌ ဗဟိုဘဏ် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းမှာ ၈၆၇ ကျပ်၊ သိမ်ဖြူ ငွေလဲကောင်တာ ဈေးနှုန်းမှာ ၀ယ်ဈေး- ၈၆၅ ကျပ်၊ ရောင်းဈေး- ၈၇၄ ကျပ်(မွန်းလွဲ ၁၂ နာရီခွဲဈေး)ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးသည် ၀ယ်ဈေး ၈၉၀ ကျပ်၊ ရောင်းဈေး ၈၉၂ ကျပ်ထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ သိမ်ဖြူငွေလဲကောင်တာ တစ်ခုမှ တာဝန်ရှိသူက ''အခု ကားသွင်းဖို့ လာဝယ်တဲ့သူက များတယ်။ သူတို့က တစ်ယောက်ကို ငါးထောင်လောက် ၀ယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာငွေက သုံးလေးသောင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ငါးယောက် ခြောက်ယောက်လောက် ၀ယ်တာနဲ့ ငွေက ပြတ်သွားပြီ။ ငွေလာရောင်းတဲ့ သူကျတော့ တစ်ဦးမှ တစ်ရာ နှစ်ရာလောက် လာရောင်းတာ။ ဒါကြောင့် လုံလုံလောက်လောက် မရောင်းနိုင်ဘူး'' ဟု ပြောကြားပါသည်။ ''အက်ဖ်အီးစီ ဈေးတက်တာ အဓိကအချက်ကတော့ ကားသွင်းတဲ့သူတွေကို ကညန ယာဉ်မှတ်ပုံတင်ကြေး ကောက်ရင် အက်ဖ်အီးစီနဲ့ပဲ သွင်းခိုင်းလို့။ အက်ဖ်အီးစီ မဟုတ်လဲ အက်ဖ်အီးစီ လဲနှုန်းနဲ့ကိုက်ပြီး သွင်းခိုင်းတော့ အက်ဖ်အီးစီ ဖျက်သိမ်းမယ်လို့ သတင်းမထွက်ခင် ကိုင်ထားတဲ့သူတွေက ကစားလို့ ကောင်းသွားတာပေါ့။ ကားတင်သွင်းတဲ့ သူတွေကို အက်ဖ်အီးစီနဲ့ မကောက်ပဲ အမေရိကန်ဒေါ်လာ လဲနှုန်းနဲ့တွက်ပြီး ကောက်သင့်တယ်။ ကညနကို ပေးသွင်းရတဲ့ ပမာဏကလည်း မနည်းဘူးလေ။ အခုလည်း ကားတင်သွင်းတဲ့သူတွေ ပေးသွင်းတာ ပမာဏ တော်တော်များများ ရနေတာပဲ၊ ဒေါ်လာလဲနှုန်းနဲ့ပဲ ပေးသွင်းဖို့ ပြောင်းသင့်တယ်။ မဟုတ်ရင် ဒီအချက်ပေါ်မှာ ကစားပြီး အက်ဖ်အီးစီဈေး ဆွဲတင်ကြမှာပေါ့'' ဟု ကားတင်သွင်းသူ တစ်ဦးဖြစ်သည့် ကိုထွဋ်ကလည်း ပြောပြခဲ့သည်။ ယခုဖြစ်ပေါ်လာသော နိုင်ငံခြား ငွေလဲနှုန်းနှင့် အက်ဖ်အီးစီ ငွေလဲနှုန်းသည် မြန်မာနိုင်ငံခြားငွေလဲနှုန်း ကျပ် ၉၀၀ အောက် စတင်ကျဆင်းသည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ဈေးနှုန်းကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.